Monday, January 4, 2010

ပန်းသတင်း (ဇန်နဝါရီ ၄)

တချို့ကား "ရှင်"ဖို့စားကြသည်
နေဇင်လတ်

    အသက်ရင်သန်မှုဆိုသော ရှုထောင့်မှကြည့်လျှင် လူနှစ်မျိုးကို အခြေခံအားဖြင့် တွေ့ရ သည်။ တစ်မျိုးက အသက် ရှင်သန်ရန် အာဟာရဖြည့်တင်းကြသူများ ဖြစ်သည်။ 'ရှင်ဖို့စားကြသူ များ'ဟု သတ်မှတ်နိုင်၏။ နောက်တစ်မျိုး မှာ 'စားဖို့ရှင်သန်ကြရသူများ' ဖြစ်သည်။ 'ဘာကွာလို့လဲ' ဟုမေးလျှင် 'အတော်ကွာ ပါသည်'ဟု ဖြေနိုင်ပါလိမ့်မည်။ ကမ္ဘာ့နိုင်ငံကြီးများကို အုပ်စုခွဲလျှင် ခပ်ကြမ်းကြမ်း သုံးအုပ်စုလောက် ခွဲနိုင်ပါလိမ့်မယ်။ ပထမနိုင်ငံများ အုပ်စုတွင် တိုးတက်ပြီး စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ(Developed Countries) များဖြစ်၍ ဒုတိယနိုင်ငံများမှာ ထွန်းသစ်စနိုင်ငံ များ (Energing Countries)များ ဖြစ်သည်။ တတိယ အုပ်စုဝင် နိုင်ငံများမှာ ကမ္ဘာ့ဇာတ်ခုံတွင် မျက်နှာငယ်ရသည့် နိုင်ငံများဖြစ်၍ အခေါ်ကောင်း၊ အရေးကောင်း အောင် (Devloping Countries) တိုးတက်ဆဲနိုင်ငံများဟု သတ်မှတ်ထားသည့် နိုင်ငံများဖြစ်သည်။

တကယ်ကမူ အတော်ရုန်းကန် လှုပ်ရှားနေရသည့် နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများ အုပ်စု(၃)မျိုးလုံးတွင် 'ရှင်ဖို့ စားကြသူများ'နှင့် 'စားဖို့ရှင်ကြသူများ' ကိုယ်စီရှိကြ၏။ အချိုးအစားသာ ကွာသည်။ ပထမ အုပ်စုဝင် နိုင်ငံများတွင် ရှင်ဖို့စားကြသူ အရေအတွက် အချိုးအစားများသည်။ ဒုတိယအုပ်စုဝင်နိုင်ငံများတါင် ရှင်ဖို့စားသူနှင့် စားဖို့ရှင်ကြသူများ အရေအတွက် ယေဘုယျအားဖြင့် သိပ်ပြီး အကွာအဟမရှိ။ တတိယ နိုင်ငံ များတွင်မူကား 'စားဖို့ရှင်ကြသူ'များ အရေအတွက်က ထိုနိုင်ငံလူဦးရေ၏ အများစု ဖြစ်ကြ ပါသည်။

    'ကျွန်စုပ်တဲ့ သရက်စေ့' အရွယ် တောင်ငယ်စဉ်က မိဘများပြောခဲ့သော စကားများထဲမှ မှတ်သားမိသော စကားတစ်ခွန်းဖြစ်သည်။ လုပ်ရင်း၊ ကိုင်ရင်း၊ ကြိုးစားရင်း ဘ၀တစ်ခု ပြောင်ပြောင်ရောင်ရောင် မရှိလာခဲ့ ကြသောသူများကို တင်စားခဲ့သော စကားစုဖြစ်ဟန်ရှိသည်။ များသောအားဖြင့် ခွန်အား (Muscle Based) အရင်းပြုကြသူများဖြစ်သည်။ ငယ်စဉ်က ပညာကို အကြောင်းအမျိုးမျိုးကြောင့် စုံးခန်းတိုင် မသင် နိုင်ခဲ့ကြသူများတွင် အတွေ့များကြရသည်။ တစ်နေ့ရရှိသော လုပ်အားခ နည်းပါးလွန်းသဖြင့် စား၊ ၀တ်၊ နေရေးအတွက်သာ လုံးပန်းကြရင်း ဘ၀တိုးတက်မှု၊ သက်သောင့်သက်သာရှိမှုနှင့် လှမ်းလေ၊ ဝေးလေသူများ ဖြစ်ကြသည်။ နောက်တစ်နေ့ ထမင်းနှစ်နပ်အတွက် အလျဉ်မီအောင် ကြိုးစားကြရသော ဘ၀ရှင်များမှာ တစ်ခါတစ်ရံ ကျန်းမာရေးကိစ္စ တစ်ခုခုဖြစ်လာလျှင် အကြွေးတင်တော့၏။ ထိုအကြွေးကို ဆပ်၍မကုန်နိုင်တော့၊ နောက်တစ်ရက်၏ ထမင်းနှစ်နပ်အတွက်သာ ခေါင်းထဲထည့်ထားကြရသူ များ၊ အခြား ဘာမှ မလုပ်နိုင်ကြသည်မှာ မဆန်း။ မိသားစု၊ လူမှုအဖွဲ့အစည်း၊ နောက်ဆုံးတိုင်းပြည်နှင့် လူမျိုး အတွက် သူ၏ မျှဝေမှု(Contribution)ကို မျှောက်လင့်၍မရ၊ သူ့ဘ၀သူပင် အနိုင်နိုင်၊ ထမင်းနပ်မှန် ရေးသည်သာ၊ သူ့ဘ၀ အသက်ဆက်ရေးသည်သာ ဘ၀၏ပန်းတိုင် ဖြစ်ကြရရှာသည်။

    တစ်ရက် သင်္ဃန်းကျွန်းရှိ ငယ်စဉ်က ဆရာကြီးတစ်ဦး၏အိမ်သို့ ညဘက်ရောက်သွား၏ အရွယ်ထောက် လာပြီဖြစ်၍ ဆရာကြီးနေသိပ်မကောင်းရှာ သားသမိးလေးဦးကို အလယ်တန်းပြ ဆရာတစ်ဦး အနေဖြင့် လူလူ၊ သူသူဖြစ်အောင် ပျိုးထောင်ပေးခဲ့သော ဆရာကြီးသည် အဓိပ္ပါယ်ရ၊ ပင်စင်သွား သောအခါ သားသမီးများ၏ ကောင်းစွာပြန်ကြည့်ခြင်း မခံရရှာ၊ သားသမီး ၃ဦးက မချမ်းသာ ကြသော်လည်း အကျပ်အတည်း ကြီးတော့မဟုတ်၊ စားဖို့ရှင်ကြသူများထက်တော့ အတန်ငယ်သာသည်ဟု ဆိုနိုင်သည်။ သို့သော် သိတတ်မှု၊ မိဘကျေးဇူး ပေးဆပ်လိုမှုပိုင်းတွင် အတော်အားနည်း ကြသူများဖြစ်သည်။ ဆရာကြီး မှာ ထိုသားသမီး ၃ဦးထံမှ အထောက်အပံ့ ကောင်းစွာမရခဲ့။

    ဆရာကြီးက နို့ညှာသမီးနှင့်နေသည်။ သမီးက သိတတ်မှု အင်မတန်ရှိသော်လည်း ၀င်ငွေနည်း၊ လခစား ခင်ပွန်းသည်၏ ၀င်ငွေသည် ထိုမိသားစု ထမင်းနပ်မှန်မှုအတွက် အပြည့်အ၀ကြီး အာမမခံနိုင်ချေ။ သူတို့ကမွေးသော ကလေးနှစ်ယောက် ကျောင်းအပ်ချိန်မျိုးတွင် အကြွေးအချို့တင်ရလေ့ရှိသည်ဟု ဆရာကြီးက ပြောပြရှာသည်။ တပတ်လျှင် ၆ရက်က အနည်းဆုံး ကန်စွန်းရွက်၊ ဘဲဥတို့ဖြင့် ၀မ်းတထွာ ကိုပြီးကြရှာသည်။ တစ်ရက်တလေဆိုသည်မှာကို ပင် ဈေးပေါသော ငါးဟင်းမျှကိုသာ ဆီကျန်ရေကျန်နှင့် အရသာခံနိုင်ရှာသည်ဟု ဆို၏။ ကြက်သား၊ ၀က်သားသည် တစ်လလျှင် တစ်ရက်၊ အောက်ဆိုက်လေး ဘာလေးရသော လမျိုးတွင် ၂ရက်မျှသာစားနိုင် တစ်ယောက်တစ်တုံးစကေးနှင့်သာ ဖြစ်သည်။

    အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သော ဆရာကြီးသည် ဆရာဝန်များထိုင်သော ဆေးခန်းသို့ မသွားနိုင်ရှာ၊ ဈေးချိုသော မြန်မာ့တိုင်းရင်းဆေးကိုသာ မှီဝဲရရှာသည်။ ကိုယ့်အပေါ် ပညာကျေးဇူး ကြီးခဲ့သော ဆရာကြီး တို့၏ မိသားစုမှာ စားဖို့ရှင်သန်ကြရသော အုပ်စုအတွင်း ပါနေပါလားဟု စိတ်မကောင်းစွာ မှတ်သား မိရသည်။ တချို့သောသူများကား စားဖို့ရှင်သန်ကြရသည့်အတွက် အခြားလူ သားအကျိုးပြု အတွက် ဘာမှလုပ်မပေးနိုင်ကြရှာ။ သူတို့ကိုလည်း အပြစ်မဆိုသာ၊ တတိယနိုင်ငံရှိအများစု၏ သင်္ကေတတစ်ရပ်၊ ယဉ်ကျေးမှု တစ်ရပ်ဖြစ်၍ စိတ်မကောင်းရုံမှတစ်ပါး ဘာမှ မတတ်နိုင်။ ထို့ကြောင့်လည်း တတိယနိုင်ငံများ ဖြစ်နေကြ ရရှာသည်။

    ဆရာကြီး၏ ခေါင်းရင်းက အိမ်လေးသည် ယိုင်နဲ့နဲ့ဖြစ်၏။ ဆရာကြီးနှင့် စကားပြောနေစဉ် မှာပင် ကလေးတချို့ မကြာခဏ ၀င်လိုက်ထွက်လိုက်ဖြစ်နေကြသည်ကို သတိထားဖြစ်၏။ ထိုမိသားစုအကြောင်း ဆရာကြီး ကပြောပြသည်။ မိခင်ကြီးက လေဖြတ်၍အိပ်ရာထဲလဲနေကြောင်း၊ ခေတ်ပေါ်ဆေးဝါးများ စရိတ်မတတ်နိုင်၍ အကြောပြင်ဆရာဖြင့်သာ ကုသနေရကြောင်း၊ သား၃ဦး နှင့်သူတို့မှရသောမြေး ၄ဦးရှိကြောင်း၊ သားတစ်ဦးက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် နေ့စားဝန်ထမ်းဖြစ်ပြီး၊ တစ်ဦးက အနော်ရထာ လမ်းမပေါ်တွင် 'လေဘေး'အ၀တ်ရောင်းသူ ဖြစ်ကြောင်း၊ ကျန်သားတစ်ဦးက ဆိပ်ကမ်း ကုန်တင်ကုန်ချ ကာယလုပ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်းလုပ်သားဖြစ်သော သားက ခြေထောက်ထိခိက်မှုရခဲ့၍ အလုပ်မဆင်းနိုင်သည် မှာ တစ်ပတ်လောက်ရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ ကျန်သားနှစ်ဦး အလုပ်သိမ်းချိန် အိမ်အပြန်မှ ဆန်ဝယ်၊ ဆီဝယ်ဖြင့် အိမ်ရောက်မှ ချက်ပြုတ် စားကြရကြောင်း၊ ကလေးများဗိုက်ဆာ၍ အလုပ်ဆင်းသူကိုထွက်၍ မျှော်နေသောကြောင့် ကလေးများ ၀င်လိုက်ထွက်လိုက်ဖြစ်နေကြောင်း စိတ်မကာင်းစွာ သိခွင့်ရလိုက်သည်။

    အချိန်က ည ၉နာရီနီးပါးရှိနေပြီ။ အလုပ်သွားသူတို့ ပြန်မရောက်ကြသေး၊ ဘယ်အချိန် ထမင်းချက်၍ ဘယ်အချိန်ထမင်းစားကြမည်မှာ မရေမရာ။ စားဖို့ရှင်ကြရာတွင်တောင်မျှ အတော်ရုန်းကန်နေကြသူများ ဖြစ်သည်။ လေဖြတ်သော မိခင်ကြီးအတွက် ဆေးဝါးကုသရန် ငွေတချို့ကို ဆရာကြီးနှင့်အတူ ထားခဲ့ ရသည်။

    ပြန်တော့... ကားပေါ်မှာအတွေးတချို့ကို လွယ်လွယ်ကူကူ ထုတ်မရခဲ့။ စားဖို့ရှင်ကြသူ များတွင် အချို့အနိုင်နိုင်ငယ်စဉ်က ပညာနည်းခဲ့သောကြောင့်ဖြစ်သည်။ ကိုယ့်မိသားစုအတွင်း ခက်ခဲစွာဘ၀ကို ဖြတ်သန်း ကြရသူများဖြစ်ပြီး ကိုယ့်မိသားစုအတွက်ကိုမျှပင် 'စားဖို့'အပြင် ဘာမှမည်မည်ရရ လုပ်မပေး နိုင်ကြသူများဖြစ်သည်။ ကိုယ့်လူမှုအဖွဲ့အစည်း၊ ကိုယ့်အမျိုးအသား၊ မျိုးဆက်သစ်များနျင့် ကိုယ့်နိုင်ငံ အတွက် တစ်စုံတစ်ရာ လုပ်ပေးနိုင်၇န် ဆုံးရှုံးကြရသူများ ဖြစ်သည်။

    စားဖို့ရှင်သန်ကြရသူများကို အပြစ်မဆိုရက်၊ သို့သော်လည်း ဤသို့သော လူတန်းစားမျိုး များသည် နိုင်ငံများ ထူထူထောင်ထောင် မဖြစ်နိုင်ကြမည်ကိုတော့ စိတ်ထဲမသက်မသာ ခံစားမိသည်။ အလယ်တန်းပြ ဆရာဘ၀အဖြစ် သားသမီး၎ဦးကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် ကျွေးမွေးနိုင်ခဲ့သော ဆရာကြိး သည်ပင် သူ့အရွယ်လွန်သည့်အခါ တုန့်ပြန်ကောင်းတို့ မရနိုင်ရရှာသော ဘ၀သည် လူဖြစ်ရကျိုး နပ်နိုင် ပါ၏လော။

    တချို့သောသူတို့က 'ရှင်ဖို့စား'ကြသည်။ တိုးတက်မှုတစ်ခုကို တစ်စုံတစ်ရာသော အတိုင်းအတာထိ ဆောင်ရွက်နိုင်ကြသူများဖြစ်သည်။ ပထမအုပ်စုဝင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အတွေ့ရများ၏။ ဤလူတန်းစား မျိုး အချိုးအစားများ၏။ သူတို့သည် ဖန်တီးခွင့်ရကြသူများဖြစ်ပြီး တီထွင်မှုများ လည်းရှိ ကြသည်။ များသော အားဖြင့် ပညာအခြေခ့ကြသူများဖြစ်သည်။ သူတို့၏ အသက်ရှင်သန်မှုသည် အဓိပ္ပာယ်များစွာ ရှိကြသည်။ တိုးတက်မှု၊ တီထွင်မှု၊ ဆန်းသစ်မှုတို့ အတွက် အသက်ရှင် နေကြသူများ ဖြစ်ပြီး ထိုသို့ အသက်ရှင်သန်ရန်အတွက်သာ စားကြသူများ၊ အာဟာရဖြည့်တင်း ကြသူများ ဖြစ်ပါသည်။ ပညာ အခြေခံသော စီမံခန့်ခွဲကြသူများ၊ ပညာအခြေခံသော စီးပွားရေးသမားများ၊ လုပ်ငန်း ရှင်များ၊ အုပ်ချုပ်သူ လူတန်းစားများသည် ရှင်သန်ရန်အတွက် စားကြသူများဖြစ်သည်။

    စားဖို့ရှင်ကြသူများနှင့် ရှင်ဖို့စားကြသူများအကြား အကွာအဟကား ကြီးမား၏။ ဘာကွာသနည်းဟူသော မေးခွန်းသည် မေးရန်ပင်မလို၊ စားဖို့ရှင်ကြသူများတွင် အနာဂတ်သည် မရေရာ၊ ရှင်ဖို့စားကြသူများတါင် လှပသော အနာဂတ်များ၊ အိမ်မက်ကောင်းများဖြင့်  အတိပြီး၏။ Knowledge power ဟူသော ပညာသိစွမ်းအားရှိကြသူများသည် ရှင်ဖို့စားကြသူများဖြစ်၍ ၄င်းတို့၏ ပညာသိစွမ်းအား အတိမ် အနက်ပေါ်မှာ မူတည်၍ ဖန်တီးနိုင်စွမ်းအား (Creative power) တို့ကို ပိုင်ဆိုင်ကြသည်။ ကိုယ့်ဘ၀ ကိုယ် လုံခြုံကြသူများဖြစ်သည်။ ကိုယ့်မိသားစု၊ ကိုယ့်လူမှုအဖွဲ့အစည်း၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် နှင့် မျိုးဆက်သစ်တို့အတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ကောင်းကျိုးများကို ဆောင်ကြည်း နိုင်ကြသူများဖြစ်သည်။ ၀ိဝါဒကွဲပြားဖွယ်ရာသော စိတ်ပိင်းဆိုင်ရာ တိုးတက်မှုကို ခဏထား၊ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုတို့ကို ဖန်တီးနိုင်ကြသည်။

    နိုင်ငံတစ်ခု၊ လူမျိုးတစ်စုတွင် ရှင်ဖို့စားကြသူအရေအတွက် အချိုးအစားများပြားရန် လိုသည်။ အသိကြီးရန်၊ ပညာမြင့်ရန်လိုသည်။ တစ်ဦးချင်းတိုးတက်မှုမှသည် အစုအပေါင်းဖြစ်လာသောအခါ နိုင်ငံ အဆင့် တိုးတက်နိုင်မည် ဖြစ်သည်။

    တတိယနိုင်ငံအများစု၊ အထူးသဖြင့် အာဖရိကနိုင်ငံအားလုံးနီးပါးလောက်တွင် စားဖို့ရှင်ကြသူမှာ အများစု ဖြစ်သည်။ အသိနိမ့်၊ ပညာနိမ့်ပါးခဲ့ကြသောကြောင့် သယံဇာတကြွယ်ဝ သော်လည်း စားဖို့ရှင်ကြ သူများအဆင့်မှ မတက်နိုင်ကြ။ အသိကြီးသော ပထမအုပ်စုဝင်နိုင်ငံကြီး များ၏ စီးပွားရေး ကွန်ရက်မှ တစ်ဆင့် သယံဇာတများ ကုန်ဆုံးကြရသည်။ ကိုယ့်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် မည်မည်ရရ ဘာမှမကျန် ကြာသော် 'ကျွန်စုပ် သရက်စေ့'ဖြစ်မှန်းမသိ ဖြကြရသည်။ သယံဇာတဆိုသည်မှာ အသိဥာဏ် ကဲ့သို့ တစ်ဆင့်ထပ်မံထုတ်လုပ်ဂရသော အရာမဟုတ်၊ တစ်ချိန် ကုန်ခန်းနိုင်သော အရာဖြစ်သည်။

    စားဖို့ရှင်သန်ကြရသော တတိယနိုင်ငံများသည် အသိတစ်ခုရပြီးနောက် ဒုတိယနိုင်ငံ အဆင့်သို့ ကြိုးစား တက်လှမ်းသင့်သည်။ ထိုမှ ပထမနိုင်ငံအဆင့် ကြီုးစားကြရန်ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသသည် တစ်ချိန်က တတိယနိုင်ငံအဆင့်ဖြစ်သည်။ သဘာဝပေးသော ရေနံကို ရှာဖွေတွေ့ရှိခဲ့သည့် နောက် ဒေါ်လာသန်း ထောင်ပေါင်းများစွာ ရရှိခဲ့ကြသည်။ (၁၉၇၃) ရေနံဂယက်တွင် အရှေ့အလယ်ပိုင်း ဒေသအတွက် ရွှေခေတ်ဖြစ်ခဲ့၏။ သို့သော်လည်း အသိနိမ့်၊ ပညာနည်းခဲ့၍ ထိုကာလ၀င်ခဲ့သော ဧရာမ ၀င်ငွေ တို့ကို အစီအစဉ်တကျ မသုံးနိုင်ခဲ့၍ တိုင်းပြည်အတွက် ဘာမျှဖြစ်မလာ၊ သို့သော်လည်း မြေအောက်မှ ရေနံတို့ကား တစ်စတစ်စ ထုတ်ရောင်းရင်း နည်းပါးလာခဲ့ကြသည်။ နောက်မျိုးဆက် သစ်တို့က ဤအချက်ကို သတိကောင်းစွာ ပြုခဲ့ကြ၍ အနောက်ဘက်မှ ခေတ်သစ်ပညာ တို့ကို သင်ယူကာ တိုင်းပြည်ကို စားဖို့ရှင်ရာမှ ရှင်ဖို့စားသည့် နိုင်ငံအဖြစ် ပြုပြင်ကြသည်။ အဘူဒါဘီ၊ ဒူဘိုင်း စသော နိုင်ငံတို့ သည် ပညာအတွက် ရင်းနှီးမြှုပ်နှံမှုကို ကြီးစွပြုလုပ်ခဲ့ကြပြီး ပညာ အခြေခံ စီးပွားရေး နိုင်ငံ အဖြစ် အတော် ပီပြင်စွာ တည်ဆောက်ယူနိုင်ကြပြီဖြစ်သည်။ သယံဇာတကောင်းစွာ ထွက်သော နိုက်ဂျီးရိုးယား၊ ဇင်ဘာ ဘွေ တို့မှာ နွံထဲမှရုန်းမထွက်နိုင်ကြသေးချေ။

    တစ်ချိန်က အသိကြီးသော နိုင်ငံများ ပို၍ချမ်းသာကြွယ်ဝရန် သယံဇာတရှိသောနိုင်ငံတို့ ကို ကျူးကျော်ကြ၏။ နယ်မြေသိမ်းပိုက် ကြ၏။ ဒုတိယကမ္ဘာစစ်အပြီး စစ်၏အနိဋ္ဌာရုံနှင့် နိုင်ငံတော်ငယ်တို့၏ အချုပ်အခြာအတွက် အာမခံနိုင်ရန် ကုလမသဂ္ဂပေါ်ပေါက်ခဲ့သည်။ ဤနောက်ပိုင်း နိုင်ငံကြီးများက နိုင်ငံငယ်များအပေါ် စစ်ပြု၊ နယ်မြေသိမ်းနိုင်ခြေ အနည်းပါးဆုံး အဆင့်သို့ ရောက်လာခဲ့သည်။ သို့သော်လည်း National Interest ဟူသော အမျိုးသားအကျိုး စီးပွားအတွက် အသိကြီးနိုင်ငံများက ကုန်သွယ် ရေး၊ ကူးသန်းရောင်းဝယ်ရေးများမှတစ်ဆင့် အသိနိမ့်နိုင်ငံများ၏ သယံဇာတများကို နည်းပညာ မှတဆင့် လက်တံ၇ှည်ဖြင့် စုတ်ယူအသားစီးယူ ကြပြန်သည်။ သမိုင်းကောင်း၍၊ အမြင်ကောင်းရန် စစ်မတိုက်ကြတော့။

    ခေတ်သစ်တွင် အသိမြင့်နိုင်တို့က တစ်နိုင်ငံချင်းသာမက နိုင်ငံအုပ်စုဖြင့်ပါ အသိနိမ့်နိုင်ငံ များ၏ သယံဇာတများကို အသာစီးအမြတ်ထုတ်ကြသည်။ EUသည် နိုင်ငံအုပ်စုများတွင် ထင်ရှား၏။ တတိယ နိုင်ငံများကလည်း ခုခံကြသည်။ ASEAN သည်လည်း ထင်ရှား၏။ ထွန်းသစ်စနိုင်ငံများဖြစ်သော ဒုတိယ အုပ်စုဝင်နိုင်ငံများကလည်း စုစည်းကြသည်။ BRIC ဟူသော (Brazil, Russia, India, China) အုပ်စုမှာ နောက်ပိုင်းအတော်ကလေးအားကောင်းလာသည်။

    ယခင်က နိုင်ငံတစ်နိုင်ငံချင်းပြိုင်ဆိုင်ကြသည်။ ဗြိတိသျှအင်ပါယာ၊ ရောမအင်ပါယာ၊ တရုတ် အင်ပါယာတို့ ထင်ရှားခဲ့ဖူးသည်။ နောက်ပိုင်း နိုင်ငံရေး အယူအဆတူသော နိုင်ငံအုပ်စု များ အားပြိုင် ကြပြန်သည်။ အရင်းရှင်စနစ်အုပ်စုဝင်နှင့် ကွန်မြူနစ်အုပ်စုဝင်တို့ကို ဥပမာပေး၍ ရသည်။ ထိုစဉ်က စီးပွားရေးစနစ်ထက် နိုင်ငံရေးအယူအဆ အားပြိုင်မှုက ပို၍ ရှေ့တန်းရောက်ခဲ့ ကြ၏။ စစ်အေး ခေတ်လွန်နောက်ပိုင်း၌ စစ်ရိပ်စစ်ငွေ့တို့ အတော်အတန် ပါးလျခဲ့ကြပြီး နိုင်ငံတစ်ခု၏ National Power ရရန် စီးပွားရေးကို အခြေပြုတည်ဆောက်သော အယူအဆတို့ ရှေ့တန်းတက်လာခဲ့ကြသည်။ မျက်မှောက် ကာလသည် ကမ္ဘာ့ဇာတ်ခုံထက်၌ နိုင်ငံတစ်ခုသြဇာ ကြီးရန် စစ်ရေးထက်  စီးပွားရေးသြဇာကို ပိုမို၍ အခြေခံလာကြသည်ကို ပို၍ ထင်ရှားစွာ တွေ့လာနိုင်သည်။ စစ်ရေးစစ်ရာတွင် တရုတ်တို့ကို အမေရိကန် တို့က လက်ရှိအနေအထားအရ ထည့်တွက်ရလောက်သည့်အဆင့် မရှိသေးသော်လည်း စီးပွားရေး သြဇာတွင်မူ အမေရိကန်တို့က အေါလးထားသတိမူရသည့် အဆင့်သို့ တရုတ်တို့ ရောက်လာ နိုင်ခဲ့ပြီ ဖြစ်သည်။

    အသိပညာ၊ နည်းပညာတို့သည် ၂၁ရာစုတွင် ငြင်းမရ၊ ငြင်းမကောင်းသောအရာများ ဖြစ်လာသည်။ နိုင်ငံတစ်ခုသည် ရာစုသစ်တွင် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဟူသော စနစ်တို့နှင့် ဝေးကွာအောင် နေ၍မရတော့။ အသိနှင့်နည်းပညာတွင် ရှေ့ကဦးဆောင်နိုင်ငံတို့ကို နောက်မှ နိုင်ငံများက အရိပ်လို ထက်ကြပ်ဖြစ်ရန်လိုသည်။ ဒီမိုကရေစီနိုင်ငံရေးနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်သည် အသိပညာ နှင့် နည်းပညာ တို့ကို ထုတ်လုပ်ပေးရာဖြစ်သည်။ ဤစနစ်နှင့် နီးကပ်စွာရှိသော နိုင်ငံများ သို့မဟုတ် ကျင့်သုံးနိင်သော နိုင်ငံများသည် တဖြည်းဖြည်း ရှင်သန်ရန် စားသုံးကြသူများအဆင့် ပိုမိုပီပြင် လာကြသူများဖြစ်လာကြပြီး၊ ထိုစနစ်နှစ်ခုနှင့် ဝေးကွာသော နိုင်ငံများသို့မဟုတ် ကျင့်သုံးနိုင်ခြင်းမရှိသော နိုင်ငံများ သည် အသိနှင့်အတတ်အရာ တွင် နောက်ကျန်ရစ်မည်ဖြစ်ပြီးတဖြည်းဖြည်း စားရန်ရှင်ကြသူများ အဖြစ်သို့သာ ရောက်မှန်းမသိ ရောက်သွားကြမည်ဖြစ်သည်။

    မြင်းခေတ်၊ လှံခေတ်၊ လေးမြားခေတ်တွင် ကမ္ဘာတစ်ခြမ်းမက သိမ်းပိုက်နိုင်ခဲ့သော မွန်ဂိုတို့ ယနေ့များစွာ နောက်ကျခဲ့သည်။ အမေရိကားကို နယ်မြေသစ်ရှာခဲ့သော ကိုလံဘတ်(စ်) ၏ သင်္ဘောထက် ၄ ဆမျှကြီး သော ရွက်တိုင် ၇တိုင် တပ်သင်္ဘောတို့ကို ပိုင်ဆိုင်ခဲ့ဖူးသော တရုတ်အင်ပါယာသည်လည်း ၁၉၇၀ ကာလတွင် အဆိုးဆုံး နိမ့်ကျခဲ့ဖူး၏။ စားဖို့ရှင်သန်ခဲ့ရသော ဘ၀ကို တရုတ်တို့ ဖြတ်သန်း ခဲ့ကြရဖူးသည်။ အသိတစ်ခုရပြီး စနစ်ကိုပြင်နိုင်ခဲ့၍ ယနေ့တရုတ်တို့ ရှင်ဖို့စားကြသူများ အဆင့် ရောက်လာနိုင် ကြပြီဖြစ်သည်။

    စားဖို့အနိုင်နိုင် ရှင်သန်ကြသူများတွင် အနာဂတ်သိပ်မရှိတတ်၊ အားလည်းမကောင်းချေ။
    လှပသော အနာဂတ်သည် ရှင်ဖို့စားကြသူများ၏ လက်ထဲတွင်သာ ရှိပါသည်။ ကျွန်တော်တို့ ရှင်ဖို့ စားကြ သူများဖြစ်ရန်သာလိုပါသည်။


နေဇင်လတ်
ရွှေအမြူတေ
ဇန်နဝါရီ ၂ဝ၁ဝ

3 comments:

  1. သိပ်ကောင်းတဲ့ ပို့စ်ပဲဗျာ။ အားရမိတယ်။ ဒါမျိုးလေးတွေ များများ ဖြန့်ဝေပေးဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့တွေလဲ ဘယ်တော့မှ ရှင်ဖို့စားရမလဲလို့ စိတ်မကောင်းဖြစ်မိပါတယ်။

    ReplyDelete
  2. အသိနှင့်အတတ်အရာ တွင် နောက်ကျန်ရစ်မည်ဖြစ်ပြီးတဖြည်းဖြည်း စားရန်ရှင်ကြသူများ အဖြစ်သို့သာ ရောက်မှန်းမသိ ရောက်သွားကြမည်ဖြစ်သည်။

    ...........
    ရောက်နေတာ ကြာပါပြီကော ..

    မင်းဒင်

    ReplyDelete
  3. ဒီပုံစံအတိုင်းဆက်သွားရင် ခေတ်ပညာတတ် တွေ ဦးမဆောင်ရင် လူမှန်နေရာမှန်တွေ မရောက်ကြရရင် ရှိတဲ့သယံဇာတလည်း ကုန်မှာ ပါပဲ။ အငတ်ဘေးတွေဆိုက်လာမယ်။ ရာဇဝတ် မှုတွေထူပြောမယ် ပြည်တွင်းစစ်အထိ နောက် တကြိမ်ပြန်ဖြစ်သွားနိင်လောက်တယ် ထင်မိတယ်။

    ReplyDelete

thank you to say so