Friday, February 10, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၂)

 အပိုင်း (၁) ဖတ်ချင်လျှင် (ငါးရက်မြောက်နေ့ မှာ တော့ ချစ်ဖေဖေ ကို ပထမဦးဆုံး ခွဲစိတ်ရမှာ ဖြစ်ပါတယ်.) 

ဆက်ဖတ်ရန်


ကျနော်တို့ မိသားစု အတွက် အမှတ်တရ အဖြစ်ဆုံး နေ့ တနေ့ ဖြစ်သလို ကျနော့် အတွက် လည်း  စိတ်အလှုပ်ရှားဆုံး နဲ့ ဘဝ မှာ မေ့မရတဲ့  နေ့တနေ့ လည်း ဖြစ်ခဲ့ပါတယ်.... ကျနော် ဟာ တချို့ ကိစ္စ တွေ မှာ အစွန်း ရောက် တတ်ပါတယ်.... ဗေဒင် မေးပြီး အလုပ်လုပ်တာမျိုး ... ယတြာ ချေတာမျိုး... ကို မကြိုက်သလို.. လုပ် လည်း မလုပ်ပါဘူး...  အတိတ် တို့ နိမိတ် တို့ ဆိုတာတွေ ကို လည်း အယုံအကြည် မရှိပါဘူး....

ဖေဖေ ခွဲစိတ်ခါနီး မှာ တော့ ကျနော် အတတ်နိုင်ဆုံး ဖေဖေ့ ကို စိတ်ဓါတ်အင်အား လူအင်အား ရှိအောင် လုပ်ထား ပေးခဲ့ သလို... တဖက် က လဲ  ညီမ ဖြစ်တဲ့ သူ က ... ကျနော် ဘယ်လိုမှ မယုံကြည် တဲ့.... ဖေဖေ အရပ်ကို ဝါးစိမ်း နဲ့ တိုင်းပြီး ဖြတ်ရမယ်.... ခြေသဲ.. လက်သဲ.. ဆံပင်.. အဝတ်ဟောင်း ဘာညာ တွေ ဝါးလုံး မှာ ပတ် ပြီး ... ဖေဖေ နဲ့ အတူ သိပ်ရမယ်  ... ပြီးမှ မြေမြုတ်ရမယ် .... ဆိုတဲ့ ယတြာ ချေနည်း ကို  လုပ်ချင်တယ် လို့ ပြောလာပါတယ် ....  တခွန်း မှ မတားမြစ်မိဘဲ ကြည့် နေမိပါတယ်... (နောက်တော့လည်း... ဖေဖေ စိတ်မကောင်း ဖြစ်သွား မှာဆိုးလို့ မလုပ်ဖြစ်ပါဘူး)

အဲလိုဘဲ ... ဖေဖေ ခွဲခါနီးတရက်မှာ ဆေးရုံရောက်မှ ကျနော့် ကို ဖေဖေ ပေးထားတဲ့ မီးခြစ်လှလှလေး က gas ကုန်သွား ပါတယ်... ကုန်သွားတာ မထူးဆန်းပေမဲ့ ဖေဖေ ခွဲ မဲ့ ရက် ရောက်ခါနီး မှ ကုန်သွား တဲ့ အတွက် ... အတွေး တချက် လဲ ပေါ်သွားပါတယ်... မီးစာကုန် ဆီးခန်း ဆိုတဲ့ အတိတ် များလား ဆိုပြီး ဖြစ်ပါတယ်.... ခွဲစိတ်ချိန်မတိုင် မှီ မီးခြစ်ကလေး ကို မရ ရအောင် gas သွား ထဲ့ပြီး .. မီးခြစ်လေး မီးတောက် မှ ကျနော် စိတ်ချမ်းသာ သွားပါတယ်....ကိုယ်ရေးကြုံရင် သက်လုံ မကောင်းတဲ့ ရွှေစင်ဦး အဖြစ် သတ်မှတ် မိပါတယ်...

တကယ်တော့ နှလုံးရောဂါ ဆိုတာ ကို  ကျနော် စာအုပ်တွေ ထဲ မှာ သာ ပိုရင်းနှီး ပါတယ်... အပြင် မှာ တော့ အရင်း အချာ တွေထဲမှာ မရှိပါဘူး.... ဒါပေမဲ့ ဖေဖေ ဆေးရုံ တက်တော့မှ နှလုံး ရောဂါဆိုတာ ကြောက်စရာ ကောင်းတယ်.. အခုအကောင်းကြီး ပေမဲ့ ခဏနေ ဖောက်ချင်ဖောက်ပြီး သေသွားတာတွေ အများကြီး မြင်ရပါတယ်... အထူးသဖြင့် မန္တလေး ဆေးရုံကြီး မှာ ဖေဖေ ၂ပတ် တက်နေတုန်း က ပိုဆိုး ပါတယ်...

ကျနော့် စိတ်ထဲမှာ မှတ်မှတ်ရရ ဖြစ်စရာတွေ လည်း အများကြီး တွေ့ပါတယ် ..... ဖေဖေ့ ဘေးကုတင် က အစ္စလမ် ဘာသာဝင် မြန်မာမွတ်ဆလင် အဖိုးကြီး ဆိုရင် အင်မတန် ရိုးသားပြီး အရှက် အကြောက် အလွန်ကြီးပါတယ် .... နှလုံး ရောဂါ နဲ့ ကျောက်ကပ် ရောဂါ တွဲဖြစ်နေတာ... သိပ်ဆိုးနေလို့ နှလုံး ဆောင် ရောက်လာတာပါ.... အသက် ရှစ်ဆယ်ကျော် ပါပြီ.....

သားတွေ က မအား လို့ သမီး အိမ်ထောင်သည် တွေ က လူနာစောင့် ပါတယ်... ဘယ်လိုမှ ဆီး.. ဝမ်း မသွားပါဘူး.. ရှက်နေတာပါ... သူ့ သမီး တွေ ဘယ်လိုပြောပြော အစား မစားသလို ... သတ်မှတ်ထား တဲ့ ရေ ကိုလည်း မသောက်ပါဘူး.. ဆီး..ဝမ်း သွားရမှာ စိုးလို့ ပါတဲ့...

နှလုံးဆေးရုံကြီး မှာ ပိုက်ဆံခန်း သုံးလေးခန်း ရှိတယ် ထင်ပါတယ်.. ဒါပေမဲ့ အဲဒီမှာ တက်ရဖို့က မလွယ်ပါဘူး ... အဓိက က အခန်း နည်း နေပြီး .. အဲဒီအခန်း မှာ နေချင်တဲ့သူတွေ များနေတာပါဘဲ.. ... နှလုံးရောဂါ ဆိုတာလည်း ဆေးရုံတက်ပြီ ဆိုရင် အကြာကြီးတက်ရတာ မျိုးဆိုတော့ ပိုဆိုးပါတယ်... အခန်း ရဖို့ မလွယ်ပါဘူး....

အခု ဖေဖေ တို့ နေရတာကတော့ ဟောလ်ခန်းကြီးထဲမှာပါ...ယောက်ကျားသပ်သပ်.. မိန်းမ သပ်သပ်.. ဒါပေမဲ့ .. လူနာစောင့် တွေ က ယောက်ကျားခန်း မှာ လည်း မိန်းမ တွေ ... မိန်းမ ခန်းမှာ လည်း မိန်းမ တွေ ပါဘဲ (ဆေးရုံ ဟာ မိန်းမများ ကြီးစိုးသော နေရာဖြစ်နေပါတယ်) ... သမီး တွေနဲ့ မိန်းမ လူနာစောင့် တွေ ရှိတယ် ဆိုတော့ အဖိုးကြီး က ရှက်တယ် ထင်ပါတယ် .... သူ့ သမီးတွေ က သူ ဝမ်းသွားချင်ရင် အလုပ်သမား ကောင်လေး ကို ခေါ်ပေးရပါတယ်... အိပ်ယာ နားမှာဘဲ  လိုက်ကာ ကာပေးထား ပါတယ်... အဲဒီမှာ ခုံလေး နဲ့ ထိုင်သွားပေါ့ .. အဲဒါလည်း အဖိုးကြီး က မသွားရဲ ပါဘူး ... နှစ်ခါ သုံးခါ လောက် အလုပ်သမားလေး  ခေါ်ပြီး မှ တခါ လောက် သွား ပါတယ်.... 

သူ့ပုဆိုး သူ မဝတ်နိုင် ပါဘူး...  သမီး တွေ ဝတ်ပေးတာလည်း မခံပါဘူး.. ခုန အလုပ်သမားလေး ခေါ် ဝတ်ခိုင်း ပါတယ်..... တနေ့တော့ သူ သက်သာနေတဲ့ အတွက် သူ့သမီး နဲ့ ကျနော် .. စကားစမြည် ပြောနေပါတယ်.. သူ့သမီး က သူတို့ မောင်နှမ ၈ယောက် ရှိတယ်... ယောက်ကျား ငါးယောက် မိန်းမ သုံးယောက် လို့ ပြောတယ်... အဲလို ပြောတာကို အဖေကြီး က ကြားသွားတယ်.. သူ့ သမီး ကို လှမ်း ငေါက်ပါတယ်... သမီး သုံးယောက် လို့ ပြောရတယ် လို့ ပြောပါတယ်... 

တနေ့ တော့ ဖေဖေ က သူ့ ကို နှလုံးသွေးကြော ကျဉ်း .. ပိတ် တဲ့ ရောဂါ တွေ နဲ့ တည့်တယ် လို့ ပြောကြ တဲ့ ဓါတ်စာ .. ကြွက်နားရွက်မှို... (ကြာဇံဟင်း ထဲ ထည့် တဲ့ ကျောက်ပွင့် အမဲ) ကို စားခိုင်း ပါတယ်... သူတို့ ဘာသာ က စားခွင့် မပေးဖူးလို့ ပြောပါတယ်... သူ့ စိတ်ထဲမှာ တကယ် ကြွက်ရဲ့ နားရွက် လို့ ထင်သွားတယ် ထင်ပါတယ်.....

ကျနော် လည်း သူပြောသလို ကြွက်ရဲ့ နားရွက်သာ ဓါတ်စာ ကျွေးရရင်... တို့တော့ မလွယ်ဘူး... လို့ ... ကျနော်တို့ က ဖေဖေ ကို အဲဒီအချိန် မှာ မနက်စာ ညစာ ကြွက်နားရွက် အဖြူ အမဲ ... တောက်လျှောက်ထည့်ကျွေး နေလို့ ဖြစ်ပါတယ်.... အဲဒီ အဖိုးကြီး လည်း မကြာခင် မှာ ဘဲ ဆေးရုံက ဆင်းသွားပါတယ်..  ဆေးရုံမှာဆက်ပြီး  မကုသချင်တော့ တဲ့ အတွက် သေလဲ အိမ်မှာ ဘဲ အသေခံမယ် ဆိုပြီး... ဆင်းသွားတဲ့ ပုံပါဘဲ....

နောက်တယောက် က မှတ်မှတ်ရရ ကျနော့် ဖေဖေ လိုဘဲ သွေးကြောကျဉ်း နေတာ ကို ကိုယ်တိုင် တောင် မသိဘဲ ရုတ်တရက် အတက်ခ် ရသွားတဲ့ အထိ ဆိုးသွားတဲ့ ဆေးရုံကြီးတရုံ က ဆရာဝန်ကြီး တယောက် ပါ ... သတိလစ် သွားလောက်အောင် ထိတော့ အတက်ခ် မရပါဘူး ... ရင်ဘတ်အောင့်ပြီး လဲ သွားတဲ့ အဆင့်ထိ ဘဲ ထင်ပါတယ် ..... ဆရာဝန်ကြီး ကိုယ်တိုင် .. ရောဂါ ဆိုး ရဲ့ ရုတ်တရက် တိုက်ခိုက် ခြင်း ကို ခံလိုက် ရတာပါ... သူ့ အမျိုးသမီး ကလည်း ဆရာဝန်မကြီး ဘဲဆိုတော့ ... ဖြစ်ဖြစ် ခြင်း ဘဲ လူနာတင် ကား နဲ့ ထမ်းစင် နဲ့ ရောက်လာပါတယ်....

အဲဒီ ဆရာဝန်ကြီး ကလည်း အခြေအနေဆိုးပါတယ်... သူ့မိန်းမ ဆရာဝန်မကြီး ရဲ့ စိတ်မချ ရသေးဖူး .. ငါးဆယ် ရာခိုင်နှုန်း ဘဲ ဆိုတဲ့ အသံတွေ ကို နှစ်ရက်လောက် ကြားနေရပါတယ်... ဆရာဝန်ကြီး ရောဂါ ပိုဆိုး သွားတဲ့ အကြောင်း ကတော့ ဆရာဝန်ကြီး တို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော် ဘုရားကြီး ကိုယ်တိုင် ကြွလာပြီး လူနာ ကို အားပေး တဲ့ အချိန်မှာ ဆရာဝန်ကြီး ရဲ့ စိတ်ထဲမှာ သူ ကိုယ့် သူ မရနိုင်တော့ ဖူး ထင်လို့ ဘဝကူး ကောင်းအောင် များကြွ လာတာလား လို့ ရုပ်ရှင် ထဲကလို များ ထင်သွားလား မသိပါဘူး... ဘုန်းကြီး ကြွလာအပြီး မှာ ပိုပြီး စိတ်လျှော့သွားတယ်လို့ ပြောကြ ပါတယ်....ဒါလည်း မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင် တွေ အတွက် သတိထားစရာ တခုပါဘဲ....

နောက်တော့ ... ဆရာဝန်ကြီး လည်း ပြန်သက်သာ လာပါတယ်... သူ့ကိုတော့ နိုင်ငံခြား မှာ သွားခွဲဖို့ အကြံ ပေးတယ် လို့ ပြောပါတယ်... ဘာဆက်လုပ်ကြ လဲ ဆိုတာ ကျနော် မသိတော့ပါဘူး..... သူလဲ ဖေဖေ လိုဘဲ သွေးကြော၂ကြော လုံးဝ ပိတ်သွားတယ်... ဘိုင်ပတ်စ် လုပ်ရမယ်ပြောပါတယ်.........

မန္တလေး နှလုံးဆေးရုံကြီး မှာ အတွေ့များတာ တခု က နှလုံးရောဂါ နဲ့ အပြင်ဆေးရုံတွေ မှာ တက်ရောက် ကုသ နေပြီး ....အဲဒီ ဆေးရုံ တွေမှာ ကု လို့ မနိုင်တဲ့ ... ရောဂါ သည်း တဲ့ အချိန်ကြမှ.. ဆေးရုံကြီး ကို လာပို့ ကြတာတွေ ဖြစ်ပါတယ်.... ချမ်းသာပုံ ရတဲ့ လူမျိုးခြား များ အများစု ဖြစ်ပါတယ်...ကျနော် တွေ့ တဲ့ ထဲက နှစ်ယောက် လောက်ကတော့ ဆုံးသွားကြပါတယ်..........

နောက်ပြီး .... အရင်က ဆေးရုံကြီး ပေါ် ကျနော် မြင်ထားတဲ့ အမြင်တွေ ဟာ ဖေဖေ ဆေးရုံတက်မှ ဘဲ တော်တော် ပြောင်းလဲ သွားပါတယ်... ဆေးရုံကြီး မှာ .....  ကြုံတွေ့ ခံစား ... ရတာတွေ ကို  နဲနဲလောက် ပြောပြ ချင် ပါတယ်....

နှလုံးဆေးရုံကြီး မှာ လူနာ အတွက် လိုအပ် တဲ့ ဆေးအားလုံး ကို ဝယ်ခိုင်း ပါတယ်  ...... ဆေးရုံ တက်မယ် ဆိုကထဲက ရှိသမျှ ရောင်းချ.. ပေါင်နှံ.. ချေးငှား ပြီး လာကြတယ် ထင်ပါတယ်... ဆေး ဝယ်ခိုင်းရင် ဝယ်ကြပါတယ်.. မဝယ်နိုင်ရင် တော့ ဘယ်လို စီစဉ် ပေးလည်း မသိပါဘူး...

တကယ်တော့ ဆေးရုံကြီး မှာ လူနာရှင် က ဆေးဝယ်ပေးရတယ် ... နေရာထိုင်ခင်း နဲ့ ပညာ ကို ဆေးရုံ က အလကား စိုက်ပေး ပါတယ် ..... တန်ဖိုးခြင်း တွက်ရင် .. ပညာတန်ဖိုး က မဖြတ်နိုင်ပါဘူး..   (နိုင်ငံတော် က သာ ဆေးဘိုး စိုက်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်...)

ကျနော် တို့ ဝယ်ပေးတဲ့  ဆေးတွေ ကို အချိန် နဲ့ ဆေး တွဲပြီး .. တာဝန်ကျ နပ်စ် မလေး တွေ က ဆေးသောက်ချိန် ပါ တွဲထားတဲ့ ပလပ်စတစ် အဖုံးအပိတ် ပါတဲ့ ဆေးထဲ့ တဲ့ ဗူးရှည်လေး ထဲကို နေ့စဉ် လာထဲ့ ပေးပါတယ် ... သိပ်အဆင်ပြေပါတယ်... အဲလောက် များနေတဲ့ ဆေးတွေ ကို .... ကိုယ် ဘာသာ တိုက် ရရင်တော့ ...  လူနာ များဟာ ရောဂါကြောင့် မသေ ... ဆေးမှားလို့ သေနိုင်ပါ တယ်....

မနက်တိုင်း အီးစီးဂျီ ရိုက်တယ် (ငါးရာကျပ် ပေးရပါတယ်... အပြင်ထက် အများကြီး သက်သာပါ တယ်) .. သွေးပေါင်ချိန် နဲ့ နှလုံးခုန်နှုန်း ကို တနေ့ လေးခါ လောက် တိုင်းတယ်... စားသောက် တဲ့ အစားအစာ နဲ့ ဆီး ... ဝမ်း သွားတာ ကို နေ့စဉ် မှတ်တမ်း ယူပါတယ်... ရေ အဝင် အထွက် ကို သေချာ ကြည့်ပြီး ... ရေ  သောက်ဖို့... အလျှော့အတင်း လုပ်ပေး ပါတယ်...

ဆရာဝန်ကြီး နဲ့ လက်ထောက်ဆရာဝန်များ နေ့စဉ် ကုတင်တိုင်း ကို လှည့်လည် ကြည့်ရှု့ပါတယ်..... အဲဒီအချိန်မှာ ... လိုအပ်တာများ ဆက်လက် ညွှန်ကြား ပါတယ်.... ညပိုင်းမှာ ဂျူတီကျတဲ့ ဆရာဝန်များ နဲ့ ဆရာမ များ တခါလှည့် ကြည့်ပါတယ်... ဘယ်အချိန်မှာ ဘဲ ဖြစ်ဖြစ် အရေးကြီး ရင် ကြီးသလို ဆရာဝန်များ ဆရာမများကို သွားခေါ်ရင် လိုက်လာပြီး ကုသပေး ကြတာကို တွေ့ပါတယ်... 

အပြင်ဆေးရုံများမှာတော့ ကိုယ့် ရဲ့ ကိုယ်ပိုင်အခန်းလေး ထဲမှာ ရေချိုးခန်း... အိမ်သာ ... အဲယားကွန်း တယ်လီဗေးရှင်း...  တယ်လီဖုန်း နဲ့ နေရပါတယ်... ဒါပေမဲ့.. ဆရာဝန် တယောက် လာကြည့်ရင် လာကြည့်ခ ပေးရပါတယ်... ကိုယ် အပ်ထား တဲ့ ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက် မပါဘဲ ဘာတခုမှ လူနာ ကို ကုသမှု့ မပေးနိုင်ပါဘူး... ပေးရတဲ့ ပိုက်ဆံ ကတော့ ဆေးရုံကြီး  မှာ ကုန်တဲ့ စရိတ်ထက် အဆပေါင်း များစွာ ကုန်ကျပါတယ်.... ဒါတွေဟာ..... ရောဂါမျိုးစုံ နဲ့ အပြင်ဆေးရုံ မှာ တက်ဘူးတဲ့ ဆွေမျိုးများ မိတ်ဆွေ များ ရဲ့ ပြောစကား နဲ့ နှိုင်းယှဉ်ပြီး ပြောပြခြင်း သာ ဖြစ်ပါတယ်... 

တခါကတော့ အပြင်ဆေးရုံ  မှာ ကျနော့် မွေးစားသားလေး ကို သူ့ အမေ က ဗိုက်ခွဲ မွေးပါတယ်... မွေးခန်း က အထွက် မှာ ပိုက်ဆံ ရှင်းတဲ့ ဘောက်ချာ ပြခိုင်းပါတယ်... ကျနော် တို့ က မရှင်းရသေးဘူး.. ငွေသွားယူ နေလို့ပါလို့ ပြောတော့ ကလေး ကို မပေးလိုက်ပါဘူး... အမေ ကိုဘဲ အခန်းထဲ ပို့ ခိုင်းပါတယ်... ငွေရှင်း ပြီးမှ ကလေး ကို လာပို့ပါတယ် .. (ငွေ ကြောင့်လား တခြားအကြောင်း ကြောင့် လား ကျနော် မသိပါ)...

နောက်... အပြင်ဆေးရုံ တချို့မှာတော့ ဆေးရုံ စ တက်တက်ခြင်း နွမ်းပါးတဲ့ ပုံမျိုးတွေ့ရင် ငွေတတ်နိုင် လား လို့ ကောင်တာ က အရင်မေးပြီး ... စပေါ် သဘောမျိုး ပေးထားရပါတယ် .. တချို့ ဆက်လက်ပြီး ငွေ မတတ်နိုင် တော့တဲ့ လူနာမျိုး က ထွက်ပြေးသွားကြ တဲ့ အတွက် လို့ ပြောပါတယ်... ဒါပေမဲ့ နေမကောင်း တဲ့ လူနာ ရှေ့ မှာ အဲလို မေးတာမျိုးဟာ ယဉ်ကျေးမှု့ လုံးဝ မရှိဘူး လို့ ထင်ပါတယ်...

အပြင်ဆေးရုံ မှာ လာတက်မှ တော့ ငွေ ကုန်မယ် ဆိုတာ တက်သူတိုင်း သိမယ်ထင်ပါတယ်... တခါတော့ နယ်က လာတဲ့ လူနာ တယောက် ကို အဲလို မေးဖူးတယ်.. လူနာ က ခြင်းဖွင့်ပြလိုက်လို့ သူ့ အိမ်သား တွေကို ပြောတယ်... ခြင်း ရဲ့ အပေါ်ရံ အဝတ်တွေ အောက်မှာ ရှိတဲ့ ထောင်တန် အစီးလိုက်တွေ ကို မြင်မှ ကောင်တာ က ပါးစပ်ပိတ်သွားတယ် လို့ ပြောတယ်....

အပြင်ဆေးရုံ မှာ တက်ရင် ကုန်ကျစရိတ် ကတော့ အလွန့်အလွန် များပါသည်လို့ ဘဲ ပြော ပါရစေ... ဆေး က စပြီး အပြင်ထက် ပို တင်ထားပါတယ်... အဲလို အပြင်ဆေးရုံ တွေ အကြောင်း ကြား သိထား တဲ့ အပြင် ပြည်သူဆေးရုံကြီး အကြောင်းလည်း အများကြီး ဖတ်ထား ကြားထားပါတယ်....

ကျနော့် မှာ ဖေဖေ ဆေးရုံတက်တော့ ဖေဖေ့ အတွက် စိတ်ပူတာ အပြင်... ဆေးရုံ မှ ဝန်ထမ်း များ ကို လည်း ဘလောဂ်ဂါ တယောက် အနေနဲ့ (အဲ...တာဝန် အရ) စောင့်ကြည့် နေ တာ ဆိုတော့ တော်တော် အလုပ် များပါတယ်......ဒါက ကိုယ့်တွေ့ ဆိုတော့ ပိုသေချာ တာပေါ့နော်... မန္တလေးဆေးရုံမှာ... နေရတဲ့ ရက်က ၁၄ ရက် နှစ်ပတ်ကြာပါတယ်.... ည တော်တော်များများ နဲ့ နေ့ပိုင်း မှာ အချိန်ပြည့် နီးပါး ဆေးရုံမှာ ရှိပါတယ်...

အောက်ခြေ ဝန်ထမ်း များကစပြီး ပြောရရင် .... လုပ်ကိုင်ပေးတာ စေတနာ ပါ ပါတယ်.......  တချို့ ဝန်ထမ်း များ ဆိုရင်လည်း အပြင် လောက အကြောင်း တောင် သိပ်မသိကြပါဘူး... ဒီဆေးရုံကြီး ဟာ သူတို့ ဘဝ ပါဘဲ... ဆွေစဉ်မျိုးဆက် ဆေးရုံ ဝန်ထမ်း အိမ်ယာ မှာ မွေး တယ် ... လူနာတွေ ကြားမှာ ကြီးပြင်း တယ်... ဆေးရုံ မှာဘဲ  အလုပ်ပြန်လုပ် တယ် ဆိုတော့ ... လူနာ တွေ နဲ့ ဆေးရုံ ဟာ သူတို့ ဘဝ တွေ အဖြစ် ခံယူထားတာတွေ  အများကြီး တွေ့ရပါတယ် ...တချို့ ဆက်ဆံရခက် တဲ့ ဝန်ထမ်း တွေ လည်း ရှိပါတယ်... သဘာဝ တရားပေါ့... ဘယ်လို လုပ်  အားလုံး ... လူကောင်း တွေဘဲ ရှိနေမှာလည်း....
နောက်ပြီး သူတို့ ကို မုံ့ဘိုး ပေးရတာ ဒီခေတ် ငွေတန်ဘိုး နဲ့ တွက်ရင် ဘာမှ မရှိပါဘူး ...

ဆရာမလေး များ ကို လည်း ညအလှည့် နေ့အလှည့် တတ်နိုင်သလောက် ကျွေးမွေးပြုစုခဲ့ပါတယ် ...  တကယ် ကျေးဇူးတင်လို့ပါ..... ကျနော် တွေ့သလောက်တော့ မကျွေးမမွေး လည်း ဒီလိုပါဘဲ... ဆက်ဆံ တာ ခွဲခြားမှု့ မရှိပါဘူး... လူနာတိုင်း ကလည်း နေ့တိုင်းညတိုင်း မကျွေးမွေး နိုင်ပါဘူး....အဆင်ပြေ တဲ့ အချိန်လေး မှာ စေတနာ ရှိသလို ကျွေးမွေး ကြတာပါ...

ဆရာဝန်များ သူနာပြုဆရာမ များ အားလုံး အတွက် ကျနော့် အမြင် နဲ့ ပြောရရင် အပြစ် ပြောစရာ မရှိပါဘူး .... ဘောင်အတွင်း က သူတို့ တတ်နိုင်သမျှ တော့ အားလုံးလုပ်ပေးကြတယ် လို့ ထင်ပါတယ် .... တချို့ ကိစ္စ တွေ တော့ ကျနော်လည်း ဆေးပညာရှင် မဟုတ်တဲ့ အတွက် လူနာရှင် ဘက်က အမြင် သက်သက် နဲ့ လည်း မပြောချင်ဘူး... အားလုံး ကို ချုံပြောရရင် ကျနော် မျှော်မှန်း ထားတာထက် အများကြီး ပိုကောင်း ပါတယ် ... ဒါက မန္တလေး နှလုံးဆေးရုံကြီး အတွက်ပါ....

အင်း ခုနက ဖေဖေ ခွဲခါနီး တရက် အလို ကို ပြန်ဆက်ပြောရရင်... မခွဲခင် နှစ်ရက်လောက် မှာ ကထဲက ခွဲမဲ့ လူနာ တွေ ကို ခွဲတဲ့ အခါ ..... ခွဲပြီးတဲ့ အခါ ကြုံတွေ့ရမဲ့ ပြဿနာ တွေကို ရှင်းလင်းပြောပြ ထား ပါတယ်... လူနာစောင့် တွေ က လည်း လူနာ နဲ့ အတူ နားလည်အောင် သေချာနားထောင် ထား ရ ပါတယ်... ကျနော် လို ဉာဏ်မကောင်း တဲ့ လူနာစောင့် များကတော့ တခြားအခန်း က လူနာ တွေ ကို ရှင်းပြတဲ့ အခါမှာ တခါ လိုက်ပြီး နားထောင်ရပါတယ်.... အပိုချိန် ပြန်ယူရတာပေါ့ .... မရှင်းလင်း တဲ့ အချက်များ ရှိရင် လည်း ဆရာဝန်များ ... နပ်စ် များကို နှစ်ကိုယ်ကြား ပြန်မေး ရပါတယ်...

အဲလို မကြိုးစားရင် မရပါဘူး... ကျနော့် ဖေဖေ စီက ဘာပြီးရင် ဘာဖြစ်မှာလည်း ဆိုတဲ့ မေးခွန်းတွေ က အချိန်မရွေး လာနေလို့ ဖြစ်ပါတယ်.... တကယ်လို့ များ ဝိုးတိုးဝါးတားဖြေခဲ့ရင်.. သားသမီး ဝတ္တရား မကျေပြွန် မှု့နဲ့... အပြစ်တင် လို့ ပြီးနိုင်မှာ မဟုတ်တော့ပါဘူး... ဒါပေမဲ့ အခုလို အများကြီး ကြိုးစားထားတဲ့ သမီးကြီး ဖြစ်သူ အကြောင်းကို ဖတ်မိလို့ သိသွားရင် တော့ ဆုတွေ ဘာတွေ ချလို့ ရပါတယ်.... တခြား မောင်နှမ များ လည်း မနာလို မရှိကြပါနဲ့.... အမကြီး ရဲ့ အထူးကျိုးစား အားထုတ်မှု့ ကို နားလည် ကြပါ....
ဒါတွေ အပြင် လူနာတွေ ကိုလည်း ခွဲစိတ်ခန်းထဲ ထိ တွန်းလှည်း နဲ့ ခေါ်ယူသွားပြီး ခွဲ့မဲ့ ကိရိယာ တွေ ... ခွဲပြီး နေရမဲ့ အနေအထား တွေ .. တတ်ထားရမဲ့ ပိုက်တွေ ဆက်သွယ်ထားမဲ့ ကိရိယာ တွေ ကို ပြ ထား ပါတယ်... အဲဒါတွေက လူနာကိုယ်တိုင် သိထားရမဲ့ အချက်တွေ ဖြစ်ပါတယ် ... တကယ် ဘဲ ကိုယ့် ရင်ဘတ်ကြီး ခွဲပြီး နံရိုး တွေ ချိုး.... နှလုံး နဲ့ အဆုတ် ကို ခဏရပ်ထား ပြီး စက်နဲ့ အသက်ရှု ခိုင်း ထားမယ် .....ဒီအချိန်မှာဘဲ  ခြေထောက်က အကြော ကို နှလုံးမှာ သွားဆက်မယ်....  ဆိုတာ သိတော့ တချို့ လူနာ များ သိပ်ကြောက် သွား ပါတယ်....

နောက်ပြီး ဘယ်အချိန်လည်း မသိဘူး .... စက်ခဏ ဖြုတ်ထားပြီး... ကိုယ်ပိုင် နှလုံး နဲ့ ပြန်အလုပ် လုပ်တဲ့ အချိန် မှာ အသိ ရှိရဲ့လား ဆိုတာ ဆရာဝန် တွေ က စစ်ဆေးမယ်...  ညာဘက် လက်လေး လှုတ်ပြ ပါအုန်း တို့ မျက်စေ့လေး ဖွင့်ပြပါအုန်း ... ပိတ်ပြ ပါအုန်း တို့ ကို လုပ်ပြရမယ် လို့ လည်း ပြော ပါတယ် (သေချာ မမှတ်မိတော့ပါ... အဲဒါက လူနာ ကိုယ်တိုင် သိရမဲ့ အချက်ပါ).. အဲဒီနောက်မှာ ထပ်ပြီး ဆေးထိုးပေးမယ်... ပြန်အိပ်ပျော် သွားမယ် လို့ ပြောပါတယ်.....

နောက်ဆုံး နိုးလာတဲ့ အချိန်မှာတော့ ပိုက် သုံးခု  နဲ့ ဆက်သွယ်ထားမယ်... လူနာ ဟာ  စကားလည်း မပြောနိုင်ဘူး... လည်ပင်း ထဲ က ပိုက်လည်း မဖြုတ်ရသေးတဲ့ အတွက် နေရ.. ထိုင်ရလည်း သိပ်ခက် နေမယ်.... စက်တွေ ကလည်း တတီတီ နဲ့ မြည်တဲ့ စက်က မြည်နေမယ်... မီးစိမ်း တွေ မီးနီ တွေ ပြ နေမယ်.... အဲဒီ အချိန်မှာ အကြောက်လွန် ပြီး သွေးရူးသွေးတန်း နဲ့  ရုန်းရင်းဆန်ခတ် လုပ်ပြီး အော်ဟစ် ရန် မကြိုးစားဖို့... ကို အဓိက ပြောပါတယ်...နောက်ပြီး ဆရာဝန် များဟာ လူနာ ပြောချင်တဲ့ စကားများကို အသံထွက်ပြောရန် မလိုဘဲ လူနာကို ကြည့်တာနဲ့ သိတယ် လို့ပြောပါတယ် ... ဒါကြောင့် လူနာ များ အဲဒီ အချိန်မှာ စကားလုံးဝ မပြောရန်လည်း အထူး သတိပေးထားပါတယ်....

ဆရာဝန် တွေ ဆရာမ တွေ အားလုံးဟာ လူနာဘေး မှာ မျက်ခြေမပြတ် စောင့်ကြည့် နေတယ် ... လူနာ လိုအပ်တာတွေ ကို လုပ်ပေးနေတယ်... အဓိက ကတော့ လူနာ ကို တယောက်ထဲ ပြစ်မထားဘူး ... မကြောက်ပါနဲ့ ဆိုတာပါဘဲ..... ဒါတွေကို တကယ် ကြုံတွေ့ ရမှာ သိတော့ ခွဲရမဲ့ လူနာ မှာလည်း မျက်နှာလေး ငယ် ... ငယ် လာပါတယ်... လူနာရှင်တွေ မှာလည်း တွေး... တွေး ပြီး သောက ဖြစ် လာ ပါတယ်... တကယ်လည်း သိထားရမဲ့ အချက်တွေ ဆိုတော့ အတော်ခက်ပါတယ်...
ကျနော့် ဖေဖေ သူရဲကောင်း ကြီး ကတော့ အဲလို သူ ခွဲရမဲ့ အသေးစိတ်အချက်တွေ ကို သိရတဲ့ အချိန် မှာ ဆေးရုံက ထွက်ပြေးဖို့ စဉ်းစားသေးတယ်လို့ ပြောပါတယ်... အားလုံးလည်း စီမံပြီးပြီ ဆိုတော့ မခွဲရင် လည်း ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး.. ထွက်ပြေးမှသာ ရမယ်လို့ သူ ထင်တဲ့ အတွက်လို့ ပြော ပါတယ်.. အင်း ကံကောင်းထောက်မလို့ ထွက်မပြေးဖြစ်တော့ တာကို ကျေးဇူးတင်ရပါမယ်...

ကျနော် ကလည်း ခွဲမဲ့ ညမှာ အမ ဝမ်းကွဲ ဖြစ်သူ (ဖေဖေ့ တူမ) ကို ဖုန်းဆက်ပါတယ်... အမ က နေပြည်တော် ရောက်နေပါတယ်... ဖုန်းပြောတာလေး နားထောင်ကြည့်ရအောင်

ရွှေစင် ........... မမ ရေ ရွှေစင် ပါ..

အမ   ........... အေး ရွှေစင် ... ညီမ ရေ ... မမ က ဒီရောက်နေပေမဲ့ အဲဒီ က သတင်းတွေ အကုန်ကြားတယ်... ညီမ ဘာလုပ်ချင်လည်း ... ဘာဖြစ်ချင်လည်း ပြော

ရွှေစင်  ........... မမ ... ဖေဖေ က မနက် ခွဲဖြစ်တယ်....  မမ ကို ဖုန်းဆက်ပြောတာပါ.. မေတ္တာလည်း ပို့ ပေးပါအုန်းလို့...

အမ     ...........   ရွှေစင် ရေ ...  မမ သိတယ်.. အဆင်ပြေမှာ ပါ ညီမ... အကိုကြီး (အမရဲ့ အမျိုးသား) လည်း ဦးလေး  ခွဲမဲ့ အချိန် မှာ ဘေးနား မှာ ရှိနေမယ်... အကိုကြီး ကို လည်း အကုန် မှာ ထားတယ် ... ညီမ စိတ်မပူနဲ့ လိုအပ်တာရှိရင်လည်း မမ ကို ဖုန်း လှမ်းဆက်လိုက်.. ဒါပေမဲ့ မနက်ဖြန် ညနေထိ မမ က ဖုန်းလိုင်း မမိတဲ့ နေရာ ရောက်နေမယ် ... .. ပေါက် (ညီမ ဝမ်းကွဲ ) ကို လည်း လိုအပ်တာ ဖုန်းဆက် ပြီး ပြောလို့ ရတယ်နော် ညီမ စိတ်မပူနဲ့...

ရွှေစင်... ဟုတ် မမ ကျေးဇူးဘဲနော် လို့ ပြောပြီးကျနော် ဖုန်းချလိုက်ပါတယ်...

ဒါပေမဲ့ ဖုန်း စ ဆက်တဲ့ အချိန်မှာ ပြောတဲ့ ကျနော့် အမ စကားတွေ က ကျနော့် ကို နှိပ်စက် နေပါ တယ်... အမ များ ပြင်သစ် ကြီး ခွဲစိတ်တာမှာ အဆင်မပြေ တာတွေ များနေတာကို သိလို့ ပြောတာလား ... မနက် ခွဲတော့ မှာ သိလို့ .. စကား များ လျောချသွားတာလား ဆိုပြီး ... စဉ်းစား စရာ တွေ စိတ်ပူ စရာတွေ နဲ့ ညီမ အငယ် ကို တိုင်ပင်ပါတယ်... ဖေဖေ ကို  မခွဲ ရသေးဘူး .... ဒီည စဉ်းစားချိန် ရသေးတယ်..... ပြင်သစ်ကြီးနဲ့ မခွဲဖူး ပြောလို့ ရသေးတယ်.. ဘယ်လိုလုပ်ရမလဲ လို့ ညီမ နဲ့ တိုင်ပင် ပါတယ်... ဆေးရုံက မောင်းချခံရ မှာ ကိုလည်း တစ်ဖက် က ကြောက်နေပါတယ်......

ဒီအချိန်မှာ ..... ညီမ အငယ် က တော် သွားပြန်တယ်... အမ ကို ပြန်ဖုန်းဆက်ပြီး ဖုန်းထဲက ပထမ ဆုံး ပြောတဲ့စကား က ဘာကို ရည်ညွှန်း လည်း ဆိုတာ ပွင့်ပွင့်လင်းလင်း မေးဖို့ ပြောပါတယ်... အဲဒီကြမှ ကျနော် လည်း သတိရပြီး ဖုန်းပြန်ဆက်ပါတယ်...

အဲဒီတော့မှ အမ လုပ်သူ က ညီမ ရွှေစင် နဲ့ လုပ်ငန်း ထဲ က လုပ်ဖော်ကိုင်ဖက် ရွှေစင် လူမှားသွား လို့ .. အဲဒီ အလုပ်ထဲက ရွှေစင် ကလည်း သူ နေပြည်တော် ရောက်နေတဲ့ အချိန်မှာ ထရန်စဖာ အော်ဒါ ထွက် လို့ နယ်သွားရမှာ ဖြစ်တဲ့ အတွက် အဲဒါကိုပြောတာ ပါ ... ဦးလေး ခွဲမဲ့ ကိစ္စ နဲ့ ဘာမှ မဆိုင်ပါဘူး ဆိုမှ .....  အလွန်... အလွန် အကဲပါသော ရွှေစင်ဦး လည်း စိတ်ချမ်းသာ သွားပါတယ်... သြ တိုက်... တိုက် ဆိုင် နိုင် လွန်း လှပါတယ်....

အခန်း (၂)

တခြားခွဲစိတ်တာတွေ တော့ ကျနော် သိပ်မကြုံဘူးလို့ မသိပေမဲ့ ... အဲဒီဆေးရုံမှာတော့... မခွဲခင်... ခွဲပြီး တဲ့ အခါ ကျွေးရမဲ့ အစားအသောက်တွေ ဟာ အလွန်အရေးကြီးပါတယ်... မခွဲခင် လည်း ခွဲတဲ့ အခါ ဒဏ် ခံ နိုင်အောင် အားရှိတာတွေ... အထူးသဖြင့် အသား... ဥ ကို အများကြီးစားဖို့ ညွှန်ကြားပါတယ်...  ခွဲပြီးတဲ့ အခါလည်း အနာကျက်အောင် အသား.. ဥများကို အများကြီး စားဖို့ ညွှန်ကြားပါတယ်... လူနာ များ ကလည်း အသား ဆို သွား ... ဥ ဆို အလကား... လို့ ခံယူထားတဲ့ ဂျစ်တီးဂျစ်ကန် တွေ ကြီးပါဘဲ...

ဖေဖေ တို့ အရင် နှစ်လ လောက်က နှလုံး ခွဲထားတဲ့ လူနာတယောက် ဆေးရုံ က မဆင်းရသေးဘဲ ကျန်နေပါတယ်... ပြင်းထန်တဲ့ ဆီးချို ရောဂါ ရှိပါတယ်... အနာမကျက်နိုင်ပါဘူး... အဲဒီလူနာ ကို တနေ့ ကြက်ဥ ၈လုံးလောက် နဲ့ .. အသား အများကြီး ဝင်အောင် ဆေးရုံ က ကျွေးခိုင်းပါတယ်... ၈လုံး မပြောနဲ့ နှစ်လုံး ကို တောင် မနည်း ဝင်အောင် ကျွေး ရပါတယ်... အထဲ က အနှစ်ဖယ်ပြီး ကျွေး ပါတယ်... သူ့ရဲ့ လူနာစောင့် များဟာ သနားဖို့ ကောင်းပါတယ်..... လူနာ များ စားမလားလို့ အမျိုးမျိုး ကြံဖန် ချက်ကျွေးကြပါတယ်... လူနာ က မစားဖူး ပြောရင်... အတော်စိတ်ညစ်သွားကြပါတယ်...

အသား တွေ ဥ တွေ ကို လူနာ စားချင်အောင် ... လူနာ ဗိုက်ထဲ ရောက်အောင် ကျွေးဖို့ အလုပ် က  အဲဒီ ဆေးရုံ မှာ လူနာစောင့် များအတွက်... အလွန် အရေးကြီး သော အလုပ် တခု ပါ...

ဒီအချိန်မှာ... ဆေးရုံ ရဲ့ စေတနာ များပေါ်လာပါတယ်... ကျနော်တို့ လူနာရှင်များဟာ ပူပူနွေးနွေး နဲ့ အဟာရ ဖြစ်သော အစာအစား များ ကို လူနာတွေ ကို ကျွေးချင်ကြပါတယ်... အများစု က နယ် က လာကြ ပါတယ်... တည်းခို ဖို့ ချက်ပြုတ် ဖို့ အခက်အခဲ အများကြီး ရှိပါတယ်... ဆွေမျိုး များ ရှိပေမဲ့ တနေရာ နဲ့ တနေရာ အဝေးကြီး ဖြစ်နေတဲ့ အတွက် အဆင်မပြေပါဘူး....

ကျနော်တို့ ဆေးရုံ ကို ရောက်တော့ နယ်က လာတာဖြစ်တဲ့ အတွက် ... လူနာစောင့် ၂ဦး ညအိပ် စောင့်ခွင့်  ပေးပါတယ်... ကျနော် နဲ့ မေမေ  ည စောင့် အိပ်ပါတယ်... ဆွေမျိုးများ အိမ်က ဒရင်းဘက်ခ် နှစ်ခု ယူထားပြီး လူနာ ဘေးမှာ အိပ်ရပါ တယ်... မနက် မောင်လေး လာတော့ .. လူနာစောင့် လဲ ပြီး နားချင်ပါတယ်... ရေချိုးချင်တယ် .. ဖေဖေ အတွက် စားစရာ စီစဉ်ချင်တယ်... ကျနော် တို့ နားမဲ့ ဆွေမျိုးများ အိမ်ကို သွားချင်ပါတယ်..... ဆွေမျိုး များအိမ် က တော်တော် ဝေးနေပါတယ်...  အဆင်မပြေ ပါဘူး.... နောက်ပြီး... ဒီအလုပ် က တရက်တလေ  အလုပ်လည်း မဟုတ်ပါဘူး... လနဲ့ချီ ပြီး လုပ်ရမှာ ဆိုတော့.. ဆွေမျိုးများ မိတ်ဆွေ များ အကူအညီယူ ဖို့ ဆိုတာ လည်း အားနာ ဖို့ ကောင်းပါတယ်....

ပထမ နေ့ က မောင်လေး  မြို့ထဲပြန်ရမှာ သိပ်ဝေးနေလို့ ဆေးရုံ အနီး မှာ ရှိတဲ့ တည်းခိုခန်း မှာ တည ကိုးထောင် နဲ့ အခန်းငှားပြီး အိပ်ပါတယ်... ညနေ ခြောက်နာရီလောက်မှ စ တည်းခိုတာပါ... မနက် ၈ နာရီလောက် ဆေးရုံလာတော့ အခန်းကို ပြန်အပ်ခိုင်းပါတယ်... တကယ်ဆိုရင် နေ့လည် ၁၂နာရီမှာ မှ ချက်ခ်အောက် လုပ်ရမှာ ထုံးစံပါ... အဲဒါကို မန်နေဂျာ နဲ့ ဘယ်လိုမှညှိလို့ မရပါဘူး... ကျနော် တို့ က ဆေးရုံ လာစောင့်တာ ဖြစ်တဲ့ အတွက် တလလောက် ဆက်တိုက်ငှားနေမှာပါ ဈေးနှုန်း လည်း ညှိနှိုင်း ပေးပါ ပြောတာလည်း လက်မခံပါဘူး...

တလ မပြောနဲ့ တရက် တောင် မငှားချင်ပါဘူး.... နောက်တော့ မောင်လေး လည်း သဘောပေါက် သွားပါတယ်... သူတို့က စုံတွဲများကို နာရီပိုင်း နဲ့သာ ငှားချင်တာပါ... အဲလို အတွဲတွေ ကို ငှားတာကသာ အဓိက ... သာမာန် လူကောင်းသူကောင်းများ ကို ငှားရတာ ဟန်ပြ ပါတဲ့...  မငှားချင်ပါဘူး လို့ သိရ ပါတယ်...ရန်ကုန် မြို့ က တည်းခိုခန်း တချို့ အကြောင်း ကို ကိုယ်တွေ့ သိသွားပါတယ်.....

ဒါနဲ့ အနားပတ်ဝန်းကျင်မှာ အိမ်ငှားဖို့ စီစဉ် ပါတယ်.... အဲဒီအချိန်မှာဘဲ...... ဆေးရုံက လူနာစောင့် တွေ နေဖို့..... နေရာ စီစဉ်ပေးတဲ့ အတွက် တော်တော် အဆင်ပြေသွားပါတယ်.... ကျနော် တို့ လူနာစောင့် များကို မြေအောက်ခန်း မှာ အိပ်စက်ဖို့ နဲ့ ချက်ပြုတ်ဖို့ နေရာ ပေးပါတယ်... ကျေးဇူးတင်စရာ ကောင်းပါတယ် ... လျှပ်စစ် နဲ့ ချက်ပြုတ်ဖို့နေရာ လည်း ပေးပါတယ်...

 အားလုံး ဟာ ဝမ်းသာအားရ နဲ့ အထုတ်အပိုးများ ကို ယူပြီး ခုတင်များ ကို စိတ်ကြိုက်ရွေးချယ်ပြီး နေကြ ပါတယ်... ပြင်သစ် နဲ့ ခွဲမဲ့ လူနာ ဆယ်ဦး ရဲ့ လူနာစောင့် ခွန်နှစ်ဦး လောက် သာ ရောက် လာ ပြီး နေရာယူ ကြပါတယ်... ကျန်တာတွေ ကတော့ အဆင်ပြေလို့လား မသိဘူး...  မနေကြပါဘူး.....

အောက်ထပ် မြေအောက်ခန်း (ကျနော် တို့ နေရမဲ့ အထပ်) မှာ လူနာတွေ တယောက်မှ မနေပါဘူး ဒါပေမဲ့ ဘီရိုတွေ ကုတင် တွေ အကုန်အဆင့်သင့် ရှိတဲ့... လူနာများ နေထိုင်တဲ့ အခန်းကျယ်ကြီးများ နှစ်ခန်း နဲ့ ဆေးပစ္စည်း များထည့်တဲ့ အခန်းများ လေး..ငါး...ခန်း ရှိပါတယ်... ရေချိုးခန်း... အိမ်သာ.. နှစ်ခန်း ရှိပါတယ်.. တခန်းစီမှာ ရေချိုးခန်း နဲ့ အိမ်သာ နှစ်ခန်း ပါ ပါတယ်.... ရေချိုးခန်း ကလည်း ရေတွေ ပေါပါတယ်.. အိမ်သာများကလည်း သန့်ရှင်း ပါတယ်... ချက်ပြုတ် တဲ့ နေရာမှာလည်း ရေ ပေါ ပါတယ်....

အားလုံး အထုတ်အပိုး များနေရာချထားပြီးတော့... စိတ်အေးလက်အေး ဖြစ်သွားပါတယ်.. ကိုယ့်လူနာ ကို ဘယ်သူမှ အပြင်က ဝယ်ကျွေးရတာ ကို မကြိုက်ပါဘူး ...  မလွှဲသာ လို့ ကျွေးနေကြတာသာ ဖြစ် ပါတယ်...  . ရွှေစင်ဦး က တော့ ဖေဖေ့ ကို စိတ်ကြိုက် ချက်ကျွေးရတော့မဲ့ အပြင် ကိုယ့် နေရာလေး မှာ ကိုယ် သီးသန့် လေး အိပ်ရတော့ မယ် ဆိုပြီး အလွန် ဝမ်းသာနေပါတယ်....

ပထမဆုံး မြေအောက်ခန်းမှာ အိပ်ရ မဲ့ ည မှာ ကျနော် ဟာ ဖေဖေ ကို ည ၁ဝနာရီ ဆေးတိုက်ပြီးမှ အိပ်တော့ မယ်ဆိုပြီး စကားပြောရင်းစောင့်နေပါတယ်... မေမေ ကတော့ ဖေဖေ အနားမှာ ဒရင်းဘက်ခ် နဲ့ အိပ်မှာပါ... မောင်လေး ကတော့ မြို့ထဲမှာ အိပ် တဲ့အတွက် ညနေကထဲက ပြန်သွားပါပြီ... ကျနော် ဖေဖေ့ အနားမှာ နေ နေတဲ့ အချိန်မှာ မြေအောက်ခန်း က ကျနော် ရဲ့ ဘေးကုတင်မှာ အိပ်မဲ့ လူနာစောင့် မမြသီ က မီးခြစ် လာငှားပါတယ်... အောက်ထပ် မှာ အိပ်ရင် ခြင်ဆေးထွန်းဖို့ လို့ ပြော ပါတယ်...

အဲဒါ ကို ဖေဖေ က ကြားသွားပြီး... သူ့ အိပ်ထဲက မီးခြစ်သုံးလုံးလောက်ထုတ်ပြီး ... ကျနော့် ကို ကြိုက်တဲ့ တလုံး ယူဖို့ ပြောပါတယ်... အားလုံး က လှလှလေး တွေပါဘဲ... အဲဒီထဲ က ပိုလှတယ် ထင်တဲ့ အလုံး လေး ကို ဖေဖေ ကိုယ်တိုင် ရွေးပေးပါတယ်... ဖေဖေ ခွဲခါနီး တရက် အလိုမှာ ဂက်စ် ကုန်သွားတာ အဲဒီ မီးခြစ် ကလေး ပါဘဲ.... မမြသီ လည်း မီးခြစ်လေး ယူပြီး ထွက်သွားပါတယ်....

ဖေဖေ ကို ဆယ်နာရီ ဆေးတိုက်ပြီး အောက်ဆင်းတော့မယ် အလုပ်မှာ ကျနော့် အရိပ်အခြေ ကို ကြည့်နေတဲ့ ... မမြသီ က ကျနော် နောက် က ကပ်ပြီး လိုက် လာပါတယ်... ဟင်... အမ မအိပ်သေး ဘူးလား.. လို့ ပြောတော့ အင်း မရွှေစင် ကို စောင့်နေတာလို့ ပြောပါတယ်.. သူမျက်နှာမှာ လည်း အသိရ ခက်တဲ့ မျက်နှာပေး တခုနဲ့ပါ ... ကဲ ... အဲဒါဆိုလည်း သွားစို့လို့ ပြောပြီး မြေအောက်ခန်းကို ဆင်းလာပါတယ်.. လှေခါးမီး နီကျင့်ကျင့် ကိုဖြတ်သန်း အပြီး မှာတော့ ကျနော် တို့ အိပ်မဲ့ အခန်းကြီး ဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက် လို့.နေပါတယ်..... ဟင် အမ...  ဘယ်သူမှ မအိပ်ကြဘူးလား...

အဲဒီတော့မှ.. မမြသီ က .... တဟင်းဟင်း နဲ့ အမလေး မအိပ်ကြပါဘူး .. ကျမ တို့ နှစ်ယောက်ဘဲ အိပ်ရမှာ... သူတို့ က မအိပ်ရဲကြဘူးတဲ့... လူနာဘေးမှာ .... စင်္ကြန် မှာ ဖြစ်သလိုဘဲ အိပ်မယ် ပြောနေကြတယ်... ကျမ ကတော့ လူနာဘေး မှာလည်း အစောင့် ရှိလို့.. တနေကုန်လည်း ပင်ပန်း လို့  အေးအေး အိပ်ချင်တာ နဲ့ မရွှေစင် ကိုစောင့်နေတာ .... မနက် ကြရင်လည်း အစောကြီး ထချက် ရအုန်းမယ် လေ လို့ ပြော ပါတယ်....

အမလေးဗျာ... ဒီလောက် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့ နေတဲ့ အောက်ထပ် တခုလုံးမှာ ကျနော် တို့ နှစ်ယောက်ထဲပါလား...

ဆက်ရန်
.

15 comments:

  1. အမရွှေစင်ရေ ... ဆေးရုံပေါ်မှာ ဇာတ်လမ်းတွဲကို မျှော်နေတာကြာပေါ့။ ဖတ်ရတာ ရသစုံပေးနိုင်တယ်။ ပြုံရ ရယ်ရ၊ ရင်မောရနဲ့ ... ဒါနဲ့ အဲဒီမြေအောက်ခန်းက သရဲများ ခြောက်တာလား ... ကောင်းခန်းမှာ ရပ်လိုက်တယ်။ နောက်ထပ် ဘယ်နှစ်ရက် စောင့်ရအုံးမလဲ မသိ ... :(

    ReplyDelete
  2. အပိုင်း(၁)နဲ့(၂) တစ်ပြိုင်တည်းပေါင်းဖတ်သွားတယ်
    ညီမရေ။ ဆေးရုံအကြောင်း လူနာတွေအကြောင်းကို
    စေ့စေ့စပ်စပ်ရေးသွားနိုင်ပါပေတယ်း)။
    မမေပြောသလိုရသပေါင်းစုံလည်းခံစားမိပါရဲ့။
    ကောင်းခန်းရောက်မှဆက်ရန်ကပေါ်လာတော့
    စိတ်လျှော့လိုက်ရတယ်ကွယ်း)
    ညီမတို့မိသားစုအရမ်းနွေးနွေးထွေးထွေးရှိတာ
    အစ်မကောင်းကောင်းသိသွားသလို ကြည်နူးမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လာဖတ်သဗျို့.... အဆင်ပြေပါစေ... ရေးတာ ကောင်းသမို့ အခြားမှတ်ချက် မပေးတော့ဘူး..... ဆက်လက် ရေးသားနိုင်ပါစေ၊ ဆက်ရန်။

    ReplyDelete
  4. စောင့် ဖတ်နေပါတယ် အစ်မကြီးရေ

    ReplyDelete
  5. ဆေးရုံပေါ်က ဘဝတွေဖတ်ရပါတယ်၊
    အဆက်စောင့်နေပါမယ်။

    ReplyDelete
  6. မမရေ စောင့်မျှော်နေတယ်... မြန်မြန်နော် :)

    ReplyDelete
  7. ဆေးရုံဆေးခန်းအသံကြားရင် အမြဲကန်ထရိုက်ယူထားတဲ့ ဒိုးကန်တော့ စိတ်ကိုမောနေတာဘဲမကြီးရေ ..

    ဆက်ရန်ကို တထင့်ထင့်နဲ့မျှော်နေမယ်ဗျာ

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  8. လာဖတ်သွားပါတယ်မမရေ
    စောင့်မျှော်လျှက်ပါ

    ReplyDelete
  9. Longing for the sequel.Don't take time too long....pls...:P..like a kid asking for snack:)
    Gyidaw

    ReplyDelete
  10. မြေအောက်ခန်းထဲမှာ.....း))
    (ဖလား.....ဖလား)
    ဆေးရုံဗဟုသုတတော့..အတော်စုံသွားပါတယ်။

    နောက်ဆက်တွဲလေးစောင့်နေမယ်နော်အစ်မ...

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  11. ကျန်းမာရေးအသုံးစရိတ်ကို တိုးပေးတော့မယ် ကြားတာပဲနော်။.. ဘယ်လောက်လဲ ဘယ်အချိန်မှာလဲ တော့မသိသေးပေမဲ့ ပြည်သူတွေအတွက် ပိုကောင်းလာမယ်လို့ မျှော်လင့်ရတာပါပဲ ။ ဒီက National Health Insurance လိုမျိုး အစိုးရက ၉၀% ၊ပြည်သူက ၁၀% အချိုးကျ ပေးရတာမျိုး ဖြစ်လာနိုင်ဖို့ လည်းမျှော်လင့်ပါတယ်။ပြည်သူတွေက ကျန်းမာရေးအတွက် လစဉ်ကြေးအနည်းငယ်စီထဲ့ဝင်ထားကြပြီး နေထိုင်မကောင်းဖြစ်တဲ့ အခါ ၊ အစိုးရက စရိတ်ရဲ့ ၉၀% ကို ဆေးကုစရိတ်ပြန်ထုတ်ပေးတယ်ဆိုတော့ ရောဂါကြီးကြီးဖြစ်ရင်တောင် ပြည်သူတွေ အသက်ရှူချောင်နိုင်တာပေါ့ ။
    မြေအောက်ခန်းက စိတ်လှုပ်ရှားဘွယ် ဇာတ်လမ်းကို စောင့်မျှော်လျှက်..
    ဖွကိ

    ReplyDelete
  12. မမရွှေစင်ရေ .... အပိုင်း ၃ကို တင်တာတွေ့မှပဲ ၂တင်တာကို မသိလိုက်လို့ ပြန်ရှာဖတ်ရတယ်။ ရောဂါတစ်ခုဖြစ်လာရင် ကုဖို့ပိုက်ဆံရှိနေတာတောင်မှ လွယ်တော့မလွယ်ဘူးနော်။ ဗဟုသုတတွေလည်းရပါရဲ့။ ကောင်းခန်းရောက်နေပြီ။ ၃ ကိုဆက်ဖတ်လိုက်ဦးမယ်။

    ချစ်ညီမလေး

    ReplyDelete
  13. အပိုင်း ၃ တက်တာတွေ့မှ အပိုင်း ၂ မဖတ်ရသေးတာ သတိရလို့ အရင်လာဖတ်လိုက်တာ။ စာရေးတာ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနဲ့ ရသအစုံ ဖတ်လိုက်ရတယ်။
    မြေအောက်ခန်း အတွေ့အကြုံကို အကြာကြီး စောင့်မဖတ်လိုက်ရတာ ဝမ်းသာမိတယ်။
    အပိုင်း ၃ ဆက်ဖတ်လိုက်အုံးမယ်။

    ReplyDelete
  14. အဟား . . .အဲဒီမှာ စတွေ့တာပဲ။ ကျနော်တို့တုန်းကလည်း ဖြစ်ဖြစ်ချင်းတော့ ပင်ပန်းတော့ အိပ်လိုက်ကြတာ။ နောက်တော့မှ . . . . အဟဲ . .လာမယ်။

    မအားလို့ အစ်မရေ။ အခုမှပဲ ရောက်ဖြစ်တော့တယ်။

    ReplyDelete
  15. Your writing described life in Burma.

    ReplyDelete

thank you to say so