(၂၂)
ထရေစီ ၀ှစ်တနေ ဘ၀သစ်တစ်ခုကို အစပျိုးလိုက်သည်။ အီတန်ရပ်ကွက် အမှတ် ၄၅တွင် အိမ်နှင့်ခြံ တစ်ခု ကို ၀ယ်လိုက်သည်။ အိမ်၏ မျက်နှာစာတွင် ဥယျာဉ်တစ်ခု၊ အိမ်၏နောက်ဘက်တွင် ဥယျာဉ်တစ်ခု ပါသော ခြံကျယ်ကြီး ဖြစ်သည်။ ရာသီအလိုက် ပန်းမျိုးစုံတို့က ရောင်စုံဖူးပွင့်ဝေဆာနေသည်။ အိမ်တွင်း ပရိဘောဂ များ နှင့် ပြင်ဆင် မွမ်းမံမှုများကို ထရေစီအား ဂန်သာက အကြံပေး ကူညီပေးရာ လန်ဒန်တွင် အကောင်းဆုံး အိမ်ကြီးရခိုင်များထဲ၌ တစ်လုံး အပါအ၀င် ဖြစ်လာသည်။
ဂန်သာက ထရေစီအား လန်ဒန်၏ အထက်တန်းလွှာ အသိုင်းအ၀န်းနှင့် မိတ်ဆက် ပေးသည်။ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင် ခင်ပွန်းသည် ဆုံးသွားသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ကျန်နေသော သူဌေးမ ကလေးအဖြစ် လန်ဒန် အထက်လွှာထဲသို့ ပို့ဆောင်ပေးသည်။
ထရေစီ ၏ ချောမောလှပမှု၊ ချစ်စရာ ကောင်းမှု၊ သွက်လက် ထက်မြက်မှုတို့ကြောင့် အထက်တန်းလွှာထဲ တွင် တစ်ခဏချင်း ၀င်ဆံ့သွားသည်။ အထက်တန်းလွှာမှ ဧည့်ခံပွဲ ပါတီပွဲတို့၏ ဖိတ်စာများ ထရေစီထံ ရောက် လာသည်။
ထရေစီသည် ပြင်သစ် နှင့် ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနှင့် အီတလီတို့သို့လည်း မကြာခဏဆိုသလို ခဏ တစ်ဖြုတ် သွားလေ့ ရှိသည်။ ထိုသို့ သွားသည့်အခါတိုင်းပင် ထရေစီနှင့် ဂန်သာဟာတော့တို့အဖို့ အမြတ် ထွက်သည်ချည်း ဖြစ်သည်။
ဂန်သာ၏ ထိန်းကွပ်ကြီးကြပ်မှုဖြင့်ပင် ထရေစီသည် ဥရောပတိုက်၏ မင်းစိုးရာဇာများ၊ ဘွဲ့ထူးဂုဏ်ထူးများ၊ ရာထူး ရာခံများ၊ အထက်တန်းလွှာ အသိုင်းအ၀န်းမှ အခေါ်အဝေါ်၊ အပြောအဆို၊ အနေအထိုင်များကို လေ့လာ တတ်ပွန် ကျွမ်းကျင်သွားသည်။
ထရေစီသည် ရုပ်ဖျက် ရုပ်ပြောင်း ပါရဂူ အသံတု ပါရဂူနှင့် မိတ်ကပ်ပါရဂူ ဖြစ်လာသည်။ သူမတွင် နိုင်ငံကူး လက်မှတ် ခြောက်ခု ရှိသည်။ ဗြိတိန်မြို့စားကတော်၊ ပြင်သစ်လေယာဉ်မယ်၊ တောင်အာဖရိကမှ အမွေရ ထားသော သူဌေးမလေးအဖြစ် ဘ၀အမျိုးမျိုး ပြောင်းလို့ ရနေသည်။ တစ်နှစ်အတွင်ူ သူမ ရလာသည့် ငွေများ မှာ သူမတစ်သက်စာ ဖူလုံသည်ထက်ပင် ပိုနေသေးသည်။
ထရေစီ သည် သူ့ငွေဖြင့် ရန်ပုံငွေ တစ်ရပ် ဖွင့်သည်။ ထိုရန်ပုံငွေမှ နေပြီး ထောင်ကျခဲ့ဖူးသော အမျိုးသမီး များ ကူညီရေး အဖွဲ့အစည်းများသို့ လျှို့ဝှက်ငွေပေးလှူသည်။ သူ့မိခင်၏ သစ္စာရှီ ဖိုမင်ကြီး အော်တိုရှမစ်ထံ သို့လည်။ လစဉ် ပင်စင်ငွေကို ရက်ရက်ရောရော ပို့ပေးနေသည်။
ထရေစီသည် သူ့လုပ်ငန်းကို ရပ်နားဖိုပ စိတ်ပင်မကူးမိပေ။ ခေါင်းတုံးပေါ်ထိပ်ကွက်ပြီး ဂျင်ပေါ် ထုံးတို့ရ သည့် အလုပ် ကို သူ ပျော်ပိုက်နေသည်။ သို့သော် သူမသည် အပြစ်ကင်းစင်သော ရိုးရိုးသားသား ရှာကြံ လုပ်ကိုင်ကြသော သူများကို အမြတ်မထုတ်ပေ။ ထိုသူတို့ မထိခိုက် မနစ်နာအောင် လုပ်သည်။ လောဘ ကြီးသူ၊ မတရားကြီး စီးပွားရှာသူ၊ ကိုယ်ကျင့်သိက္ခာ မကောင်းသူတို့သည်သာ ထရေစီ၏ သားကောင်များ ဖြစ်သည်။
မိမိ၏ လှည့်ကွက်ကို အမိခံရသူတို့ဥည် ကိုယ့်ကိုယ်ကို သက်သေလောက်အောင် မဖြစ်စေရဟု သန္နိဋ္ဌာန်ချ ထားသည်။
ဥရောပတစ်ဝန်းလုံးတွင် အတင့်ရဲစွာ ဖြစ်ပွားခဲ့သော ခိုးမှု၊ လိမ်လည်မှု သတင်းဇာတ်လမ်းများကို သတင်းစာ များက ရေးသားဖော်လာကြသည်။ ထရေစီသည် ရုပ်အမျိုးမျိုးဖျက်ပြီး ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင် ခဲ့သဖြင့် အမျိုးသမီးများ ဂိုဏ်းဖွဲ့ကာ ပြစ်မှု ကျူးလွန် နေကြသည်ဟုပင် ရဲက ထင်မှတ်နေသည်။
နိုင်ငံတကာ ရဲအဖွဲ့ကပင် ထိုကိစ္စကို စိတ်ဝင်စားလာသည်။
နိုင်ငံတကာ အာမခံ ကုမ္ပဏီများ အကာအကွယ်ပေးရေး အသင်း၏ ဌာနချုပ်တည်ရှိရာ နယူးယောက်မြို့ မင်ဟက်တန် ရပ်ကွက် ရုံးခန်းတွင် ညွှန်ကြားရေးမှူး ဂျေဂျေရေနောက ထောက်လှမ်းရေးမှူး ဒင်နရယ် ကူးပါးအား ပြောပြနေသည်။]
"ကျွန်တော်တို့မှာ ပြဿနာကြီး တစ်ရပ်တော့ ကြုံနေပြီ၊ ဥရောပက ကျွန်တော်တို့ အာမခံကုမ္ပဏီအတော် အများများ ထိနေကြပြီဗျ၊ အမျိုးသမီးဂိုဏ်းတစ်ဂိုဏ်းရဲ့ လက်ချက်နဲ့ တူတာပဲ၊ အတော့်ကို လိမ့်နေအောင် ခံနေရတယ်၊ အဲဒီဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးမိဖို့ သူတို့ လိုလာားနေကြတယ်။ နိုင်ငံတကာ ရဲအဖွဲ့ကလဲ ကျွန်တော် တို့ ပူးပေါင်းကူညီဖို့ သဘောတူထားတယ်၊ ဒီကိစ္စ ခင်ဗျားတို့ တာဝန် ပေးလိုက်မယ်၊ နက်ဖြန် မနက် ခင်ဗျား ပြင်သစ်သွားပေတာ့ ..."
ထရေစီ သည် ဂန်သာဟာတော့နှင့် ညစာ အတူစားနေသည်။
"မက်စီမီလန်ပိုင်ယာပွန့် ဆိုတဲ့လူကို ကြားဖူးလား ထရေစီ"
ထိုနာမည်ကို သူမ ကြားဖူးသလိုလို ရှိသည်။ ပြန်စဉ်းစားလိုက်သောအခါ သင်္ဘောကြီးပေါ်တွင် ဂျက်စတီဗင် ပြောပြသည် ကို ပြန်သတိရလာသည်။
သိပ်ချမ်းသာပြီး သိပ်ရက်စက်သူ။၏
မိမိနှင့် လုပ်ငန်းပြိုင် ကုမ္ပဏီများကို တစ်ဖက်လှည့်ဖြင့် ၀ယ်ယူပြီး ဖျက်ဆီးဖြစ်သူ။
ထရေစီသည် သူ့မိခင်၏ လုပ်ငန်းကို ဂျိုးရိုမာနို ဖျက်ဆီးပစ်ခဲ့ပုံကို ပြန်သတိရပြီး ရင်ထဲတွင် ကျင်ခနဲ ဖြစ် သွားသည်။
စိတ်ထိခိုက် ခံစားရသည့် လက္ခဏာက သူ့မျက်နှာတွင် ပေါ်လွင်လာသည်။
"ထရေစီ ... မင်း နေကောင်းရဲ့လား"
ဂန်သာက မေးသည်။
"ကောင်း ... ကောင်းပါတယ်။ မက်ဆီမီလန်ပိုင်ယာပွန့် အကြောင်း ပြောစမ်းပါဦး"
"သူ့ တတိယဇနီးကို သူ့ကို ကွာရှင်းလိုက်တယ်လေ၊ အခုတော့ သူတစ်ကိုယ်တည်းပေါ့။ မင်း သူ့ကို လူကြီး လူကောင်းချင်း တွေ့ဆုံ ရင်းနှီးလိုက်ရင် အကျိုးအမြတ် ရှိနိုင်တယ်။ သောကြာနေ့မှာ လန်ဒန်ကနေ အစ္စတန်ဘူး ကို ထွက်မယ့် အရှေ့တိုင် အမြန်ရထားနဲ့ လိုက်ဖို့ သူ လက်မှတ် ကြိုယူထားတယ်"၏
"အဲဒီ ရထား ကျွန်မ တစ်ခါမှ မစီးဖူးသေးဘူး၊ အင်း စီးရတာက ပျော်စရာတော့ ကောင်းမှာပဲ"
ထရေစီ က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
"ကောင်းတာပေါ့၊ လီနင်ဂရက် ပြတိုက်ပွဲလွဲရင် ကမ္ဘာပေါ်မှာ အရေးတကြီးဆုံး အဖိုးအတန်ဆုံး အနုပညာ ပစ္စည်းတွေ ပိုင်ယာပွန့်ဆီမှာ ရှိတယ်။ သူ့ရဲ့ အဲဒီပစ္စည်းတွေဟာ ဒေါ်လာသန်း-၂၀ဖိုးလောက် တန်မယ်လို့ ခန့်မှန်း ကြတယ်"
"အဲဒီ ပစ္စည်းတချို့ကို ကျွန်မက မထုတ်လာနိုင်ပါပြီတဲ့၊ ရှင် အဲဒါ ဘယ်လိုလုပ် ပြန်ထုတ်မလဲ ဂန်သာ လူသိ များတဲ့ ပစ္စည်းတွေဆိုတော့ ပြန်ရောင်းရခက်မှာပေါ့၊ မဟုတ်ဘူးလား"
ဒါမျိုးကို သီးသန့်လျှို့ဝှက်ပြီး ၀ယ်တဲ့လူတွေ ရှိပါတယ်။ မပူပါနဲ့၊ ပစ္စည်းရဖို့က မင်းအပိုင် ထုခွဲဖို့က ငါ့အပိုင်း ပါ"
"ကျွန်မ ဘာလုပ်လို့ ရမယ်ဆိုတာ အကဲခတ်ကြည့်ဦးမယ်လေ"
"ပိုင်ယာပွန့်ဟာ ခပ်လွယ်လွယ် ချဉ်းကပ်လို့ရမယ့် လူစားမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် သောကြာနေ့မှာ အဲဒီ ရထား နဲ့ လိုက်မယ့် တခြားနှစ်ယောက်လဲ ရှိသေးတယ်။ သူတို့က ဗင်းနစ်မြို့က ရုပ်ရှင်ပွဲတော်ကို သွား ကြမှာ၊ သူတို့ ကိုလဲ မင်း စိတ်ဝင်စားသင့်တယ်၊ ဆေဗာနာလူဒီဆိုတာ မင်း ကြားဖူးလား"
"အီတလီ ရုပ်ရှင်မင်းသမီး မဟုတ်လား"
"ဟုတ်တယ် ... သူက ရုပ်ရှင်ထုတ်လုပ်သူ အယ်ဘာတိုဖော်နတီနဲ့ လက်ထပ်ထားတယ်၊ အဲဒီ ထုတ်လုပ် သူက မင်းသမီး မင်းသားတွေအပေါ် ကောင်းကောင်း အမြတ်ထုတ်နေတဲ့လူပဲ၊ သူ့မိန်းမ အီတလီ မင်းသမီး ကို တော့ အဖိုးတန်ရတာတွေ အမြောက်အမြား ၀ယ်ပေးထားတယ်လေ၊ ဒီလူက တော်တော မြာပွေတယ်။ သူ့မိန်းမအပေါ်မှာ သူ သစ္စာမဲ့လေလေ ရတနာတွေ ၀ယ်ပေးလေလေပဲ၊ အခုဆိုရင် ဆေဗာနာ မှာ ရတနာ ဆိုင် တစ်ဆိုင် ဖွင့်လောက်အောင်တောင် လက်ဝတ်ရတနာတွေ ရှိနေပြီ၊ သူတို့အားလုံးဟာ မင်းစိတ်ဝင်စား မယ့် လူတွေကြီးပါပဲ"
"အင်း ... ကျွန်မ ကြည့်မယ်လေ"
"အရှေ့တိုင်း အမြန်ရထာ"ကြီးသည် လန်ဒန်မြို့ ၀ိတိုရိယဘူတာမှနေ၍ သောကြာနေ့၊ နေ့ခင်း ၁၁နာရီ ၄၄မိနစ်အချိန်တွင် အစ္စတန်ဘူးမြို့သို့ စတင်ထွက်ခွာသည်။
လမ်းတွင် ဘိုလုံး၊ ပြင်သစ်၊ လူဆိန်း၊ ပီလန်နှင့် ဗင်းနစ်မြို့များ၌ ရပ်နားမည် ဖြစ်သည်။
တူညီဝတ်စုံ အမှုထမ်းနှစ်ဦးက ထရေစီ၏ ခရီးဆောင် သေတ္တာနှစ်လုံးနှင့် မိန်းမကိုင် လက်ကိုင်အိတ်တို့ကို သယ်ပြီး ထရေစီ လိုက်ပါစီးနင်းရမည့် ရထားတွဲအိပ်ခန်းသို့ လိုက်ပို့သည်။ ရထားကြီးမှာ ဇိမ်ခံ ခေတ်မီ ရထားကြီး ဖြစ်သော်လည်း အိပ်ခန်းမှာ စိတ်ပျက်စရာကောင်းလောက်အောင် သေးငယ် ကျဉ်းကျပ် ကြောင်း ထရေစီ တွေ့ရသည်။
ငွေခွက် ထဲတွင် ရေခဲစိမ်ထားသော ရှနပိန်အရက်ပုလင်းတစ်လုံးက စားပွဲပေါ်တွင် အသင့်ကြိုနေသည်။ ပုလင်း လည်ပင်း တွင် ကတ်ပြားလေးတစ်ခုကို ကြိုးနှင့် ချည်ထားသည်။
ကတ်ပြား ပေါ်မှ စာကို ထရေစီ ဖတ်လိုက်သည်။
"အော်လီဗာသြဘတ်၊ ရထားမန်နေဂျာ" ဟု တွေ့ရသည်။
အောင်ပွဲရသည့် အချိန်ကျမှ အောင်ပွဲခံ သောက်ရန် ရှန်ပိန်ပုလင်းကို မသောက်သေးဘဲ ထားလိုက်သည်။
ရထား ဘိုလုံသို့ရောက်သည့်အချိန်တွင် ထရေစီသည် ရထားအမှုထမ်း တစ်ဦးအား ချဉ်းကပ်ပြီး မေးမြန်း ထောက်လှမ်း လိုက်သည်။
"မက်စီမီလန်ပိုင်ယာပွန့်လဲ ဒီရထားနဲ့ ပါလာတယ်လို့ သိရတယ်။ ကျွန်မ မမြင်ဘူးလို့ ပြစမ်းပါ"
"ကျွန်တော် ပြချင်ပါတယ် မဒမ်၊ သူ အိပ်ခန်းတစ်ခန်း ကြိုငှားပြီး ပိုက်ဆံလဲ ပေးထားပြီးသားပါ။ ဒါပေမယ့် ရထားထွက် တဲ့ အထိ သူ ရောက်မလာဘူး။ စိတ်ကူးပေါက်ရာ လျှောက်လုပ်နေတဲ့ လူကြီးပါဗျာ"
ထရေစီ အဖို့ အီတလီ ရုပ်ရှင်မင်းသမီးနှင့် သူ့ခင်ပွန်းရုပ်ရှင် ထုတ်လုပ်သူတို့သာ ကျန်တော့သည်။
ထရေစီ သည် တစ်နေ့လုံး သူ၏ ရထားတွဲ အိပ်ခန်းထဲတွင် အောင်းနေပြီး သူ့အကြံအစည်အတွက်သာ စိတ်ကူး နေသည်။
ည၈နာရီတွင် သူ အ၀တ်အစား စတင် လဲသည်။ ထရေစီသည် ခိုရောင်၏နူးညံ့ပါးလွှာသော ၀တ်စုံတို့နှင့် အညို ရောင် ခြေအိတ်ရှည်၊ အညိုရောင်ဖိနပ်တို့ကို ဆင်မြန်းလိုက်သည်။
အခန်းထဲမှ မထွက်မီ သူ့ကိုယ်သူ မှန်ထဲ၌ ကြည့်ရှုစစ်ဆေးသည်။ စိတ်ကြိုက် ကျေနပ်ပြီဆိုမှ အခန်းထဲမှ ထွက် လာသည်။ ထရေစီသည် အိပ်ခန်းထဲမှ ထွက်လာချိန်တွင် အခန်းဝ၌ သူ၏ လက်ကိုင်အိတ် လွတ်ကျ သွးသည်။ ဒူးညွတ်လိုက်ပြီး လက်ကိုင်အိတ်ကုန်းကောက်စဉ်မှာပင် အခန်းတံခါး၏ အပြင်ဘက် သော့များ ကို အကဲခတ်လိုက်သည်။ သော့မျာ နှစ်လုံး ဖြစ်ည်။ တစ်လုံးမှာ "ယေးလ်" အမျိုးအစား ဖြစ်ပြီး နောက် တစ်လုံးမှာ "ယူနီဗာဆယ်" အမျိုးအစား ဖြစ်သည်။ သူ့အတွက် အခက်အခဲ မရှိနိုင်။
"အရှေ့တိုင်း အမြန်ရထားကြီးတွင် စားသောက်တွဲ သုံးတွဲပါသည်။ ပထမဆုံးစားသောက်တွဲထဲသို့ ထရေစီ ၀င် လာသည်။
ထိုင်ခုံ အများအပြား လွတ်နေသည်။ စားပွဲထိုး တစ်ယောက်က ချဉ်းကပ်လာပြီး မေးသည်။
"စားပွဲတစ်လုံး မှာ ထိုင်ချင်ပါသလား ... မဒမ်"
ထရေစီ သည် စားသောက်ခန်း အတွင်း လှည့်ပတ် ကြည့်ရှုပြီး ပြန်ပြောသည်။
"ကျွန်မ မိတ်ဆွေတွေ လိုက်ရှာလိုက်ဦးမယ် ... ကျေးဇူးပဲ"
ထရေစီသည် ဒုတိယစားသောက်တွဲသို့ ဆက်လျှောက်လာသည်။ ထိုထဲတွင် ပထမစားသောက်တွဲထက် ပို များ လာသည်။ သို့သော် စားပွဲလွတ်တချို့ ကျန်ရှိနေသေးသည်။
"ကောင်းသော ညနေခင်းပါ ... မဒမ်၊ တစ်ယောက်တည်းပဲ ညစာ စားမလား ခင်ဗျား"
စားပွဲထိုး တစ်ယောက် ခရီးဦးကြို ပြုသည်။
"ဟင့်အင်း ... ကျွန်မ မိတ်ဆွေတွေနဲ့ စားမှာ၊ သူတို့ကို လိုက်ရှာလိုက်ဦးမယ် ... ကျေးဇူးပဲ"
ထရေစီ တတိယမြောက် စားသောက်တွဲကို ရောက်လာသည်။ ထိုတွဲတွင် စားပွဲတိုင်း၌ လူပြည့်နေသည်။ တွဲတွင်းပင် စားပွဲထိုးက သူမအား ဆီးကြို ပြောသည်။
"မဒမ် ဒီတွဲမှာ ညစာသုံးဆောင်ချင်တယ်ဆိုရင်တော့ စားပွဲလွတ်အောင် ခဏတော့ စောင့်ရလိ့မ်မယ်။ ဒါပေမယ့် ဟိုဘက်က စားသောက်တွဲ နှစ်တွဲမှာတော့ နေရာလွတ်တွေ ရှိပါသေးတယ်"
ထရေစီ တစ်တွဲလုံးကို ဝေ့ကြည့်လိုက်ည်။ တွဲ တစ်ဘက်ထောင့်ရှိ စားပွဲတစ်လုံးတွင် သူလိုက်ရှာနေသူများ ကို တွေ့ရသည်။
"ကိစ္စ မရှိပါဘူး၊ ကျွန်မ မိတ်ဆွေတွေ တွေ့ပြီ"
ထရေစီသည် ရထားတွဲထောင့်ရှိ စားပွဲသို့ လျှောက်သွားပြီး ထိုင်နေသူနှစ်ဦးကို ပြောလိုက်သည်။
"စားပွဲတွေအားလုံးမှာ လူပြည့်နေလို့ပါရှင်၊ ကျွန်မ ရှင်တို့စားပွဲမှာထိုင်ရင် ဖြစ်မလား၊ စိတ်မရှိနဲ့နော် ..."
စားပွဲ တွင် ထိုင်နေသူနှစ်ဦးအနက် တစ်ဦးဖြစ်သူ အမျိုးသားက ထိုင်ရာမှ ထလိုက်သည်။ ထရေစီအား လိုလို လားလား ကြည့်လိုက်ပြီး အားရပါးရ ပြောလိုက်သည်။
"ကျွန်တော် က အယ်ဘာဆိုဖော်နတီပါ၊ ဒါက ကျွန်တော့်ဇနီး ဆေဗာနာလူဒီပါ"
"ကျွန်မ က ထရေစီဝှစ်တနေပါ"
ထရေစီ က နာမည်ရင်းနှင့်ပင် မိတ်ဆက်လိုက်သည်။
"အား ... အမေရိကန်ပေါ့၊ ကျွန်တော်က အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ်ပါတယ်"
အယ်ဘာတိုဖော်နတီ သည် အရပ်ပုပု ၀၀နှင့် ထိပ်ပြောင်ပြောင် ဖြစ်သည်။
ဆေဗာနာလူဒီ က သူ့အား ဘာကြောင့်များ လက်ထပ်ခဲ့ရပါသနည်းဆိုသော အကြောင်းရပ်သည် သူတို့
အိမ်ထောင်သက်ကာလ ၁၂နှစ် တစ်လျှောက်လုံး အီတလီ၌ လူအများ ပြောစရာအကြောင်း ဖြစ်နေသည်။
ဆေဗာနာလူဒီ သည် ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးကျသော အလှတစ်ပါး ဖြစ်သည်။
သူမသည် ရုပ်ရှင်အော်စကာဆုနှင့် အခြားရုပ်ရှင်ဆုများ ရထားပြီး လူကြိုက်များသော မင်းသမီးတစ်ဦး အဖြစ် ရပ်တည်နေဆဲ ရှိသည်။
သူမ သည် ဒေါ်လာငါးထောင်တန် ညနေခင်းဝတ်စုံကို ဆင်မြန်းထားသည်။
သူ ၀တ်ထားသော လက်ဝတ်ရတနာများမှာ ဒေါ်လာတစ်သိန်းဖိုးခန့် ရှိသည်ဟု ထရေစီ ခန့်မှန်းမိသည်။
ထရေစီ ၀င်ထိုင်လိုက်ပြီးသည်နှင့် ဖော်နတီက စကားစလိုက်သည်။
"မင်း အရှေ့တိုင်းအမြန်ရထားကို အခု ပထမဆုံး စီးဖူးတာလား"
"ဟုတ်ပါတယ်"
"ဒီရထားမှာ ပြောစမှတ် ဖြစ်ကျန်လောက်တဲ့ အချစ်ပုံပြင် တချို့ ရှိတယ်။ အချစ်ရထားကြီးလို့လဲ တချို့က ဒေါ်ကြ တယ်လေ၊ စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင် အများအပြား ရှိတယ်။ ဥပမာ ပုံပြင်တစ်ခု ပြောပြမယ်၊ ဆာဘာဆေးဇာဟာရော့ ဆိုတဲ့ လက်နက်ကိုင်လုပ်ငန်းပိုင်ရှင် သူဌေးကြီးတစ်ဦးဟာ ဒီရထားကို စီးနေကျပဲ၊ တွဲနံပါတ် ၇-မှာ အမြဲစီးတယ်၊ တစ်ညမှာ သူ့အခန်းတံခါးကို ထုပြီး အော်ခေါ်နေတဲ့အသံ သူ ကြားရတယ်။ အခန်း တံခါး ပွင့်သွားပြီး ဒပ်ခ်ျမြို့စားကတော် တစ်ဦး သူ့ကိုယ်ပေါ် ပစ်ကျလာတယ်"
ဖော်နတီ သည် ပေါင်မုန့်အလုံးရှည်လေး တစ်ခုကို ထောပတ်သုတ်လိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်ပြီးမှ ဆက် ပြောသည်။
"အဲဒီမြို့စားကတော်ရဲ့ယောက်ျား မြို့စားကြီး စိတ်နောက်နေတယ်။ အဲဒီာညက စိတ်ဖောက်ပြီး မယားကို သတ် ဖို့ ကြိုးစားလို့ အမျိုးသမီးက ထွက်ပြေးလာပြီး ၀င်ပုန်းနေရတာ၊ ဇာဟာရော့က မြို့စားကြီးကို ချော့မော့၊ သူ့ဇနီးကိုလဲ နှစ်သိမ့်အားပေးပြီး ကူညီလိုက်ရတယ်၊ ဒါပေမယ့် ဇာဟာရော့ နဲ့ အဲဒီအမျိုးသီး အဲဒီည မှာပဲ ချစ်ကြိုက်သွားကြတာ အနှစ်၄၀ ကြာတယ်"
"အို ... တကယ်စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းပဲ"
ထရေစီ စိတ်ဝင်တစား ၀င်ထောက်ပေးလိုက်သည်။
"အဲဒီလို မမျှော်လင့်ဘဲ တွေ့ပြီးတဲ့နောက် သူတို့ ဒီရထားကြီးမှာ နှစ်တိုင်း တစ်နှစ်တစ်ခါ ဆုံကြတယ်။ ဇာဟာရော့ က တွဲနံပါတ် ၇မှာ စီးတယ်၊ အမျိုးသမီးက တွဲနံပါတ် ၈မှာ စီးတယ်။ ဒါဟာ ပုံသေပဲ၊ မြို့စားကြီး ကွယ်လွန် သွားပြီးတဲ့ နောက်ကျတော့ မြို့စားကတော်နဲ့ ဇာဟာရော့တို့ လက်ထပ်ကြတယ်။
"တကယ် ကြည်နူးလွမ်းမောစရာ အချစ်ဇာတ်လမ်းပါပဲရှင်"
ထရေစီက ပြောလိုက်သည်။
အီတလီရုပ်ရှင် မင်းသမီး ဆေဗာနာလူဒီကမူ မတုန်မလှုပ် ကျောက်ဆစ်ရုပ်ကြီးအလား ငူငူကြီး ထိုင်နေ သည်။
ရထားမှ ကျွေးသော ညစာတွင် ဟင်းအမယ်ခြောက်မျိုးပါသည်။
ဖော်နာတီသည် သူ့ပန်းကန်ထဲမှ ဟင်းများကို အကုန်စားရုံသာမက သူ့ဇနီးပန်းကန်ထဲမှ ကျန်နေသော ဟင်းများကိုပင် ယူစားလိုက်သေးသည်။ ထိုသို့ စားရင်း စကားလည်း ပြောသေးသည်။
"မင်းက ရုပ်ရှင်မင်းသမီးလား ..."
"မဟုတ်ပါဘူး၊ ကျွန်မက ကမ္ဘာလှည့်ခရီးသည်ပါ"
ထရေစီ ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
"မင်းဟာ ရုပ်ရှင်မင်းသမီး ဖြစ်လောက်အောင်ကို ချောမောလှပတဲ့ မိန်းကလေးပဲ"
"သူ့ မင်းသမီး မဟုတ်ပါဘူးလို့ သူကိုယ်တိုင်က ပြောနေပြီ ဥစ္စာပဲ"
ဆေဗာနာက ခပ်ပြတ်ပြတ် ၀င်ပြောသည်။
ဖော်နာတီက သူ့ဇနီးကို ဂရုမစိုက်ဘဲ ထရေစီကိုသာ ဆက်ပြောသည်။
"ငါ ရုပ်ရှင်ကားတွေ ထုတ်လုပ်တယ်"
ကျွန်မက ရုပ်ရှင်သိပ်မကြည့် ဖြစ်ပါဘူးရှင်"
ထရေစီက တောင်းပန်လိုက်သည်။ ဖော်နတီ၏ ခြေထောက်က စားပွဲအောက်မှ နေပြီး သူမကို လာထိမှန်း ထရေစီ သိလိုက်သည်။
"ဒါဖြင့် ငါ့ရုပ်ရှင်ကား တချို့ကို တစ်ချိန်ချိန်မှာ မင်းကိုပြဖို့ ငါ စီစဉ်ပေးပါ့မယ်"
ဆေဗာနာမှာ ဒေါသ အလွန်ထွက်နေချေပြီ။
"မင်း ရောမမြို့ကို ရောက်ဖူးသလား မိန်းကလေး"
သူ့ခြေထောက်က ထရေစီ၏ ခြေထောက်များတွင် အပေါ်အောက် လှုပ်ရှား ထိတွေ့နေသည်။
"ဗင်းနစ်မြို့ ကို ရောက်ပြီးရင် ရောမမြို့ကို ဆက်သွားဖို့ ကျွန်မ စီစဉ်ထားပါတယ်"
"ကောင်းပါတယ်၊ တို့အားလုံး ဆုံပြီး ညစာ အတူတူ စားကြတာပေါ့၊ မဟုတ်ဘူးလား ကာရာ"
ဖော်နာတီက သူ့မိန်းမကို တစ်ချက် လှမ်းကြည့်ပြီး ပြောလိုက်သည်။ သူ့ဇနီးက ဘာမျှခွန်းတုံ့မပြန်မီမှာပင် သူက ဆက်ပြောသည်။
"ရောမမှာ တို့ရဲ့ ဂေဟာတစ်လုံး ရှိတယ်၊ မြေဆယ်ဧပေါ်မှာ ..."
ဖော်နတီက လက်ဟန်ခြေဟန်နှင့် ပြောနေရာ သူ့လက်က ဟင်း ပန်းကန်တစ်ချပ်ကို သွားတိုက်ပြီး သူ့ဇနီး ၏ ပေါင်ပေါ် သို့ ဟင်းအနှစ်များ ဖိတ်စဉ်ပေကျံကုန်သည်။
ဖော်နတီ မတော်တဆ ဖြစ်သလား၊ တမင်တကာ လုပ်လိုက်လေသလား ဆိုသည်ကို ထရေစီ ဝေခွဲမရပေ။
ဆေဗနာ က ထိုင်ရာမှ ထလိုက်သည်။ သူမ ၀တ်စုံပေါ်မှ ဟင်းရေစီးကြောင်းများကို ကြည့်လိုက်သည်။
ထို့နောက် ဒေါသတကြီးဖြင့် အီတလီလို အော်ဟစ်ပြောဆိုပြီး စားသောက်တွဲထဲမှ တစ်ဟုန်ထိုး ထွက်သွား တော့သည်။
တွဲထဲမှ လူအားလုံးကပင် သူမကို လိုက်ကြည့်နေကြသည်။
"တော်တော်ရှက်သွားမှာပဲ၊ သိပ်လှတဲ့ ၀တ်စုံပေသွားရှာပြီ"
ထရေစီ ပြောလိုက်သည်။ တကယ်တော့ ဆေဗာနာသည် သူမယောက်ျားကို ပါးချပို့ပင် ကောင်းသည်ဟု ထရေစီ စိတ်ထဲက ပြောနေမိသည်။
ဖော်နတီ က သက်ပြင်း တစ်ချက် ချပြီး ပြောလာသည်။
"သူ့ကို နောက်ထပ် ၀တ်စုံအသစ်တစ်စုံ ထပ်ဝယ်ပေးလိုက်ပါ့မယ်၊ သူ့အပြုအမူတွေအတွက် ဘာမှ စိတ်အနှောင့်အယှက် မဖြစ်နဲ့နော်၊ သူက ဖော်နတီနဲ့ ပတ်သက်ရင် သိပ် သ၀န်တိုတတ်တဲ့ မိန်းမ"
သူ့မှာလဲ သ၀န်တိုလောက်တဲ့အကြောင်း ခိုင်ခိုင်လုံလုံ ရှိမှာပေါ့ရှင်"
ထရေစီက သူမ၏ မနှစ်မြို့မှုကို အပြုံးဖြင့် ဖုံးပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အမျိုးသမီးတွေက ဖော်နတီကို စိတ်ဝင်စားကြတယ် မဟုတ်လား၊ ဒီတော့ သူ မနာ လိုဘူးပေါ့"
"အင်း ... ကျွန်မ သဘောပေါက်ပါတယ်"
ထရေစီက ဤဂျပု၏ စကားကြီး စကားကျယ်ကို အော်မရယ်မိအောင် မနည်းထိန်းရင်း ရေလိုက်ငါးလိုက် ပြောလိုက်သည်။
ဖော်နတီ၏ လက်က စားပွဲပေါ်မှ ကျော်ပြီး ထရေစီလက်ကို လာကိုင်သည်။
"ဖော်နတီ မင်းကို သဘောကျတယ်၊ သိပ် နှစ်သက်တယ်၊ မင်း ဘာအလုပ်လုပ်သလဲ ကလေးမ"
"ကျွန်မ ရှေ့နေတစ်ယောက်ရဲ့ အတွင်းရေးမှူးပါ၊ ကျွန်မလခထဲက ခြစ်ကုပ်စုဆောင်းပြီး ဒီခရီး ထွက်လာ တာပါ၊ ဥရောပမှာ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်နေရာလေးများ ရမလားလို့ပါ"
"မင်းအတွက် အဆင်ပြေရစေ့မယ်လို့ ဖော်နတီက ကတိပေးတယ်၊ ဖော်နတီက သူ့အပေါ် ကောင်းတဲ့လူ ဆိုရင် သူကလည်း ပြန်ကောင်းတဲ့လူမျိုးပါ"
သူ့မျက်စိက ထရေစီ၏ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး ပြောသည်။
"ရှင်နဲ့တွေ့ရတာ ကျွန်မအဖိုပ ၀မ်းသာစရာပါပဲရှင်"
ထရေစီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"တို့ ညကျရင် အဲဒီကိစ္စကို မင်းအခန်းမှာ ဆက်ဆွေးနွေးကြရင် ပိုမကောင်းဘူးလား"
ဖော်နတီက အသံကို နှိမ့်ပြီး ပြောလိုက်သည်။
"သိက္ခာကျစရာ ဖြစ်နိုင်တယ်"
"ဘယ်လို ... ဘာကြောင့် ..."
"ရှင်က ထင်ရှားကျော်ကြားတဲ့လူ ... ဒီရထားပေါ်က လူတိုင်းလိုလိုက ရှင် ဘယ်သူဆိုတာ သိကြမှာ"
"ဒါတော့ သိပ်ဟုတ်တာပေါ့"
"ရှင် ကျွန်မ အခန်းလာတာကို သူတို့ မြင်သွားရင် တချို့က နားလည်မှု လွဲသွားနိုင်တယ်၊ ရှင့်အခန်းက ကျွန်မအခန်းနဲ့ နီးချင်နီးမှာ ... ရှင့်အခန်းနံပါတ် ဘယ်လောက်လဲ"
"အီး - ၇၀"
ဖော်နတီက ထရေစီအား မျှော်လင့်တကြီးနှင့် လှမ်းကြည့်နေသည်။ ထရေစီက သက်ပြင်းချလိုက်ပြီး ပြန် ပြောသည်။
"ကျွန်မနဲ့ ရှင်နဲ့က တွဲတစ်တွဲစီ ဖြစ်နေပြီ၊ ဗင်းနစ်မြို့ကျမှ တွေ့ရင် မကောင်းဘူးလား"
"ကောင်းသားပဲ၊ ငါ့မိန်းမက တစ်ချိန်းလိုလို သူ့အခန်းထဲမှာနေတာ၊ သူက သူ့မျက်နှာပေါ် နေပြောက်ထိုးခံ နိုင်တာ မဟုတ်ဘူး၊ မင်း ဗင်းနစ်မြို့ကို အလျင်က ရောက်ဖူးလား"
"ဟင့်အင်း"
"ဒါဖြင့် မင်းနဲ့ငါ "တော်ဆယ်ကို" လို့ ခေါ်တဲ့ ကျွန်းလှလှလေးကို သွးမယ်၊ အဲဒီမှာ စားသောက်ဆိုင် ကောင်းကောင်းလဲ ရှိတယ်၊ ဟိုတယ်လေးတစ်ခုနဲ့ တွဲဖွင့်ထားတာ၊ သီးသီးသန့်သန့်လေးပေါ့"
သူ့မျက်လုံးက အရောင်တဖျပ်ဖျပ် တောက်နေသည်။ ထရေစီက သဘောပေါက်နားလည်သည့် အသွင်ဖြင့် တဖြည်းဖြည်းချင်း ပြုံးပြလိုက်သည်။
ထို့နောက် နာရီဝက်ကြာသောအခါ ထရေစီ သူ့အိပ်ခန်းသို့ ပြန်လာခဲ့သည်။
"အရှေ့တိုင်း အမြန်ရထားကြီးသည် ညအမှောင်ထုထဲတွင် တရိပ်ရိပ် ခုတ်မောင်း ဖြတ်သန်းနေသည်။
ပါရီ၊ ဒီဂျွန်နှင့် ဗော်လာဘီမြို့များကို ဖြတ်သန်းလာသည်။
ခရီးသ်ညများသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ညနေကပင် တွဲစောင့်များအား ပေးထားရသည်။
ထို့ကြောင့် သူတို့အိပ်ချိန်တွင် ရထား နယ်စပ်ဖြတ်ကျော်သည့်အခါ နိုင်ငံကူးလက်မှတ်၌ ရေးသား တံဆိပ် ရိုက်ရသည့် အလုပ်မှာ တွဲစောင့်များနှင့်ပင် ပြီးသွားသည်။
သူမအဖို့ ထိုအချိန်က တမင်ရွေးပြီး လှုပ်ရှားခြင်း ဖြစ်သည်။
ရထားသည် ဆွစ်နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် လောအိန်းမြို့သို့ နံနက် ၅နာရီ ၂၁မိနစ်တွင် ရောက်မည်။
ထို့နောက် အီတလီနိုင်ငံ မီလန်မြို့သို့ နံနက်၉နာရီ ၁၅မိနစ်တွင် ရောက်မည်။
ထရေစီ သည် ည၀တ်အင်္ကျီကို ၀တ်ပြီး အိတ်ပွပွ တစ်လုံးကို ယူကာ ရထား လူသွားစင်္ကြံ တစ်လျှောက် လမ်းလျှောက် သွားသည်။
သူမ၏ အာရုံငါးပါးစလုံးက နိုးကြားဖျတ်လတ်နေသည်။ စိတ်လှုပ်ရှားလာသည်။
ရထားတွဲ အိပ်ခန်းများတွင် အိမ်သာမပါ၊ ရထားတွဲတစ်တွဲ၏ အဆုံးဘက်တွင်သာ အိမ်သာတစ်ချို့ ရှိသည်။
အကယ်၍ လမ်း၌ တစ်စုံတစ်ယောက်နှင့် တွေ့ပြီး မေးလာလျှင် အိမ်သာသွားမလို့ဟု ဖြေရန် အသင့်ပြင် လာသည်။ သို့သော် မည်သူနှင့်မျှ မတွေ့ပေ။
တွဲစောင့်များ၊ လက်မှတ်စစ်များနှင့် အလုပ်သမားများသည် ခရီးသည်များ အိပ်သည့် ဤအချိန်မျိုး၌ သူတို့ပါ မသိမသာ ရောအိပ်ကြသည်။
ထရေစီသည် အိပ်ခန်း "အီး - ၇၀သို့ အထစ်အငေါ့ မရှိ ရောက်သွားသည်။
တံခါးသော့ကို အသံမမြည်အောင် ဖြည်းဖြည်းလေး လှည့်ဖွင့်သည်။ မရ။ သော့ခတ်ထားသည်။
ထရေစီက သူလက်ထဲမှ သားရေပွအိတ်ကို ဖွင့်လိုက်ပြီး သတ္တုပစ္စည်းတစ်ခုနှင့် ဆေးထိုးအပ်တစ်ချောင်း၊ ပုလင်းအသေးလေးတစ်လုံးတို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် လုပ်ငန်းစတော့သည်။
ထို့နောက် ဆယ်မိနစ်အကြာတွင် ထရေစီ သူမအခန်းသို့ ပြန်ရောက်သည်။ ယင်းနောက် နာရီဝက်အကြာ တွင် သူမ အိပ်ပျော်ချေပြီ။
"အရှေ့တိုင်းရထားကြီး" မီလန်မြို့သို့ မရောက်မီ နှစ်နာရီအလို နံနက်၇နာရီတွင် စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာသည်။
ထိုအသံမှာ အိပခန်း "အီး-၇"မှ ထွက်လာခြင်း ဖြစ်ပြီး ထိုအသံကြောင့်ပင် တစ်တွဲလုံး နိုးကုန်သည်။ ဘာဖြစ်ပါလိမ့်ဟု ခေါင်းပြူကြည့်ကြသည်။
ရထားလက်မှတ်စစ်တစ်ဦး ထိုအခန်းထဲသို့ အပြေးအလွှား ရောက်လာသည်။
ဆေဗာနာလူဒီသည် ကယောင်ချောက်ချား အော်နေသည်။
"ကယ်ကြပါဦး၊ ကျွန်မ လက်ဝတ်ရတနာတွေ မရှိတော့ဘူး ပါသွားပါပြီ၊ ဒီအကုသိုလ်ရထားကြီးမှာ သူခိုးတွေ ပြည့်လို့ပါပဲရှင်"
"မအော်ပါနဲ့ မဒမ်၊ တခြား ..."
လက်မှတ်စစ်၏ တောင်းပန်စကား မဆုံးမီမှာပင် ဆေဗာနာလူဒီက ပြန်အော်သည်။
"ဘာ ... မအော်ရဘူးလား၊ ရှင်က ဘယ်လောက် သတ္တိရှိလို့ ကျွန်မကို တားရတာလဲ၊ ကျွန်မ လက်ဝတ်ရတနာ ဒေါ်လာတစ်သန်းကျော်ဖိုး သူခိုး ခိုးခံလိုက်ရပြီရှင့်၊ သိရဲ့လား"
အယ်ဘာတိုဖော်နာတီက ၀င်ပြောသည်။
"သူခိုး ခိုးခံရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွ၊ အခန်းတံခါးကိုလဲ သော့ခတ်ထားတာပဲ၊ ပြီးတော့ ဖော်နာတီက အအိပ်ဆတ်တဲ့လူပါကွ၊ အခန်းထဲ တစ်ယောက်ယောက် ၀င်လာတာနဲ့ ငါချက်ချင်းနိုးမှာ"
ရထားလက်မှတ်စစ်က သက်ပြင်း ချလိုက်သည်။
ဘယ်နည်းဘယ်ပုံ ဖြစ်မည်ကို သူရိပ်မိပြီ။ အဘယ်ကြောင့်ဆိုသော် ယခင်ကလည်း ထိုသို့ ဖြစ်ခဲ့ဖူးသည်။
ည လူခြေ တိတ်ချိန်တွင် စင်္ကြံလမ်းအတိုင်း တစ်စုံတစ်ယောက် လျှောက်လာပြီး အခန်းတံခါးသော့ပေါက် ထဲမှနေ၍ ဆေးထိုးပြွန်ဖြင့် ဓာတ်ငွေရည်များ ထိုးထည့်သွားမည်။ တကယ်တတ်ကျွမ်းသူအဖို့ တံခါးသော့ များသည် ကလေးကစားစရာ သဖွယ်ပင် ဖြစ်သည်
ဆေးတန်ခိုးကြောင့် အခန်းထဲမှလူများ ခေတ္တသတိလစ် အိပ်မောကျနေစဉ်တွင် စိတ်ကြိုက် ၀င်ခိုးပေလိမ့် မည်။ ဤအဖြစ်မျိုး ယခင်ကလည်း ဤရထားတွင် ဖြစ်ဖူးသည်။
သို့သော် ယခု ကိစ္စတွင် တစ်ခု ထူးခြားနေသည်။ ယခင်က ဤရထားခရီးဆုံးသို့ ရောက်ပြီးမှ အခိုးခံရမှန်း သိကြသည်။ ထိုအခါ သူခိုးကို လိုက်ရှာ ဖမ်းဖို့ မလွယ်တောပေ့။ ယခုတော့ ရထားခုတ်မောင်းနေစဉ် သူခိုး ခိုးခံရမှန်း သိသည်။
ရထားပေါ်မှ မည်သူမျှ မဆင်းရသေး။ ထို့ကြောင့် သူခိုး ခိုးခံရသော ရတနာများ ဤရထားပေါ်၌ပင် နေရချေ ဦးမည်။
"မစိုးရိမ်ပါနဲ့ မဒမ် ... ခင်ဗျား ရတနာတွေ ပြန်ရမှာပါ။ သူခိုးဟာ ဒီရထားပေါ်မှာ ရှိနေတုန်းပါ"
လက်မှတ်စစ်က အးပေးစကား ပြောပြီး ထွက်သွားသည်။
မီလန်မြို့ရှိ ရဲဌာနသို့ ချက်ချင်း တယ်လီဖုန်းလှမ်းဆက်ပြီး ပြောပြလိုက်သည်။ တိုင်ချက် ဖွင့်လိုက်သည်။
"အရှေ့တိုင် အမြန်ရထားကြီး" အီတလီနိုင်ငံ မီလန်မြို့ ဘူတာထဲသို့ ခုတ်မောင်းဝင်လာသောအခါ ယူနီဖောင်းဝတ် ရဲသား ၂၀-ခန့်နှင့် အရပ်ဝတ် အရပ်စားနှင့် စုံထောက်များ ပလက်ဖောင်းတွင် တန်းစီး စောင့်နေကြသည်။
ခရီးသည် တစ်ဦးတစ်ယောက်မျှ ဆင်းခွင့်မပြုရန်နှင့် ပစ္စည်းတစ်စုံတစ်ခုမှ ရထားပေါ်မှ မချရန် အမိန့်ပါလာ သည်။
ရဲမှူးလူဝီရစ်စီသည် ဖော်နာတီ၏ ရထားတွဲ အိပ်ခန်းဆီသို့ တန်းတက်သွားသည်။ ဆေဗာနာလူဂီမှာ စိတ်တုန်လှုပ် ချောက်ချားမှု ပြန်ပေါ်လာပြီး ရဲမှူးအား ပြောပြသည်။
"ကျွန်မမှာ ရှိသမျှ လက်ဝတ်ရတနာ အားလုံးကို ဒီသေတ္တာလေးထဲမှာ ထည့်ထားတာ၊ အဲဒါတွေ အားလုံးက တစ်ခုမှ အာမခံမထားရသေးဘူး"
ရဲမှူးက လက်ဝတ်ရတနာ တစ်ခုမှ မရှိတော့သော သေတ္တာကို စစ်ဆေးကြည့်ရှုလိုက်သည်။
"ခင်ဗျားပစ္စည်းတွေကို မနေ့ညက ဒီသေတ္တာထဲမှာ ထည့်ထားတယ်ဆိုတာ သေချာရဲ့လား ... မင်းသမီး"
"သေချာပါတယ်ရှင် ... ကျွန်မ ညတိုင်း ဒီသေတ္တာထဲမှာပဲ ထားတာပါ"
ရုပ်ရှင်ကြည့် ပရိသတ် သန်းပေါင်းများစွာကို ဖမ်းစားနိုင်ခဲ့သော အရည်လဲနေသည့် သူမ၏ မျက်ဝန်းအစုံ သည် ယခုတော့ ညှိုးမှိန်ကာ မျက်ရည်မိုး သွန်းဖြိုးနေရရှာသည်။
ရဲမှူးက အိပ်ခန်း တံခါးဝသို့ လျှောက်သွားပြီး တံခါးသော့ပေါက်နေရာကို ကုန်းပြီး နှာခေါင်းဖြင့် အနံ့ခံလိုက် သည်။
ဓာတ်ငွေ့အနံ့ကို ရလိုက်သည်နှင့် ခိုးမှု ဖြစ်ပွားသည်မှာ သေချာကြောင်း သိသာ ထင်ရှားလာသည်။ သူခိုးကို လက်ရဖမ်းရန် သူ ဆုံးဖြတ်လိုက်သည်။
ရဲမှူးက ခါးကုန်းထားရာမှ ကိုယ်ကို မတ်လိုက်ပြီး ပြောသည်။
"စိတ်မပူပါနဲ့ မင်းသမီး ... ခင်ဗျား ရတနာတွေကို ဒီရထားကနေပြီး ရွှေ့ပြောင်းသယ်ယူသွားဖို့ လမ်းမရှိပါ ဘူး၊ ကျွန်တော်တို့ ဒီသူခိုးကို ဖမ်းမိမှာပါ၊ ခင်ဗျား ရတနာတွေလဲ ပြန်ရမှာပါ "
ရတနာတွေ ပြန်ရရမည်ဟု ရဲမှူးရစ်စီ အပြည့်အ၀ ယုံကြည်ထားသည်။ ရထားတစ်စီးလုံးကို နေရာလပ် မကျန်အောင် ပိတ်ဆို့ရှာဖွေရန် စီစဉ်ထားပြီး ဖြစ်ရာ သူခိုးအဖို့ လွတ်လမ်း မရှိနိုင်ပါချေ။
ရထားပေါ်မှ ခရီးသည်များကို စုံထောက်များက စောင့်ကြပ်ပြီး ဘူတာရုံရှိ လူစောင့်သော အခန်းသို့ ခေါ်သွား သည်။
ထိုအခန်းကို သီးသန့် အလုံပိတ်ထားပြီး ခရီးသည်များအား တစ်ကိုယ်လုံး စေ့စေ့စပ်စပ် ရှာတော့သည်။
ထိုသို့ အရှာခံရသည်မှာ ဂုဏ်သိက္ခာ ထိပါးသည်။ စော်ကားခံရခြင်း ဖြစ်သည်ဆိုကာ ခရီးသည်အများစုက မကျေမနပ်ဖြင့် ပွစိပွစိ လုပ်ကြသည်။
"တောင်းပန်ပါတယ်ဗျာ ... ဒေါ်လာ တစ်သန်းဖိုး အခိုးခံရတဲ့ကိစ္စဆိုတော့ အခုလိုပဲ စေ့စေ့စပ်စပ် ရှာရမှာပဲ စိတ်မရှိကြပါနဲ့၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘး"
ရဲမှူးရစ်စီက ခရီးသည်တိုင်းကို ရှင်းပြ တောင်းပန်သည်။
"ခရီးသည် တစ်ယောက်ကို ရထားပေါ်က ခေါ်သွားသည်နှင့် တစ်ပြိုင်နက်တည်း ထိုခရီးသည်၏ အခန်းကို စုံထောက်များက မြေလှန်ရှာတော့သည်။ နေရာလပ် တစ်လက်မမျှ မကျန်အောင် ရှာသည်။
ဤအမှုကြီးကို တာဝန်ယူ ကိုင်တွယ်ရခြင်းသည် ရဲမှူး လူဂီရစ်စီအဖို့ အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။
ဤပစ္စည်းများ ပြန်ရအောင် လုပ်နိုင်လျှင် ရာထူးတက်ပေလိမ့်မည်။ ထို့ကြောင့်ပ သူ အစွမ်းကုန် ကြိုးစားနေ သည်။
ထရေစီ၏ အခန်း တံခါးခေါက်သံ ပေါ်လာပြီး စုံထောက်တစ်ယောက် အခန်းထဲ ၀င်လာသည်။
"ခွင့်ပြုပါ ခင်ဗျ၊ ဒီရထားမှာ ခိုးမှု ဖြစ်လို့ပါ၊ ဒါကြောင့် ခရီးသည်တွေ အားလုံးကို ရှာရပါလိ့မ်မယ်၊ ကျေးဇူး ပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
"ခိုးမှုဖြစ်လို့ ... ဒီရထားပေါ်မှာ ဟုတ်လား"
ထရေစီက မယုံကြည်နိုင်လောက်အောင် အံ့သြသည့် အသွင့်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်ပါတယ် ခင်ဗျာ"
ထရေစီအခန်းအပြင်ဘက်သို့ ထွက်ပေးလိုက်သည်နှင့်တပြိုင်နက် စုံထောက်နှစ်ယောက်က အခန်းထဲသို့ ၀င်လိုက်သည်။ သူမ၏ ခရီးဆောင် သေတ္တာများကို ဖွင့်ပြီးအထဲမှ ပစ္စည်းများကို စေ့စေ့စပ်စပ် ရှာဖွေတော့ သည်။
ရထားတစ်စီးလုံးနှင့် ခရီးသည်အားလုံးကို လေးနာရီကျော်ကြာ မွှေနှောက်ရှာဖွေပြီးသောအခါ ဆေးခြောက် အထုပ်များ၊ ကိုကင်းငါးပေါင်၊ ဓားမြှောင်တစ်ချောင်းနှင့် လိုင်စင်မဲ့ သေနတ်တစ်လက်တို့ကို တွေ့ရသည်။ သို့သော် အီတလီရုပ်ရှင်မင်းသမီး၏ ပျောက်ဆုံးနေသော လက်ဝတ်ရတနာများကား အရိပ်အယောင်မျှပင် မတွေ့ရပါချေ။
ရဲမှူးကြီး ရစ်စီအဖို့ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
"ရထား တစ်စီးလုံးလုံး စေ့စေ့စပ်စပ် ရှာရဲ့လား"
"တစ်လက်မတောင် နေရာလွတ် မကျန်ခဲ့အောင် ရှာပါတယ် ဆရာ၊ အင်ဂျင်စက်ကစပြီး အိပ်ခန်းတွေ၊ စားသောက်ခန်းတွေ၊ အရက်ခန်းရော၊ ရထားအမှုထမ်းတွေရော၊ သူတို့ရဲ့ ပစ္စည်းတွေရော အားလုံးကို ရှာခဲ့ တာပဲ၊ အဲဒီရတနာတွေ ဒီရထားပေါ်မှာ မရှိတာ သေချာပါတယ်၊ အမျိုးသမီးက ပစ္စည်းမပျောက်ဘဲ ပျောက်တယ်လို့ ထင်နေသလားမှ မသိတာ"
လက်ထောက်တစ်ဦးက ရဲမှူး ရစ်စီအား ရှင်းပြသည်။
သို့သော် ပစ္စည်းတကယ် ပျောက်သည်ဟု ရဲမှူး လက်ခံသည်။ ရဲမှူးသည် ရထားမှ စားပွဲထိုးများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ယမန်နေ့ ညနေစာစားချိန်တွင် အမျိုးသမီးသည် လက်ဝတ်ရတနာများ အပြည့်အစုံ ၀တ်ဆင် လာခံရသည်ကို မြင်တွေ့ရကြောင်း သူတို့က ပြောသည်။
"အရှေ့တိုင်း အမြန်ရထား" ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦး မီလန်သို့ ချက်ချင်း လိုက်လာသည်။
ဆက်ရန်
.
ရိုးသားတဲ့ ထရေစီလေး.ဘယ်လိုဖြစ်သွားပီလဲ (++)
ReplyDelete