Sunday, June 5, 2011

နိဗ္ဗါန်သွား တောလား (၁)



 ချမ်းမြေ့ရိပ်သာ (မေမြို့) မှာ တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံ့လေး ကို ဆောင်းပါး တပုဒ် ရေးချင်ပေမဲ့ တရားဓမ္မ နဲ့ ပါတ်သက် ရင် သူငယ်တန်း အဆင့် လောက်သာ ရှိတဲ့ ကျနော် ဟာ ဗုဒ္ဓဘာသာဝင် တွေ အတွက် ပါရဂူ အဆင့် ရှိတဲ့ ဝိပဿနာ တရား အားထုတ်ပုံ နဲ့ ပါတ်သက်လို့ ရေးရမှာ မဝံ့ပါဘူး.... ။

ဒါကြောင့် ကျနော် တွေ့ကြုံ ခဲ့ တဲ့ အကြောင်းအရာ အစုံ ကို အကြမ်းဖျင်း သာ ရေးသွားမှာ ဖြစ်ပါတယ်.. ကျနော် ဟာ ရိပ်သာဝင်ပြီး တရားအားထုတ် ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး... ကျနော့် ရဲ့ အလုပ်ချိန် ဇယား အရ လည်း တနှစ် လုံး ပိတ်ရက် ဟာ သင်္ကြန် ငါးရက် ဘဲ ရှိတာဖြစ်တဲ့ အတွက် တနှစ်လုံး မှာ အပူအပင် ကင်းကင်း နဲ့ နားရချိန် မှာ ရိပ်သာသွားရရင် ကိုယ် လောက် မိုက်သူ ရှိပါ့ မလားလို့တောင် ထင်မိ ပါတယ်...။

နှစ်စဉ် ဘဲ သင်္ကြန် ပိတ်ရက် အတွင်း မှာ ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ လုပ်ရိုးလုပ်စဉ်  အတိုင်း စားချင်ရာစား .. ၊ သောက်ချင် ရာ သောက် (ဘာသောက် တယ် ဆိုတာတော့  မပြောဘူးလို့ ဆုံးဖြတ်ထားပါတယ် ) အိပ်ချင် တဲ့ အချိန် ထိ အိပ် (မအိပ်ဘဲနေနေ)....  ကြိုတင် ငှားထား တဲ့ ဖတ်ချင်တဲ့ စာအုပ် တော်တော် များများ ကို   ဖတ်ချင်သလိုဖတ် (တနေ့လုံး ဖတ် တညလုံး ဖတ်) နဲ့ လွတ်လပ် စွာ နေပါတယ်...။
သင်္ကြန် တွင်း မှာ ဒီလိုပုံစံ နဲ့ နေလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ... ချစ်ချစ်ကြီး က သင်္ကြန်တွင်း လည် ရမှာ အလွန်ကြောက်ပါတယ်... ရေပက်ခံ ထွက် ဖို့ဆိုတာ ကို စဉ်းတောင် မစဉ်းစားပါ... ဒီအရွယ်ဟာလည်း  ရေပက်ခံ ထွက်ဖို့ လည်း သင့်တော်တဲ့ အရွယ် (ရွှေစင်ဦး အတွက် မဟုတ်ပါ ချစ်ချစ်ကြီး အတွက်ပါ ) မဟုတ်တော့ သလို .... သင့်တော်တဲ့ အရွယ် က တောင် မလုပ်ခဲ့ တဲ့ အလုပ် ဆိုတော့ အခုအချိန်မှာ ပိုပြီး ဝေးပါတယ်...။

ကျနော် နဲ့ ချစ်ချစ်ကြီး နဲ့ သမီးရီးစား ဘဝ က သူ့ ညီ တွေ နဲ့ ကျနော်တို့ သူငယ်ချင်း တစု သင်္ကြန်လည် မယ် ဆိုတော့ ချစ်ချစ်ကြီး ကို လိုက်ရမယ် လို့ ကျနော် က အတင်း ခေါ်ပါတယ်.. နောက်ဆုံး ချစ်ချစ်ကြီး မလိုက်ရင် .. ချမ်း လွန်း လို့ ဘီယာ လေး ဘာလေး သောက်ချင် ရင်... ဘယ်သူ က တိုက်မှာလည်း လို့ ချွဲချွဲ နွဲနွဲ့ ပြောတော့ ကိုယ်တော်ချော က မပူပါနဲ့ တဲ့ သူ့ ညီ ကို တိုက်ဖို့ ပြောလိုက် ပါမယ် တဲ့... ။

အင်း သူ နားမလည် ရှာဘူး လေ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ကားထွက် ထွက်ချင်း ဘဲ (.............)   ကဲ ... မပြော တော့ပါဘူးဗျာ... ဘယ်နဲ့ ရိပ်သာဝင် တဲ့ အကြောင်းကနေ ဘယ်တွေ ရောက်သွားမှန်း မသိ... ဒီလိုဘဲ လူဆိုတာ သန်ရာသန်ရာ ကို တော်တော် နဲ့ ဖျောက်ဖို့ မလွယ်ဘူး... ပြန်စလိုက်ကြရအောင် ရိပ်သာဝင် တဲ့ အကြောင်း...။

ဒီနှစ်ကတော့ ဘာဝနာ တရားအားထုတ်ချင် တဲ့ စိတ် အနည်းငယ်ပေါ် သလို ဧပြီ တလထဲ မှာ တင် ရင်းနှီး ရတဲ့ မိတ်ဆွေ သုံးယောက် တမလွန် ကို နှုတ်မဆက် ဘဲ နဲ့ ပါသွားတဲ့ အတွက် ရွှေစင်ဦး လည်း တော်တော် ကြောက် သွားပါတယ်....ငါ လည်း အချိန်မရွေး ဒီလိုဘဲ သွားရမှာဘဲ... ဘာဝနာ မပါ ဘဲ သွားတဲ့ ခရီးလမ်း ဟာ ဘယ်လိုမှ ဖြောင့်ဖြူး နိုင်မှာ မဟုတ်ဘူး ဆိုတာ လည်း သဘောပေါက် လာတဲ့ အတွက် ချစ်ညီမ ပြန်လာရင် တော့ တလှည့် သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်....။

နိဗ္ဗါန်ဆော် အဖော် တွေက သွားနှင့် ပြီ ဖြစ်တဲ့ အတွက် ကိုယ် နဲ့ အတူ လိုက်ပါမဲ့ အဖော်တွေ ကို ရွေးချယ် ရပါတယ်...။

အဖော် နဲ့ ဆိုရင်  ငရဲပြည် တောင်သွားမယ် ဆိုတဲ့  (သြ ရိပ်သာ ကို ငရဲပြည် နဲ့ နှိုင်းယှဉ် ဖို့ တောင် စဉ်းစား တဲ့) မိုက်မဲ လှတဲ့ ရွှေစင်ဦး ဟာ ရိပ်သာ ကို ကိုယ်လိုဘဲ တခါမှ မဝင်ဘူး တဲ့ ဘာဝနာ တရား ကို စံနစ် တကျ အားမထုတ်ဘူး သေး တဲ့... ဓမ္မမိတ်ဆွေ သုံးဦး နဲ့အတူ လေးဦးသား မေမြို့ ချမ်းမြေ့ ရိပ်သာ ကို သွားဘို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

မေမြို့ချမ်းမြေ့ ရိပ်သာ ဟာ မဟာစည် ကျင့်စဉ် အတိုင်းပါဘဲ... ကျနော့် အနေနဲ့ ပြောရရင် ချစ်ညီမ က မိုးထိအောင်စည် ရိပ်သာ မှာ နှစ်စဉ် တလ တိတိ ဝင်တာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်တဲ့ အတွက် မဟာစည် စည်းမျဉ်း စည်းကမ်း တော်တော်များများ ကို သိပြီးဖြစ်နေပါတယ်... မန္တလေး မိုးထိအောင် စည် ရိပ်သာ ဟာလည်း အကျွမ်းတဝင် ဖြစ်ပြီးသား ဖြစ်နေပါပြီ...။

မဟာစည် စည်းမျဉ်း စည်းကမ်း တွေ ဟာ ဘယ်မှာ ဘဲ ဖြစ်ဖြစ် အားလုံး အတူတူပါဘဲ.....၊ ဒါပေမဲ့ မိုးထိ အောင်စည် (မန္တလေး) မှာ ကိုယ် မလုပ်နိုင် ခဲ့ ရင် ကိုယ့် ဘုန်းဘုန်း နဲ့ သီလရှင် ဆရာလေးတွေ ရှေ့ မှာ အရှက်ကွဲ တော့မှာ ကို စိုးရိမ်မိပါတယ် (မယောင်ရာဆီလူး ဆိုတာ လိုပါဘဲ)... ကိုယ် နဲ့ မသိတဲ့ ဘုန်းဘုန်း တွေ နဲ့ ဆရာလေး တွေကြား ဆိုရင် တော့ တော် သေးတယ် ဆိုပြီး မေမြို့ ချမ်းမြေ့ရိပ်သာ ကို ရွေးချယ် ခဲ့ ရခြင်း ဖြစ်ပါတယ်... မန္တလေး မှာ ရာသီဥတု အရမ်း ဆိုးဝါး နေ တာက လည်း  အကြောင်း တခု ဖြစ်ပါတယ်...။

ကျနော် တို့ ယောဂီ လေးယောက် ကို နံမည် နဲ့ မပြောတော့ပါဘူး... ယောဂီ တစ် ၊နှစ် ၊သုံး ၊လေး  အမှတ် စဉ် နဲ့ဘဲ တချို့ နေရာ မှာ ပြောပါမယ်...ဒီ အရင် က  အားလုံး မှာ အားနဲချက်လေး တွေ ရှိနေတဲ့ အတွက် တရား ထိုင်ရမှာကို ကြောက်နေကြတာပါ ..... အခု ကျနော် နိဗ္ဗါန်ဆော် လုပ် မှ ထိုင်ဖြစ်ကြတာပါ... ကျနော့် အနေနဲ့ ကလည်း ဒီတကြိမ် မှာတော့ အားလုံး အလုပ် လုပ်ဖြစ်ကြဖို့ အဓိက ဘဲ ဆိုပြီး တော်ရုံ ဆန္ဒ လေးတွေ ကိုတော့ အာမခံ လူမိုက် လုပ်ပြီး ခေါ်ရတာ ဖြစ်ပါတယ် ။

ရောဂီ - တစ်  က သူ့ အိမ် မှာ ထမင်းစားပြီး ... ကော်ဖီ သောက်ပြီး တဲ့ အခါ သူ့ ချစ်ချစ် နဲ့ အတူ ကိုယ်တဖွာ သူတဖွာ စီးကရက် သောက်နေကြဖြစ် တဲ့ အတွက် ရိပ်သာ မှာ မသောက်ရမှာ ကို စိုးရိမ် ပါတယ် တဲ့... ယောဂီ သုံး ကလည်း သူ့ ချစ်ချစ် ဟာ ဆေးလိပ်မသောက် တတ်ပေမဲ့ သူ့ကတော့ သောက်လိုက်ရ မှ အမောပြေ သတဲ့... ယောဂီ နှစ် ကတော့ မျိုးရိုး ထုံးစံ မပျက်အောင် ထမင်းစားပြီး လက်ဖက်ရည် သောက်ပြီး ကွမ်းယာ အစိမ့်လေး တယာလောက် ဝါးလိုက်ရ မှ အာသာပြေပါသတဲ့... ယောဂီ - လေး ကတော့ လက်ဖက်ရည် ၊ ကော်ဖီ  ကို အားအားရှိ သောက်တတ်လို့ ဖြစ်ပါ့မလားတဲ့....။

ကဲ... အားလုံးဘဲ အားနဲချက် ကိုယ်စီနဲ့ပါ...ကျနော် ကတော့ အားလုံး အတွက် အာမခံ ရပါတယ်... အားလုံး ကိုယ့် ရိက္ခာ ကိုယ် ပြည့်စုံအောင် တော့ လုပ်ထား ပါ... လိုအပ်ရင် အကုန် မှာ ပေးပါမယ်...  လို့. ပြောထား ရပါတယ် .. အခု  တရား ထိုင် တဲ့  ၁ဝရက် လောက် နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရ သွားလောက်အောင် ပါရမီ ရင့်သန် သူ လည်း ကျနော် တို့ အထဲမှာ ပါမယ် မထင်ပါဘူး (အဲလို မျှော်လင့်ချက် ကြီးမားတာ ပါ)..... အဲဒီတော့ ရသလောက် နည်းလမ်း လေး ယူပြီး ကိုယ့်အိမ် မှာ ကိုယ် ဆက်လက် လေ့ကျင့်ကြမှာ ဖြစ်တဲ့ အတွက် စည်းမျဉ်း စည်းကမ်း အတိုင်း တသမတ် တည်း လိုက်နာ ဘို့ မလို ပါဘူးလို့ အားပေး ပြီး အပါ ခေါ် ခဲ့ရပါတယ်..။

အားလုံးဘဲ ကိုယ့်ရိက္ခာ ကိုယ် အပြည့်ယူပြီး ထွက်တော်မူနန်း က ခွာပါတယ်... ။

မေမြို့ချမ်းမြေ့ ရောက်တဲ့ အချိန်မှာ ယောဂီ လက်ခံတဲ့ ဘုန်းကြီး စီမှာ ခွင့်ပန် ပြီးတော့ ရုံးခန်း က လိုအပ် တဲ့ တရားစာအုပ် သုံးအုပ်၊ တရားထိုင်ခြင်ထောင် တလုံးစီ နဲ့ legal 2 မျက်နှာ အပြည့်ပါတဲ့ ယောဂီများ လိုက်နာရန် စည်းမျဉ်းစည်းကမ်း စာရွက် များ ပေးပါတယ်..... ထိုင်ဘူးတဲ့ ယောဂီဟောင်း တွေ ရဲ့ မှာကြားချက် အရ  ထီးတချောင်းစီ လည်း ကျနော် တို့မှာ ပါ ပါတယ်...။

 မျက်နှာလေး တွေ ဇီးရွက် လောက်နဲ့  ယောဂီ လေးယောက် ဟာ ရုံးခန်း က လိုက်ပို့ တဲ့အဆောင်လေး စီ ကို ဖြေးလေး စွာ နဲ့ လိုက်ပါခဲ့ပါတယ် (ဟို.. လွယ်အိတ် နဲ့ ပုဂ္ဂိုလ်ကြီးလောက် တော့ မဆိုးဘူးထင်ပါတယ်) ... ယောဂီ လေးယောက် တဆောင် နေရပါတယ်... အိမ်သာ၊ ရေချိုးခန်း (ရေပူရေအေး ) နဲ့ ပါ .. အားလုံး အဆင်ပြေ ပါတယ်...။

ရိပ်သာ မှာ ကိုယ်သွားချင် တဲ့ နေရာ ကို သွားဖို့ လမ်းညွှန် ဆိုင်းဘုတ် လေးတွေ ရှိပါတယ်..၊ ယောဂီဆောင် သွားတဲ့ လမ်း လေးတွေကို လည်း ....မုံရွာလမ်း ၊ချမ်းမြေ့လမ်း ၊မန္တလေး လမ်း .... ဆိုပြီး လမ်းသွယ်လေး တွေ နဲ့ ဆိုင်းဘုတ် ကလေး တွေ ညွှန်ပြထားပြီး ကိုယ့်လမ်း နဲ့ ကိုယ် သွားရပါတယ်... အားလုံး သီးသန့် အဆောင်လေး တွေ ပါဘဲ ... ကျနော့် တို့ အဆောင် က ချမ်းမြေ့ လမ်း အဆုံး မှာပါ....။

သင်္ကြန်တွင်း ဆိုရင် ယောဂီ ၇ဝဝ လောက်လက်ခံနိုင်တယ် လို့ ပြောပါတယ်... အခု ကျနော် တို့သွားတဲ့ အချိန်မှာ တော့ ယောဂီ တရာကျော်လောက်ဘဲ ရှိပါတယ်... တနှစ်ပတ်လုံး ဖွင့်ထားပါတယ်.. ကိုယ် အဆင်ပြေ တဲ့ အချိန် တရားသွားထိုင်နိုင်ပါတယ်... တနေ့ ကို ယောဂီ တယောက် ကို ပုံမှန် ၃ဝဝ ကျပ် လှူ ရပါတယ်... (ကျန်တာတော့ ကိုယ် ကြိုက်သလောက် လှူနိုင်ပါတယ်) ၊ (မိုးထိအောင်စည် ရိပ်သာ ကတော့ ပုံမှန် လှူရတာ မရှိပါဘူး... ကိုယ်လှူချင်သလောက် လှူ နိုင်ပါတယ်.) ... ချစ်ချစ်ကြီး နဲ့ ချစ်ညီမ ကတော့ ကျနော် က ၇ ရက် လို့ ပြောထားပေမဲ့ တော်တော်ကြာ ရွှေစင်ဦး လေး များ ဆက်ထိုင်ချင် ရင် ထိုင်ချင် နေမှာ ဆိုပြီး  ဆယ်ရက် လို့ စာရင်းပေးထား ခဲ့ပါတယ်...(သြ အထင်ကြီးတတ် ရန်ကော...) ။


ကျနော် တို့ နေရတဲ့ အဆောင်လေး က ချမ်းမြေ့ လမ်း အဆုံး  ရိပ်သာ ရဲ့ နောက်ပိုင်း မှာပါ... ကျနော် တို့ အဆောင် နောက်မှာ တောအုပ် ဘဲ ကျန်ပါတော့တယ်.... ယောဂီ လေးယောက် စလုံး ကတော့ ကိုယ့် တဖွဲ့ ထဲ သီးသန့် နေရတဲ့ အတွက် နေရာထိုင်ခင်း အဆင်ပြေ တဲ့ အတွက် စိတ်သက်သာရာ တော့ ရသွားကြ ပါတယ်...။

နေခဲ့တဲ့ အဆောင်လေးပါ

ယောဂီ - တစ် နဲ့ ယောဂီ - နှစ် ဟာ စည်းမျဉ်းစည်းကမ်း စာရွက် နှစ်ရွက် ကို အမြီးပြန်ခေါင်းပြန် ဖတ် နေ ပါတယ် ... ယောဂီ - တစ် က အမလေး ဖတ်ရတာ မောလိုက်တာ... ဆိုပြီး တံခါးပေါက် လေး ကနေ ဟိုကြည့် ဒီကြည့် လုပ်ရင်း တံခါးမကြီး ထ ပိတ် ထဲပြီး စီးကရက် မီးလေး ညှိပြီး တဖွာလောက် ခပ်ပြင်းပြင်း လေး ရှိုက် လိုက်ပါတယ်... ယောဂီ - နှစ် ကတော့ ခြင်းတောင်း အောက်ဆုံး နားမှာ ဝှက်ယူ လာခဲ့တဲ့ ကွမ်းထုတ် လေးထဲ က တယာ ကို ခပ်ဖွဖွ လေး ဝါးနေပါတယ်...။

ယောဂီ သုံး ကတော့ ဌာနစည်းမျဉ်း ၇ အရ ရဟန်း ရှင် လူ မည်သည့် ယောဂီ မဆို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်း အလျင်း မပြုရ ...ဆိုတဲ့ စည်းကမ်း လေး ကို ဖတ်ပြရင်း ခရီးဆောင်အိပ် အောက်ဆုံး မှာ လုံခြုံစွာ ဝှက်ထားခဲ့ တဲ့ ဆေးပေါ့လိပ် စည်း ထဲ က တလိပ် ကို မီးညီအောင် ညှိရင်း အမောဖြေ နေ လေရဲ့....။

ယောဂီ - လေး ကတော့ လက်ဘက်ရည် ထုပ် ကော်ဖီ ထုပ် ကလေး တွေ ကို ကိုင်ကြည့်ရင်း ထန်းလျှက်ဖြူ လေး တလုံး ထုတ်ပြီး ဝါးနေလေရဲ့.... ကဲ.. ကဲ အားလုံး ဘဲ ကိုယ့် အလုပ် ကိုယ်ပြီးပြတ်အောင်လုပ်ပြီးရင် မျက်နှာသစ် သွားတိုက် ကြပါ.. အလုပ်ပေး တရားနာ ဘို့ အတွက် ဆွမ်းစား ဆောင် ကို ညနေ ငါးနာရီခွဲ အမှီ ကြွ ကြရ မှာ ဖြစ်ပါတယ် လို့ နှိုးဆော်ပြီး အသစ်ကြပ်ချွတ် ယောဂီ အကျီၤအဖြူလေးတွေ ကို ကိုယ်စီ ဝတ်ရင်း ယောဂီတဘက် အညိုလေးတွေ ပတ်ထားတဲ့ အသစ်ချပ်ချွတ် ယောဂီ လေးယောက် ဟာ ဆွမ်းစား ကျောင်း ကို အိန္ဒြေ အပြည့် နဲ့ ကြွ လှမ်း ခဲ့ ကြပါတယ်..။

ဆွမ်းစားကျောင်း
---------------------------------------------------------------------------------------------

သတိပဌာန်ဝိပဿနာ အားထုတ်ပုံ

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မှာ ဒါန၊ သီလ၊ ဘာဝနာ လို့ ခေါ်တဲ့ ကုသိုလ်လုပ်ငန်း သုံးမျိုးရှိပါတယ်။ ဒါန နဲ့ သီလ ကိုတော့ မပြောပြတော့ပါဘူး....။

ဘာဝနာ အကြောင်းကို ပြောရရင် မိမိသန္တာန်မှာ ဖြူစင်တဲ့ စိတ်တွေ ဖြစ်ပွားပြီး ညစ်မဲနေတဲ့ ကိလေသာ တရား တွေ ကို ပယ်ရှားနိုင်အောင် စိတ်ကို လေ့ကျင့် ပွားများ အားထုတ်တာကို ဘာဝနာ ကုသိုလ် လို့ ခေါ်ပါတယ်..။

ဘာဝနာ နှစ်မျိုး ရှိပါတယ်... အားကောင်းတဲ့ စိတ်တည်ငြိမ်မှု့သမာဓိ ရအောင် အားထုတ်တဲ့ သမထ ဘာဝနာ နဲ့ ရုပ်နဲ့ နာမ်မှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော သုံးမျိုး ကို ကိုယ်တွေ့ဉာဏ် နဲ့ အမှန် အတိုင်း သိပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နှင့် ကိလေသာ တွေ ပယ်သတ်ပြီး စိတ်လုံးဝ ဖြူစင်သွားတဲ့ အတွက် ဆင်းရဲငြိမ်းရာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်အောင် အားထုတ်ရတဲ့ ဝိပဿနာ ဘာဝနာ တို့ ဖြစ်ပါတယ်..။

ဘယ် ဘာဝနာ ကိုပဲ အားထုတ် အားထုတ်၊ စင်ကြယ်တဲ့ သီလ ကို အခြေခံပြီးမှ အားထုတ်ရပါတယ်၊ ဒါကြောင့် ဘာဝနာ ပွားများ အားထုတ်လိုသူ တိုင်းဟာ ပထမ သီလ ကို စင်ကြယ်အောင် ဆောက်တည် စောင့်ထိန်းပြီး မှ ဘာဝနာ တရားကို ပွားများ အားထုတ်ရပါတယ်...။

သီလ ကို အခြေခံပြီး ဘာဝနာတရား ပွားများ အားထုတ်လိုလျှင် အားမထုတ်မီမှာ ဘာဝနာ ဆိုတဲ့ စကားလုံးရဲ့ အဓိပါ္ပယ် ကို အကြမ်းဖျင်းနားလည် ထားဖို့ လိုပါတယ် မိမိသန္တာန် ၌ ဖြူစင်သော စိတ်များ ဖြစ်ပွားအောင် အားထုတ်ခြင်း သို့မဟုတ် မိမိသန္တာန် ၌ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် အားထုတ်ခြင်း သို့မဟုတ် မိမိသန္တာန် ၌ သီလ သမာဓိ ပညာ တရားများ ဖြစ်ပွားအောင် အားထုတ်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်..။

တကယ်တော့ ဒီအဓိပ္ပာယ် သုံးမျိုးဟာ အတူတူ ပါပဲ၊ မိမိ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားရင် ကိလေသာ အညစ်အကြေး ကင်းစင်နေတဲ့ အတွက် စိတ်အစဉ်ဟာ ဖြူစင်နေပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး ထဲမှာ သီလ မဂ္ဂင် သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါး၊ ပညာမဂ္ဂင် နှစ်ပါး ပါဝင်ပါတယ်၊ ဒါကြောင့် အခုပြောခဲ့တဲ့ ဘာဝနာ ရဲ့ အဓိပ္ပာယ် သုံးမျိုးဟာ အတူတူ ပါပဲ ။

ဘာဝနာလုပ်ငန်း ၏ ရည်ရွယ်ချက်

အခုပြောခဲ့တဲ့ အတိုင်း မိမိသန္တာန် မှာ မဂ္ဂင်ရှစ်ပါး သီလ သမာဓိ ပညာ တရား တွေ ဖြစ်ပွားပြီး စိတ်ဖြူစင် အောင် ရုပ်နဲ့နာမ် ကို သတိ နဲ့ မပြတ် စောင့်ကြည့်ရပါတယ်၊ ဒါကိုပဲ ဝိပဿနာ အားထုတ်တယ် လို့ ခေါ်ပါတယ်။

ခန္တာကိုယ်ခေါ်တဲ့ ရုပ် နဲ့ စိတ်ခေါ်တဲ့ နာမ် ရဲ့ သဘာဝ အမှန်ကို သိရအောင် သတိဦးစီးတဲ့ စိတ်နဲ့ စောင့်ကြည့် သိနေတဲ့ သဘောပါပဲ၊ အဲဒီလို ရုပ်ဖြစ်တိုင်း နာမ်ဖြစ်တိုင်း စူးစူးစိုက်စိုက် ရှုပါများလာတော့ စိတ်တည်ငြိမ်မှု သမာဓိ တွေ အားကောင်းလာပြီး ရုပ်နာမ် အသီးသီး ရဲ့ ပင်ကိုယ်ရင်း သီးသန့် သဘော = သဘာဝ လက္ခဏာ နဲ့ ရုပ်တိုင်း နာမ်တိုင်း နဲ့ သက်ဆိုင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သာမည လက္ခဏ တွေ ကို အရှိသဘာဝ အတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။

အဲဒီ ဝိပဿနာဉာဏ်တွေ ဖြစ်နေခိုက်မှာ ပုဗ္ဗဘာဂမဂ်(= အရိယမဂ်ဉာဏ်၏ ရှေ့အဖို့၌ ဖြစ်သော မဂ်အကျင့်) ခေါ်တဲ့ လောကီ မဂ္ဂင်ရှစ်ပါး ပါဝင်ဖြစ်ပွားနေပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေ တဆင့် ထက် တဆင့် ရင့်ကျက်ပြီး မြင့်တက်လာလို့ နောက်ဆုံးမှာ ဝိပဿနာ ဉာဏ်အစဉ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေ ဖြစ်ပေါ်လာတော့တာပါပဲ။

အဲဒီ မဂ်အသိလေးခု က မိမိတို့ စွမ်းနိုင်ရာ ကိလေသာ အညစ်အကြေး ကို အသီးသီးလျှော်ဆေး ပယ်သတ် ပစ်ကြတော့ စိတ်အစဉ် ဟာ အညစ်အကြေးကင်းစင်ပြီး ဖြူစင်လာပါတယ်။ နောက်ဆုံး စတုတ္ထဖြစ်တဲ့ အရဟတ္တမဂ်အသိဖြစ်ပေါ်လာတော့ ကိလေသာ အညစ်အကြေး မှန်သမျှ အနည်းငယ်မျှ မကျန်ရအောင် အကြွင်းမဲ့ အပြည့်အစုံ လျှော်ဆေး ပယ်သတ်ပစ်လိုက်ပါတယ်။

ဒီအခါမှာ စိတ်အစဉ်ဟာ လုံးဝ ဖြူစင်နေပါတော့တယ်။ ဒီလို ကိလေသာ အညစ်အကြေး လုံးဝမတင် အပြည့်အစုံ စိတ်ဖြူစင်ရေးဟာ ဘာဝနာလုပ်ငန်း ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ပါပဲ။ ဒါကို သဥပါဒိသေသ နိဗ္ဗာန် လို့ ခေါ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန် ဆိုတာ မဂ်ဉာဏ်လေးဆင့် နဲ့ ကိလေသာ အားလုံး အကြွင်း အကျန် မရှိအောင် ပယ်သတ်ပြီးလို့ ကိလေသာ ဆင်းရဲငြိမ်းစဲသော်လဲ ရုပ်ခန္ဓာ နာမ်ခန္ဓာ ရှိသေးလို့ ခန္ဓာ ဆင်းရဲတော့ ကျန်ရှိနေသေးတဲ့ အခြေအနေပါပဲ။ ရဟန်းနာ ပုဂ္ဂိုလ် ရဲ့ နိဗ္ဗာန်ပေါ့။

သို့သော်လဲ ရဟန္တာပရိနိဗ္ဗာန် စံသွားတဲ့ အခါ ရုပ်နာမ်ခန္ဓာ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အပြီးသတ် အဖြစ် ရပ်သွားတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ခန္ဓာဆင်းရဲပါ အားလုံးငြိမ်းသွားပါတယ်။ အဲဒါကို အနုပါဒိ  သေသနိဗ္ဗာန်လို့ ခေါ်ပါတယ်၊ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့ တဲ့ နိဗ္ဗာန် လို့ ဆိုလို ပါတယ်။

(ချမ်းမြေ့ဆရာတော်ဘုရား ညွန်ကြားပြသသော သတိပဌာန် ဝိပဿနာ အားထုတ်ပုံ စာအုပ်မှ ကောက်နှုတ် ဖော်ပြထားပါသည်။ )

-------------------------------------------------------------------------------


(ကဲ ... ရွှေစင်ဦး တို့ ယောဂီ လေးပါး နိဗ္ဗာန် ရောက်ကြောင်း ဝိပဿနာ တရား ကို ဘယ်လိုများ အားထုတ် ခဲ့ကြလည်း ဆိုတာ နောက် ပိုစ့် တွေ မှာ ဆက်လက် ရှုစားကြရအောင်ပါ )

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး

ဆက်ရန်
.

13 comments:

  1. ဘယ်လိုပဲဖြစ်ဖြစ် ပထမခြေလှမ်းအတွက် သာဓုခေါ်ပါတယ်၊

    ReplyDelete
  2. အင်း....
    ငါ့  မမရွှေစင်တစ်ယောက် ဘာတွေများဖြစ်
    မလဲ ဆိုပြီး အသက်ရှုနေတာတောင် မေ့ 
    သွားတယ်..။ နောက် ကြုံရင်ကြုံသလို သွား
    ချင်တဲ့  နေရာလေးမှန်း ဓါတ်ပုံတွေ ကြည့် 
    ကတဲက သိ နေတယ်။
    နိဗ္ဗာန်တော့  ကျွန်တော်တို့  ကျိန်းသေ မရောက်
    ပါဘူးနော်၊ နောက်ဘဝ လဲ မရောက်ဖူးလေ။
    ရောက်ရင် သံသယာပြတ်ပြီမဟုတ်လား..။
    အဲ .. နတ်မဖြစ်ရင်တောင် လူတော့  ပြန်ဖြစ်ချင်
    တယ်။ ကျိန်းသေ လူပြန်ဖြစ်အောင် ဘယ်လို
    လုပ်ကြမလဲ..။ ကျွန်တော်တို့  ဆက်လက်
    ဆွေးနွေးကြရအောင်..၊ ဒါလဲ “ ရသ ” တစ်ခု
    ပဲ မဟုတ်လား....။

    ReplyDelete
  3. Thanks Sis.

    Congratulation for your first step!

    I know only about "Moe Gyot" not "Maharsi". Anyway, the goal is the same!I think. :)

    Ray

    ReplyDelete
  4. မရွှေစင်က ယောဂီ နံပါတ် ၂ ဖြစ်ရမယ်။
    ဟုတ်တယ်ဟုတ်။ :)
    ချမ်းမြေ့ရိပ်သာက ကြည့်ရတာ တကယ်ချမ်းမြေ့ပြီး တရားထိုင်ချင်စရာဘဲနော်။
    ဆရာတော်က ခေတ်မီတယ်။ ယောဂီတွေ အဆင်ပြေအောင် အကုန်လုပ်ပေးထားတာ ကောင်းလိုက်တာ။ မြန်မာပြည်ရောက်ရင် မရွှေစင်ဆီလာခဲ့မယ်။ တူတူထိုင်ကြရအောင်လေ နော်။ ကွမ်းယာလေး ဆေးလိပ်လေးလဲ အပါအ၀င်ပေါ့။ :P

    ReplyDelete
  5. အစ်မရွေစင်က ယောဂီနံပတ်ဘယ်လောက်လဲဗျ...ဟင်..:)
    ဘာပဲဖြစ်ဖြစ် သာဓုခေါ်ပါတယ်ခင်ဗျ...။နောက်ပို့စ်တွေ
    လည်းမျော့နေပါတယ်....။

    ReplyDelete
  6. အစ်မရွှေစင်

    အဲလိုယောဂီမျိုးကို အရမ်း စိတ်ဝင်စားတယ်။

    တရားစာတွေ့ အပြင် လက်တွေ့ပါ နည်းနည်းပဲဖြစ်ဖြစ်ပြောပြနော် အစ်မ။

    နောက်ပို့စ်တွေ ဖတ်ချင်တယ်။

    အလုပ်များနေရင် အဆင်ပြေတဲ့ အချိန်တင်ပါနော်။ မျှော်တော့ မျှော်နေမယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. အစ်မရွှေစင်
    ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအတွက် ၀မ်းမြောက်စွာသာဓုခေါ်ပါတယ်
    ရိပ်သာလေးက သန့်ရှင်းသပ်ရပ်နေတာဘဲနော်
    ကြည့်ပြီးတော့ သွားချင်စိတ်တွေပေါက်လာတယ်။ ညီမအမေလဲ အဲဒီချမ်းမြေ့ရိပ်သာမှာ တရားလာလာဝင်တယ်။
    နောက် အချိန်ရရင် ညီမလဲ ၀င်ဖြစ်အောင်ကြိုးစားမယ်

    ReplyDelete
  8. ဖောင်းတယ် ပိန်တယ်ကို ကျွန်တော်စမှတ်တုန်းက စိတ်တွေက ဟိုထွက်ဒီထွက်နဲ့ တော်တော်ခက်တာ။ ဖမ်းကားဖမ်း၏ မမိပဲ။ တွေးနေတဲ့စိတ်ကိုပဲ လိုက်စောင့်ကြည့်ရတာလဲ စောင့်တာမေ့ပြီး အတွေးနောက်ချည်း ပါပါသွားတယ်။ မရွှေစင်တို့ ကိလေသာနဲ့ ဘယ်လိုဖိုက်ခဲ့လဲ။ ကိုယ်တွေ့စွန့်စားခန်းတွေအဖြစ် စောင့်မျှော်နေပါတယ်။ ကျွန်တော်တော့ ဖိုက်တာ ကိုယ်ကချည်း အလဲလဲအကွဲကွဲပဲ။ ခုတော့ ကကြီးရေကပေါ့လေ။

    ReplyDelete
  9. အမဇင်...အရေးကြီးတာက အားထုတ်ဖြစ်ဖို့ပါပဲ အမရယ်၊ ပထမခြေလှမ်း အောင်မြင်ပြီးရင် နောက်ခြေလှမ်းတွေက အလိုလို ရောက်သွားမှာပါ အမရဲ့...။၂- မျှော်နေပါတယ် အမရေ :)

    ReplyDelete
  10. လျှို့ဝှက်သည်းဖိုလို လုပ်ပြန်ပြီ ပရိတ်တတ်ကြီး မမကျောနံပါတ်ကို သိချင်ကုန်ပြီး)

    ချစ်ညီမ

    ReplyDelete
  11. ဒီကတော့ ကျောနံပါတ်မြင်မိသားးးးးးးးးး D

    မမ
    နေရာလေးက တော်တော်သာယာတာပဲနော်..
    တရားထိုင်ဖို့အထိ မတွေးမိပေမဲ့ အဆောင်လေးနား ကော်ဖီတစ်ခွက်နဲ့ စိတ်အေးလက်အေး သွားထိုင်ချင်တယ်..

    ReplyDelete
  12. ဂျီးတော်ရွှေစင်ကတော့ ဝိပဿနာ ခြေလှမ်းတစ် စဖြစ်သွားပြီ...ဝမ်းသာကြည်နူးစွာ နဲ့ သာဓု ၃ ကြိမ် ခေါ်လိုက်ပါတယ်။။

    အဲ့လို အေးချမ်းသာယာတဲ့နေရာမျိုးလေးမှာ တရားကျင့်ရတာ ကုသိုလ်ကောင်းတယ်ဗျိုး..
    သမထ နဲ့ ဝိပဿနာ ဘာဝနာ ကို သပ်သပ်စီ ခွဲပြီး ကျင့်လို့ ရလား ၊ သမထပြီးမှ ဝိပဿနာ တဆင့်တက်ရတာလား. သေချာနားမလည်ပါ ။သိချင်ပါတယ် ။

    နံပါတ်ဘယ်လောက်လည်း ဆိုတဲ့ ပဟေဠိ ကို အဖြေညှိဖို့ စောင့်နေပါတယ် ...

    ReplyDelete
  13. တိုက်တိုက်ဆိုင်ဆိုင် အမတည်းခဲ့တဲ့အဆောင်မှာ ညီမလည်း တည်းပြီး တရားထိုင်ခဲ့ဖူးတယ်။ အရမ်းငြိမ်းချမ်းတယ်နော်။ စည်းကမ်းလည်းကြီးတယ်။ ဝေယျာဝတ်စ လုပ်တဲ့ အရမ်းမျက်နှာကျောတင်းတဲ့ သီလရှင်လေးများ မတွေ့ခဲ့ဖူးလား။ :)

    ReplyDelete

thank you to say so