Sunday, June 12, 2011

နိဗ္ဗါန်သွား တောလား (၃) (ဇာတ်သိမ်း)

အဲဒီ အစိမ်းရောင် အဆောင်လေး ထဲမှာ
တရားစစ် တယ်


ဒုတိယ ရက်မှာတော့ ညနေ မှာ တရားစစ်သွားရမှာ ဖြစ်တဲ့ အတွက် အားလုံး ဘဲ သေချာ လုံ့လစိုက်ပြီး တော့ အလုပ်လုပ်ကြပါတယ်... 

တရားအားထုတ် တဲ့ အခါမှာ  

သတိပဋ္ဌာန် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ် ကို အကျဉ်းချုပ်မျှ သိထားရင် ပိုကောင်းမယ် ထင်ပါတယ်....

သတိဖြင့် စွဲမြဲစွာ ရှုခြင်း စူးစိုက်ရှုခြင်း လို့ဆိုရင် ပိုရှင်းပါမယ်.. ရုပ်ကို စူးစိုက်ရှုတော့ ကာယာနုပဿနာ သတိပဌာန် ၊ခံစားမှု့ ကို စူးစိုက်ရှုတော့ ဝေဒနာနုပဿနာ သတိပဌာန်၊ စိတ်ကို စူးစိုက်ရှုတော့ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ သဘောကို စူးစိုက်ရှုတော့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် လို့ ခေါ်ပါတယ်...။

အရှုခံအာရုံ က လေးမျိုးရှိသော်လဲ ရွေးချယ်ဖို့ မလိုပါဘူး.. ရွေးချယ်လို့လည်း မရပါဘူး... ရှုစိတ် က ကိုယ်ရှု လိုရာ အာရုံဆီ မရောက်ဘဲ ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ပါဘဲ..၊ ဥပမာ နာကျဉ် ကိုက်ခဲ စတဲ့ ပြင်းထန်တဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပေါ်နေတဲ့ အခါမှာ မိမိက ဝင်လေထွက်လေ ကို ဖြစ်စေ ဝမ်းဗိုက် ဖောင်းမှု ပိန်မှု ကို ဖြစ်စေ ရှုလိုတဲ့ အတွက် ရှုစိတ်ကို အဲဒီအာရုံတွေ ပေါ် တွန်းပို့သော်လဲ မရပါဘူး၊ ပိုပြီး ထင်ရှား တဲ့ ဒုက္ခဝေဒနာတွေ ဆီကို ပဲ ရောက်ရောက်သွားပါတယ်..။

ဒါကြောင့် ရွေးချယ်ပြီး ရှုရင် သဘာဝမကျတဲ့ အတွက် သမာဓိ မရရုံမက ဘဲ စိတ်နဲ့ ယောဂီ အားပြိုင် လွန်ဆွဲ နေသလို ဖြစ်ပြီး မောလာတတ်ပါတယ်.. ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူး ဆိုပြီး စိတ်ပျက်သွား တတ် ပါတယ်..။
ဒါကြောင့် ထင်ရှားရာ အာရုံကိုသာ အလိုက်သင့် ရှုရပါတယ်...  စူးစိုက်ရှုရပါတယ်...။

အများကြီး ကျန်ပါသေးတယ်.. ချမ်းမြေ့ ဆရာတော်ဘုရားရဲ့ သတိပဋ္ဌန် ဝိပဿနာ အားထုတ်ပုံ ထဲမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်...။
 ..................................................................

ပထမ နှစ်ရက် မှာ ကျနော့် အတွက် မထူးခြား ပါဘူး .. ထိုင်တာလည်း နာရီဝက်ထက် မပိုသလို.. စင်္ကြန် လျှောက်တာ လည်း တနာရီထက် မပိုပါဘူး .. ဝေဒနာ ကို နာရီဝက် ထက် ပို သည်းမခံနိုင် သေးပါဘူး...။

ကျနော့် ရဲ့ ရည်ရွယ်ချက် က ရိပ်သာ မှာ ဘာဝနာ အားထုတ်တာ ကို ကိုယ်တွေ့ သိချင်လို့သာ လာတာ ဖြစ်ပါတယ်... ဘယ်လိုမှ ဒီလောက် ရက် ကလေး နဲ့ ထူးခြား မလာနိုင်သလို.. အတွေ့ အကြုံ ကလည်း ဒီတကြိမ် ထဲ နဲ့ မလုံလောက် နိုင်ဘူး ဆိုတာ နားလည်ပြီး ဖြစ်ပါတယ်.. အဲဒီ အတွက် တရားစစ်မှာကို မကြောက် သလို ထူးခြားမှု့ မရှိတဲ့ အတွက် လည်း ဝမ်းနည်း မှု့ မရှိပါဘူး... ။

တရားစစ်ချိန်ရောက်ပါပြီ... တယောက်ပြီး တယောက် ဝင်လိုက်ထွက်လိုက် နဲ့ လူမရှင်းနိုင်တာ နဲ့ ဝင်ထိုင် လိုက် ပါတယ်... သြ... လျှောက်တတ်လိုက်ကြတာ... နာတာကိုမှ ဘေးကနေ ဆယ်ပေါင်တူ နဲ့ ဝိုင်းထု နေကြ သလို ပါဘဲ တဲ့... ကျနော် နာတာကတော့ ဘယ်နှစ်ပေါင် တူ နဲ့ ထု သလို လည်း လို့ ပြောဘို့ အလေးချိန် တွက်နည်း ကလည်း မေ့နေတော့ ဒုက္ခ ဒုက္ခ လို့....။

အင်း တယောက် ကတော့ တကိုယ်လုံး ကို အပ်ချွန်ချွန်လေး တွေနဲ့ ဝိုင်းဝိုင်း ထိုးနေကြသလိုပါဘဲတဲ့...  အပ် နဲ့ ဝိုင်းမထိုးကြခင် တရားဖြုတ်လိုက်တာ မှန်သွားတယ် လို့တောင် ထင်သလိုလို ...... ကိုယ် က ဆေးထိုး တောင် ခံချင်တာ မဟုတ်... ။

တကိုယ်လုံး ကို ကြိုးနဲ့ တုတ်ပြီး ဝိုင်းရိုက် ကြသလို နာကျဉ် မှု့ ကိုခံရပါတယ် တဲ့.... ဟို တိုက် ထဲများ ဝင်ဘူး လို့ ဒီလောက်များ သိနေသလား လို့တောင် ထင်မိပါတယ်....။

တရားစစ်တဲ့ ဘုန်းဘုန်း ကတော့ အင်မတန်ချီးကျူး ဘို့ကောင်းပါတယ်.. ယောဂီအားလုံး ပြောတာကို စိတ် ရှည်ရှည် နဲ့ နားထောင်ပြီး ဘာကြောင့် အဲလိုဖြစ်တယ်.. ဆိုတာပြောပါတယ်... ဆက်လုပ်ဘို့... တမျိုး ပြောင်း ဘို့... ပြောပါတယ်..။

ကျနော့် ကို တော့ ပထမ အကြိမ် မှာ နာရီဝက် မရွှေ့မပြောင်း ထိုင်နိုင်တာ မဆိုးပါဘူး တဲ့... အမှတ်နဲ့ ပြောင်းပြီး ထိုင်ချင်စိတ် ရှိရင် တခါလောက် ပြောင်းထိုင်ပါ တဲ့ မထိုင်ချင်လည်း စင်္ကြန်လျှောက် ပါတဲ့... ကြွတယ် လှမ်းတယ် ချတယ် ပေါ့ဗျာ... အင်း တချို့ကိုကြတော့ အမှတ်စိတ်စိတ် ပေးပါတယ်... ကြွချင်တယ် ကြွတယ် ........ လှမ်းချင်တယ် လှမ်းတယ် .... ချချင်တယ် ချတယ် ပေါ့ဗျာ.. (ခြေလှမ်း တွေကို ပြော တာပါ)။

သုံး လေး ရက်ကြာ တဲ့ အခါမှာလည်း ကျနော် ရဲ့ တရားထိုင်ခြင်း က ထူးခြားမှု့ ရှိမလာပါဘူး..... ၊ တရားစစ် တဲ့ အချိန်မှာ ဘုန်းဘုန်း ကိုလျှောက်ပါတယ်.. တပည့်တော် ဝေဒနာ ကို မကျော်နိုင်သလို နာရီဝက် လောက်နဲ့ တရားဖြုတ်လိုက်မိတယ်... ဘုန်းဘုန်း ပြောသလို ဖြုတ်ချင်တဲ့ စိတ်ပေါ်လာရင် ဖြုတ်ချင်တယ် လို့လည်း စိတ်ထဲက မှတ်ပါတယ်... ဖြုတ်ချင်တယ် ဖြုတ်ချင်တယ် မှတ်ရင်းနဲ့ ဖြုတ် ဟာ ဆိုပြီး ဖြုတ်ပြစ် လိုက်ပါတယ်... ။

ဒီတခါတော့ တပည့်တော် မဖြုတ်ဘူး မဖြုတ်ဘူး ဆိုပြီး အားတင်းထားဘို့ ဆုံးဖြတ် ထားပါတယ် လို့ ပြောတော့ ဘုန်းဘုန်း က အဲလို မမှတ်ရဘူး ဖြုတ်ချင်တဲ့ စိတ်ကိုဘဲလိုက်မှတ်ပါတဲ့... တခါတလေ လည်း မဖြုတ်ဖြစ်ဘဲ အောင်သွားတတ် ပါတယ်တဲ့...။

တရားစစ် တာ နဲ့ တရားထိုင်တာ နဲ့ ပတ်သက် လို့ နိဗ္ဗါန်သွား တောလား (၂) ထဲမှာ ကိုပီတာ ကွန်မန့် ပေးသွားတာ တော်တော်ကောင်းပါတယ်.. ကျနော် ရေးချင်တာတွေ အဲဒီအထဲမှာ အကုန်ပါသွားပါတယ်.. ကျေးဇူးပါ ကိုပီတာ... ကျနော် ဒီထဲမှာ ပြန်ဖော်ပြပေးပါမယ်....

(တရားစစ်တယ်ဆိုတာ အမှန်တော့တရားအားထုတ်တဲ့ယောဂီတစ်ဦးချင်းစီရဲ့စရိုက်နဲ့ကိုက်ညီတဲ့ ရှုပုံ ရှုနည်း တွေကို တရားပြဆရာများ က ကူညီညွှန်ပြပေးနိုင်ဖို့ရည်ရွယ်တာပါ... လူတိုင်းမှာ ဘဝများစွာက ပါလာ တဲ့အထုံပါရမီ များကြောင့်မတူကွဲပြားတဲ့စရိုက်တွေရှိပါတယ်.... တစ်ဦးနဲ့တစ်ဦး ပါရမီမတူသလို တရား အားထုတ် ရာမှာ ကြုံတွေ့ရ၊ ကြိုးစားရတာတွေ လည်း တူမှာမဟုတ်ပါဘူး... အချိန်တိုအတွင်း ချမ်းသာ လွယ်ကူစွာ အားထုတ်ပြီး တရားတွေ့မည့်သူ ( ယခုခေတ်တော့မရှိသလောက်ရှားပါးမှာပါ ) ။

ကြာရှည် လေးမြင့် စွာ၊ ဆင်းရဲဒုက္ခကြီးစွာ  (ဝေဒနာများစွာ)ခံစားပြီးမှတရားရမည့်သူကြာရှည်မြင့်စွာ၊ ဆင်းရဲဒုက္ခ ကြီးစွာ အပင်ပန်းခံ တရားအားထုတ်သော်လည်း ယခုဘဝမှာ တရားမရပဲ အထုံပါရမီ အဖြစ်သာ ရမည့်သူ ( အားထုတ်ကြိုးစားသမျှတော့အလကားမဖြစ်ပါဘူး...) စသည်ဖြင့်ပါရမီအနုအရင့်အလိုက်လူအမျိူး မျိူး ရှိပါတယ်... စာတတ်ပေတတ်ကမ္မဌာန်းပြဆရာများကို လည်း တရားညာလျှောက်လို့ မရပါဘူး... ဘယ်သူက ဖြင့်ညာနေတယ်၊ ဘယ်သူကဖြင့်အမှန်တွေ့တာကိုပြောတယ်ဆိုတာ ဆရာသမား များက သိကြ ပါတယ်...။

အဲဒီလို trick ကလေးတွေသိနိုင်အောင်လို့ လည်း "ကမ္မဌာန်းဆရာတို့၏မှတ်တမ်း " ကမ္မဌာနာစရိယလက်စွဲ စာအုပ်ကို မဟာစည်ကမ္မဌာန်းနည်းပြဆရာကြီးနှစ်ဦး က ရေးသားခဲ့ဘူး ပါတယ်...။
တစ်ခုကျန်ခဲ့တယ်...  အချိန် တို အတွင်း ပင်ပန်းဆင်းရဲစွာအားထုတ်ပြီး တရားတွေ့မည့်သူ ဆိုတာလည်းပါ ပါသေးတယ်...( ဒီလို ပါရမီရှင်မျိူး လည်း အခု ခေတ်မှာတော်တော်ရှားပါဦးမယ်...)  ပါဠိလို အခေါ်အဝေါ် တွေကတော့စာအုပ် နဲ့ ပြန် တိုက် ကြည့်ရမှာမို့မြန်မာလို ပဲရေးလိုက်ပါတယ်..... ဒါကြောင့်တရားစစ်တာ ကို ကြောက်ဖို့မလို၊ အထင် လွဲဖို့ မလို သလို ယူတတ်ယင် တစ်ခြားကြိုးစားအားထုတ်သူ တွေ ရဲ့ သဒ္ဓါ၊ ဝီရိယ တွေကို အားကျ အတုယူ နိုင်ခြင်း ဆိုတဲ့အကျိူးကျေးဇူး တွေတောင်ရနိုင်ပါသေးတယ်... သူတို့မှားကွက်၊ ညံ့ ကွက်တွေ ကိုလည်း ရှောင်ရှား နိုင်တယ်လေ...)

ကိုပီတာ

သည်းခံပါ ဇွဲကောင်းပါ
ဝေဒနာ မလျော့ဘဲ မပျောက်ဘဲ ပိုပြီး နာကျဉ်လာတယ် ဆိုရင်လဲ ရှုမှတ်မှု လွှတ်မပစ်ရပါဘူး .. သည်းညည်းခံ နိဗ္ဗာန်ရောက် .. ဆိုတဲ့ စကားကို စိတ်မှာထားပြီး သည်းခံနိုင်သမျှ အောင့်အည်း သည်းခံကာ ဆက်လက် ရှုမှတ်ရပါမယ်။ .... ဥပ္ပန္တွံဒုက္ခံ ဝီရိယေန အဘိဘဝိတွာ ဘာဝန်သမ္ပာဒေတိ = ဖြစ်ပေါ်လာတိုင်း သော ဆင်းရဲ ကို ကြီးမားသော ဝီရိယဖြင့် လွှမ်းမိုး၍ ဝိပဿနာ ကို ပြီးစီးစေ၏.... ။ ဆိုတဲ့ မဟာဋီကာ (ဒု၊၃၉၉) စကား ကို စိတ်မှာထားပြီး မလျှော့တဲ့ ဇွဲလုံ့လ ဝီရိယ နဲ့ သဲသဲမဲမဲ ရှုမှတ်ရပါတယ်..။

ဒိဌိသတ်
အဲဒီလို ဇွဲကောင်းကောင်းနဲ့ ရှုမှတ်ရင် မကြာမီဘဲ နာမှုနဲ့ ရှုသိစိတ်၊ ကျဉ်မှုနဲ့ ရှုသိစိတ် စသည်ဖြင့် တစုံစီ တစုံစီ တတွဲစီ သိလာရပါတယ်... ဒါဟာ အရှုခံ နာမ်တရား နဲ့ ရှုသိတဲ့ နာမ်တရားကို ပိုင်းပိုင်း ခြားခြား သိခြင်းပါပဲ၊ ဒီအခါမှာ နာမှု ကျဉ်မှုရဲ့ တည်ရာ လက်ခြေ ခါး စသည်ကို မတွေ့ရတော့ဘူး၊ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့လဲ မတွေ့တော့ ပါဘူး။ နာသဘော ကျဉ်သဘော သက်သက် ပဲ သိရတွေ့ရ ပါတော့တယ်။ ဒါဟာ သက္ကာယ ဒိဋ္ဌိ ကို ဝိပဿနာဉာဏ် နဲ့ တဒင်္ဂပဟာန် အနေနဲ့ ပယ်သတ်ထားတာပါပဲ။

အဲဒီလိုအခါမှာ ရှုမှတ်လို့ အလွန်အရသာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ငါ မပါ တော့တဲ့ အတွက် နာမှု ကျဉ်မှုစတဲ့ ခံစားမှုသဘောမျှ ကိုသာ ရှုလိုက်တိုင်း သိရုံမျှ သိနေရလို့ပါပဲ..။

ဒဿန ပညာနှင့် မသိနိုင်
အဲဒီလို နာမှုကျဉ်မှု စတဲ့ ဒုက္ခဝေဒနာတွေကို ..မခံသာတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော သက်သက်မျှ ပါကလား လို့ ကိုယ့်တွေ့ဉာဏ်နဲ့ သိနေတာ က ဒုက္ခဝေဒနာရဲ့ အရှိသဘာဝ ကို အရှိအတိုင်း သိနေခြင်း ပါပဲ.. ငါနာတယ် ငါကျဉ်တယ် လို့ ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ မသိမမြင် ဘဲ နာမှုကျဉ်မှု သဘော နဲ့ ဒီသဘော ကို သိနေတဲ့ စိတ်ကလေးမျှ ပဲ လို့ အရှိအတိုင်း သိနေပါတယ် ဒီလို ... ငါ ... မပါတဲ့ အသိ ကို အတွေး အမြင် ဒဿနပညာ နဲ့ ဆင်ခြင်တွေးခေါ်လို့ မသိနိုင် မရနိုင် ပါဘူး။ ရုပ်နဲ့ နာမ် ကို သူ့အရှိ သဘာဝ အတိုင်း စောင့်ရှုရာ က ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့(ဘာဝနာ) ဉာဏ် နဲ့ မှသာ သိနိုင် ရနိုင် ပါတယ်။

ဒါကြောင့် မြတ်စွာဘုရား က .. အတက္ကာဝစရော... ဆင်ခြင်တွေးခေါ်ဉာဏ် ဖြင့် မသက်ဝင်နိုင်၊ (ဝါ) ဆင်ခြင်တွေးခေါ်ဉာဏ် ၏ အရာမဟုတ် လို့ မိန့်တော်မူခဲ့ပါတယ်။

..................................................................

ကျနော် ရိပ်သာ မှာ ၇ ရက် တရားအားထုတ် တဲ့ အချိန် မှာ တကြိမ်ဘဲ တနာရီ နီးပါး  ထိုင် လိုက်နိုင် သလို... တကိုယ်လုံး မှာ ရှိတဲ့ သွေးကြော များဟာ လှိုင်းများ ကဲ့သို့ စီးမျောနေတာကို သေသေ ချာချာ သိလိုက် ပါတယ်... ဓါတ်ကြီး လေးပါး ထဲက တပါးပါး ကြောင့်ဖြစ်မယ်ထင်ပါတယ် ... ။

ကျနော် ရိပ်သာဝင်မယ် ဆိုတော့ ချစ်ချစ်ကြီး က ..... ကိုယ် က အခုမှ စဝင်တာ ဒုက္ခ တအား ခံ မနေနဲ့ ပြင်ထိုင် ပြင်ထိုင် နဲ့ ခဏ ခဏ မှာပါတယ်... ကျနော့် အနေနဲ့လည်း တအားဒုက္ခခံ ဘို့ စိတ်ကူးမထား ပါဘူး... အဲဒီ အတွက် တကယ် လုပ်တဲ့ အခါမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိတဲ့ အတွက်  ဝိရိယ အားနည်း သွား ပါတယ်... နောက်တကြိမ် မှာတော့ ကျိုးစား အားထုတ် ဘို့ ဆုံးဖြတ်ထားပါတယ်ဗျာ....။

ရိပ်သာမှာ နေတဲ့ ရက်တွေမှာ မနက် အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကို  တော့ အထူး အာရုံ စိုက်ပါတယ်... မနက် မနက် ဓမ္မာရုံ သွားတဲ့ လမ်းမှာ အာရုံဆွမ်း ဘာကျွေးမလည်း ဆိုတာတောင် ဆွမ်းချက်ရုံ နား ရောက် တိုင်း အနံ့ခံ ကြည့်မိတယ် ( မုံဟင်းခါးနံ့လေးများ ရမလားလို့) ... အင်း အစားတလုပ် ကို မက်မော ပုံ ကတော့ ရှက်ဖို့တောင် ကောင်းပါ တယ် ...။

ဒီလိုနဲ့ သူများလှူတာ တန်းတာ တွေ ကို မက်မက်မောမော စားလာတာများတော့ လည်း ကိုယ်တိုင် လှူချင် လာပါတယ်... ကွယ်လွန်သူ ကိုကြီးကျောက် အတွက် ရည်စူးပြီး 22. 5. 2011 မှာ နေ့ဆွမ်း ကပ်လှူ ပါတယ်..  အမေရိကန် မှာ ဆောက်လုပ် နေတဲ့ ချမ်းမြေ့ ရိပ်သာ သိမ်ကျောင်း အတွက် လည်းလှူ ခဲ့ ပါတယ်...၊ တခြား ကိုယ် လှူချင် တာလေး တွေ လည်း လှူခဲ့ပါတယ်...။

ဒီလိုနဲ့ ၇ ရက် ပြည့်ခါနီး လာပါတယ်...၊ တနေ့ထက် တနေ့ တရား တက် မတက် ဆိုတာတော့ ယောဂီများ အသိဆုံး ဖြစ်မှာပါ...၊ ကျနော့် အနေ နဲ့တော့ ည ၉နာရီ ထိုးတိုင်း  တရက်တော့ အောင်သွားပြီ ဆိုပြီး ဝမ်းသာ အားရ ဖြစ်မိပါတယ်... ။

ချစ်ချစ်ကြီး အပြော အရဆို ရင်တော့ အပျော်ဆုံး ရက်တွေ မှာ ရိပ်သာ ထွက် တဲ့ ရက်တရက် တိုး ရမယ် ဆိုတာ ဖြစ်နိုင်လောက်ပါတယ်....။

ရိပ်သာ ဝင်တဲ့ ကျနော် တို့ ဓမ္မမိတ်ဆွေ လေးယောက် ဟာ နောက်လေးလ ကြာတဲ့ အခါမှာ ဒုတိယ အကြိမ် ထပ်ဝင် ဘို့ ဆုံးဖြတ်ရင်း ပထမ အကြိမ် ရိပ်သာဝင်ခြင်း ကို အောင်မြင် ပျော်ရွှင် စွာ နဲ့ အဆုံးသတ် ခဲ့ သလို နောက်တကြိမ်မှာ တော့ ဆေးလိပ် စီးကရက် ကွမ်းယာ ဆိုတာ မျိုး ကို လုံးဝ ယူဆောင် မလာ ဘို့ ပြောဆို ကြ ပါတယ်...။ ဒီကြား ထဲမှာလည်း ကိုယ့်အိမ် မှာ ကိုယ် နေ့စဉ် တရားအားထုတ်မယ် လို့ လည်း တက်တက် ကြွကြွ ဆုံးဖြတ် ခဲ့ကြ ပါတယ် လို့ ပြောကြားရင်း နိဂုံး ချုပ်လိုက်ပါတယ်...။
 .................................................................
ကျနော် နောက်ထပ် အဆစ်ကလေး နဲနဲ ပြောချင်တာကတော့ ကျနော် ဟာ ကျနော့် ချစ်မေမေ နဲ့ အတူတူ မအိပ်ရတာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ... အခုတော့ အသက် ၇ဝ ကျော် နေတဲ့ မေမေ နဲ့ အတူ အိပ် ခဲ့ရ သလို အနီးကပ် ပြုစု စောင့်ရှောက် ခဲ့ ရလို့ လည်း ပီတိ ဖြစ်မိပါတယ်... ။

ကျနော့် မေမေ ဟာ သီလ နဲ့ ဒါန ရှိပေမဲ့ ဘာဝနာ ကို စံနစ် တကျ အားမထုတ်ဘူးသေး ပါဘူး....၊ ကျနော်တို့ ဗုဒ္ဓ ဘာသာဝင် တွေ အတွက် ဘာဝနာ ပွားများ တဲ့ အကျင့် ရှိမှသာ ဘဝကူး ကောင်းမယ် လို့ ယူဆကြတဲ့ အတွက် ကျနော့် မေမေ ကို နည်းစံနစ် မှန်မှန်လေး နဲ့ အခုလို ကျင့်ကြံ အားထုတ်စေနိုင် ခဲ့ ခြင်း အတွက် လည်း အရမ်း ဝမ်းသာမိပါတယ်... ။

နောက်ထပ် ဆက်ပြောရရင် မေမေ ဟာ ရိပ်သာ ထွက်ပြီး နောက်ရက် က စလို့ အိမ်မှာ မနက်တိုင်း အချိန် မှန် တရားထိုင်ဖြစ်ပါတယ်တဲ့... သူ တရားထိုင် တာကိုလည်း သူဘာသာ ပီတိ ဖြစ်ပြီး အရမ်း ဝမ်းသာ နေလို့ ကျနော့် မှာ ပျော်ပြီးရင်း ပျော်နေရပါတယ်ဗျာ...။

ဒီ ပိုစ့် သုံးပုဒ် ကို လာဖတ်သူ များ နဲ့ ကွန့်မန့် ပေးပြီး ကိုယ့် အယူအဆ လေးတွေ ကိုယ် ပြောသွားသူများ ကို လည်း အထူးဘဲ ကျေးဇူးတင်ကြောင်း ပြောကြားပရစေ...။

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး

.

17 comments:

  1. မမရွှေစင်..

    တရားစစ်တုန်းက ဘုန်းဘုန်းကို လျှောက်ထားတာလေး ရေးပြထားတာ အရမ်းကို သဘောကျမိပါတယ်။

    ညီမဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ရခင် မဟာစည်မှာ တရားဝင်တုန်းက တအားပူတဲ့ နွေရာသီမို့ ချွေးတွေ နဖူးကနေ စီးကျတိုင်း (အဲဒီရိပ်သာမှာ အဲဒီတုန်းက အဲယားကွန်း မရှိသေးဘူး)မနေတတ်လို့ လက်ခုံနဲ့ ထထသုတ်ပစ်မိတယ်။ ဘုန်းကြီးက မိန့်ပါတယ်။ ချွေးတွေကျတိုင်း သုတ်ဖို့ အားထုတ်နေရတာ ယောဂီလေး တော်တော်အလုပ်ရှူပ်နေပြီ။ အဲဒီလို ချွေးထွက်တာကိုပဲ နည်းနည်းချင်း လိုက်မှတ်ထားနိုင်ရင် ပိုကောင်းမယ်တဲ့။

    အမှတ်ရစရာလေးတွေ သတိရသွားလို့ပါ။ အခုတော့ အဲလို တရားစခန်းမ၀င်မိတာတောင် ကြာသွားပြီ။

    ReplyDelete
  2. အင်း...
    အမှန်ကတော့  တရားအားထုပ်တယ်ဆိုတာ
    ကျွန်တော်တို့ က အားမှ ထုပ်ကြ၊ ထုပ်ဖြစ်
    ကြတာကိုး..။ ဘယ်တော့ မှ မအားတဲ့ သူ
    အနေနဲ့ တော့  ဘယ်တော့ မှ မထုပ်ဖြစ်တော့ 
    ပဲ သေသွားတော့ မှပဲ သူ့ ခင်မျာ အားသွားရ
    လေတော့  ..။
    ကျွန်တော် နာ ဘူးသလောက်တော့  အဲ့ လို
    ထိုင် နေရင်း ဖြစ်လာသမျှတော့  ပြဿနာ
    ဝေဒနာတွေ အားလုံးကို “ ငါ ” “ ငါကြီးပါ ”
    ဆို့ တဲ့ အစွဲကြီးဖျောက်ခွာပြီးမှ ရှု့ မှတ်လို့ 
    ရပါတယ်ဆိုတာပါပဲ။ ငါ လို့  ထင်နေစွဲနေသမျှ
    တလောကလုံးက အာရုံတွေကို အကုန်
    လက်ခံနေမိတော့  ဘယ်လိုမှ အဲ့ ဒီ အာရုံ
    တွေကို မကျော်နိုင်ဘူး ဖြစ်နေရပါတယ်တဲ့ ။
    ကျွန်တော်ထင်တာပြောရရင် “ ghost ” ကား
    ထဲကလို ကိုယ့်ကိုယ်ကို ခွာပြီး အပြင်က ပြန်
    ကြည့် နေသလိုပါ..လို့ ။ အဲ့ ဒါဆို ပိုပြီး ထိ
    ရောက်နေပါတယ်။ တကယ်လည်း ငါ မဟုတ်ဘူးဆိုတာ သိ သိ ပေးဘို့ လိုပါတယ်။
    ခြေမကနေ ဟိုးဆံပင်ထိပ်ဖျားထိ လိုက်ကိုင်
    ပြီး “ ငါ ” လို့  မေးကြည့် စမ်းပါတဲ့ ။
    သူ့ ပညတ်ချက်နဲ့ သူ့  နာမည်နဲ့ ပဲ ရှိနေတာ
    လေ။ အားလုံးပေါင်းမှ “ ငါ ” ဖြစ်လာတာ
    မဟုတ်လား။ အမှန်တော့  အရင်ထိုင်ဘို့ 
    ဆန္ဒ မစောသင့် ပါ။ သီအိုရီတွေ ကြေညက်
    နေအောင် အရင် သင်နေ နာ နေရအုံးမှာပါ။
    ဒါမှ အမြဲတန်း ပျက် နေပါတယ်ဆိုတာကို
    သံသယကင်းကင်း၊ အမြင်ရှင်းရှင်းနဲ့  ကျေ
    ကျေနပ်နပ် လက်ခံ လာနိုင်တဲ့ တစ်နေ့ 
    ကျွန်တော်တို့  လူဖြစ်ဖို့  လမ်းစပေါ် ပြန်
    ရောက်ပြီ ဆိုတာပါပဲ..။အားလုံးဟာ
    ပညတ်တွေလေ..၊ ပညတ်နဲ့ ပရမတ် ကွဲ
    သွားတဲ့ နေ့  စ,ပြီး အားထုပ်လို့  ကောင်း
    တဲ့ နေ့ ပါပဲမမရွှေစင်ရေ့  ...။
    ဒီလို ပို့ (စ) လေးတွေကလည်း “ ရသ ”
    မြောက် လွန်းပါတယ်နော....။

    ReplyDelete
  3. တရားထိုင်တော့ ပထမဦးဆုံးရတဲ့ ကျနော့်အတွက် အကျိုးကျေးဇူးက စိတ်ဆိုတာကိုသိလိုက်ရတာပဲ၊ ဆရာတွေက အဲဒီကစရမှာပေါ့လေ ဒီလိုပဲ အဲဒီ့ အစမှာပဲ စနေသေးတယ်။

    ReplyDelete
  4. စိန်ရိုးJune 12, 2011 at 10:56 AM

    ကိုအဖြူလေးရေ

    ပထမတော့ ကျွန်တော် မပြောဘဲ နေမလားလို့ပါဘဲ။ ဖတ်မိသူတွေထဲက တစ်ယောက်တစ်လေ မှားယွင်းသွားမှာ စိတ်ပူတဲ့ စေတနာနဲ့ မေတ္တာရှေ့ထား ဖြေရှင်းခွင့်ပြုပါ။

    တရားအားထုတ်တာဟာ သဒ္ဓါတရားလဲရှိ၊ ဝိရီယ ဆိုတဲ့ လက်တွေ့ ကြိုးစားအားစိုက်မှုလဲရှိဖို့ လိုပါတယ်။ နာရုံပဲ နာနေမယ်ဆိုရင် ဝိရီယ မပါလို့ ခရီးမရောက်ပါဘူး။ နာရုံနဲ့ တရားရနိုင်တဲ့ အရှင်ဒါရုစီတို့၊ အရှင်မကုဋလကေသာတို့လို ပါရမီအားကောင်းသူများက ခြွင်းချက်ပါ။ လူတိုင်း သူတို့လို မဖြစ်နိုင်ပါဘူး။
    နာကြားရုံ၊ နှလုံးသွင်းဆင်ခြင်ရုံ (ဒါလဲ အနုဿတိ ဆိုတဲ့ ပွားများခြင်းထဲ ပါသွားပြီမို့ တရားကို အနုလုံပဋိလုံ နှလုံးသွင်းဆင်ခြင်တာဟာ ဓမ္မာနုပဿနာ သတိပဌာန်ထဲ အကျုံးဝင်ပါတယ်။)နဲ့ တရားကို သိမြင်သူတွေလဲ ရဟန္တာဖြစ်သွားသူ မဟုတ်ရင် လက်တွေ့ ဆက်အားထုတ်ရတာပါပဲ။ အရှင်သာရိပုတ္တရာလောင်းနဲ့ အရှင်မဟာမောဂ္ဂလန်အလောင်းတို့ဟာ အဂ္ဂသာဝကကြီးများပီပီ တရားကို နာရုံမျှနဲ့ သောတာပန် တည်ကြပါတယ်။ ဒါပေမယ့် ရဟန္တာဖြစ်ဖို့ကျတော့ လက်တွေ့ ဆက်အားထုတ်ကြရပါသေးတယ်။

    ခေမာထေရီအရှင်မကြီးဟာ ခေမာမိဖုရားကြီးဘဝမှာ မြတ်စွာဘုရားသခင်ထံက တရားတော်နာယူပြီး တရားတော်လဲအပြီး မိဖုရားကြီးလဲ ရဟန္တာဖြစ်သွားတယ်လို့ စာဆို ရှိပါတယ်။ သို့သော်လဲ အရှင်မကြီးဟာ အရှင်သာရိပုတ္တရာလို မြတ်စွာဘုရားသခင်ရဲ့ လက်ယာတော်ရံ ဖြစ်ပါတယ်။ ပညာဧတဒဂ်သခင် အဂ္ဂသာဝိကာလဲ ဖြစ်ပါတယ်။ ဘုရားရှင်တို့ရဲ့ သာသနာတိုင်းမှာ အဂ္ဂသာဝကဆိုတာ ၄ ပါးသာ ရှိရပါတယ်။ ဘိက္ခုရဟန္တာ ၂ ပါး၊ ဘိက္ခုနီ ရဟန္တာ ၂ ပါး ပေါင်း ၄ ပါးက ပညာဧတဒဂ်၊ တန်ခိုးဧတဒဂ်များ အသီးသီးယူပြီး မြတ်စွာဘုရားတို့ရဲ့ လက်ယာတော်ရံ၊ လက်ဝဲတော်ရံများအဖြစ် ဓမ္မသေနာပတိ တာဝန်ကို ထမ်းရွက်ရပါတယ်။ ခေမာထေရီအရှင်မဟာ လက်ယာရံ အဂ္ဂသာဝိကာပါ။

    ဒီတော့ အရှင်မကြီးဟာ ရိုးရိုးရဟန္တာလောင်းမဟုတ်ဘဲ အဂ္ဂသာဝိကာ ရဟန္တာလောင်း ဖြစ်တဲ့အတွက် တစ်ထိုင်ထဲ ရဟန္တာဖြစ်ကောင်းမှ ဖြစ်မယ်။ အရှင်သာရိပုတ္တရာလို ရက်အနည်းငယ် ဆက်ပြီး အားထုတ်ရကောင်းလဲ အားထုတ်ခဲ့ရနိုင်ပါတယ်။ တစ်ထိုင်တည်း ရခဲ့တယ်ဆိုရင်လဲ ဒါဟာ ပညာဧတဒဂ်သခင် ဖြစ်မယ့်သူပီပီ ပါရမီ ထူးလွန်းလို့ပါ။

    သာမန်လူတွေအတွက်က မအားထုတ်ခင် အရင်နာ-ဆိုတာက မှန်ပါတယ်။ အားမထုတ်ခင် တတ်ကျွမ်းသူ အာစရိယများထံက နည်းနာခံယူရပါဦးမယ်။ သို့သော် အကြာကြီး နာပြီးရင်းနာပြီးမှသာ စလုပ်သင့်တယ်လို့ မရှိပါဘူး။ ရေကူးတယ်ဆိုတာ ကူးနည်းသင်ပြီးရင် ရေထဲ ဆင်းရပါတယ်။ ကူးနည်းကို စီဒီခွေ အခွေ ၁၀၀ ကုန်အောင် နားထောင်နေတာ မပြီးသေးလို့ ရေထဲ မဆင်းနိုင်သေးဘူးဆိုရင် ရေမကူးတတ်ရုံ ရှိမှာပါ။

    တရားနာတယ်ဆိုတာ ဒါနကထာလား၊ သီလကထာလား၊ ဘာဝနာကထာလား ရှိပါသေးတယ်။ ဒါနအကြောင်း နာရုံနာပြီး မလှူလို့ မဖြစ်ပါဘူး။ သီလအကြောင်း နာရုံနာပြီး သီလမစောင့်လို့ ဘာထူးမှာလဲ။ ဘာဝနာအကြောင်းလဲ နာရုံနာပြီး မကျင့်ဘဲ အချိန်ဆွဲနေစရာ မလိုပါဘူး။ တကယ် ရေရေရာရာမကျင့်ဘဲ ကြားဖူးပါများလို့ နားရည်ဝပြီး ကိုယ့်ကိုယ်ကိုယ် သိပြီတတ်ပြီ ကျင့်ပြီးပြီ ထင်သွားတာမျိုးက တရားဓမ္မမှာတင် မဟုတ်ဘူး ဆေးပညာ ဗိသုကာပညာ ဘယ်နယ်ပယ်မှာမဆို အန္တရာယ် များလှပါတယ်။

    အားထုတ်ရမှာပျင်းပြီး နာဘဲ နာနေရင် ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုသလို တရားအားထုတ်နည်းကို မသင်ဘဲ ပညတ်ပရမတ်စသည် စကားလုံးတွေ အာပေါင်အာရင်းသန်သန် ပြောနည်းပဲ တတ်ကုန်ရင် ကိုယ့်အတွက်လဲ နစ်နာပါတယ်။ ဒါကြောင့် လက်တွေ့ အားထုတ်ဖို့၊ မတတ်ကျွမ်းနားမလည်ခင် အငြင်းမသန်ဖို့၊ ကိုယ်မတတ်သေးခင် ပညတ်ဆိုတာဘယ်လို၊ ပရမတ်က ဘယ်လိုဆိုပြီး သူများကို မဆုံးမချင်ဖို့ ဆရာတော်ကြီးများ တားတော်မူကြတာပါ။

    ReplyDelete
  5. အမြဲတမ်း တရားလေး ထိုင်ဖြစ်သွားတယ် ဆိုတော့ ဒါ သံသရာ အထိကို အမြတ်ပဲပေါ့ အစ်မရယ်။ သာဓု သာဓု သာဓု ပါဗျာ။ ( ကုသိုလ်ပါ မျှဝေ ယူသွားပါတယ်။ )

    ReplyDelete
  6. ဖြည်းဖြည်းပေါ့ အစ်မရွှေစင် ရေ.. အထုံပါရမီပါသွားတာပေါ့။ တရားစခန်းဝင်တာ ကောင်းပါတယ်။ ဒီအလုပ်လုပ် နေတယ်၊ လုပ်ရမယ်၊ ဆိုတဲ့ သတ်မှတ်ချက် မျိုးရှိနေတာပေါ့။ အိမ်မှာ ဆိုရင်တော့ စိတ်များပါတယ်။

    ReplyDelete
  7. မရွှေဇင်ဦးရေ သာဓု သာဓု သာဓုပါ။ နောက်ဆုံးပို့စ်အတွက် သာဓုခေါ်သွားပါတယ်။ အန်ကယ်နိုင်အတွက် ရည်ဇူးပြီး အလှူတွေလုပ်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျွန်မလည်း ရင်းနှီးတဲ့ဆရာတယောက် ဆုံးလို့ တခြားသိပ်မရောက်ဖြစ်ဘူး။ အန်အယ်နိုင်အတွက် အမှတ်တရပို့စ်လေးတခု တင်ဖို့ ရည်ရွယ်ထားပေမဲ့ မတင်ဖြစ်ခဲ့ဘူး။ နိဗ္ဗာန်သွားတောလား ပထမပို့စ်နဲ့ ဒုတိယပို့စ်ကို နောက်မှ ပြန်လာဖတ်မယ်နော့်။

    ReplyDelete
  8. အမ နောက်ကို ဆက်ထိုင်ဖြစ်ရင် တရားတက်မယ့် သဘောတွေရှိတယ်။ ဒါပေမယ့် တရားထူးတခုကို တွေ့ ရင် တရားစစ်သူကလွဲးလို့  ဘယ်သူ့ ကိုမှ မပြောရဘူး၊ တရားဆက် မတက်ပဲနေတက်တယ်တဲ့။ အဲလိုကြားဘူးတာပဲ။

    ReplyDelete
  9. တရားထူး တရားမြတ်များ ရရှိပါစေကွယ်။ ပြုပြုခဲ့သမျှသော ကောင်းမှုကံ စေတနာတို့အတွက် သာဓု သာဓု သာဓု ခေါ်ဆိုသွားပါတယ်ညီမရေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. I'm glad to know you brought your mom along to meditation center.
    THADU,THADU,THADU.....
    I also like to do almost the same.I'll try my best to do so when i come back .I do dana,thila,bawanar as much as i can,here currently.I usually go to Sri Lanka monestry.Thanks for sharing Shwezin.Keep on going.
    Gyidaw

    ReplyDelete
  11. အင်းပါ ကိုစိန်ရိုးရေ..
    ကျွန်တော်ကလည်း အရှိအတိုင်းပဲ ပြောဖြစ်
    တာပါ။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် အနာ
    မသန်ပဲ နဲ့  အထိုင်သန်တဲ့ ဘဝနဲ့  တဇွတ်
    တိုးလုပ်ခဲ့ မိလို့  သိသရောင်ရောင်၊ တတ်
    သရောင်ရောင်တွေနဲ့  အမှားတွေ တိုးခဲ့ ဘူး
    လို့ ပါပဲ။ အဲ့ ဒီလမ်းကြောင်း တကယ်လိုက်ရင်
    သမထလား၊ ဝိပဿနာလားတောင် မကွဲပြား
    တတ်တော့ အောင် ရောထွေးလာတတ်ပါတယ်
    သီအိုရီ မကြေညက်ခဲ့ လို့ ပဲ ထင်ပါတယ်။ ဒါမှ
    မဟုတ် ပါရမီ မရင့် သန်၊ ဥာဏ်မမှီ လို့ လဲဖြစ်
    နိုင်ပါတယ်။ ဒါကြောင့်  ကျွန်တော်က အခုလို
    ပြောခဲ့ မိတာပါ။ အခုလို ဘာသာရေးပို့ (စ)
    လေးမှာ ပြန်လှန်ဆွေးနွေး ခဲ့ ကြတာ အလွန်
    ကောင်းမွန်ပါတယ်။ မမရွှေစင်အနေနဲ့ လည်း
    အရှိရနေတဲ့ ပို့ (စ)လေးတစ်ခု အဲ့ ဒီသူ့ အရှိန်
    လေးမသေခင်မှာ နောက်တစ်ပုဒ်ပြီး တစ်ပုဒ်
    ဆက်တိုက် မတင်စေချင်ဘူးလေ..။ ဒီလိုမျိုး
    လေးတွေ ဆွေးနွေးအဖြေရှာခွင့် ရှိနေအောင်
    စီစဉ် သင့် ပါတယ်။ တနည်းနည်းနဲ့ ။
    ဆရာတော့  မလုပ်ခဲ့ မိပါ..။ ရင်းနှီးမှုအနေနဲ့ 
    သိ ထားမိသလောက် ပြောကြည့် တာပါ..။
    ဆရာလုပ်ရအောင်လည်း ကျွန်တော်က ယ္ခု
    မှ ကိုယ့် ဘာသာအကြောင်း စ,တင် တွေး
    ခေါ်မိ၊ ရင်သတ်ရှု့ မော ဖြစ်မိ နေသူပါ..လို့ ။

    ReplyDelete
  12. သမီးကြီးဒေါ်ရွှေစင်
    မေ မေ.ကိုခုလိုတရားအားထုပ်နိုင်အောင်စီစဉ်
    ပေးတာ တသက်လုံးကျေးဇူးတင်နေမယ်။

    သာဓု သာဓု သာဓု

    ဒေါ်မော်မော်
    ငြိမ်းချမ်းစာပေ
    ၇၂ လမ်း(၃၃-၃၄ လမ်းကြား)။
    ရတနာပုံနေပြည်တော်။
    AB-060631

    ReplyDelete
  13. မရွှေစင်တော့ တရားအစစ်အမှန်တွေ့ရဖို့ လမ်းကြောင်းပေါ်လျှောက်ခဲ့နိုင်ပြီမို့  ဝမ်းမြောက်စွာ သာဓု သာဓု သာဓု ခေါ် ပါ တယ် ။
    ခုလို ကိုယ်တွေ့ အားထုတ်မှုတွေကို ပြန်လည်ဖေါ်ပြပေးတဲ့အတွက် နည်းလမ်းမှန်ကန်စွာ နဲ့တရားထိုင်ဖို့  အချက်တွေကို မှတ်သားနိုင်မိလို့ ကျေးဇူးလည်း တင်မိပါတယ် ။
    ဒီမှာတော့ ၁၀ မိနစ်လောက်ထိုင်တာကိုပဲ ခါးနာ ခြေထောက်ကျင် ဝေဒနာတွေ နဲ့ အာရုံတွေ ရှုပ်နေလို့  ဒုက္ခတွေ့ နေရတယ်..
    သည်းခံစိတ်နည်းနေသေးတယ် ပြောရမလား ပဲ နော်။။

    ReplyDelete
  14. သမထနဲ့ ဝိပဿနာ မကွဲဘူးဆိုတာ အရေးတကြီး ပြဿနာမဟုတ်ပါဘူး။ အာနာပါန ကမ္မဌာန်းဆိုရင် သမထ ဖြစ်သလို ကာယာနုပဿနာ ဖြစ်တဲ့အတွက် ဝိပဿနာလဲ ဖြစ်ပါတယ်။ ဖြစ်ပျက်ကို မြင်အောင် ရှုနေရမယ့် အချိန်မှာ သမထနဲ့ ဝိပဿနာ ကွဲသိသိ မသိသိ ဘာမှ အရေးမကြီးပါဘူး။ အချိန်တန်ရင် အလိုလို သိသွားမှာပါ။ ဒါမသိရင် တရားမထိုင်နဲ့ဦးလို့ ပိတ်တာက ဓမ္မန္တရာယ် ဖြစ်တတ်ပါတယ်။

    ကျွန်တော့်မိတ်ဆွေတဦးဟာ တရားထိုင်ဖူးတဲ့ ယောဂီဟောင်းတယောက်ဆီ တရားအားထုတ်နည်း သွားမေးတာ -ပဋိစ္စသမုပ္ပါဒ်မသိဘဲ တရားထိုင်နေလို့ အပိုပဲ-လို့ ပြောထည့်လိုက်လို့ သူ့ခမျာ အောင့်လာကြောင်း ပြန်ပြောပြဖူးပါတယ်။ြေ့ပာသူက -ပဋိစ္စသမုပ္ပါဒ်ကို သိစေချင်တဲ့ စေတနာနဲ့ တရားထိုင်နည်း မပြောပြခင် ဒီအကြောင်းကို အရင်ပြောချင်လို့ ဒီလို ပြောလိုက်တာပါ- ဆိုရင်လဲ ဒါ မှားပါတယ်။ ဒီလို မရင့်ကျက်သေးတဲ့ ပြောသူကိုယ်တိုင်ဟာ ပဋိစ္စသမုပ္ပါဒ်ကိုတောင် သူ သိပြီထင်နေသလို မသိသေးဘူးဆိုတာ ထင်ရှားတယ်။ တရားတကယ်သိနေရင် ဒီလို ငါစကားနွားရ ဖိဟောတာမျိုး ဘယ်လုပ်ပါ့မလဲ။

    တရားအကြောင်း ဆွေးနွေးရာမှာ ယခင်က စကားရည်လုတတ်တဲ့ အကျင့်ရှိခဲ့သူဆိုလဲ အကျင့်ဟောင်း မတ်ြသေးရင် အဲဒီလို ကောက်ပင်ရိတ်လှီးစကား၊ ခတ်တင်မောင်းနင်းစကားတွေနဲ့ တစ်ဖက်လူ မလှန်နိုင်အောင် ပြောပြအနိုင်ယူမိတတ်တယ်. သတိထားစရာပါ။ စကားရည်လုပွဲက မှန်မှန်မှားမှား စကားလုံးနဲ့ အနိုင်ယူသူ အသာစီးပါ။ တရားဓမ္မက တစ်ဖက်လူကို စကားရည်လုပွဲလို မလုပ်ရပါ။

    နောက်ပြီး လူလူချင်း ဝါသနာ၊ စရိုက်၊ အကြိုက် ဓာတ်ခံ မတူကြဘူး။ လူတိုင်းကို ပဋိစ္စသမုပ္ပါဒ် အပေါက်ကချည်း ကျုံးသွင်းနေလို့ မရဘူး။ ဘုရားရှင်တောင် ချေချွတ်ရမယ့်သူပေါ် မူတည်ပြီး တရားပေးတာ ကွာခြားပါသေးတယ်။ မလိုက်နိုင်သေးတဲ့သူကို သူမလိုက်နိုင်သေးတဲ့တရား ဖိသင်မိရင် မသိဘဲ သိပြီထင်သွားတဲ့ တရားသမားမဟုတ်တဲ့ တရားငြင်းသမားတွေ ပေါ်ထွက်လာတတ်ပါတယ်။

    တရားအဟောသန်သူ အချို့ဟာ ဒါတွေ အရင်နားထောင်ဦး၊ ဒါတွေ နားမထောင်သေးဘဲ တရားထိုင်လို့ အပိုပဲလို့ ငြိမ်းခြောက်ပြီး တစ်ဖက်လူကို တရားထိုင်ဖို့ အချိန်မပေးဘဲ တရားချည်း ဖိပြောမိတတ်တယ်။ ကျွန်တော်တို့ ဒီလို မမှားမိဖို့ သတိထားရပါမယ်။

    ReplyDelete
  15. အမဇင်ရေ ပြုခဲ့သမျှကုသိုလ်အားလုံးအတွက် သာဓု သာဓု သာဓုပါ။ အမေကို အတူတွဲခေါ်သွားနိုင်တာတော့ အကောင်းဆုံး ကျေးဇူးဆပ်နည်းပါပဲ အမဇင်...

    ReplyDelete
  16. dear blogger szu1961,

    ur mother said when her father (that is ur grand father)meditated the first time, he saw a cup of sweet smelling tea & a piece of bread in his imagination !;
    i wonder what u see in ur first session of meditation ???
    i think u saw a "???";
    i asked ur mother about this;
    she refused to to comment;
    she is very polite & decent;
    she doesn't speak ur private affairs;
    plz comment as a responsible blogger
    about ur experience after first session;
    as one of ur readers i want to read ur story "the truth, the whole truth, nothing but the truth! "

    hla myint
    (ph. no. 09 910 497 28)
    132 , 72 st., thara fi lane,
    ya da nar bon nay pyi daw,ရတနာပုံနေပြည်တော်။
    (တကယ်တော.ရတနာပုံနေပြည်တော်က
    ကြပ်ပြေုးနေပြည်တော် ထက် စီနီယာကျပါတယ်၊ယဉ်ကျေးမှုလဲပိုပြီးထွန်း
    ကားပါတယ်လေ။ )

    ReplyDelete
  17. အန်တီရွှေစင်က အဖေတူသမီးပဲ..ပြောတဲ့ပုံလေသံချင်းတူတယ် ဟဲဟဲ ()ထဲမှ စာသားများကြည့်ပြောခြင်း...:D

    ReplyDelete

thank you to say so