အိုးသစ်အိမ်သစ် နေရာသစ်
ပထမဆုံး ကျွန်မ ရာဒမ်သို့ထွက်ခဲ့၏။ ဒေါ်လေးဟယ်လင်နှင့် ဂျာနီနာတို့ကိုရှာဖို့ဖြစ်သည်။ ဒေါ်လေးက ဂျာနီနာ ကို မိသားစုဆီ ပြန်လွှတ်လိုက်ပြီးသည့်နောက် ဘာသတင်းမှ မကြားရတော့ ကြောင်း ဆီး ပြောသည်။ ကျွန်မ အရမ်းစိတ်ဓာတ်ကျသွား၏။ ကော့ဇလိုဝါဂိုရာတွင် သူတို့ မရှိနိုင်တော့ကြောင်း လည်း ဒေါ်လေးက ယုံယုံကြည်ကြည်ပြောပြ၏။ ကျွန်မ ဘယ်ဆက်လိုက် ရမှန်းမသိတော့ပါ။
စိတ်ဝင်စားစရာသတင်း တစ်ခုတော့ ရခဲ့သည်။ တာနိုပိုမှ လွတ်မြောက်လာသော ဂျူးတွေ၊ ကရာကောကို ရောက်နေကြသည်ဟူသည့်သတင်း။
ဤသို့ဖြင့် တောင်ပိုင်းကို ကျွန်မခရီးဆက်ခဲ့သည်။ မိတ်ဆွေတွေကို တွေ့လိုတွေ့ငြား ထွက်လာခဲ့ ခြင်းဖြစ်သည်။ ကရာကောကို ရောက်သည်နှင့် ဂျူးတို့ကိုးကွယ်သည့် ၀တ်ကျောင်းမှန်သမျှ တစ်ခု မကျန် သွားရှာပြီး သူတို့နာမည်တွေကို စုံစမ်းသည်။ ကျွန်မ အပင်ပန်းခံရကျိုးနပ်ပါ၏။ နောက်ဆုံးတွင် ဖန်ကာကို ကျွန်မသွားတွေ့သည်။
အပ်ချုပ်ဆိုင်တစ်ဆိုင်တွင် သူအလုပ်ဝင်လုပ်နေသည်။ နှစ်ယောက်သားတွေ့တော့ သတင်းဖက်ကာ ငိုလည်း ငိုကြ၏။ ပြီးတော့ ရယ်လည်းရယ်ကြ၏။
" အိုင်ရင်း အိုင်ရင်း" နှင့်ခေါ်ပြီး စကားမပြောနိုင်ဘဲ သူ မောနေသည်။ ရက်အနည်းငယ်အတွင်း လူစုံ တက်စုံ ပြန်တွေ့ရသည်။ ကျွန်မဘ၀တွင် ပျော်စရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်ပါ၏။ ဘုရား သခင်၏ ကျေးဇူးတော် ကို ကျွန်မဦးခိုက်လို့ မဆုံးနိုင်အောင် ဖြစ်ရပါသည်။
ကြာကြာမနေ၍ ကျွန်မကို ၀ိုင်းအပြစ်တင်ကြသည်။ မနေတတ်မထိုင်တတ် ဖြစ်ရလောက်အောင် ကျွန်မကို ၀ိုင်းဝန်း ပြုစု ကျွေးမွေးကြသည်။
ကရာကော က အထွက်တွင် လမ်းစရိတ်ဆိုပြီး ပိုက်ဆံအိတ်တစ်လုံး အတင်းထည့်ပေးလိုက်ကြသေး သည်။ မသေဘဲ ရှင်ကျန်ရစ်သည့် ဂျူးမိသားစုများက ကျွန်မ၏ မိသားစုအကြောင်း တစ်ဆင့်စကား တစ်ဆင့် နား ဖြင့် စုံမ်းပေးကြပါ၏။
ကြားရသည့် သတင်းနှစ်ခုကြောင့် ကျွန်မရင်ကွဲနာကျခဲ့ရပါသည်။ ပထမသတင်းက ကျွန်မအဖေ အကြောင်း။ မူးပြီးလမ်းအပြည့်လျှောက်လာသည့် ဂျာမန်စစ်သားနှစ်ယောက်က လမ်းဖယ် မပေးရ ကောင်းလား ဆိုပြီး အဖေ့ကို ပစ်သတ်လိုက်ကြသည်တဲ့။
နောက်သတင်းတစ်ခုက မြေအောက်တော်လှန်ရေးလုပ်ငန်းများထဲတွင် ကျွန်မရောက်နေသည် ကို ဆိုဗီယက် လျှို့ဝှက် ပုလိပ်များက အနံ့ရသွားသည်တဲ့။ ကျွန်မ တို့ ပိုလန်မျိုးချစ်တွေက ဂျာမန်တွေကို ရော၊ ဆိုဗီယက် တွေကိုပါ ပြောက်ကျားတိုက်ပွဲတွေ ဆင်နွှဲနေချိန်။
သည်အတွက် အမေနှင့်ညီအစ်မအားလုံးကို ဆိုဗီယက်တွေ ဖမ်းသွားသည်တဲ့။ နောက်ပိုင်းတွင် သူတို့ကို ပြန်လွှတ်ပေး လိုက်သည်။ သို့သော် ပေါ်ပေါ်ထင်ထင် မနေရဲတော့သဖြင့် ပုန်းနေကြရသည်တဲ့။ သူတို့ ဘယ်ရောက်နေသည်ကို ဘယ်သူမှမပြောနိုင်ကြ။ သူတို့ကို ကျွန်မ ဆက်ရှာလျှင် သူတို့အတွက် အန္တရာယ် ပိုကြီးနေရော့မည်။ ဤသို့ဖြင့် ကျွန်မ၏ မိသားစုရှာပုံတော်ခန်းကို ရပ်တန်းက ရပ်လိုက်ရပါသည်။
ပိုလန် တွင် ကျွန်မအတွက် ဘာမှမရှိတော့ပြီ။ ဒါဆို ကျွန်မ ဘယ်ကိုသွားမည်လဲ။
ဤတွင် ကျွန်မ၏ မိတ်ဆွေများထံမှ အကူအညီ ထပ်ရပြန်ပါသည်။ အိုးမဲ့ အိမ်မဲ့ဖြစ်နေသူများအတွက် မဟာမိတ်တို့က ဥရောပတစ်ခွင်တွင် ကယ်ဆယ်ရေးစခန်းများဖွင့်ပေး နေသည်။ မိတ်ဆွေများ၏ အကူ အညီ ဖြင့် ဂျူးဘုန်းတော်ကြီးတစ်ပါး၏ ထောက်ခံစာကို ယူပြီး ဘာဗေးရီးယား စခန်းသို့ ရထားဖြင့် ထွက်ခဲ့ သည်။
ဂျူးကယ်ဆယ်ရေးစခန်းတွင် ကျွန်မ ၃ နှစ်တိတိ နေခဲ့ရသည်။ ၁၉၄၉ ခုနှစ်လယ်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ တစ်ဖွဲ့ရောက်လာပြီး စခန်းရှိ စစ်အတွင်းက ရှင်ကျန်သူများနှင့် တွေ့ဆုံမေးမြန်း ခန်းစပါသည်။
ဂျူးဘုန်းတော်ကြီးတစ်ပါး ခေါ်ဆောင်ရာသို့ ကျွန်မ လိုက်သွားသည်။ ထမင်းစားဆောင်တွင် ကျွဲ ကော်ကိုင်း မျက်မှန် နှင့် အရပ်မြင့်မြင့် လူတစ်ယောက် ထိုင်နေ၏။ သူ့ရှေ့တွင် ခရီးဆောင်အိပ်ပြားလေးကို ဖွင့်လျက်။
ဘုန်းတော်ကြီးက ကျွန်မတို့ နှစ်ယောက်ကို မိတ်ဆက်ပေးသည်။
" ဒါက အိုင်ရင်းဂတ်၊ ဟောဒါက ၀ီလျှံအော့ပ်ဒိုက်"
" တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ" ဟုပြောပြီး မစ္စတာအော့ပ်ဒိုက်က ကျွန်မအတွက် ခုံတစ်လုံး ဆွဲယူပေးပါသည်။
စကားပြန်မှတစ်ဆင့် ကျွန်မ၏ ဘ၀ဇာတ်ကြောင်းကို ကျွန်မပြောပြရပါသည်။ ဘာတစ်ခုမှ ထိန်ချန် မထားဘဲ ကျွန်မ အားလုံးဖွင့်ပြောလိုက်၏။
ပထမပိုင်းတွင် မစ္စတာအော့ပ်ဒိုက်က မှတ်စုစာအုပ်နှင့် လိုက်မှတ်နေသည်။ နောက်ဆက်မရေးတော့ဘဲ ကျွန်မ ကို ငေးကြည့်နေ၏။
ကျွန်မ လန့်သွားသည်။ ကျွန်မပြောနေတာတွေ သူမယုံတော့ဘူးထင်ပါရဲ့။ နောက်ဆုံးတွင်သူက စကားပြန် ကို တစ်စုံတစ်ရာလှမ်းပြောလိုက်၏။ သူ့အမူအရာက သုန်သုန်မှုန်မှုန်။ အသံက ခပ်ပြတ်ပြတ်။
" မစ္စတာအော့ပ်ဒိုက် က ပြောပါတယ်။ အစ်မနဲ့တွေ့ရတာ ဂုဏ်ယူပါတယ်တဲ့၊ အမေရိကန်ပြည်ထောင်စု က အစ်မကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ ဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်တဲ့" ဟုစကားပြန်က ပြောတော့ ကျွန်မ နား ကို ကျွန်မ မယုံကြည်နိုင်အောင်ဖြစ်သွားပါသည်။
" ကျွန်မကို အမေရိကန်က ပြည်ဝင်ခွင့်ပေးမယ်၊ ဟုတ်လား "
စကားပြန်ကို ကျွန်မ ပြန်မေးလိုက်သည်။
မစ္စတာအော့ပ်ဒိုက်က လက်ကမ်းပေးတော့ ကျွန်မ သူ့လက်ကိုဆွဲပြီး နှုတ်ဆက်လိုက်ပါသည်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် ပြိုင်တူခေါင်းညိတ်ကြ၏။
သူက ထပ်ပြောသည်။
" အမေရိကန်ကိုနော် "
သြော် အမေရိကန်ကိုတဲ့။
အိုင်ရင်းဂတ်သည် ၁၉၄၉ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ပြောင်းရွှေ့ လာခဲ့သည်။ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလထဲတွင် အမေရိကန်တစ်ယောက် နှင့် လက်ထပ်လိုက်သည်။ သတို့သား က ၀ီလျှံအော့ပ်ဒိုက်။
နောက်နှစ်တွင် သူ့အမေ ကွယ်လွန်သွား၏။ သို့သော် ဂျာနီနာအပါအ၀င် ညီအစ်အားလုံးနှင့် ၁၉၈၅ ခုနှစ် တွင် ပြန်လည်ဆုံဆည်းကြသည်။
၁၉၈၂ ခုနှစ်တွင် အစ္စရေးနိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း အစုလိုက် ပြုံလိုက် အသတ်ခံခဲ့ရသည့် ဂျူးများ အတွက် အောက်မေ့ဖွယ် အခမ်းအနားတွင် ဆိုင်ရင်းဂတ်အား ဘွဲ့ထူးတစ်ခုဖြင့် ချီးမြှင့် ဂုဏ်ပြု ခဲ့သည်။ ဘ၀အချိုးအကွေ့ပေါင်းများစွာကို စားမြုံ့ပြန်ရင်း အိုင်ရင်းက အောက်ပါ အတိုင်း သူ၏ လောက အမြင် ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
" စစ်ပွဲတစ်ပွဲဖြစ်လာရင် လူတွေဟာ အဲဒီစစ်ပွဲထဲမှာ လျှော်စရာလမ်းတွေ ရွေးကြရတယ်၊ တချို့က ရာဇ၀င်ရိုင်းလောက်အောင် အရုပ်ဆိုးတဲ့၊ လူသားအချင်းချင်း စာနာမှုအလျှင်းမရှိ၊ စက်ဆုပ် ရွံ့ရှာဖွယ်လမ်း ကို ရွေးကြတယ်။ ဒါပေမယ့် တချို့က အဲဒါနဲ့ဆန့်ကျင်ဘက်လမ်းကိုလိုက်ကြ တယ်။
" ကလေးပေါက်စကလေးကို လေထဲမြှောက်ပစ်လိုက်တဲ့ မြင်ကွင်းဟာ ကျွန်မအာရုံမှာ ခဏခဏ ပြန်ပေါ်လာတတ်တယ်။ သည်မြင်ကွင်းကို ကျွန်မ တစ်မျိုးပြောင်းပြီး ကြည့်မြင်တတ်လာတယ်။ လေထဲကို ၀ဲတက်သွားတာလေးဟာ ငှက်ကလေးပါ။ လှောင်အိမ်ထဲက လွတ်သွားတဲ့ ငှက်ကလေးလေ။
" မိန်းမငယ်လေးတစ်ယောက်ဟာ ငှက်ကလေးကို မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့် နေလေရဲ့။
" အဲဒါက ကျွန်မဆန္ဒပါ။ ကျွန်မ ဖြစ်စေချင်တာပါ။ အားလုံးကို သတိရနေစေချင် လို့ ကျွန်မရဲ့ ဇာတ်လမ်း ကို ပြန်ပြော နေမိတာပါ"
--------------------
ပြီးပါပြီ
.
Dear all of u,
ReplyDeleteI want to say thank u to Ma Shwe Zin Oo and his group of lovely sisters.Because of your work we can read and appreciate such kind of good books.. bye..
အင်း .....
ReplyDeleteမြင်ကွင်းကျယ် ရုပ်ရှင် ကြီးတစ်ခု ကို
ကြည့် လိုက် ရသလိုပါပဲလား ။
ငယ်စဉ်က ကြည့် ခဲ့ ရ ဘူးတဲ့ 
“ D ” day ရုပ်ရှင်လို...
ကြမ်းတန်း တဲ့  မြင်ကွင်း တွေ က ခုခေတ် ကြီးမှာ
ဘယ်တော့  မှ ပြန်ဖြစ်လာလိမ့်  မယ်မထင်တော့ ပါ။
အခုလို ဘာသာ ပြန် ကောင်းကောင်းလေး
ရှာတင်ပေး လို့  ကျေးဇူးပါပဲ ။
( ပြောခဲ့ တဲ့ အတိုင်း ဝင်မွှေ ပြီး ဖတ်ခဲ့ ရတယ် )
့ဟက်ပီးအန်းဒင်းးးးးး
ReplyDeleteအရမ်းကိုကျေးဇူးတင်ပါတယ်။
အခုလိုစာကောင်းတွေဖတ်ရတာ သိပ်ကောင်းပါ၏။
ဗဟုသုတလဲရ။ အတုယူလဲယူ.ရပါ၏
မြတ်နိုး
Thanks for sharing for good novels.
ReplyDeleteSay thank you to your sisters.
ကျေးဇူးတင်ပါတယ် ဆရာမရေ... ဒီလို သမိုင်း အဖြစ်အဆိုးကြီးတွေရေးသားထားတဲ့ စာကောင်း ပေမွန်တွေကို ဖတ်ခွင့်၇တဲ့အတွက်ပါ..
ReplyDeleteနောက်ထပ်လည်း စာအုပ်ကောင်းတွေ ဆက်ဖတ်ပါအုံးမယ်ခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
အမေရိကန်တွေကို အဲဒါ တစ်ခု တကယ် အံ့သြမိတယ်။ သူတို့ကို နည်းနည်းလေး သွားလိမ်မိရင်လည်း အမှန်ပြန်မြင်ဖို့ ခက်သလို ၊ ဖြစ်ကြောင်းကုန်စင် အမှန်ကို ပြောပြတယ်လို့ သူတို့ ယူဆသွားတယ် ဆိုရင်တော့ လူတစ်ယောက် ဘဝကို ပြောင်းသွားအောင်ကို ကူညီတတ်ကြတယ်။
ReplyDeleteစိတ်ဝင်စားဖို့ ကောင်းတဲ့ အဖြစ်အပျက်လေးပဲ အစ်မရေ။ ဒါမျိုးလေး နောက်ထပ် ရှိရင်တော့ ဖတ်ချင်သား။
အမရေ ... ဖတ်ရတာ ခံစားမှုရသပေါင်းစုံပါ... "ပြီးပါပြီ" လို့အဆုံးသတ်တော့လည်း အသစ်တစ်ပုဒ်ကို မျှော်နေမိတယ် ကျေးဇူးပါအမ
ReplyDeleteဇာတ်သိမ်းပိုင်း လာဖတ်ပါတယ်.. ဒါမျိုးလေးတွေ ပြန်ရိုက်ပြီး တင်ပေးတာ ကျေးဇူးအထူး..
ReplyDeleteဒီတပုဒ်တော့ အစအဆုံးဖတ်ဖြစ်တယ်အစ်မ
ReplyDeleteကျေးဇူးနော်။
မုန်တိုင်းထဲဖြတ်ကျော်ခဲ့သူအတွက် ချိုမြိန်ဖွယ်အဆုံးသတ်လေးရရှိသွားတာ ဖတ်ရင်း ကျေနပ်မိတယ်။
အားလုံးပြီးသွားပြီ.. ကျေးဇူးပါ
ReplyDeleteအစကနေ အဆုံးထိ ဖတ်သွားပါတယ်
ReplyDelete