Friday, March 12, 2010
ရွှေစင်ဦး မလည်လိုက်ရတဲ့ သင်္ကြန် တနှစ် အပိုင်း (၄) ဇာတ်သိမ်း
ကျနော် ရန်ကုန် မှာ တလ နေတဲ့ အချိန်မှာ ပထမ ပိုင်း ရက်များမှာ ကျနော့် အဖိုးဟာ ပါးစပ်က အစာ စားနိုင် သေးတယ်..၊ ဒေါ်ကြီး ခွံကျွေးရတယ်..၊ ကလေးများလိုပေါ့..၊ နောက်ပိုင်းမှာတော့ ဘဘကြီးက အစာ စားဖို့ ငြင်းဆန်လာတော့ .. နှာခေါင်းကနေ ပိုက်နဲ့ အစာသွင်းပါတယ်..၊ ဘဘကြီးခမျာ သနားစရာ တော်တော် ကောင်းပါတယ်..။
ကဲ...ရန်ကုန်မှာ နေတဲ့ တလ အတွင်း ရွှေစင်ဦးလေး ဘယ်ပုံ လှုတ်ရှား နေသလဲ ဆိုတာ နဲနဲလောက် ပြောချင် ပါတယ်..၊ ညမှာတော့ ဘဘကြီးကို စောင့် ရင်းနဲ့ စာဖတ်နေတာပေါ့ ..မမဝင်း လည်း အိပ်ချင်တဲ့ အချိန် အိပ် ပေါ့..၊ ကျနော် အိပ်ချင်ရင်တော့ မမဝင်း နှိုးရတာပေါ့..၊ မနက်လင်းရင်တော့ ထုံးစံအတိုင်း အပြင်ထွက် မုံဟင်းငါးစား .. မမဝင်း အတွက် လက်ဖက်ရည် ထုတ်လေး ဆွဲပြီး ပြန်လာပေါ့..၊ အထုတ် ပါလာရင် ဒေါ်ကြီး မမြင်အောင် လုပ်ရသေးတယ်..၊ နို့မို့ဆိုရင် အိမ် မှာ လဘက်ရည် တွေ ကော်ဖီတွေ ရှိရဲ့ သားနဲ့ ဝယ်လား ဆိုပြီး ဆူမှာ စိုးလို့...၊ ဒါပေမဲ့ သိတယ် မဟုတ်လား ကျနော် တို့ ဆင်းရဲသား ပါးစပ်များ ကလည်း ဆိုင်က လဘက်ရည် မုံဟင်းငါး မှ ကောင်းတယ်ထင်တာ..။
စားသောက်ပြီးရင် ဘဘကြီး နားထိုင်ပြီး ကိုယ်တတ်သမျှ လေး ဘဘကြီး အတွက် ရွတ်ဖတ် ပေး.. မေတ္တာ ပို့ပေး ရတာပေါ့ဗျာ...၊ တနေ့တော့ ကျနော် ဘုရားစာတွေ ဆိုပြီးသွားတော့ ဘဘကြီး ခုတင်ခေါင်းရင်း လေးမှာ ချိတ်ထားတဲ့ ဘဘကြီး ရဲ့ လွယ်အိတ် ကလေး လှမ်းမြင်တယ်ဗျ..၊ ဒီလွယ်အိတ် ကလေးထဲက ယောက်ကျားကိုင် လက်ကိုင်ပုဝါ နဲ့ ထုတ်ထား တဲ့ ပိုက်ဆံ အကြွေထုတ် ကလေးရောရှိသေးလား.. (ကျနော် တို့ ငယ်ငယ်က ဘုရားစာ ရွတ်ရင် ပေးနေကြ အထုတ် ကလေး ၊ နောက်ပြီး ကျနော့် ရဲ့ ကလေး တုန်းက ဘဏ်တိုက်လေးပေါ့)..၊ ဒါတွေအပြင် နောက်ဆုံးတခေါက် ကျနော် ရန်ကုန် ရောက်စဉ်က ဘဘကြီးကို ပေးခဲ့ တဲ့ ဓါတ်ပုံလေးရော ရှိသေးလား ဆိုပြီး ဖွင့်ကြည့်ချင်လာတာနဲ့ ဖွင့်ကြည့်မိတယ်..။ 
လက်ကိုင် ပုဝါထုတ်ကလေးထဲမှာ....အကြွေ တွေအစား ပိုက်ဆံ အသစ်ကလေး တွေပေါ့ဗျာ...၊ နောက်ပြီး.. ဘဘကြီး ရဲ့ မှတ်စုစာအုပ် ကြားလေးထဲမှာ ဓါတ်ပုံ ကလေး ကတော့ နေမြဲတိုင်းဗျ... ရှိသေးတယ်.။
ဓါတ်ပုံလေး အကြောင်းပြောရင် နောက်ဆုံးတခေါက် ရန်ကုန်ရောက်တဲ့ ရာဇဝင် ကို ပြန်ပြောရတော့မယ်..၊ ကျနော်က ရန်ကုန် တခေါက်ရောက်ရင် ဘဘကြီး ကို အမြဲတမ်း နောက်ဆုံး သတင်းများ ပေးလေ့ရှိတယ်..၊ ကိုယ့်ချစ်တဲ့ သူအကြောင်းများ ဆို ပိုပိုသာသာလေး..၊ ကိုယ် အမြင် ကတ်တဲ့ သူအကြောင်းဆို သာသာ ထိုးထိုး လေးပေါ့ဗျာ...၊ အကြောင်းအရာ စုံပါ..၊ အိမ်နီးနားခြင်း အဖိုးကြီး (ဘဘကြီး ဘော်ဒါ ) နေမကောင်း ဖြစ်နေတာ အတော်ကြာနေပြီတို့.. ။
အိမ်က မေမေ ဝယ်နေကြ ပဲပြုတ် သည် အဖွားကြီး သူ့ သမီးတွေ ကို စိတ်နာလို့ ဆိုပြီး မယ်သီလရှင် ဝတ်သွားတာ ဘဘကြီး သိတယ် မဟုတ်လား အခု သူနေတဲ့ စစ်ကိုင်းချောင် မယ်သီလကျောင်းက သရဲခြောက် လိုက်လို့ မယ်သီလ ထွက်လိုက်ပြီး ပဲပြုတ်ပြန်ရောင်းနေပြီ တို့ ...၊ နောက် တခါ ကမ္ဘာ့နိုင်ငံ ရေး..၊ မြန်မာ့ နိုင်ငံရေးပေါ့ ဗျာ..ဥပမာ. ကျနော် တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲ တွေလုပ်တာ.. ဗိုလ်ချုပ် ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် နိုင်သွားတယ်.. ။
ဒါပေမဲ့.. အခု အခြေခံ ဥပဒေ ကြီး မပြီးသေးလို့ .. အဲဒါကြီး ဆွဲနေကြတယ်ပေါ့လေ..၊ အဲဒီမှာ ကျနော့် ရဲ့ အပြောအဟော ပေါ် မူတည်ပြီး ကျနော့် အဖိုး ရဲ့ စိတ်တွေ ပြောင်းသွားတယ်..၊ ည ဘုရားစာ ဆိုပြီးတဲ့ အချိန် ဆိုရင် ဟေ့ ငါ့မြေး ဟို နေမကောင်း နေတဲ့ အဖိုးကြီး နာမည်က....ဘဘကြီး ဦးဘသာလေ လို့ ပြောလိုက်ရင်.. အင်း ကြာသာပတေး သား ဦးဘသာ ကျမ်းမာပါစေ.၊ ချမ်းသာပါစေ.. အမြန်ဆုံး နေကောင်း ပါစေ.. ပေါ့ .. အဲဒီလို အထူးပြု မေတ္တာပို့ရတယ်...။
အခုလည်း ကျနော် က မြန်မာ့ နိုင်ငံရေး ပြောထားတော့ .. ဗိုလ်ချုပ်သမီး လေး ကို ဘဘကြီး မေတ္တာအထူး ပို့ချင်တယ်..၊ ငါ့မြေး ဓါတ်ပုံလေး ပေးထားပါပေါ့..၊ အင်း ကျနော်လည်း ကိုယ့်ရူးကိုယ် ပတ် .. ဘဘကြီး ရယ် မှန်း ပြီးတော့ သာ နံမည်လေး ရွတ်လိုက်ပါ.. ဆိုတော့ မရဘူးဗျ..၊ ဇွတ် .. ဓါတ်ပုံ တွင်တွင် တောင်း.. အဲဒါနဲ့ ကျနော်လည်း အဲဒီတုန်းက သတင်းစာ ထဲပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံလေး ကပ်ကြေး နဲ့ ကိုက် ပေးလိုက်ရတယ်..၊ အဲဒီနေ့ ကစပြီး ကျနော့် အဖိုးရဲ့ အထူး မေတ္တာ ပို့ခြင်း ကို ခံသွားရပါတယ်...။
အင်း နောက် နေ့ ရွှေတိဂုံ ဘုရားကို ကျနော် တို့ မြေးတသိုက် ကို လိုက်ပို့တယ်..၊ ထုံးစံ အတိုင်းပေါ့.. ဘုရားစာ အားလုံး ရွတ်အပြီး.. အထူး မေတ္တာ ပို့ခန်းမှာ အဟင်း အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာ ပါစေ.. ချမ်းသာ ပါစေပေါ့.. အသံကလည်း အောင်ပါ့ဗျာ.... အင်း ကျနော့် မှာတော့ သက်ပြင်းတချချ နဲ့ ပွေလီ လိုက်အုန်း ရွှေစင်ဦး ရေ လို့..ကိုယ် ကို ကိုယ့်သာ နာနာ အပြစ်တင်မိပါကြောင်း..လေး ကို သတိတွေရသွားပြီး .. အဖိုးကို သနားလွန်း လို့ မျက်ရေများတောင် ကျမိပါတယ်..။
ကဲ.. ဘဘကြီး နေမကောင်း တဲ့ အခန်း လေး ပြန်ဆက်ရအောင်.. နှာခေါင်းကနေ အစာသွင်း တော့ ပိုက်က သွင်းလိုက် ထုတ်လိုက် ကို ဘဘကြီးက လက်မခံဘူးဗျ.. အဲဒီတော့ တခါထဲ ပိုက်ကို ထဲ့ထား ပြီး ပလာစတာ နဲ့ ကပ်ထားရတယ်.. ဒါတောင် ဘဘကြီးက သတိရရင် ဆွဲဆွဲ ဖြုတ်သေးတာ..၊ အဲဒီမှာ ပိုက်က အကြာကြီး တတ်ထားတော့ .. အစာ တွေ ပိုက်မှာ ကပ်နေတော့ အချဉ်ပေါက်မှာ ကို ဒေါ်ကြီးက စိုးရိမ်တယ်.. ရေ ထည့် ရုံနဲ့ လည်း မလုံလောက်ဘူး လို့ထင်တယ်.. ၊ သူတို့ ဆရာဝန်တွေ အားလုံး သဘောတူ ဘဘကြီးကို အရက်တိုက် ဖို့ပြင်တော့တယ်ဗျ..၊ တနေ့တခါ အစာသွင်းပြီးရင် အရက် နဲနဲ မှာ ရေ များများရောပြီး ... ပိုက်ကနေ အစာသွင်းပြီးရင် ပိုက်ဆေးတဲ့ အနေနဲ့ ထည့်ပေးဘို့ပေါ့ဗျာ...။
အဲဒီလို လုပ်ဖို့ ဆုံးဖြတ်ပြီးသွားတဲ့ အခါ ကျနော် တို့လူနာစောင့် တွေလည်း လူနာက အရက်သောက် မှတော့ အရက်ပုလင်း တရားဝင် ထောင်ခွင့် ရသွားတာပေါ့...၊ အိမ်မှာ ဘယ်သူမှ အရက် မသောက်ပေမဲ့ .. အရက် ပုလင်းတွေကတော့ ဘိရို ထဲမှာ အများကြီး ရှိတယ်ဗျ...၊ စစခြင်း ဖောက်တာက မမဝင်း ..... အရက် ပုလင်း ကြီး ကြည့်ကြည့်ပြီး သူသောက်ချင်လာတယ် ဆိုပြီး အရက်တွေ ငှဲ့ငှဲ့ သောက်ပြီး ရေ ပြန်ပြန် ရောထားတယ်..၊ နောက်တော့ တပုလင်း ကုန် တပုလင်း ပြောင်းပေါ့...၊ ကျနော် လည်း အစောပိုင်းတော့ ကြည့်နေသေးတယ်.. သူ့ခမျာ ပျင်းရှာမှာပေါ့ ဆိုပြီး အသာ နေလိုက်ပါတယ်..။
နောက်တော့ ကျနော်တို့ စောင့်ရတဲ့  ရက်တွေ ကလည်း ကြာလာပြီ ဆိုတော့  ပျင်းလည်း ပျင်း. စိတ်လည်း ညစ်လာတယ်..၊ နောက်ပြီး သင်္ကြန်ကလည်း ရောက်လာပြီလေ... ၊ သင်္ကြန် ရောက်လည်း ကျနော့် အဒေါ် တယူသန်ကြီး အတွက်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး.. ကျနော် တို့ အတွက် လည်း ဘာအခွင့် အရေး မှ ပိုလာမှာ မဟုတ်ဘူး ဆိုပြီး စိတ်ကညစ်ပြန်ရော..၊ ခြံထဲက ပိတောက် ပင်ကြီးတွေ ကလည်း ကျနော့် များ အလွမ်းပိုအောင် လုပ်နေသလားလို့တောင်ထင်ရ အောင်ကို တအိမ်လုံး တခြံလုံး မွှေးကြိုင်နေပါတယ်..။
ကျနော်လည်း ညနေပိုင်း မှောင်ရီပျိုးစ ဆိုရင် ပြည်လမ်းဘေးက စတိုးဆိုင် လေးတွေမှာ စားချင်တာလေး တွေ ဝယ် ပလက်ဖောင်းပေါ်ထိုင်စား ပြီး ပြည်လမ်းပေါ်က ဖြတ်သမျှ ကားတွေကြည့်ရင်း အဲဒီ သင်္ကြန် တနှစ်မှာ အချိန်တွေ တော်တော်ဖြုန်းခဲ့ ပါတယ်..။
သင်္ကြန် နောက်ဆုံးနေ့ ရောက်လာပြီဗျ.. ဒါပေမဲ့ ထူးမခြားနားပါဘဲ.. ကျနော့် ရဲ့ သီးခံနိုင်မှု့ကလည်း တော်တော် ကို နဲသွားပြီ.. ၊ ညမိုးချုပ်ကြီး လူခြေတိတ်တဲ့ အချိန် လည်း ရောက်လာရော ထုံးစံ အတိုင်း မမဝင်း ကြီး က အရက်ကလေး ထွေထွေ နဲ့ ရွှေစင်ဦး ရေ မမဝင်း တော့ ဒီအခေါင်းကြီး (ကန်တော့ ကန်တော့ ...) ထဲမှာ ဘယ်လောက်ထိ အောင်းရမလည်း မသိဘူး.. တဲ့..။
ကဲ မမဝင်း ရေ ကျနော် ကတော့ မမဝင်း ဘယ်လောက်ထိ အောင်းအောင်း ကျနော့် အတွက် သင်္ကြန် တနှစ် အောင်းရတာနဲ့ တူသွားပြီ ဗျ.. ဆိုပြီး.. ကဲ ပေးဗျာ.. ကျနော်လည်း ချမယ်ဆိုပြီး.. သူ တခွက် ကိုယ် တခွက် ချရင်း ... ရွှေစင်ဦး မလည် လိုက်ရတဲ့ သင်္ကြန် တနှစ်ကို အဆုံးသတ်လိုက် ပရစေတော့ ဗျာ...။
အားလုံးကို ကျေးဇူးတင်လျှက်
စာရေးသူ-ရွှေစင်ဦး
.
16 comments:
  1. မင်္ဂလာပါ ရွှေစင်..
    သူတစ်ခွက်...ကိုယ်ဆယ်ခွက် လား.. :P ..
    အေးဗျ.. ဘဘကြီး မေတ္တာပို့မှ မေတ္တာပို့ဘို့ သတိရသွားတယ်....
    အင်္ဂါသမီး ကျန်းမာချမ်းသာကြပါစေ.... စိတ်ချမ်းသာ..ကိုယ်ကျန်းမာ ရှိပါစေ... အစဉ်လန်းဆန်း နိုင်ပါစေ...
    ခင်မင်စွာဖြင့်
    ကိုမျိုး
    ReplyDelete
  2. မကြီးရွှေစင်ရေ...
    ဂနု........
    (တံတွေးမျိုချသံ........း))
    သူတစ်ခွက် ကိုယ်တစ်ခွက် ကစ်ကြတာပေါ့လေ....အဟိ...း))
    ခင်မင်တဲ့
    ဏီလင်းညို
    ReplyDelete
  3. မရွှေစင် ဘဘကြီးက တကယ် ခင်စရာ ကောင်းတာပဲ။
    မမ၀င်းကလည်း တယ် အားကိုးရတာပဲ။ ဒီလို လူမျိုးလည်း လောကမှာ ရှားတယ်။
    မရွှေစင်လည်း အတော်ဟုတ်တာပဲ။ အရက်ပြင်းကို သောက်တာလား သောက်ကြည့်ချင်စိတ်တောင် ပေါက်လာပြီ။
    မအယ်
    ReplyDelete
  4.်ရွှေဇင်...အတွေ့အကြုံလေးတွေ ဖတ်လို့ အရမ်းကောင်းတာပဲ...တို့ လာလည်ပါတယ်ဟယ် ရုံးကနေ ဖတ်ရတာမို့ မမန့်ခဲ့နိုင်တာပါ...:))
    ReplyDelete
  5. သင်္ကြန် မလည်ရပေမဲ့ သူ တခွက် ကိုယ် တခွက် ရလိုက်တယ် မဟုတ်လား၊
    အဖိုးကို ပြုစုတဲ့ အကျိုးကျေးဇူးကြောင့် မမရွှေစင် တစ်ယောက် အသက်ရှည် ကျန်းမာ ချမ်းသာပါစေ။
    ခရီးထွက်နေ၍ နောက်အပတ် တတိယပိုင်း တင်မည်။
    ReplyDelete
  6. ငါ့အစ်မကတော့ လက်ဖျားရော ခြေဖျားရော ခါတယ်...တကယ် တကယ် :D
    ချစ်ညီမလေး
    ReplyDelete
  7. တကယ်တော်တဲ့ မြေးပဲ။ အဘိုးဆုတောင်းအောင် သတင်းပေးကောင်းတဲ့ မရွှေစင်ကို ချီးကျူးပါတယ်။
    နောက်ဆုံးတော့ ... သင်္ကြန်လည်လည် မလည်လည် အသောက်ကလေးနဲ့ အဆုံးသတ်တာပါပဲလား။ နောက်ဆက်တွဲလေး ဘာလေး လုပ်ပါအုံး။ အဲဒီကိစ္စ ဒေါ်ကြီးသိသွားလား ... ဘာတွေဆက်ဖြစ်ကြတုန်း။ :)
    ReplyDelete
  8. မရွှေစင်ဦး သင်္ကြန်တစ်နှစ်မလည်လိုက် ရသလို ဘဘကြီး ကို လဲ စောင့်သာ စောင့်နေရတယ်
    ဒီတော့ ပေါက်တဲ့ နှဖူးမထူးတော့ပြီ။
    မမ၀င်း ကလည်းပဲ ဆွယ်ကောင်းသား ပဲ။
    မမ၀င်းက တစ်ခွက် မရွှေစင်ဦးက ၁၀ ခွက်လားဗျ။
    ကျွန်တော် ဖြင့် နှယ် သင်္ကြန်မလည်း တဲ့နှစ်က မအများသားဗျ။
    နောက် အခန်းဆက် တစ်မျိုးရေးပါဦး။
    အားပေးလျှက်
    မောင်မောင်
    ကန်ဒါဟာမြို့ 
    ReplyDelete
  9. ရေးထားတာများ အကွက်ကိုစေ့နေတာပဲ၊ ဟာသဥာဏ်ကလဲ အရမ်းကောင်းပဲ၊ စိတ်မကောင်းစရာကိုတောင် ပြုံးမိအောင်ရေးတတ်တယ်၊ ဘဘကြီးက ချစ်ဖို့ကောင်းတယ်၊ အန်တီစုကိုလဲချစ်ရှာတာပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ လေးစားလျှက်
    ReplyDelete
  10. ဪ...ရွှေစင်..ရွှေစင်...
    သင်္ကြန်မလည်ရတာတောင် သောက်ဖြစ်အောင်သောက်လိုက်သေးနော်...
    ReplyDelete
  11. ငါ့အစ်မ ကဲချက်ကတော့လားး)
    ReplyDelete
  12. *ဂလု၊ဂလုနဲ့ ကိုဖြစ်သွားလောက်ပါပေတယ်ဗျာ...
    ReplyDelete
  13. အမ ..ဇပဲ..ဟားဟား..
    ကြိုက်လို့သောက်တာလား သောက်သင့်လို့သောက်တာလား
    သောက်ချင်လို့သောက်တာလား
    စဉ်းစားနေတာ.. ကော်မန့်ပေးဖို့..။ဟီးဟီး
    ReplyDelete
  14. ခေါင်ရည်တုန်းကတော့ မသိလို့သောက်တာ
    ခုဟာကျတော့ သိရက်နဲ့ တမင်မူးအောင် သောက်တာ
    ဟုတ်တယ်မဟုတ်လား မရွှေစင်
    ညီမပြောတာ မမေ့နဲ့နော်..
    သင်္ကြန်လည်မယ်ဆို လက်တို့လိုက်နော်..
    ပုလင်းဆွဲပြီးလာခဲ့မယ်..
    အဲ.. အစ်မရေ
    စာလာဖတ်ပါဦး.. အစ်မကို တဂ်ထားတယ်..
    ရင်ထဲက အတွေးလေးတွေ သိပါရစေ..
    ခင်တဲ့
    ချော
    ReplyDelete
  15. အသက်ကြီးလာရင် အိုမင်းမစွမ်းဆိုတဲ့အဆင့်ကို မရောက်ချင်တော့ဘူး။ သူများလည်းဒုက္ခရောက်၊ ကိုယ်လည်းဒုက္ခရောက်တယ်။ အဲဒါကြောင့် ၇၅နှစ်လောက်အထိပဲ အသက်ရှည်ချင်တယ်။
    ReplyDelete
  16. Mama Shwezin,in this time,drinking is "because of your Aunty".She made you and your Mama Win stay indoors during festival.
    yours lovingly,Watma(Jasmine)
    ReplyDelete
thank you to say so