အခုတလော အလုပ်များနေတဲ့ ကြားက ကျနော့် အဖိုးကို သတိရ နေတဲ့ အတွက် အဖိုး အကြောင်း ရေးချင်ပါတယ်..။
ကဲ...အဖိုး ရှိစဉ် က အမှတ်ရ စရာလေးတွေ နဲနဲလောက် ပြောပရစေ..၊ ကျနော့် အဖိုး အသက် ၈၀ ပြည့်သွားတော့ အဖိုးကို ကျနော့် အဒေါ် အကြီးဆုံးရဲ့ အပိုင်သိမ်းခြင်း ခံလိုက်ရတယ်.၊ အဒေါ် က အဖိုး အသက်ကြီးတော့ လာတွေ့ချင်တဲ့ သူ လာတွေ့ပေါ့ဗျာ.. အဖိုးကို တော့ မန္တလေး ကိုမလွှတ်တော့ ဘူးပေါ့.. အသက်ကြီးပြီ ဆိုပြီး တချက်လွှတ် အမိန့် ထုတ်ပြန်လိုက်ပါတယ်..၊ အဖိုး ခမျာ ဘာဆို ဘာမှ မဘာ လိုက်ရဘဲနဲ့ ရုတ်တရက်.... အကျယ်ချုပ် ကျသွားရှာတယ်.. ဝဋ်ကြွေးပေါ့ဗျာ..၊ အဲဒီတော့ အဖိုးကို တွေ့ချင်သူများ က သွားတွေ့ ရပါတယ်.. အင်း.. တွေ့ခွင့် တော့ ပေးလို့ ကျနော့် အဖိုးကတော့ တော်သေး တာပေါ့...။
ကျနော် တို့ကတော့ နွေရာသီ လောက်ဘဲ သွားနိုင်တာပါ..၊ ဒါပေမဲ့ အဖိုးခမျာ ဒီသား၊ ဒီသမီး၊ ဒီမြေး တွေကို ဘယ်လောက်များ လွမ်းနေတယ် ဆိုတာ ကျနော်တို့ ရောက်သွားရင် တွေ့ရတဲ့ အဖိုးရဲ့ အပြုအမူတွေကို ကြည့်ပြီး သိနိုင်ပါတယ်..၊ တခါများ ကျနော် ရောက်သွားတော့ ဖက်ထားလိုက်တာ အကြာကြီးဘဲ..၊ မျက်ရေများတောင် လည်နေရှာတယ်..၊ အဖိုး အဒေါ်အိမ်မှာ နေရတယ် ဆိုတာ ဘာမှ လိုလေးသေး မရှိပေမဲ့.. စကားပြောဖော် မရှိ တဲ့ အပြင် ကိုယ့် အလုပ်နဲ့ ကိုယ်မအားလပ်ကြတော့.. အဖိုး ရွတ်စေချင်တဲ့ ဘုရားစာ ရွတ်ဖို့ မြေးများ ဆို ဝေးရောပေါ့..၊ အဖိုးခမျာ အတော်ပျင်း ရှာတယ်ထင်ပါတယ်..။
ကျနော်တို့ မန္တလေး မှာတော့ အားလုံးက အားနေကြတော့ အဖိုး နဲ့ ပြောလိုက်ဆိုလိုက်.. ဘုရားစာ ဆိုလည်း အဖိုး ရွတ် ခိုင်းတဲ့ အချိန် ရွတ်လိုက် ဆိုတော့ အဖိုးမှာ ပျင်းချိန် တောင်ရလိုက် မှာ မဟုတ်လိုက် ဘူး..၊ မြေးတွေ အများကြီးဥစ္စာ..၊ နောက်ပြီး ချွေးမ နဲ့ သားမက် တွေဆိုတာလည်း သူ့သဘောအတိုင်း ဘဲကိုး..။
အခု ကျနော်ပြောချင်တဲ့ အကြောင်းက အဲဒီ သူ့ သဘော အတိုင်း ထဲက သားမက် တယောက် အကြောင်း ပါ..၊ ကျနော် တို့ မျိုးရိုး ကိုကြည့်ရင် အားလုံး ဟာ တလင်တမယား တရီးစား ကြီးပါဘဲ.. တော်တော် ကို မစွန် တဲ့ အမျိုးပါ..။
ကျနော့် အခု ဘလော့ ရေးတော့ ချစ်ချစ်ကြီး နဲ့ ၁၁ နှစ်တာ ချစ်ခရီး ၊ အိမ်ထောင်သက်၁၈ နှစ် ဘာညာ နဲ့ ရေးသာ ရေးရတယ်..၊ တကယ်တန်းတော့ ပျင်းတာဗျာ...၊ ဒီလောက်ကြာအောင် ဘယ်လိုများ ထိမ်းသိမ်း ထား လည်း ဘာညာ မေးမနေကြပါနဲ့.. ကျနော်ကတော့ လွှတ်ထားလိုက်တာဘဲ..၊ နောက်တယောက် များတွေ့ရင် တွေ့တဲ့ နေရာကနေ အမြန်အကြောင်းကြားလိုက်ပါ.. ကန့်တော့ပွဲ နဲ့ လိုက်အပ်ပြီး.. တီးဝိုင်း ငှားပြီး မင်္ဂလာဆောင်ပေးမယ်လို့ ပြောထားလိုက်တယ်..၊ အဲဒီလို ချစ်ချစ်ကြီးကို ခွင့်ပေး ပြီးတော့ ချစ်ချစ်ကြီးက ဘာပြန်ပြောမလည်း စောင့်နေတာ.. ငါပြောသလိုသာ ပြန်ပြောရင်တော့ ပွပြီပေါ့ ဆိုပြီး.. မပြောပါဘူးဗျာ..၊ ယောက်ကျားများ အတော် မကောင်းတာ.. ။
ကဲ.. အဲဒီ တလင်တမယား ထဲမှာမှ.. ကျနော့် အဒေါ် အငယ်ဆုံးက သူ့ပထမ ယောက်ကျား ဆုံးသွားလို့ နောက်ယောက်ကျား တယောက် ထပ်ရသွားတယ်ဗျ..၊ သူ တယောက်ပါဘဲ..အပိုထီ ပေါက်သွားတာ..၊ ကျနော် တို့ ဖေဖေ များ အကဲဆပ် လိုက်ပုံက သူနှမ အငယ်ဆုံးလေး အဲဒီလို ယောက်ကျား ၂ယောက် ယူလို့ဆိုပြီး.. အခုထိစကား မပြောပါဘူးဗျာ..၊ သူ့နှမ ရဲ့ ဒုတိယ ယောက်ကျားတောင် မြေကြီးထဲ ရောက်သွားတာ ၃နှစ်လောက် ရှိပြီ.. သူ့မှာ မကျေနိုင် ဖြစ်နေတာ.. အခုထိပါဘဲ..၊ အင်း ချစ်သော ဖေဖေရေ စိတ်တွေ လျော့..လျော့..၊ ခဏ နေတော့ ငါ့ နှမလေး တွေ့ချင်ပါတယ် ဆိုရင်တောင် တွေ့ရတော့ မှာ မဟုတ်ဘူး..ဘဝဆိုတာ တိုတိုလေးပါ..။
အဲဒီ အဒေါ် ရဲ့ ဒုတိယ အိမ်ထောင်၊ ကျနော် တို့ရဲ့ ဒုတိယ ဦးလေးပေါ့ သူက ရှမ်း အစစ်ဗျ.. ဗန်းမော်.... မန်စီဘက်က.. ၊ မန္တလေးမှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်တယ်.. မနက်ဆိုရင် ကျောက်ဝိုင်းသွား.. ၁၀ နာရီလောက်ဆိုပြန်လာ.. သူ့အလုပ်ပြီးပြီပေါ့..၊ အဲဒီလို နေလာလိုက်တာ.. ကျနော့် အဖိုး မန္တလေး ရောက်တဲ့ အချိန်ထိဆိုပါတော့...။
ကျနော့် အဖိုးကတော့ သူတော်ကောင်း ဆိုတော့ သား၊ သမီး၊ ချွေးမ၊ သားမက် ဘာမှ ခွဲခြားမှု့ မရှိပါဘူး..၊ အားလုံးကို မေတ္တာ အတူတူထားပါတယ်..၊ အဲဒီ မျက်နှာငယ် သားမက်လေးကို ပိုပြီးမေတ္တာ ထားလိုက်ပုံက သားမက် ကလေး ကချင်ပြည်နယ် ပြန်ပြေးရတဲ့ အထိပါဘဲ..။
ကျနော်တို့ မြေးတစုဟာ ကျနော် တို့ အဖိုးမန္တလေး နေစဉ် တလျောက်လုံး တနေ့ကို ဘုရား တကြိမ် ရှစ်ခိုးရပါတယ်.. ရှိသမျှ ဘုရားစာ အားလုံးရွတ်.. ၁၀ မိနစ်လောက် တရားထိုင်ပေါ့.. ၊ နာရီဝက်လောက် တော့ ကြာတာပေါ့..၊ ကျနော့် အဖိုးက ခုနက မျက်နှာငယ် သားမက် လေးကို ပုံမှန် ဘုရားရှစ်ခိုးတဲ့ အထဲ ထည့် ရုံအပြင် အပိုဆုအဖြစ် ကျောက်ဝိုင်းက ပြန်လာတဲ့ အချိန်မှာ နာရီဝက် လောက် တခါ ဘုရားစာ ရွတ်ခိုင်း တရားထိုင်ခိုင်းပါတယ်..။
အဲဒီ.. ဦးလေးက ကျောက်ဝိုင်းကို မနက်အစောကြီး ထသွားရတာ ဆိုတော့ မနက်ပြန်လာတဲ့ အချိန်ဆို စားသောက်ပြီး အိပ်တယ်..၊ အဲဒါကို ကျနော့် အဖိုးရောက်လာတော့ ကျောက်ဝိုင်းက ပြန်လာ လာချင်း ဘုရားစာ ရွတ် ရတော့ သူ တော်တော် စိတ်ညစ်မှာပေါ့...၊ ယောက်ခမ လုပ်သူက ခိုင်းတာ ဆိုတော့လည်း မငြင်းရဲဘူး..၊ နောက်တော့ သူပြန်လာတဲ့ အချိန်ဆို တိတ်တိတ် ပြန်လာ.၊ တိတ်တိတ် ကလေး စားပြီးမှ ဝင် ဝင် အိပ်တယ်..၊ ဒါပေမဲ့ ကျနော့် အဖိုးက မရဘူးဗျ..၊ အဲဒီလို လစ်လစ် နေတာကို မခံဘူး.. သူပြန်လာမဲ့ အချိန်လောက်ကြရင် အိမ်ပေါက် ဝ ကနေ ပက်လက်ကုလားထိုင်ကြီး နဲ့ စောင့် နေတာ..၊ အသံလေး ချွတ်ချွတ် မကြားလိုက်နဲ့ မောင်ထွန်းဝေ လားမေးပြီး ဘုရားစာဆိုခိုင်းတော့ တာဘဲ..။
အင်း.. ၂ လလောက်လည်း နေရော.. သူ့မိန်းမ ကို စာလေး တစောင်ရေးပေးပြီး.. ထွက်သွား ပါလေရော ဗျာ..၊ စာလေးက
အထွေးရေ
မင်းအဖေကြီး ရန်ကုန် ပြန်မှသာ မောင့် ကို ကြေးနန်း ရိုက်ခေါ် လိုက်ပါတော့..၊ အခုတော့ မောင် ဘုရားစာ မဆိုနိုင်တော့လို့ ကချင်ပြည် ခဏ ပြန်သွားပါပြီ...တဲ့..
ပြည်ပန်းညို ချိုပါရဲ့ ယောက်ခမ ဘုရားစာ က ဖျက် လို့ ဝေးဝေး နေရတော့မဲ့
မောင် တဲ့
ကဲ.. ချစ်သော ဘလော့ဂါ လူပျိုကြီးများ ရေ မိန်းမ ယူရင်လည်း ကြည့်ယူကြနော်.. ကျနော့် အဖိုးလို ယောက်ခမ ကြီးများနဲ့ တွေ့နေလို့ ရွှေချဉ်ပေါင် တုံးကာမှ မောင်ဖုန်းပြန်လာမယ် လုပ်နေရလိမ့်မယ်...
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
ဟားးဟားးလို့သာ အော်ပြီးရယ်ပစ်လိုက်တော့တယ် မရွှေစင်ရေ...။ အစ်မစာရေးကောင်းလို့ ပို့ရယ်ရတယ်ဗျ။ အူတောင်နာတယ်။
ReplyDeleteအဖိုး၊ဖေဖေ၊ သား၊ သမီး၊ မြေး၊ အဒေါ် အကြီး၊ အဒေါ် အငယ်ဆုံး၊ နှမ၊ ဒုတိယ ဦးလေး၊ အဖေကြီး၊ ချွေးမ နဲ့ သားမက်၊ တို့ကို ကျနော် ဆိုတာနှင့် ဆက်စပ်လိုက်ရတာ၊ ပျော်စရာ ကောင်းတဲ့ မိသားစုကြီး ပါပဲ။
ReplyDeleteး) အစ်မရေ.... တကယ်လို့အဲလို ယောက္ခမနဲ့တွေ့ရင် တကယ်မလွယ်ဖူးနော်
ReplyDeleteကိုမိုးလည်း အဲလို ယောက္ခနဲ့အတူနေတာဗျ
သူမဟုတ်သလိုလုပ်သွားတာတွေ့လားး)
ရွှေစင်ဦးရေ
ReplyDeleteအဖိုးကြောင်းဖောက်သည်ချဘို့ အမှတ်စဉ်တွေ ဘယ်လောက်ကျန်သေးတုံ
အဟိ---
Mama Shwezin,your grandpa is very lovely,and your father's action on his sister makes me smile all the time. heee....heee...I like this article so much!
ReplyDeleteIt will be very enjoyable to be a family member of yours.
yours lovingly,Watma.
ယောက္ခမဆိုတာ..တည့်အောင်ပေါင်း..ကျောင်းကိုပို့ ..ဥပုသ်ရက်ရှည်စောင့်ခိုင်းပါ...
ReplyDeleteအမတို့အဖိုးကို အဲ့အဒေါ်က ဘာလုပ်တာလဲ.. အဲဒါကိုအမအဖေကငြိမ်ခံနေတာလား...
ReplyDeleteအသက်ကြီးသူတွေကို သူတို့စိတ်တွေကိုအဲလိုထိန်းချုပ်တဲ့ သူတွေကိုကြည့်မရဘူး။ ၀ဋ်လည်လိမ့်မယ်..
အသက်ကြီးသူတွေကို စာနာပါ။ သနားပါ။နားလည်ပါ..ကိုယ်လဲတနေ့အိုရမှာ..။
မမရေ...ကိုမိုးလိုပဲ အော်သာရယ်ပစ်လိုက်တော့တယ်..ဟားဟား...ငါ့အစ်မကတော့လေ တကယ်ပဲရေးတတ်တယ် :)))
ReplyDeleteချစ်ညီမလေး
အင်ကြင်း
သြော်.. အဖိုးတို့ ရိုက်ချက်က...
ReplyDeleteပြည်ပန်းညှိုကြီးလည်းနွမ်း...
ဦးထွန်းဝေကြီးလည်းလွမ်း... ဖြစ်ရပါပေါ့လား...
းဝ)