အခု အပိုင်း (၄) ထဲမှာ ကျနော့် နဲ့ ကွန်ပျူတာ နဲ့ ဘယ်လို များ သိကျွမ်း ခင်မင် လာသလည်း ဆိုတာ အရင်ဆုံးပြောချင်ပါတယ်..၊ ကျနော့် ရဲ့ autobiography ထဲမှာ ဖခမည်းတော် အကြောင်း တော်တော် များများ ရေးထားပြီးသား ဆိုတော့ ဖေဖေအကြောင်းကို တော်တော် သိသွားကြပြီ ထင်ပါတယ်..၊ အဲဒီ ကျနော့် ဖေဖေက ခေတ်ရှေ့ကို မိုင်တော်တော်များများ ပြေးနေတာဗျ..၊ သူ ကျနော့် ကို  ကျောင်းပိတ်ရက် တခုမှာ ကွန်ပျူတာ သင်တန်း စတက်ခိုင်းပါတယ်..။
အဲဒီအချိန်မှာ မန္တလေး မြို့မှာ ကွန်ပျူတာ သင်တန်း ဆိုလို့ ကျနော်သိသလောက် တခုမှ မရှိပါဘူး..၊ ကျနော့် ဆရာ (တရုပ် အမျိုးသား) မန္တလေး မြို့ ထွန်း အီလက်ထရောနစ် သင်တန်း ပိုင်ရှင် ရဲ့ ညီ ဖြစ်သူ ကျနော့် ဆရာ တယောက် ဘဲ တရုပ် ကွန်ပျူတာလေး တလုံးနဲ့ နီးစပ်သူတွေကို တယောက်ခြင်း သင်ပေး နေတာ ဖြစ်ပါတယ်..။
အဲဒီမှာ ဆက်စပ်မိပြီး ကျနော် သွားတက်ရတာဖြစ်ပါတယ်..၊ သင်ရတာလည်း အခု ကျနော် သင်နေတဲ့ Application Course မဟုတ်ပါဘူး..၊ Computer Programming Course (BASIC PROGRAMMING) ဖြစ်ပါတယ်..၊ ကျနော့် အနေနဲ့ ကတော့ ကွန်ပျူတာ ဆိုတာ အပြင်မှာ သက်ရှိထင်ရှားမြင်ဘူးတာ ပထမ အကြိမ် ဖြစ်တဲ့ အပြင် သင်ရတာက ပရိုဂရမ်  ဆိုတော့ ခင်ဗျားတို့ သာ စဉ်းစားကြည့် တော့ဗျာ.. ဘယ်လောက် ပျင်းစရာ ကောင်းမလည်း ဆိုတာ ကိုပေါ့..။
ဒါပေမဲ့ ကျနော့် ဆရာက တော်တော် တော်တယ်ဗျ..၊ Programming ကိုလည်း တော်တော် စိတ်ဝင်စား တယ်..၊ ကျနော်တို့ တပည့် ၂ ယောက် စိတ်ဝင်စားအောင်လည်း သင်တတ်တယ်..၊ သူ ရဲ့ တရုပ် Programming စာအုပ်ကြီး နဲ့ သင်တာပါ..၊ အဲဒီစာအုပ်ကြီး ကလည်း ညညဆို ခေါင်းအုန်းအိပ် လို့ တောင် ရမယ်ထင်တယ်. အထူကြီး.၊ အဲဒါကြီး ကို တနေ့ တပုဒ် ဘာသာပြန် ပြပြီး ကျနော့် တို့ကို စဉ်းစား ခိုင်းတယ်..။
ကျနော် ဆိုတာ စိတ်ဝင်စားလွန်းလို့ စားလည်း ဒီစိတ် အိပ်လည်း ဒီစိတ်နဲ့ အိမ်မက် ထဲ မှာ တောင် Run ကြည့် နေတာဗျ..၊ တရက် တရက်....ကိုယ့် ရေးထားတဲ့ ပရိုဂရမ် လေး မှန်လားဆိုတာ သိချင်လွန်းလို့ မနက် မနက် အစောကြီး သွားပြီး စက်ဦး ရတာ..၊ စက်က တလုံးထဲ ရှိတာဆိုတော့ တလှည့်စီ ကိုင်ရတာ ကိုးဗျ..။
အခုခေတ်မှာ Memory Stick လှလှလေး တွေ ကိုတွေ့တိုင်းလည်း ကျနော် ဆရာ ရဲ့ သင်တန်း မှာ ကျနော် တို့ သုံးခဲ့ တဲ့ သင်တန်း ရဲ့ Stick လှလှလေးတွေ လည်း ပြန် သတိရမိတယ်.. c90 Sony ကက်ဆက် ခွေလေး ဗျ..၊ သင်တန်း စတက်တော့ ဆရာ က c90 ကက်ဆက် ခွေ အလွတ်လေး တခွေစီဝယ်ခိုင်းတယ်..၊ ကျနော့် စိတ်ထဲ ငါ သင်တာက ကွန်ပျူတာပါ ဘယ်နဲ့ ကက်ဆက်ခွေ ဝယ်ခိုင်းပါလိမ့် ဆိုပြီး အံသြလို့ဗျ....ကွန်ပျူတာ ဆိုတာကြီး နဲ့ ငါ့ရဲ့ ခွေးနာ လောက်ကိုက် အသံတွေကို  ကောင်းအောင် လုပ်ပြီး အဆိုတော်များလုပ်ခိုင်း အုန်း မလို့လား မသိဘူးဆိုပြီး ရင်တွေတောင် ခုန်သွားသေးတယ်..။
ကျနော် သိတာကလည်း ကက်ဆက်ခွေ ဆိုတာ သီချင်းနားထောင်တာ နဲ့ သီချင်းအသံသွင်း တာဘဲကိုးဗျ.. နောက် မှ အဲဒီ ကက်ဆက်ခွေလေး ကို ကက်ဆက်ထဲ ထည့် ကက်ဆက်နဲ့ ကွန်ပျူတာ နဲ့ ဆက်ပြီး ကျနော် တို့ ရေးထားတဲ့ ပရိုဂရမ် တွေကို Save လုပ်တာကိုး.၊ အဲဒီခေတ်က Discard တောင် မပေါ်သေး ပါဘူး ဗျာ...။
တခါကများ ဖြစ်ပုံ အစောကြီး စက်ကိုင်ချင်လို့ သွားတာ ဆရာက ၅ နှစ်စာ ချဲနံပါတ် တွေထဲ့ပြီး ချဲ ပရိုဂရမ် ထုတ်နေတာ ကွန်ပျူတာကြီး က ဘယ်လိုမှ ကိုက်အောင် မတွက်နိုင်တော့ ချာလပတ်ရမ်း နေတာ ထိုင်ကြည့် ပြီး စိတ်ကူးတွေတောင် ယဉ်ခဲ့မိသေး......။
အဲဒီနေ့က ဆရာက ဇွဲ မလျှော့ ဘဲ ဒီနေ့ နင်တို့ စက်မကိုင်ကြနဲ့ ငါ ရဲ့ ဒီ ချဲ ပရိုဂရမ် ကြီး ကို ၂၄ နာရီ Run ကြည့် မလို့  ဒီ ပရိုဂရမ် ကြီး အောင်မြင်သွားရင် ငါတို့ ဆရာတပည့် တွေ ပွပြီ ဟ ဆိုတာနဲ့ စိတ်ကူး တွေယဉ်၊ ဆရာ ရဲ့ ချဲ ပရိုဂရမ်ကြီး အောင်မြင်ပါစေ လို့ ဆုတွေ တောင်း၊ ကွန်ပျူတာကြီး မျက်စိလည် နေတာကို ထိုင်ကြည့် ပြီး ပြန်ခဲ့ ရတယ်ဗျ..။
အဲဒီလိုမျိုး.....ဆရာစီမှာ  တနှစ် ကျော်ကျော် Programming တက်ခဲ့ပါတယ်..၊ သင်တန်း ပြီးသွား တာလည်း သင်စရာ မရှိတော့ လို့ ဗျ..ကျနော့် ဆရာ ရဲ့ တရုပ် Programming စာအုပ်ကြီးကလည်း ကုန်သွားပြီ နောက်ပြီး ကျနော် တို့ ဆရာ တပည့်တွေရဲ့ မဟာ ပရိုဂရမ်  ကြီးကလည်း ပြီးသွားပြီဖြစ်တဲ့ အတွက် အောင်မြင်စွာ သင်တန်းပြီးဆုံး သွားပါတယ်..။
အဲဒီ ပရိုဂရမ် က အခုခေတ် အနေနဲ့ ဆိုရင်တော့ တအားလွယ်သွားပြီပေါ့ ဗျ..အဲဒီခေတ်က တော့ ကျနော် တို့ ဆရာ တပည့်၃ယောက် ချွေးကို ပြန်နေတာပါဘဲ... ကျနော့် တို့ တပည့် ၂ယောက် ကတော့ အာဂတန် ပါဂတန် ပါ ၊ ဆရာ ခိုင်းတာ လုပ်ပေးရုံ နဲ့ ဆရာ ရှင်းပြတာ နားထောင်ရုံပါ..၊ ဆရာက အကုန် လုပ်သွား တာပါ..။
အဲဒီ ပရိုဂရမ် က ရက်စွဲ တခုကို ရိုက်ထည့်လိုက်ရင် တရုပ် လို မြန်မာ လို အင်္ဂလိပ် လို ၃မျိုး ပေါ်တာပေါ့ဗျာ..ဥပမာ..October 25 1961 လို့ ထည့်လိုက်ရင် သီတင်းကျွတ် လပြည့်ကျော် ၁ရက် ဗုဒ္ဓဟူး မြန်မာ သက္ကရစ်က ......ဘယ်လောက် တရုပ် လိုက နွား နှစ် .......ဘာ ညာ ပေါ့ဗျာ..၊ အဲဒီ ပရိုဂရမ် ဗျ...၊ အောင်မြင်ပါတယ်..၊ ကျနော် ပြောခဲ့ သားဘဲနော် .... ဆရာက သိပ်တော်ပါတယ်လို့..ကျနော့် ဆရာ ကိုး ဗျ.....။ (အချောင် အသား က ယူရသေးတယ်...) 
အဲဒီလိုနဲ့ ကျနော်ဟာ ကွန်ပျူတာ နဲ့ ပထမ ဆုံး အကြိမ် ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်..ကျနော့် ရဲ့ ပထမဆုံး (ကွန်ပျူတာ နဲ့ ပတ်သက်တဲ့) ချစ်သောဆရာ ရဲ့ ဂုဏ်ကျေးဇူးလေးကိုလည်း ဒီနေရာကနေ ဖော်ပြ ပါတယ်..။  (ဆရာ ရဲ့ ကျေးဇူးတရားကိုလည်း တသက်လုံး သတိရနေပါတယ်)
အပိုင်း (၅)ဆက်ရန်
.
Helo!!!!!!!!!!!!!
ReplyDeleteWaiting for new post.:P
How about to write about that one you was afraid of while you were in Maymyo.
Ray
အပိုင်း ၅ မြန်မြန်ရေးတော့လေ. စောင့်ဖတ်နေတယ်နော်။ programming ကို သေချာလေ့လာခဲ့ရတာပဲ။ သဘောကျလိုက်တာ:)
ReplyDeleteဖတ်ရတာ တိုတယ်..အမရာ..
ReplyDeleteမြန်မြန်လေးရေးပေးပါ။
အမ..ပရိုဂရမ်နဲ့ပက်သက်တဲ့ စာတွေသင်ပေးရင် အရမ်းကောင်းမှာပဲ..အမရာ..အခု ဆရာရှာနေတာ..
ပရိုဂရမ်မာ မလုပ်ချင်ပေမဲ့ တတ်အောင်သင်ရမဲ့သဘောဖြစ်နေလို့ သိပ်စိတ်ညစ်နေတာ..အမရေ.. သင်ပေးမလား တကယ်ပြောတာပါ။ အဆင်ပြေရင် သင်ပေးပါ။ တပည့်လိမ္မာလေးလုပ်ပါ့မယ်။
အမရဲ့ဆရာ ချဲ program ကအောင်မြင်လား
ReplyDeleteဟင် အောင်မြင်ရင် ဦးမင်းဒင်တို့ကို ပေးလိုက်ပါအုံးဗျ သူတို့က နီးစပ်တယ်လေ
အဟတ် ဟတ်!
အမရေ ချဲ program ကအောင်မြင်ဘူးလားဟင်
ReplyDeleteအောင်မြင်ရင် အမရဲ့ဘလော့ဂါတွေကို မမေ့နဲ့နော်
အဟတ် ဟတ်! ဒါကြောင့် မြန်ပြည်ကြီးက နှစ်လုံး သုံးလုံးတွေနဲ့ ဟုတ်နေတာ ဟုတ်နေတာ