Friday, November 2, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၃)

ဂျောဂီ
စန်ကာလို
(၆-ရက်မြောက်နေ့)


တိပ်ခွေကို ပြန်ဖွင့် နားထောင်သည်။ အဓိပ္ပာယ် ဖွင့်ကြည့်တော့ သည်အဖြေပဲ ထွက်နေသည်။ တိပ်ခွေထဲမှ ထွက်လာ သည့် သူ့အသံနှင့် သူ့ရုပ်သွင်ကို ဆက်စပ် ကြည့်သည်။ စိတ်ထဲတွင် လူတစ်ဦးစီ ဖြစ်နေသည် ထင်၏။
နာရီကိုကြည့်လိုက် သည်။ ရိက္ခာကားထွက်ဖို့ တစ်နာရီလိုသေးသည်။ တိပ်ခွေ ဖွင့်ထားသော်လည်း အင်းနက်ဇ် တစ်ယောက် အိပ်မောကျနေဆဲ။ သူအိပ်လျှင် ဘယ်အရာမှ အနှောင့်အယှက် မဖြစ်။ နာရီပေါင်းများစွာ အိပ်မည်။ တစ်မျိုးတော့ ကောင်းသည်။ အကောင်းဆုံး အချိန်ဖြုန်းနည်း မဟုတ် လား။ အိပ်ပျော် နေချိန်တွင်ပင်လျှင် လှနေ သည့် မိန်းကလေး။ နဖူးပေါ် ၀ဲကျနေသည့် ဆံပင်တွေ ကို ကျွန်တော် သပ်တင်ပေးလိုက်သည်။ ရင်ထဲတွင် ငြိမ့်ခနဲ နွေးသွား၏။ ဆွတ်ပျံ့ ကြည်နူးမှုဖြင့် တသိမ့်သိမ့် ရင်မှာ လှုပ်ခါသွားလား။ ကျွန်တော် သိပ်နားမရှင်းပါ။
သူ လူးလွန့်လာ ပြီး မျက်လုံးဖွင့်ကြည့်သည်။

"ကိုယ် ခဏနေ သွားမယ်နော်"
"ဘယ်တော့ ပြန်လာမှာလဲ"
"ည ပြန်လာမယ်လေ"
မျက်လုံးပြန်မှိတ်သွားသည်။ ငုံ့ပြီးနမ်းတော့ ဗလုံးဗထွေး ပြန်ပြောသည်။ ဘာမှန်းမသိလိုက်။
မနေ့ညက အဖြစ်က ဆိုးလှသည်။ မနာလို ၀န်တိုစိတ်ဖြင့် ကျွန်တော် တနုံ့နုံ့ ခံစားရ၏။ ဘ၀တွင် ပထမဦးဆုံး ပူပူလောင်လောင် ခံစားရခြင်း။
ညစာစားပွဲ တွင် ဘာမျူဒက်ဇ်က ဗားဂက်စ်၏ မီးထိန်ထိန် လင်းနေသည့် ဥယျာဉ်ကြီးထဲသို့ လျှောက်ပြတော့ သူ့ကို သိသိသာသာ အရေးပေးနေ၏။ ကနွဲ့ကလျနှင့်။ ကျွန်တော့် သိသိသာသာ ဗလောင်ဆူလာ၏။ ပထမတော့ စိတ်ရှုပ်သွားသည်။ ပြီးမှ အထိတ်တလန့် ဖြစ်သွား၏။ အချစ်ကို လက်နက်အဖြစ် သုံးပြီး ကျွန်တော် က အနိုင်ယူခံမည့် ကောင်စားမျိုး မဟုတ်ပါ။ ဒီမိန်းကလေးကို ကျွန်တော် ချစ်မိပြီဆိုလျှင်တော့ ကံဆိုးမိုးမှောင် ကျခြင်းပဲ။

ဗားဂက်စ် ၏ ပန်းဥယျာဉ်ကြီး အတွင်းမှာ သဘာဝတိရစ္ဆာန်ရုံ အငယ်စားလေး တစ်ခုပင် ဖန်တီး ထားသေးသည်။ ဘာမျူဒက်ဇ် က ဂုဏ်ယူစွာဖြင့် လိုက်ပြသည်။ ခပ်ကြွားကြွား ခြေလှမ်းများဖြင့်။ သည်ပုဂ္ဂိုလ်ကို ကျွန်တော် အံ့သြ စပြုလာပြိ။
စိတ်ပျက်စရာ အပြုအမူတွေ တွေ့လာရ၏။ သည်နန်းတော်ကြီးထဲသို့ သူနှင့် သူ့ လူယုံတွေ ပြောင်းရွှေ့ နေ ထိုင်သည်တဲ့။ တစ်ပြိုင်တည်းတွင် သူ့အမူအရာတွေပါ ပြောင်းလာ၏။
သူဝတ်သည့် အ၀တ်အစားမှာ နေ့ချင်းညချင်း တောက်ပပြောင်လက်လာ၏။ သူပြောသည့် စကားလုံးများ ကလည်း တစ်နေ့တခြား ကြီးထွား ခန့်ထည်လာ၏။
သူ့လူတွေ ကတော့ ပို၍ ကြည်ညိုနေကြသည်။ သို့သော် သူရှေ့မှ သွားလေသူများအတိုင်း သူလည်း မူးယစ်ဆေးဝါး ၏ သားကောင် ဖြစ်ဦးမည်ဟု ကျွန်တော် ယုံကြည်နေ၏။ သူသည် လုပ်ချင်ရာကို ခေါင်းမာစွာ စွတ်ရွတ် လုပ်တတ် သူလည်း ဖြစ်သည်။

ညစာစားရင်း သူ ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို ပြောပြသည်။ ကျူးဘား တော်လှန်ရေး၏ စောစောပိုင်း အမှားများ အကြောင်းနှင့် ပြောပြပြီး ကျွန်တော် သတိပေးသည်။
သူက ၀တ်ကျေဝတ်ကုန် နားထောင်သည်။ သို့သော် သိပ်အလေးအနက်ထားပုံ မရ။ ပြည်သူ တို့၏ တောင်းဆိုချက်အရဟု ဆိုကာ ပြည်သူ့ခုံရုံး ဆုံးဖြတ်ချက်ဖြင့် ပထမအဆင့် သုတ်သင်ရှင်းလင်းပွဲ သူ လုပ်ပြီးပြီ။
လက်စားချေလို စိတ်က သူတို့အားလုံးကို ဘီလူးစီးနေပြီ။ သူ အောင်ပွဲခံပြီး လူတချို့ကို ကွပ်မျက်ခဲ့ သည့်ကိစ္စနဲ့ ပတ်သက်ပြီး ဖီဒယ်လ်ကက်စထရို တစ်ယောက် နောင်တရမည် ဆုံးဖြတ်နေကြောင်း ပြောပြတော့ တိုင်းပြည် အခြေအနေ ချင်း မတူကြောင်း သူပြန်ပြောသည်။
အမေရိကန် ကို သူ ဖော့တွက်လွန်းနေသည့်အတွက် ကျွန်တော် အံ့သြမဆုံး ဖြစ်နေ၏။ နစ်မစ်ဇ် သင်္ဘောကြီးနောက် သို့ ဆုတ်သွားခြင်း၊ စန်ကာလို လေကြောင်းပိုင်နက်အတွင်းသို့ အမေရိကန် တို့ ကလေယာဉ်တွေ အလာကျဲသွားခြင်းကို သူအဟုတ်ကြီးထင်နေ၏။

ကြည်နူးနေရမည့် အချိန်မျိုး မဟုတ်ကြောင်း ကျွန်တော် ထောက်ပြသည်။ အမေရိကန်၏ ခြေလှမ်း များသည် သူ့ကို တွေဝေအောင် လုပ်သည့် ပရိယာယ်ေ၀၀ုစ်များ ဖြစ်နိုင်သည်။
အမေရိကန်တွေ က တစ်စုံတစ်ခု ပြင်ဆင်နေလျှင် စစ်ရေးအရ တင်းကျပ်မှု၊ စစ်ပြင်ဆင်မှုမျိုး လက္ခဏာ ပြမည် မဟုတ်ကြောင်းနှင့် သံရုံးဝင်းအတွင်း လုံခြုံရေးအခြေအနေ လျော့ရဲရဲ ဖြစ်လာ ကြောင်းများကို ကျွန်တော် ပြောပြ လိုက်သည်။
သို့သော် သူက အရေးမကြီးဟန်ဖြင့် ဖမ်ဘိုနာကို အကြောင်းကြားလိုက်မည်သာ။ ခပ်ပေါ့ပေါ့ ပြန်ပြောသည်။
အမေရိကန်တွေ ဘက်က မကြာခင် ညှိနှိုင်းဖို့ ရောက်လာလိမ့်မည်ဟု သူက ယုံကြည်နေ၏။ ပြီးတော့ ကြက်ခြေနီနှင့် ဆွီဒင်သံအမတ်ကြီးတို့က ကြားဝင် ညှိပေးလိုကြောင်း လေသံပစ်သည်။ သည်ကိစ္စမျိုးက မလွဲ မသွေ ၀င်လာတတ်ကြောင်း ကျွန်တော် ပြောတော့ သူသဘောကျပုံမရ၊ သို့သော် သူက ယဉ်ကျေးစွာပင် နားထောင် သည်။ သူကျွန်တော့်ကို ရိုင်းလို့ မဖြစ်ဘူးလေ။ ကျူးဘား အကူအညီအများကြီး သူတို့ ဆက်ယူကြရဦး မှာ မဟုတ်လား။

ဟိုတယ်ပြန်ရောက်ပြီး ကျွန်တော်နှင့် အင်းနက်ဇ် အိပ်ဖို့ ပြင်ကြသည်။ အင်းနက်ဇ်က မျက်နှာကြက် ကို မော့ကြည့်ပြီး အတွေးနက်နေ ဟန်ဖြင့် ...
"သူဟာ သေမင်းကို အမိန့်ပေးနိုင်တဲ့သူပဲ"
"ဘာ ..."
"ဘာမျူဒက်ဇ်ကို ပြောတာ၊ သူ့လူတွေက တရားရုံးစီရင်ချက်တွေ သူ့ဆီ ပို့ပေးရတယ်၊ သူက တချို့ ပယ်ချတယ်၊ တချို့ ကို လက်မှတ်ထိုးပေးတယ်၊ သူအတည်ပြု လက်မှတ်ထိုးပေးတာ လူတစ်ရာ ကျော်သွားပြီ၊ နောက်ထပ် အများကြီး လာဦးမယ် ထင်တယ်"
ကျွန်တော့်ဘက် သို့ သူလှည့်ကြည့်သည်။ သူ့မျက်လုံးတွေထဲတွင် ကြည်နူးခြင်းနှင့် ထိတ်လန့်ခြင်း ရောထွေးနေ သည့် အရိပ်အယောင်များ တွေ့ရ၏။
အာဏာနှင့် ပါဝါကို သူ အားကျပုံရသည်။ စိတ်ပျက်ပျက်ဖြင့် ကက်ဆက်ကလေးကို အိတ်ထဲထည့်ပြီး အခန်းထဲမှ ထွက်လာခဲ့ သည်။ အပြင်တွင် ကျွန်တော့် သက်တော်စောင့် နှစ်ယောက် ခွေးခြေတစ်လုံးစီဖြင့် မျက်နှာချင်းဆိုင် ထိုင်နေကြ ၏။

လွန်ခဲ့သည့်နှစ်ရက်က ကျွန်တော့်ကို ပေးထားခြင်း ဖြစ်၏။ မြို့ထဲတွင် အမေရိကန်သူလျှိုတွေ အများကြီး ရောက်မည် ဆိုသည့် သတင်း ပျံ့နေသည်။ သူတို့ ကျွန်တော် ရောက်နေကြောင်း သိနေကြပြီလား၊ သိလျှင် ကျွန်တော့်အသက်ကို ရန်ရှာမည်ဟု ဘာမျူဒက်ဇ်က ထင်နေသည်။ ကျွန်တော်တစ်ခုခု ဖြစ်လျှင် ဖီဒယ်လ် က သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်။
ဘယ်လောက် အားကိုးရသည့် နှစ်ယောက်လဲ၊ ငုတ်တုတ် အိပ်ပျော်နေကြ၏။ ကျွန်တော်က ခြေနှင့် ခပ်ဆတ်ဆတ် ကလေး ကန်နှိုးခဲ့ပြီး ၀ရန်တာသို့ ဆက်လျှောက်သွားသည်။ အိပ်ချင်မူးတူးဖြင့် နောက် မှ ပြေးလိုက်လာပြီး တောင်ပန်သည်။ ဘာမျူဒက်ဇ်ကို ပြန်မပြောဖို့ ပြောသည်။ ကျွန်တော် ဘာမှပြန်မပြော။ ကားပေါ်ရောက်တော့ စိတ်တိုတိုနှင့် ကျွန်တော့်အနားက ဘယ်မှမသွားဖို့ ပြော ထားလိုက်သည်။ ကျွန်တော် သည်ရောက်နေ ပြီး ဘာလုပ်နေသည်ကို သိလျှင် သူတို့ ကျွန်တော့်ကို ရှင်းပစ်မည် မုချ။

ပဲတောင့်ရှည်အိတ်တွေပေါ်တွင် ထိုင်လိုက်သည့် အခြားလူပိုတစ်ယောက် ပါသေးသည်။ သံရုံး မီးဖိုဆောင်မှ မက်ဇ်တီဇို ကပြား ချာတိတ် ကလေး။ သူက ကျွန်တော့်ကို ဦးညွတ်ပြီး နှုတ်ဆက် သည်။ ကားထွက်သည်နှင့် ကျွန်တော် မေးလိုက်သည်။
"မင်းကို သူတို့ အပြင်ထွက်ခွင့်ပေးတယ် ဟုတ်လား"
"ဟုတ် ... ဟုတ်ကဲ့၊ ကျွန်တော့်အမေ နေမကောင်းလို့ ခင်ဗျ"
ချာတိတ်က ပိန်ပိန်သေးသေးကလေး ဖြစ်သည်။ သူ့အသက်ကို ခန့်မှန်းဖို့မလွယ်၊ ဆံပင်တွေက မျက်နှာပေါ်ဝဲကျလျက်၊ နှစ်ဆယ်လောက်ပဲ ရှိမည်။ ကျွန်တော့်ကို သူ တည့်တည့်မကြည့်။
"မင်း ဒီမှာလုပ်ရတာ ပျော်ရဲ့လား"
မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကျွန်တော့်ကို ကြည့်သည်။

"မင်း ဘာဖြစ်လို့ ထွက်မပြေးတာလဲ"
သူက နှုတ်ခမ်းကို လျက်ပြီး ...
"ကျွန်တော့် မိသားစုကြောင့်ပါ အစ်ကို"
"ဒါဆို မင်း လဲ သုံ့ပန်းဖ်ြစနေတာပေါ့၊ ဟုတ်လား"
သူက ခေါင်းညိတ်ပြီး ...
"အဲဒါကြီးက ကြာဦးမှာလား အစ်ကို"
"ငါလဲ မသိဘူးကွ၊ သိပ်တော့ ကြာမယ်မထင်ပါဘူး"
ကားထိုး ရပ်သွားသည်။ တံခါးတွေ ပွင့်လာသည်။ သူက ကျွန်တော့်လက်ဆွဲအိတ်ကို ကောက်ယူမည်ပြုတော့ ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။
လုံခြုံရေးရုံးခန်း ထဲရောက်တော့ ဖိုင်တွဲတွေကို အိတ်ထဲမှ မထုတ်ဘဲ ကက်ဆက်ကို ဆွဲထုတ်ပြီး စားပွဲပေါ် တင်လိုက် သည်။ ပြီးမှ အတွင်းခန်းတံခါးကို သွားဖွင့်သည်။ အတွင်းသို့ ငဲ့မကြည့်ဘဲ စားပွဲ ဆီ ပြန်လျှောက် လာပြီး ကုလားထိုင်တွင် ၀င်ထိုင်သည်။

သူ အပြင်ခန်းသို့ ထွက်လာသည်။ သူ့မုတ်ဆိတ်တွေရှည်လှပြီ။
မင်္ဂလာပါ သံအမတ်ကြီး ခင်ဗျား"
သူက အသံဖမ်းစက်ကလေးကို ကြည့်ပြီး ...
"ဒီမယ် ကယ်လ်ဒီရွန်၊ မင်း အဲဒီခလုတ်ကို ဖွင့်ရဲရင် ဖွင့်ကြည့်၊ ငါ ကျိန်ပြောတာ ၀ါသနာမပါဘူး၊ ဒါပေမယ့် ငါ ကျိန်ပြောမယ်၊ မင်းဖွင့်တာနဲ့ ငါ့ပါးစပ်က အယုတ္တအနတ္တတွေ ထွက်စေရမယ်"

ပီယာဘိုဒီ
စန်ကာလို
(ခြောက်ရက်မြောက်နေ့)

သူက ကျွန်တော့်ကို ကုလားထိုင် တစ်လုံးတွင် ထိုင်ရန် ညွှန်ပြပြီး ...
"ကျွန်တော် ခင်ဗျားအသံကို မဖမ်းပါဘူးဗျ၊ အဲဒီ ကက်ဆက်ထဲက အသံကို နားထောင်စေချင်လို့ ဖွင့်ပြမလို့ပါ"
ကျွန်တော် က ကုလားထိုင်ဆီသို့ နာကျင်စွာ လျှောက်သွားသည်။
"အိပ်လို့ အဆင်ပြေရဲ့လား မစ္စတာ ပီယာဘိုဒီ"
"မင်း ငါ့အိမ် မှာ နေတုန်းပေါ့ ဟုတ်လား၊ မင်းရဲ့ ကျူးကျော် စော်ကားမှုက အတိုင်းအဆ မရှိပါဘဲ လား"
သူက ပြုံးပြီး ...
"ကျွန်တော် တစ်ည တည်း အိပ်တာပါဗျာ"
"ငါ့ ဆေးပုလင်းတွေ ရှိသေး ရဲ့လား မသိဘူး၊ ငါ့အဆစ်အမြစ် ရောဂါက ပိုဆိုးလာတယ်ကွ"

သူက စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းပြပြီး ...
"မတွေ့တော့ဘူးဗျာ၊ ချာတိတ်တွေ လက်ဆော့ပစ်လိုက်ပြီနဲ့ တူတယ်၊ သွားလေသူ သမ္မတ ဗားဂက်စ်ဟာ ခင်ဗျား တို့ သမ္မတ နစ်ဆင်ဆီက အကျင့်တွေရပြီး သူ့နန်းတော်တစ်ခုလုံး လျှို့ဝှက် အသံဖမ်းစနစ်တွေ တပ်ဆင် ထားတယ်၊ တော်လှန်ရေးသမားတွေက တိပ်ခွေစတိုခန်းကို တွေ့သွား တယ်၊ သူတို့ အခု အဲဒီ တိပ်ခွေတွေနဲ့ အလုပ် ရှုပ်နေကြတယ်၊ တချို့က တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ မနေ့က သူတို့ ကျွန်တော့်ဆီ ယူလာပေး တယ်၊ ကျွန်တော်တို့ နားထောင်ပြီးမှ ဆွေးနွေးကြတာပေါ့ဗျာ"
သူက ရှေ့ကို ကိုင်းပြီး ခလုတ်ကို နှိပ်လိုက်သည်။ ပထမဆုံး ပေါ်လာသည့် အသံက ...
"မင်္ဂလာပါ" အသံကြားလိုက်သည်နှင့် လွန်ခဲ့သည့် ဆယ့်ခြောက်ရက်သို့ ကျွန်တော် ပြန်ရောက် သွားသည်။ ဘာမှ မကြာသေးသည့် ကာလ၊ ကမ္ဘာနှင့်ချီ၍ ကြာသည် ထင်ရ၏။ ထိုနေ့ကို ကျွန်တော် ကောင်းကောင်း မှတ်မိ သည်။ စန်ကာလိုကို ရောက်ပြီး နောက်တစ်နေ့၊ သမ္မတ ဗားဂတ်စ်က ကျွန်တော့်ကို သီးသန့် ဖိတ်ပြီး တွေ့သည်။ ကိုယ့်အသံ ကို ကိုယ်ပြန်ကြားနေရသည့်အတွက် ထိုနေ့ မြင်ကွင်းကို ကျွန်တော် ပီပီပြင်ပြင် ပြန်မြင်နေသည်။

သမ္မတ၏ အတွင်းရေး အတွင်းဝန်က ဧရာမအခန်းကြီးထဲသို့ ခေါ်သွားသည်။ ကနုတ်ပန်းများဖြင့် အလှအပ သွန်းထုထား သည့် သစ်သားစားပွဲကြီး တစ်လုံးတွင် ကျွန်တော့်ကို ထိုင်ခိုင်းပြီး ပြန်ထွက် သွားသည်။ ကျွန်တော်ထိုင် သည့် ကုလားထိုင်ကို သေသေချာချာ ကြည့်လိုက်သည်။ ရှေးဟောင်း ကုလားထိုင်ကြီး တစ်လုံး၊ ပြီးတော့ ပရိဘောဂ အားလုံးကို ကျွန်တော် ဝေ့ကြည့်လိုက်သည်။ မက်စ်တီဇိုအပြားများ နေသည့် ရွာအားလုံးကို ငါးနှစ် စာလောက် ထမင်းကျွေးထားနိုင်ပြီး တပ်မများစွာကို အမ်-၁၆ရိုင်ဖယ်များ တပ်ဆင်ပေးနိုင် မည့် ငွေပမာဏ ဖြစ်လိမ့်မည်ဟု ကျွန်တော် စိတ်တွက်တွက်ကြည့်လိုက်သည်။ ငါးမိနစ် ကျွန်တော် စောင့်သည်။ ခန်းမကြီး ၏ ဘေးတံခါးရွက် ပွင့်လာပြီး သူပေါ်လာသည်။ ကျွန်တော် မတ်တတ် ထရပ်လိုက်၏။
မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။ ပြီးတော့ ကျွန်တော့် ဖိနပ်ကို သူငုံ့ကြည့်သည်။ ကျွန်တော်က ခပ်ကြောင်ကြောင်ဖြင့် ...
"ဟုတ်ကဲ့ပါ သမ္မတကြီး ခင်ဗျား၊ ကျွန်တော် ဒီတံဆိပ်ကို အမြဲတမ်း စီးပါတယ်" သူက ပြုံးပြီး ပြန်ပြောသည်။

"အဲဒါ ကျွန်တော်အကြိုက်ဆုံး ဖိနပ်ပေါ့၊ ယူနီဖောင်း မ၀တ်တဲ့အခါတိုင်း ကျွန်တော် အမြဲစီးတဲ့ ဖိနပ်လေ၊ ကမ္ဘာပေါ် မှာ အကောင်းဆုံး ဖိနပ်ပေါ့ဗျာ၊ ခင်ဗျား နံပါတ်ဘယ်လောက်စီးသလဲ သံအမတ်ကြီး"
"တစ်ဆယ်ခွဲ ခင်ဗျ"
"၀ါရှင်တန်သံရုံးမှာ ရှိတဲ့ ကျွန်တော့်လူတွေက အမြဲတမ်း ပို့ပေးပါတယ်၊ ခင်ဗျား နံပါတ် ကျွန်တော် ထည့်မှာလိုက် မယ်လေ"
နိုင်ငံခြားရေးဌာန ၏ စည်းမျဉ်းစည်းကမ်းများကို ပြောဖို့ ကျွန်တော် ဟန်ပြင်လိုက်သည်။ သူလက်ကာပြပြီး ကျွန်တော့်အနား ကို ချဉ်းကပ်လာသည်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ကြသည်။ သူက ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် ထိုင်ခုံတွင် ထိုင်သည်။ လူပုံက မက်ခ်နယ်လီ၏ ကာတွန်း ရုပ်နှင့် တစ်ပိုင်းတည်း။ ပုကွကွ၊ ကုပ်တိုတို၊ လက်ချောင်းတိုတို တွင် ရွှေလက်စွပ်တွေ အပြည့်။ နေကာမျက်မှန်အောက်မှ မျက်လုံမျးား၊ မျက်ပေါက် ကျဉ်းကျဉ်း၊ မုတ်ဆိတ်ရှည်ကြီး များ ထားလိုက် လျှင် ကက်စထရို ရုပ်ပြောင်နှင့် တူနေမည် ထင်၏။ တောင် အမေရိကတိုက် မှ ခေါင်းဆောင် အားလုံး ဘာကြောင့် အရပ်ပုကြပါလိမ့်ဟု ကျွန်တော် တွေးပြီး အံ့သြနေသည်။ သူ စကားစသည်။

"ခင်ဗျား ရေးတဲ့ လက်တင်အမေရိက ခေတ်ပြိုင်စာပေ စာအုပ် ကို ကျွန်တော် သိပ်သဘောကျ တယ်"
ဗားဂက်စ်လို လူ က စာဖတ်သည်ဆို၍ ကျွန်တော် အရမ်းအံ့သြသွားသည်။ အထူးသဖြင့် ကျွန်တော့် စာအုပ်ကို ဖတ်သည် ဆို၍ ပိုအံ့သြရသည်။
"ဒါပေမယ့် ကွန်မြူနစ်ဝါဒကို ရေး တဲ့ မကောင်းဆိုးဝါး မားကွက်စ် အကြောင်းကို ခင်ဗျား သုံးသပ် ထားပုံကိုတော့ ကျွန်တော် အံ့သြတယ်။ ဘာလဲ သူက နိုဘယ်လ်ဆုရထားလို့ ခင်ဗျား ဖော့ရေးတာ လား"
"မဟုတ်ဘူး၊ စာအုပ်ထဲ မှာ ကျွန်တာ် ရှင်းပြထားတဲ့ အတိုင်းပဲ၊ သူ့အရေးအသားက သိပ်ကောင်း တယ်၊ သူ ၀ါဒရေးရာ မပြတ်တာကတော့ တစ်ပိုင်းပေါ့လေ"
သူက ပခုံးတွန့်ပြီး ပြုံးလိုက်သည်။

"သူက သိပ်ကြောက်စရာ ကောင်းတဲ့ ဖောက်ပြန်ရေးသမားပဲ၊ ပွင့်ပွင့်လင်းလင်း ပြောမယ်၊ ခင်ဗျား ဒီရောက်လာတဲ့ အတွက် ကျွန်တော့်အနေနဲ့ သိပ်သဘောကျနေတာ၊ ခင်ဗျားရှေ့က သံအမတ်က မနိပ်ဘူးဗျ၊ ကျွန်တော်တို့ ဘက်က အခြေအနေမှန်ကို နားမလည်ဘူး၊ နားလည်အောင်လဲ မကြိုးစား ဘူး၊ ဒီတော့ သူ့အစိုးရ ကို ဒီကအခြေအနေတွေ တင်ပြတဲ့နေရာ၊ ဆက်သွယ်တဲ့ နေရာမှာ ပုံမှန် အတိုင်း မရဘူးပေါ့ဗျာ၊ ခင်ဗျားရေးတဲ့ စာအုပ်တွေ ဖတ်ပြီး ခင်ဗျားဟာ ထိပ်သီးကွန်မြူနစ် ဆန့်ကျင် ရေးသမားမှန်း ကျွန်တော်တို့ သိတယ်၊ ခင်ဗျားရဲ့ အစီရင်ခံစာတွေ ဟာ ကျွန်တော်တို့အတွက် ကောင်းတယ်ဆိုတာလဲ ကျွန်တော်တို့ သိထားတယ်"
သူက ထပြီး ကျွန်တော့်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သည်။ မျက်နှာကြက် မီးဆိုင်းကြီးမှ ဖြာကျနေသည့် အလင်းရောင်ကြောင့် သူ့ဖိနပ်မှာ တလက်လက် တောက်နေသည်။ သူက အသံ နိမ့်ဖြင့် ဆက်ပြောသည်။

"ခင်ဗျား အစိုးရကရော သမ္မတကပါ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ကို စစ်ရေးရော ထူထောင်ရေး အတွက်ပါ အကူအညီတွေ ပေးဖို့ သိပ်အရေးကြီးတယ်၊ အဖျက်သမား အင်အားစုက အင်အား တောင့် သထက်တောင့်လာနေပြီ၊ လူတွေ အထိတ်တလန့် ဖြစ်နေကြပြိ၊ တိုင်းပြည်ရဲ့ စီးပွားရေးကိုလဲ ခြိမ်းခြောက်လာပြီ၊ ပြီးတော့ ကွန်မြူနစ်ဝါဒကင်ဆာ မြန်မြန်ပျံ့အောင်လဲ လုပ်နေ ကြပြီ၊ တစ်နေ့မှာ ကျွန်တော်တို့ တိုင်းပြည်လိုပဲ ခင်ဗျား တိုင်းပြည် ကိုလဲ ခြိမ်းခြောက်လာလိမ့်မယ်"
သူက ရှေ့ကိုကိုင်းပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဒီမယ် ... မစ္စတာပီယာဘိုဒီ၊ ခင်ဗျားတို့ရဲ့ အကြီးမားဆုံး၊ ရန်သူကြီး ရုရှားက သူတို့ဝါဒရေးရာကို ရိုက်သွင်းရုံ မကဘူး၊ လက်နက်ပါပေးလို့ သူတို့အားလုံး လက်နက်ကိုင်အင်အားစုကြီး ဖြစ်လာနေပြီ ဗျ၊ သူတို့ ဆရာကြီးတွေဖြစ် တဲ့ ကျူးဘားနဲ့ နီကာရာဂွာ ကလဲ ၀ိုင်းလုနေကြတယ်လေ၊ အဲဒီ အခြေအနေမှာခင်ဗျားတို့ ကွန်ဂရက် က မဟုတ်တဟုတ်က သတင်းတွေ နားထောင်ပြီး နားယောင် နေတာနဲ့ ကွန်မြူနစ်ဝါဒက ကျွန်တော့်နိုင်ငံ ကို လည်ချောင်းသွေး ဖောက်စုပ်တော့မယ်"
"ဥက္ကဋ္ဌကြီး ... ခင်ဗျား၊ ကျွန်တော်တို့ အစိုးရဟာ တတ်နိုင်သမျှ အကူအညီ ပေးနေပါတယ်၊ ဒါပေမယ့် ဥက္ကဋ္ဌကြီး သိပြီးဖြစ်တဲ့အတိုင်း အထက်လွှတ်တော်မှာည ပြဿနာတွေ အများကြီး ရှိပါ တယ်၊ သမ္မတကြီးကိုယ်တိုင် အမတ်တွေ နဲ့ တစ်ယောက်ချင်း တွေ့ပြီး ဥက္ကဋ္ဌကြီးတို့နိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စကို ဆွေးနွေးနေပါတယ်"

"လူ့အခွင့်အရေး ... ဟုတ်လား"
ကျိုးနေသော သွားများထဲက ထွက်လာသည့် အသံမျိုးဖြင့် ...
"အဲဒီ ကိစ္စ တိုးတက်မှု ရှိနေတယ်ဆိုတာ သမ္မတကိုယ်တိုင် လက်ခံပြီးသားပဲ"
"မှန် ပါတယ် ... ခင်ဗျ၊ ဒါပေမယ့် အထက်လွှတ်တော်တွေနဲ့ သမ္မတသဘော ကွဲလွဲနေကြပါတယ်၊ အများစု အမတ်တိုးတက်မှု ဟာ မလုံလောက်သေးဘူးလို့ ယုံကြည်နေကြက တိုးတယ်"
"သူတို့ က ဒီနိုင်ငံ အကြောင်း ဘာသိလို့လဲ"
သူ ဒေါသတကြီး ဆက်လျှောက်ပြန်၏။ ပြီးတော့ ဆက် သူပြောသည်။
"လက်ဝဲသမား သစ္စာဖောက်တွေ ပြောတာလောက်ပဲ သူတို့ ယုံတားကိုး"
ကျွန်တော် က သံပြတ်ဖြင့် ဆက်ပြောသည်။

"သူက ခင်ဗျား ယောက်ဖအရင်း ပဲ၊ ခင်ဗျား ခန့်ထားတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ပဲ"
သူက ဒေါသ ကို ကြိတ်မှိတ် သိမ်းဆည်းနေသည့် ပုံမျိုးဖြင့် ...
"သူက ကျွန်တော့်ကို ဖယ်ပြီး တခြားတစ်ယောက် တင်ဖို့ လုပ်တဲ့လူလေ၊ ကျွန်တော် လက်ဦး ပေ လို့ပေါ့၊ ပြန်ခေါ်တာ စောသွားသွားလို့၊ မဟုတ်ရင် မလွယ်ဘူး၊ အဲဒီကောင် သစ္စာဖောက်ဗျ၊ ဒါပေမယ့် ခင်ဗျားရဲ့ ကွန်ဂရက် က သူ့ကို ခေါ်တွေ့တယ်၊ သူပြောသမျှ ယုံတယ်"
"သူ တင်ပြတာတွေ က ခရီးမရောက်လှပါဘူး၊ ဆက်ပြီး လူတွေသတ်နေတာ၊ လူတွေ ပျောက်ဆုံး နေတာတွေက ဆိုးတာ"
"အဲဒီကိစ္စတွေ တိုးတက်လာပြီပဲ"
"တိုးတက်မှု က မပြောပလောက်ဘူး၊ ပြီးခဲ့တဲ့လက ၁၅၂ယောက်၊ ဒီလ ၁၃၁ယောက်၊ လကုန်ဖို့ က လေးရက် လိုသေးတယ်"

သူက စိတ်ပျက်ဟန်ဖြင့် ပခုံးတွန့်ပြီး ...
"ဒါမျိုးက အချိန်ယူရတယ်လေဗျ၊ တိုင်းပြည်အခြေအနေက ချောက်ထဲကိုကျဖို့ လက်မတင်ပဲ လိုတော့တယ်"
ကျုပ်လူတွေက ဆူဆူပူပူလုပ်တာကို မုန်းတယ်၊ သူတို့ကို ထိန်းရတာ မလွယ်ဘူး"
"ဥက္ကဋ္ဌကြီး ... ခင်ဗျား၊ ဆယ့်နှစ်လအတွင်းမှာ လူ ၁၅၀ကျော် အသတ်ခံရတယ်၊ အဲဒီအထဲမှာ ရုံးတင် စစ်ဆေးပြီး အပြစ်ပေးတဲ့ လူ တစ်ယောက်မှ မပါပါဘူး"
"ရုံး တင်ရင် သက်သေအထောက်အထားတွေ ရှာနေဦးမယ်၊ အဲဒါက လွယ်တဲ့ကိစ္စ မဟုတ်ဘူး"
"နှစ်ပတ် အတွင်း အကူညအီပေးရေးကိစ္စ ကွန်ဂရက်မှာ မဲခွဲ ဆုံးဖြတ်ပါလိမ့်မယ်၊ အဲဒီ ဆုံးဖြတ် ချက်ကတော့ သမ္မတ ၀င်ပြော လဲ ပြင်ကြမှာ မဟုတ်တော့ဘူး"
မျက်နှာရှေ့ မှာ လက်ကို ဝှေ့ယမ်းလိုက်တော့ လက်စွပ်ကျောက် အရောင်တွေ မီးရောင်တွင် တဖျပ်ဖျပ် လင်း သွား၏။

"ခင်ဗျား မရောက်ခင်ကလေးကဘဲ ဧည့်ခံပွဲ တစ်ခုခုမှာ ခင်ဗျားရဲ့ လက်ထောက် ဘိုးမင်းနဲ့ တွေ့တယ်၊ သူက အတော်တိုးတက်မှု ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်ဆိုပြီး ပြောသွားသေးတယ် လေ၊ ခင်ဗျားရောက်လာရင် လက်မှတ် ထိုးပြီး တင်ဖို့ အစီရင်ခံစာ ရေးမယ် ပြောပါတယ်"
"မှန်ပါတယ် ... သူရေးပါတယ်၊ ကျွန်တော့် စားပွဲပေါ်မှာ ဒီအတိုင်းပဲ"
"အဲဒါ ပို့ မယ် မဟုတ်လား"
ကျွန်တော် ခပ်ပြုံးပြုံး ခေါင်းယမ်းလိုက်ပြီး ...
"မပို့ပါဘူး ... ကျွန်တ်ာကိုယ်တိုင် ရေးပြီးပို့မှာ၊ ဆယ်ရက်တော့ ကျွန်တော် စောင့်ကြည့်ဦးမယ်၊ အချက်သုံးချက်ပေါ် မှာ မှီပြီး ကျွန်တော် ရေးမယ်"
သူက ထိတ်လန့်အံ့သြစွာ ကျွန်တော့်ကို ကြည့်သည်။

"ဆယ်ရက်အတွင်း အခြေအနေ တကယ်တိုးတက်ပြောင်းလဲလာမယ်ဆိုရင် ဘိုးမင်းရဲ့ အစီရင်ခံစာ မျိုး ကျွန်တော် ရေး မယ်၊ မဟုတ်ရင်တော့ အဲဒါနဲ့ပြောင်းပြန် ကျွန်တော် ရေးရလိမ့်မယ်"
သူ ပါးစပ်ကြီး အဟောင်းသားနှင့် ကျွန်တော့်ကို ငေးကြည့်နေသည်။ ရှေ့သွားတွေ အတိုင်းသား မြင်နေရ၏။ သူ ကြားရ သည့် စကားလုံးတွေကို သူ မယုံကြည်နိုင်အောင် ဖြစ်နေပုံ။ ကျွန်တော် စကားဆက်သည်။
"ပထမအချက်က သတ်တာဖြတ်တာ ညှဉ်းဆဲတာ ချက်ချင်း ရပ်ပစ်ရမယ်၊ မဖြစ်နိုင်ဘူးလို့ ကျွန်တော့်ကို အကြောင်း မပြနဲ့၊ ဒါတွေကို ခင်ဗျားရဲ့ ဗိုလ်မှူးကြီး ဂျေမီဗားဂက်စ် အမိန့် ပေးနေ တယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပြီ၊ ခင်ဗျား သဘောမတူဘဲ သူလုပ်မှာ မဟုတ်ဘူးဆိုတာလဲ  ကျွန်တော်တို့ နားလည်တယ်၊ ဒုတိယ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပါ၊ ဆရာလေးယောက်ကို ချက်ချင်း ပြန်လွှတ်ပေးပါ၊ သူတို့ဆန္ဒရှိရင် အလုပ်ပြန်ဝင်ပါစေ၊ မလုပ်ချင်လဲ တိုင်းပြည်က ထွက်ခွာ ခွင့် ပေးလိုက်ပါ၊ တတိယ အချက်ကတော့ ဧပြီလ ကတည်းက ဟီရိုခရိုင်မှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မာရဇွန် တပ်မက် တာဝန်ရှိတဲ့ လူတွေကို ရုံးတင် စစ်ဆေး ပေးပါ"

ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလို သူရပ်နေသည်။ မျက်မှန်နက်အောက်မှ သူ့မျက်လုံးတွေကို ကျွန်တော် မြင်ချင်နေသည်။ ဧရာမ ပြတင်းပေါက်ကြီးဆီသို့ ရုတ်တရက် လျှောက်သွားသည်။ သူ့ပခုံး ကို ကျော်ပြီး ပြင်ပရှုခင်းကို ကျွန်တော် လှမ်းကြည့်လိုက်သည်။
နန်းတော်ပရိဝုဏ်၏ ဟိုမှာဘက်တွင်တော့ တက္ကသိုလ် အဆောက်အအုံများ၊ ဆတ်ခနဲလှည့်ပြီး သူ ကရားရေလွှတ် ပြောတော့၏။ ပထမ ကျောင်းတွေ ပြန်ဖွင့်ဖို့ကိစ္စ၊ ကျောင်းများသည် တိုင်းဖျက် ပြည်ဖျက် ပိုးမွှား များ မွေးထုတ်ပေးမည့် တော်လှန်ရေး ၀မ်းဗိုက်များ ဖြစ်သည်။ ဒေါသကြောင့် သူ့စကားလုံးတွေ အလင်္ကာမြောက်နေ၏။ နာမည်တွေ တရစပ်လျှောက်ရွတ်သည်။ ရောဘတ်တိုဘာမျူဒက်ဇ်၊ ကာလို့စ်ဖမ်ဘိုနာ၊ မာရီယာကာရင်ဇာနှင့် အပေါင်းအပါများ၊ သူတို့ အားလုံး ကျောင်းမှ ထွက်ပြီး တောင်တန်းများပေါ်သို့ သွားရောက် ခိုအောင်းနေကြသူ များ ဖြစ်သည်။ စပိန်တို့ကို သွေးချောင်းစီး တိုက်ပွဲများဖြင့် မောင်း ထုတ်နိုင်ခဲ့ သည်။

တိုင်းပြာ်ခေါင်းဆောင်ကြီး အာဇာနည် ချမာရိုကိုကြားကောင်းရုံ၊ မြင်ကောင်းရုံ အလေးပြုပြီး ကားလ်မတ်စ်ကို ကိုးကွယ်ကြ သူတွေ ဖြစ်သ်ည။
ဘာမျူဒက်ဇ် သည် အလွန်ဆင်းရဲသည့်မိသားစုမှ ပေါက်ဖွားလာခဲ့သူ ဖြစ်သည်။ ဗားဂက်စ်မိသားစု ၏ ကူညီထောက်ပံ့မှုကြောင့် တက္ကသိုလ်ပညာကို သင်ယူခွင့်ရခဲ့သည်။ အာခေါင်ကို လှံပြန်စူးမည့် ကောင်မျိုး။
ဖမ်ဘိုနာက ဗိုလ်မှူးကြီးတစ်ယောက်၏သား၊ ဆေးစွဲနေသူ၊ ဘာမျူဒက်ဇ်၏ နောက်လိုက်ဖြစ်ပြီး ဖအေကို မုန်းနေသည့် သားမျိုး။
မာရီယာကာရင်ဇာ က စုန်းမတစ်ကောင်၊ လူတကာနှင့် လျှောက်အိပ်နေသည့် မိန်းမ၊ အားလုံး ခေတ် ပညာတတ်တွေ ချည်း၊ ကျောင်းတွေ ပြန်ဖွင့်လျှင် အဆိပ်ပင်တွေ မြေသြဇာကျွေး သလို ဖြစ်မှာ ပေါ့။ ကျွန်တော် ပြန်ဆွေးနွေးသည်။ "ကွန်မြူနစ်ဝါဒကို ခင်ဗျား စာမတတ်တဲ့ လူတွေနဲ့ တိုက်လို့ ဘယ်ရမလဲ၊ ဒါကြောင့် ကျောင်းတွေ ပြန်ဖွင့်ရမှာပေါ့"

ကျွန်တော်တို့ နှစ်ယောက် တစ်ဦးကိုတစ်ဦး စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ သည်နည်းဖြင့် အာဂျင်တီးနား တွင် အောင်မြင်ခဲ့သည်။ ဥရုဂွေးနှင့် ချီလီတွင်လည်းကောင်း မြှင့်သည်၊ သူတို့သည် လူသားအားလုံးအတွက် အန္တရာယ် ရှိ၍ သူများဖြစ်၍ သူတို့ကို နှိမ်နင်းသည့်နည်းနှင့်သာ သင့်တော် ကြောင်း ပြောသည်။ ကျွန်တော်က ...
"သတ်တာဖြတ်တာတော့ ခင်ဗျား ရပ်ပစ်ရမယ်၊ ခင်ဗျား လုပ်နေပုံက ကွန်မြူနစ်တစ်ယောက်ကို သတ်ဖို့ အပြစ်မဲ့တဲ့ လူလေးယောက်ပါ ရောပြီး အသေခံနေရတယ်၊ အပြစ်မရှိတဲ့ လူတစ်ယောက် သေဖို့ လူငါးယောက်ကို ကွန်မြူနစ်ပါလို့ တံဆိပ်ခတ်နေတယ်၊ ဒါဟာ မရဏမင်းရဲ့ ညီမျှခြင်းပဲ"
သူက စကားလမ်းကြောင်း ပြောင်းပြစ်သည်။ သည်ရွာသားများသည် ကွန်မြူနစ် သူပုန်တွေကို ပင်လယ်ထဲ လှေနှင့် ကြိုပေးသည်။ အိမ်တွင် လက်ခံထားသည်။ လိုရာခရီးကို ပို့ပေးသည်။ ထို့ကြောင့် ထိုက်သင့်သည့် အပြစ်ကို ထုတ်ထိုက်တန်တန် ပေးခဲ့သည့် မာရဇွန်တပ်သာများကို သူ မည်သည် အပြစ်ပေးနိုင်မည်လဲတဲ့။

ကျွန်တော့်အသံက အေးစက်မာကျောလာသည်။
"ဆယ်နှစ်အောက်ကလေး ရှစ်ဆယ့်ငါးယောက်ပါတယ်၊ အဲဒီကလေးတွေကို ကျည်ဆန်ကုန်မှာ စိုးလို့ ဆိုပြီး ခေါင်းကို ကျောက်တုံးနဲ့ ထုသတ်တယ်၊ အဲဒီကလေးတွေက ကွန်မြူနစ်ဝါဒကို ဘာနားလည်မှာ မို့လို့လဲ၊ ဒါ သွေးအေးအေး နဲ့ ရက်စက်တာပဲ"
သူ ဆက်မငြင်းတော့၊ သူ့ဒေါသတွေ အရောင်ပြောင်းသွားပြီး၊ အေးစက် မာကျောခြင်းဘက်သို့ ရောက်သွား၏။
"မနက်ဖြန် ခင်ဗျားတို့ နိုင်ငံခြားရေးဌာနကို ၀ါရှင်တန်မှာ ရှိတဲ့ ကျွန်တော့်သံအမတ်ကြီး သွားလိမ့်မ မယ်၊ ခင်ဗျားနဲ့ အလုပ်တွဲလုပ်လို့ မဖြစ်တော့တဲ့အကြောင်း ပြောခိုင်းလိုက်မယ်၊ သူတို့ ခင်ဗျားကို ပြန်ခေါ်မှာ သေချာတယ်"
ပြောပြိးတော့ သူ့ကိုယ်သူ စိတ်ချယုံကြည်စွာဖြင့် ပြုံးသည်။

"ဖြစ်နိုင်တာပေါ့ဗျာ၊ ၀ါရှင်တန်မှာ ကျွန်တော် ကိုယ်တိုင် ဖွင့်ချဖွင့်ရတော့ ပိုပီပြင်မှာပေါ့၊ ဒီမှာ ချိန်ကိုက် ခလုတ်နှိပ်ထားတဲ့ ဗုံး တစ်လုံး ၀ါရှင်တန်မှာ သွားပေါက်ကွဲမယ့် သဘောပေါ့"
"အဲဒီမှာ ခင်ဗျားတက်လမ်း ပိတ်သွားပြီပေါ့"
"တက်လမ်းကို ကျွန်တော် စိတ်မ၀င်စားပါဘူး၊ ကျူပ် အနားယူဖို့ နှစ်နှစ်ပဲ လိုတော့တာပဲ"
"ခင်ဗျား လူချမ်းသာတစ်ယောက်အဖြစ်နနဲ့ အနားမယူချင်ဘူးလား၊ ခင်ဗျား မမျှော်လင့်ခဲ့ဖူးတဲ့ ချမ်းသာခြင်း မျိုးနော်" ကျွန်တော်က ထရပ်ပြီး ...
"မလိုပါဘူးဗျာ၊ ကျွန်တော့်မှာ ပိုက်ဆံ အထိုက်အလျောက် ရှိပါတယ်၊ တော်ပြီပေါ့၊ ကျွန်တော့်ကို ခင်ဗျား နားလည် ထားဖို့က ကျွန်တော်ဟာ ခင်ဗျားကို ထောက်ခံနားလည်ထားဖို့က ကျွန်တော်ဟာ ခင်ဗျားကို ထောက်ခံထားတဲ့ တိုင်းပြည် ရဲ့ သံအမတ်၊ ခင်ဗျားရဲ့ ၀ါဒကို ကျွန်တော် မကြိုက်ဘူး၊ ကွန်မြူနစ်ဝါဒကို ပိုစက်ဆုပ်တယ်၊ ခင်ဗျား ကို ထောက်ခံနေတဲ့ တိုင်းပြည်ရဲ့ သံအမတ် ဖြစ်ပေမယ့် ကျွန်တော်ကတော့ ခင်ဗျားကို ကျွန်တော့်မူနဲ့၊ ကျွန်တော့်အတိုင်းအတာနဲ့ပဲ ထောက်ခံနိုင်မယ်"

ကက်ဆက်ကလေးကို ကြည့်နေမိ၏။ ကျွန်တော်ထွက်လာသည့် ခြေသံကို ပြန်ကြားနေရသည်။ တံခါးပိတ် သွားသံ နောက်ထပ်ကြားလိုက်ရပြီးမှ ကယ်လ်ဒီရွန်က ကက်ဆက်ခလုတ်ကို လှမ်းပိတ် လိုက်သည်။
သူနှင့် ကျွန်တော် မျက်နှာချင်းဆိုင် ထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် အကြာကြီး စိုက်ကြည့်နေကြ သည်။ ဒီနေ့ သူရှပ်အင်္ကျီအဖြူ ၀တ်လာသည်။ ရင်ဘတ်တွင် လှိုင်တွန့်တွေနှင့်၊ ရင်ဘတ်ကြယ်သီးကို တစ်ဝက်လောက်သာ တပ်ထား၏။ ဘဲလေး ပြဇာတ်မင်းသားနှင့် တူနေ၏။ ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်း သူ့ကို ကြည့်ပြီး မနှစ်မြို့စွာ ပြောမိ၏။ သူဘာမှ မတုံ့ပြန်ဘဲ ကျွန်တော့်ကို ဆက်ကြည့်နေ၏။ ပြီးမှ ...
"ဒီစကားလုံးတွေ ကို အမေရိကန် ပြည်ထောင်စုကိုယ်စားပြုတဲ့ သံအမတ်ကြီး ဂျေဆန်ပီယာဘိုဒီ ပြောတယ် ဆိုရင် ဘယ်သူ မှ ယုံမှာ မဟုတ်ဘူး၊ သူ့နိုင်ငံရေး ယုံကြည်ချက်က လက်ယာဘက်ကို နည်းနည်းပဲ ယိမ်းတယ်"

"ဘာမယုံနိုင်စရာ ရှိလို့လဲကွ"
သူ မတ်တတ်ထရပ်သည်။ ကျောဆန့်သည်။ ကျွန်တော့် ကြွက်သားတွေ တောင့်နေကြောင်း အခုမှ သတိရတော့ ၏။ လေ့ကျင့်ခန်း မလုပ်ဖြစ်သည်မှာ ကြာပြီ။ ပြင်ပလေ မရှူရသည်မှာလည်း ကမ္ဘာချီ၍ ကြာပြီ ထင်နေ၏။ သို့သော် သူ့ကို အောက်ကျခံပြီး သက်သာခွင့်တစ်ခုခုရရန်အတွက် ကျွန်တော် ပြောလိမ့်မည် မဟုတ်ပါ။ သူပြန် ထိုင်သည်။
"ခင်ဗျားဟာ တော်တော် နားလည်ရခက်တဲ့ လူပဲမစ္စတာ ပီယာဘိုဒီ၊ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အမေရိကန် သံအမတ်တွေ က လူ့အခွင့်အရးဆိုတဲ့ စကားလုံးကို သိပ်ခံတွင်း တွေ့နေကြတယ်၊ ခင်ဗျားကျတော့ အဲဒီကိစ္စကို သိပ်မယုံကြည် သလိုပဲ" "ဘာလို့ မယုံကြည်ရမှာလဲ" သူ ပြုံးသည်။

"ခင်ဗျားကိုယ်ခင်ဗျား မရှင်းလို့ ဖြစ်မှာပေါ့၊ ကဲ ... ကျွန်တော် မေးမယ်၊ ဗားဂက်စ်က မကျဆုံးဘဲ သူပုန်တွေ တော်လှန်ရေး မအောင်မြင်ရင် ခင်ဗျား ဘာဖြစ်မယ်ထင်လဲ"
"သိပ်တော့ ထူးခြားမယ် မထင်ပဘူး၊ သူ နည်းနည်းတော့ လျှော့သွားမှာပေါ့"
"အဲဒါ အမှန်ပဲ၊ ခင်ဗျား ပြန်သွားသွားချင်း သူ့ညီကို ခေါ်တယ်၊ အဲဒီအခွေလဲ ရှိတယ်၊ ကွပ် မျက်ပွဲ တွေ ကို နှစ်ပတ်ရပ်ထားဖို့ သူအမိန့်ပေးမတယ်၊ ကျောင်းတွေ ပြန်ဖွင့်ပြီး ဆရာလေးယောက် ကို စောင့်ကြည့် ဖို့ ပြောတယ်၊ ပြီးတော့ မက်စ်တီဇိုရွာ လူသတ်မှုအတွက် အရာရှိငယ် နှစ်ယောက် လောက်ကို ထိုးကျွေး လိုက်ဖို့ သူ အမိန့်ပေးတယ်"
သူပြော သည့် အချက်တွေကို ကျွန်တော် ယုံကြည်လိုက်သည်။ သူက ကျွန်တော့်ကို သဘောကျ သည့်မျက်လုံး များဖြင့် ကြည့်ရင်း ...
"ခင်ဗျား သူ့ကို အရမ်းသောက်မြင် ကတ်တယ်၊ ဒီကြားထဲက သူ့ကို အကူအညီပေးဖို့ ခင်ဗျား အစိုးရကို ခင်ဗျား တွန်းအားပေးနေသေး တယ်၊ အဲဒါ ဘာဖြစ်လို့လဲဗျ"

ကျွန်တော်က အသံဖမ်းစက်ကလေးကို လက်ညှီုးထိုးပြပြီး ...
"အဲဒီအထဲမှာ ပါသားပဲ၊ သူ့ကို ရွံတာထက် ကွန်မြူနစ်ဝါဒကို ပိုရွံတယ်လေ"
သူက နားမလည်သေးသလို ခေါင်းယမ်းပြီး ကျွန်တော် လက်ညှိုးထိုးကာ ...
"ကဲ ... ကျွန်တော်တို့ အဲဒီအကြောင်း ဆက်ပြောကြရအောင်၊ တော်တော်ကြာအောင် ဆွေးနွေးရ လိမ့်မယ် ထင်တယ်၊ ဓမ္မဓိဋ္ဌာန်ကျကျ ပြောကြတာပေါ့၊ ကျွန်တော့်ဘက်ကို လိုက်ဖို့လဲ မလိုဘူး၊ ပြီးတော့ တစ်ယူသန် ဂုဏ်သိက္ခာကြီးလဲ သိပ်ထိန်းမနေပါနဲ့၊ ကျွန်တော် ရောက်လာတဲ့အတွက် ခင်ဗျား ပျော်နေတယ် မဟုတ်လား၊ ခင်ဗျား မှာ စကားပြောဖော် လိုနေတယ်၊ ကျွန်တော် သုံးရက် လောက် မလာတာနဲ့ ခင်ဗျား ကျွန်တော့် ကို မျှော်နေတယ်၊ အဲဒါ ခင်ဗျားမငြင်းနဲ့၊ ကျွန်တော် လိုရင်း တိုရှင်း ပြောမယ်၊ ကျွန်တော် လိုချင်တဲ့ နာမည်ကို ခင်ဗျားပေး ပါ၊ ပေးလဲပေးချင်နေတယ် မဟုတ်လား" "ဒီမယ် ကယ်လ်ဒီရွန်၊ မင်း ဟာ ခါတိုင်းလိုပဲ ထင်ရာစွတ်တွေးပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်နေတဲ့ကောင် ပဲ"

"ဒီမယ် မစ္စတာပီယာဘိုဒီ၊ ခင်ဗျား ကျွန်တော့်ကို လူတစ်ယောက်ရဲ့ နာမည်ပေးလိုက်တာနဲ့ ကျန်တဲ့လူတွေ အကုန် သိမယ် ဆိုတာ ခင်ဗျာိးထား၊ အဲဒီတော့ ကျန်တဲ့လူတွေကို ကျွန်တော် မလိုချင်ဘူး၊ နာမည်တစ်ခုပဲ ကျွန်တော် လိုချင်တယ်၊ သူတို့ကို ကျွန်တော်တို့ မသတ်ဘူး၊ ဒါပေမယ့် ပညာပေးတော့ ခံရမယ်"
ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။
"ငါ သိတာပေါ့ ကွာ၊ နေပါဦး ဂျော်ဂျီအာရ်ကို အားကျပြီး အဲဒီနာမည် မင်းယူထားတာ မဟုတ်လား"
သူ ဒေါပွသွားပုံရသည်။ "သူ့ အတွေးတွေက ဘာမှ အကျိုးမပြုဘူး၊ ကက်စထရိုခေတ်မှာ သူဟာ ဘာမှ သုံးလို့ရတဲ့လူ မဟုတ်ဘူး" ကျွန်တော်ကလည်း ဒေါပွပွနှင့် ဆက်ပြောသည်။

"သူ့ကဗျာတွေ တိုင်းပြည်အကျိုးမပြုတာနဲ့ အနှစ်နှစ်ဆယ် ချလိုက်ရသတဲ့လားကွာ၊ ပြီးတော့ ထောင်ထဲမှာ မင်းတို့ ညှဉ်းဆဲသေးတယ်" သူက ရှေ့သို့ ကိုင်းလာပြီး အလေးအနက် စကားဆိုသည်။
"ဒီမယ် ခင်ဗျားကြီး ကျွန်တော်ပြောတကို နားထောင်စမ်း၊ ဘယ်တော်လှန်ရေးမှာဖြစ်ဖြစ် အသားထဲက ထွက်တဲ့ လောက်တွေ ရှိတယ်၊ ဦးနှောက် အမှေးရောင်ရောဂါ ကို ကုဖို့ ကျွန်တော်တို့ မျောက်အကောင်ပေါင်း သန်းဝက်လောက် သတ် ခဲ့ ရတယ်၊ မျိုးနွယ်တစ်ခု တိုးတက်ဖို့အတွက် စတေးသင့်တဲ့ လူတွေကို စတေးရမှာပဲ၊ ဘယ်နိုင်ငံ မှာ ကြည့်ကြည့် တော်လှန်ရေးပြီးရင် လူတွေ ထောင်နဲ့ချီပြီ အဖမ်းခံရတာပဲ၊ ပြီးတော့မှ တဖြည်းဖြည်း စစ် ထုတ်ရတာ၊ တော်တော်များများဟာ တော်လှန်ရေးကို လက်ခံလာကြတယ်၊ အဲဒီလို လူတွေဟာ ကျွန်တော်တို့ ဆီမှာ တက်တက် ကြွကြွ ပါဝင် လှုပ်ရှားနေကြတယ်"
"လက်မခံကြ တဲ့ လူတွေကတော့ကော" "ကျွန်တော်တို့ဆီမှာတော့ နှစ်ရာထက် မပိုဘူး"

"လူနှစ်ရာရဲ့အသက်ဟာ မင်းတို့အတွက် အသေးအဖွဲ့ပေါ့ ဟုတ်လား"
သူ ပခုံးတွန့် သည်။ ကျွန်တော် ဆက်ပြီး သရော်သည်။
"မင်း ဆိုလိုတာ က ငါ့မှာ မရှိတဲ့ နာမည်တစ်ခု မင်းကို ပေးလိုက်ရင်း မင်း သူ့ကို ဖမ်းမယ်၊ ပြီးတော့ မင်းတို့ သူ့ကို ပညာပေး မယ်၊ ဦးနှောက် ဆေးမယ်၊ လူတစ်ယောက်ကို ငါက အဲဒီအဖြစ်မျိုး အရောက်ခံမယ်တဲ့လား၊ အဲဒီအတိုင်း ဆိုရင်တော့ မင်းဟာ ငါ့ရဲ့ အသိဥာဏ်ကိုရော မင်းရဲ့ အတွေး အခေါ်ကိုပါ စော်ကားတာပဲ"
သူ ခဏတွေ သွားသည်။ ပြီးမှ ခေါင်းညိတ်သည်။

"ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ အငတ်မထား၊ မနှိပ်စက်ဘူး၊ မေးစရာရှိရင် ကျွန်တော်ကိုယ်တိုင် မေးမှာ၊ ကဲ ... ထားပါတော့လေ၊ ခင်ဗျားအကြောင်း ဆက်ပြောကြအောင်ပါ၊ ဘာဖြစ်လို့ လေယာဉ် ကွင်းကို ခဏခဏ သွား တာလဲ" ကျွန်တော့်ရင်ထဲတွင် ချက်ချင်းဆို့ ကျပ်သွားသည်။ လက်ပူးလက်ကြပ် အမိခံလိုက်ရသည့် အပြစ် ကျူးလွန်နေသော ကလေးတစ်ယောက်လို ခံစားလိုက်ရ၏။ ကျွန်တော် ချက်ချင်း တုံ့ပြန်လိုက်သည်။
"မင်း တခြားအကြောင်း ပြောချင်ပြော၊ ဒီကိစ္စ လုံးဝ ဆက်မပြောနဲ့"

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူးပါ
နေ့တိုင်း စောင့်မျှော်အားပေးလျှက်