ပီယာဘိုဒီ
စန်ကာလို
(ဆယ်ရက်မြောက်နေ့)
အညှင်းဆဲခံရသူနှင့် ညှဉ်းဆဲသူ၊ အဖမ်းဆီးခံရသူနှင့် ဖမ်းဆီးသူတို့ ရင်းနှီးသွားတတ်ကြသည့် အကြောင်းများကို ကျွန်တော် ကြားဖူးသည်။ သည်အကြောင်း ကျွန်တော် စဉ်းစားခဲ့သည်မှာ ကြာပြီ။ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို ဝန်မခံဖူး သည့် အားနည်းချက်များနှင့် ရင်ဆိုင်ဖို့ခက်လှသည်။
လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်ကို ကျွန်တော် ပြန်ကြည့်သည်။ ကန္တာရလို ခြောက်သွေ့သည် ဘဝ လွင်တီးခေါင် ကိုသာ တွေ့ရ၏။ တစ်ခုတော့ရှိသည်။ သည်ဘဝကို ကျွန်တော်ကိုယ်တိုင် တည်ဆောက် ခဲ့သည်ပဲ။ ကျွန်တော့်စိတ်ကြိုက် ဖန်တီးခဲ့သည်ပဲ။ သည်ဘဝ ဘွားခနဲ ပြန်ပေါ်လာတော့ ဘာ့ကြောင့် ကျွန်တော် ဆောက်တည်ရာမရ ဖြစ်သွားပါလိမ့်။
ယခုတော့ အမှန်တရားသည် ဘူးပေါ်သလို ပေါ်လာလေပြီ။ ကျွန်တော် တည်ဆောက်ခဲ့သည့် ဘဝ သည် လိုလို ချင်ချင်နှင့် တည်ဆောက်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ခါးသီးနာကြည်းမှုတို့ကြောင့် အရွဲ့တိုက်ခဲ့ ခြင်းပါကလား။
ကယ်လ်ဒီရွန်နှင့် ကျွန်တော် တဖြည်းဖြည်း နီးကပ်လာနေသည်ကတော့ အမှန်ဖြစ်၏။ သူ့ကို စကတည်း က ကျွန်တော် သဘောကျခဲ့ခြင်းဖြစ်၏။ စောစောပိုင်းက သူ့အပေါ်ဖြစ်ခဲ့သည့် ဒေါသတို့ကြောင့် သူ၏ ချစ်စရာကောင်း သည့် အရည်အသွေးများကြောင့် ပျက်ပြယ်သွားခဲ့သည်ချည်း ဖြစ်သည်။
နံရံပေါ် မှ အခြစ်ရာကလေးများကို ကျွန်တော် ရေကြည့်သည်။ လွန်ခဲ့သည့် ဆယ်ရက်ခန့်ကဖြစ်သည်။ ကုလားထိုင် တွင် ထိုင်လျက်သားက ဖမ်ဘိုနာ၏သေနတ်ပြောင်းဝကို ကြည့်နေပုံမှာ ပန်းပွင့်ကလေးတစ် ပွင့်ကို ကြည့်နေသည့် အလား။
သူ့မျက်နှာ ကို မစင်နှင့်ပက်တုန်းကလည်း သူ ကျွန်တော့်ကို ချက်ချင်းပစ်သတ်ချင်လျက်နှင့် ဒေါသကို မျက်နှာ တွင် မပေါ်အောင် သူ ထိန်းချုပ်ခဲ့သည်။ အသံကို ပုံမှန်အနေအထားဖြင့် ပြောနိုင်ခဲ့သည်။ သည် လောက် ထိန်းချုပ်သူ၊ အသိဉာဏ် လျင်မြန်ထက်မြက်သူမျိုး ကျွန်တော် မတွေ့ဖူးခဲ့။
ကျွန်တော့် ကိုယ် ကျွန်တော် ပြန်ပြီး လေ့လာသည်။ ဒါကြောင့် ကျွန်တော် ခင်တွယ်ခြင်းမဟုတ်။ ကျွန်တော့်ကို သူ နားလည်ခြင်းကြောင့်ဖြစ်၏။ သည်သူငယ်နှင့် ပတ်သက်ပြီး ကျွန်တော့်သဘောထား ကို သေသေ ချာချာ လေ့လာမိတော့ အထိတ်တလန့် ဖြစ်သွားသည်။ သူ့ကို ကျွန်ောတ် ဦးလေးတစ် ယောက်လို မိဘလို သံယောဇဉ်ဖြစ်နေမိခြင်းပါလား။
သူ ကျွန်တော့်ကို နားလည်ပုံက သားတစ်ယောက်က အဖေကို နားလည်ပုံမျိုးလေ။ ဘာကြောင့် သည် လိုဖြစ်သွားရတာပါလိမ့်၊ နောက်ဆုံး ဒါလောက်နားလည်ရင်တော်ပြီ၊ မေ့ထားလိုက်ခြင်းက ကောင်းမည် ဟု ဆုံးဖြတ် လိုက်သည်။
အရုဏ်တက်ချိန် မီးလုံးများ၏ အရောင်ကို သဘာဝအလင်းရောင်က အစားဝင်လာပြီ။ အပြင်တွင် ဘာ တွေဖြစ်နေပါလိမ့်၊ ကျွန်တော် စဉ်းစားကြည့်သည်။ သူက တမင် ဝိုးတဝါးလုပ်နေမှန်း ကျွန်တော် သိ သည်။ သည်တစ်ခါ လာရင်တော့ သူ ပြောင်းလဲလာကောင်းပါရဲ့။
ကယ်ဆယ်ရေးအစီအစဉ် တစ်ခုတော့လုပ်ကြမည်။ မလုပ်ဘဲ နေမည်မဟုတ်။ အထူး စစ်ဆင်ရေး တပ်ဖွဲ့ တွေ လေ့ကျင့်နေလောက်ပြီ။ ဂြိုလ်တုကင်မရာဖြင့် သံရုံးအတွင်း လက်ရှိအခြေအနေကိုလည်း သူတို့ သိပြီးသားဖြစ်နေလောက်ပြီ။ အောင်မြင်ဖို့ အလားအလာ ရှိနေမည်မုချ။ တီဟီရန် အတွေ့အကြုံရှိပြီး သားပဲ။ ပြီးတော့ နစ်မစ်ဇ် က လက်တစ်ကမ်းတွင် ရှိနေသည် မဟုတ်လား။ ထိုတဒင်္ဂတွင် အိမ်ကို လွမ်းမိသည်။
ဘယ်လောက် သိက္ခာရှိပြီး ဘယ်လောက် ငြိမ်းချမ်းသည့် ဘဝပါလဲ၊ ပြီးတော့ တက်စလာကိစ္စကို စဉ်း စားသည်။ ဖိအား ကတော့ မလာဘဲ နေမည်မဟုတ်။ သည်ဖိအားကို သမ္မက တွန်းလှန်နိုင်ပါမည်လော။ ဟိုတွေး သည်တွေးဖြင့် ကယ်လ်ဒီရွန် ဆီသို့ တလဲလဲ ပြန်ရောက်သွားပြန်၏။
ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ၀ုန်းခနဲဒိုင်းခနဲ ရောက်လာလို့ သူနဲ့တိုးနေရင် သူအသတ်ခံချင် ခံရ မည်။ အဖမ်းခံ ချင် ခံရမည်။ သူ့မျက်နှာကို ကျွန်တော်မြင်ယောင် ကြည့်သည်။ လုံးဝတုန်လှုပ်လိမ့် မည်မထင်။ ထီမထင်သည့် မျက်နှာဖြင့် အသေခံမည်ထင်၏။ သည်လိုအရည်အချင်းမျိုး ရှိသည့်လူ များသည် အခြားလူများအပေါ်တွင် လွှမ်းမိုးနိုင်ကြသည်။ အထီးကျန်ဘ၀မှ ရုန်းထွက်ဖိုက လွန်ခဲ့ သည့်ဆယ်နှစ်ခန့်က ကျွန်တော် ကြိုးပမ်း ခဲ့ဖူးသည်။
အင်မာဂရေဆမ် သည် လေးဆယ်ဝန်းကျင်အရွယ် မုဆိုးမတစ်ယောက် ဖြစ်သည်။ ကျွန်တော့်ရုံး ခန်း အောက်ထပ် တွင် တာဝန်ကျသော အမျိုးသမီး။ ကိုယ်နေဟန်တင့်တယ်ပြီး မျက်နှာမှာ အချော အလှ မဟုတ်သော်လည်း ဆွဲဆောင်မှုရှိသည်။ အ၀တ်အစားကို သေသပ်လှပစွာ ၀တ်တက်သည်။
လက်တင် အမေရိကနိုင်ငံများဆိုင်ရာဌာန သုတေသနမှုးတစ်ယောက်ဖြစ်၏။ စပိန်စကားကို သွက် သွက် လက်လက်နှင့် ဌာန်ကရိုဏ်းကျကျ ပြောနိုင်သည်။ တစ်နှစ်လောက်အထိ သူနှင့်ကျွန်တော် မေးထူးခေါ်ပြော အဆင့်ထက် မပိုကြ။
တစ်နေ့မနက် ကျွန်တော့်ရုံးခန်းဝတွင်ရပ်ပြီး ရှက်ရွံ့ရွံ့အမူအရာဖြင့် စာအုပ်တစ်အုပ်တွင် လက်မှတ် ထိုးပေး ဖို့စောင့်နေ၏။ ကျွန်တော့်နောက်ဆုံးထုတ် စာအုပ်။ ကျွန်တော်အခန်းထဲခေါ် သွားပြီး စားပွဲတွင်ထိုင်၍ လက်မှတ်ရေး ထိုးပေးလိုက်သည်။ သူကနံဘေးတွင်ထရပ်လျက် ရေမွှေး နံ့တသင်းသင်းနှင့်။ သူ့ကိုယ်နံ့ကို သတိပြု မိ၏။ အိပ်ပျော်နေသည့် ကျွန်တော့်ရမ္မက်စိတ်တို့ နိုးလာပြီထင်၏။
နောက်အပတ်ထဲတွင် အကြောင်းအမျိုးမျိုးဖြင့် ကျွန်တော့်ရုံးခန်းသို့ ရောက်ရောက်လာတတ်၏။ ဘာသာပြန်ရာတွင် အခက်အခဲတွေ့သည့်အခါမျိုးတွင်လာပြီး အကူအညီတောင်းခြင်း ဖြစ်၏။
တဖြည်းဖြည်းနှင့် အကြောင်းရှာပြီး လာခြင်းဖြစ်ကြောင်း ကျွန်တော်သိလာသည်။ သူစိတ်ဝင်စားမှု ကိုတိုး၍ တိုး၍ ပြုလာခြင်း ဖြစ်၏။
ကျွန်တော်တွေဝေနေ သည်။ ကျွန်တော့် ဦးနှောက်၏တစ်ပိုင်း တစ်စက ဒါဟာသိပ်ရှားတဲ့အခွင့် အရေး၊ ရထောင့် ရခဲ အခွင့်အရေးဟု ပြောနေ၏။
အမျိုးသမီးနှင့် ကျွန်တော့်တွင် တူညီချက်တွေအများကြီးရှိသည်။ လုပ်ဖော်ကိုင်ဖက်များဖြစ်၍ အကြောင်းအရာတူ ကို စိတ်ဝင်စားနိုင်ကြသည်။ အမျိုးသမီးက ပျော်ပျော်ရွှင်ရွှင် နေတတ်ပုံရသည်။ ပညာအဆင့်အတန်း ရှိသည်။ မျိုးရိုးစဉ်ဆက်ကောင်း သည်။ ကျွန်တော်လည်းစိတ်လှုပ်ရှားနေပြီ။ ဘာလိုသေး သနည်း။ ရှေ့ရေး အသေးစိတ်တွေ ကို စဉ်းစားရင်းရက်သတ္တပတ်ပေါင်းများစွာ ကုန်သွား သည်။
တစ်နေ့နံနက်ခင်း တွင် ညစာအတူထွက်စားဖို့ ပြောမည့်စကားလုံးများကို ခေါင်းထဲတွင်စီရင်း သူ့ အခန်းရှိရာ သို့ ကျွန်တော်ဆင်းသွားသည်။ တံခါးဝတွင် ရင်ခုန်နေသဖြင့် ခဏရပ်စောင့်ရ သည်။ ပြီးမှ တံခါးကို မ၀ံ့မရဲခေါက်သည်။
သူစပိန် ဘာသာဖြင့် စကားပြောနေသည်။ ကုလားထိုင်တွင် ထိုင်ဖို့ကျွန်တော့်ကို လက်ပြသည်။ ဘုရား....ဘုရား စပိန်ဘာသာဖြင့် သူပြောနေ သည့် စကားများကြောင့် ကျွန်တော့်တစ်ကိုယ်လုံး အေးစက်သွားသည်။
"ဟုတ်ကဲ့ပါ မောင်ရယ်၊ ရှစ်နာရီ တိတိ အရောက်လာပါ့မယ်"
သည်တော့မှ သူ့လက်ကို ကျွန်တော်လှမ်းကြည့်လိုက်သည်။ လက်စွပ်အဟောင်းများ နေရာတွင် စိန်သေးသေးလေး မြှုပ် ထားသည့် ရွှေလက်စွပ်ကလေး တစ်ကွင်း နေရာယူထားသည်။ သူဖုန်းချပြီး ကျွန်တော့် ကို အထူးအဆန်းသဖွယ်ကြည့်သည်။ အစီအစဉ်မရှိဘဲ ကျွန်တော့်နှုတ်မှ စကားလုံးများ ထွက်သွားသည်။
"ဂုဏ်ယူပါတယ်၊ အဲလေ...၀မ်းသာပါတယ်လို့ ပြောရမှာ"
သူပြုံးသည်။
"ကျေးဇူးတင်ပါတယ်၊ သူ့ကိုသိပါတယ်နော်၊ ဂျေမီကော့တက်စ်လေ"
ကျွန်တော်သိပါသည်။ စပိန်သံရုံးမှ ပထမ အတွင်းဝန် စကားပြောအလွန်ကောင်းပြီး အလွန်ချမ်းသာ သူ။
ကျွန်တော့်လောက်ညံ့သူ၊ ကျွန်တော့်လောက် အသူ လောကတွင် ရှိနိုင်ပါဦးမည်လား။ သူက ကျွန်တာ့်ကို နားမလည် သည့် မျက်လုံးများဖြင့် ဆက်ကြည့်နေဆဲ။ သည်တော့မှ ကျွန်တော်သည် အခန်းထဲရောက် လာရသည့်အတွက် အကြောင်းတစ်ခုမှ ပြရဦးမည်ကို သတိရသည်။ ဘာပြောရ မှန်းမသိသဖြင့် ခဏသွေးလန့် သွားသေး ၏။ ပြီးမှသူ့စားပွဲပေးကမဂ္ဂဇင်း စာအုပ်တစ်အုပ်ကို လှမ်း ကြည့်ပြီး...
"သြော်...အယ်လ်ဆဗာဒိုကိစ္စ မွန်တက်ဇ်ရဲ့ ဆောင်းပါးသိပ်ကောင်းတယ်၊ ဖတ်ပြီးပြီလားလို့"
"ဟင့်အင်း....မဖတ်ရသေးဘူး၊ သိပ်အလုပ်များနေလို့လေ၊ အလုပ်တောင်ထွက်ရလိမ့်မယ် ထင် တယ်၊ ဂျေမီ က နောက်လထဲမှာ ဥရုဂွေးကို သံအမတ်အဖြစ်နဲ့သွားရမယ်တဲ့၊ လုပ်စရာတွေက အများကြီးရယ်လေ"
ကျွန်တော် က မတ်တတ်ထပြီး ထုံးစံအတိုင်းဆုတောင်းပေးလိုက်သည်။ သူကျေးဇူးတင်ကြောင်း ပြောပြီး ကျွန်တော့် ကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးများက...
"ရှင်ဟာ သိပ်နှေးကွေး တဲ့လူပဲ၊ ပြီးတော့ သိပ်အရှက်အကြောက် ကြီးတဲ့လူပဲ၊ စိတ်မကောင်းပါဘူး ရှင်ရယ်" ဟု ပြောနေဘိ သို့။
ထိုညနေတွင် လည်း ကျွန်တော် လေဆိပ်သို့သွားသည်။ နောက်နှစ်ရက်ဆက်တိုက် ရောက်ဖြစ် သည်။ ဖြေပြေရာနေရာ ကို ရောက်ပြီး တဒင်္ဂစိတ်သက်သာမှု ရသော်လည်း လျှောက်နေကျ လမ်းပေါ် သို့ ပြန်လျှောက်နေရ သည်ပင်။
ကယ်လ်ဒီရွန်ရေ...၊ မင်းဘယ်တော့မှ မနှေးကွေးစေနဲ့ ပြီးတော့အရှက်အကြောက်မကြီးနဲ့ကွ။
အပြင်တံခါး ဖွင့်သံနှင့်အတူ ခြေသံကြားရသည်။ ကျွန်တော်တန်းသိလိုက်၏။ အတွင်းတံခါး ဖွင့် နေစဉ်ကျွန်တော် အိပ်ရာမှ လူးလဲထလိုက်သည်။ နှစ်ရက်ကြာမည်ပြောသွားပြီး ဘာကြောင့် အစော ကြီးရောက်နေပါလိမ့်။ ကုလားထိုင် တွင် ထိုင်ချလိုက်သံကြားရ၏။ ရေလက်ကျန်နည်းနည်းကလေး ဖြင့် သဘောလောက် မျက်နှာ သစ်ခဲ့ပြီး ကျွန်တော်ထွက်ခဲ့သည်။
သူ့မျက်နှာ တစ်မျိုးဖြစ်နေ၏။ တစ်ခုခုလိုနေသလိုလိုသူ့မျက်လုံးတွေက ခါတိုင်းလိုတောက်တောက် ပပမရှိ။
"ဟင်... မင်းနှစ်ရက်ကြာမှ ပြန်လာမယ်ဆို"
သူက ပခုံးတွန့်ပြီး ကျွန်တော့ကို စိုက်ကြည့်နေသည်။
"စောလှချည်လား၊ မိုးတောင်မလင်းသေးဘူး"
"အိပ်မပျော်လို့ဗျာ၊ ခင်ဗျားမွေ့ရာက နူးညံ့လွန်းတယ်"
"ဒါဖြင့် ကောက်ရိုးမွေ့ရာ နဲ့ လဲအိပ်ပါလားကွ"
ကျွန်တော့် ဟာသ ကို သူမပြုံးဘဲ စားပွဲကို လက်နှင့်ခေါက်နေသည်။ မျက်လွှာချထား၏။ တစ်ခုခု ဖြစ်လာပြီ၊ ဒါမှမဟုတ် ပြောင်းလဲမှု တစ်ခုခုရှိနေပြီဟု တွေးလိုက်၏။ လွတ်မြောက်ဖို့ လမ်းနီး နေလောက်ပြီ။ သို့သော် သူ့စကားစ ပုံကြောင့် ကျွန်တော်ကြောင်သွား၏။
"မစ္စတာပီယာဘိုဒီ၊ ခင်ဗျား မနာလိုဝန်တို ဖြစ်ဖူးလားဟင်......"
"ဘာ...မနာလိုဝန်တို ဟုတ်လား"
သူ ကျွန်တာ့် ကို မျက်လွှာပင့်ကြည့်သည်။
"ဟုတ်တယ်၊ မနာလိုတာ ၀န်တိုတာမျိုး ဖြစ်ဖူးသလား"
"မိန်းမနဲ့ ပတ်သက်လို့လား"
"ဟုတ်တယ်..."
"ဖြစ်ဖူးတာပေါ့ကွ"
"ခဏခဏ ဖြစ်ဖူးသလား"
ကျွန်တော် ပြန်စဉ်းစားရသည်။ သေတော့မှာပဲ၊ ဘယ်မှတ်မိတော့မှာလဲ။
"တစ်ခါတလေ ဖြစ်ဖူးတာပေါ့"
"ဘာဖြစ်လို့ ဖြစ်တာလဲ"
တခြားတစ်ယောက်ယောက် က မေးလျှင် ရယ်စရာကောင်းချင် ကောင်းနေမည်။ သို့သော်သူမေးပုံ အလေးအနက်ဖြစ်နေ ၍ ကျွန်တော်ပြောရတော့သည်။
"မနာလို ဖြစ်တယ် ဆိုတာ လူ့သဘာဝပဲကွ၊ တချို့ကျတော့ လွန်ကဲပြီး ရောဂါတစ်မျိုးလို ဖြစ်သွား တယ်၊ တချို့ကျတော့ လဲ အဲဒီစိတ်မျိုး သိပ်မရှိဘူး၊ ဘာဖြစ်လို့လဲ၊ မင်းဘယ်သူ့ကို မနာလို ဖြစ်နေ လို့လဲ "
ကျွန်တော့် မေးခွန်းကို ဂရုမစိုက်ဘဲ စားပွဲကိုဆက်ခေါက်မြဲ ခေါက်နေသည်။
"ပထမဆုံး မနာလိုဖြစ်တဲ့ အကြောင်း ကျွန်တော့်ကို ပြောပြပါလား"
"ဟာကွာ...မင်းကလဲ၊ ငါ့အသက်အရွယ်ကြီးနဲ့"
သူမော့ကြည့်သည်။
"ပြောပြပါဗျာနော်၊ တစ်ဆိတ်ပြောပြပါ"
သူ့လေသံ က ကျွန်တာ် ဘယ်တုန်းကမှ မကြားဖူးသည့် တောင်းပန်တိုးလျှိုးသံ၊ သေချာပြီ၊ သူ့မှာ ပြဿနာ တစ်ခု ရှိနေပြီ၊ သူတို့သနားစိတ်ဝင်သွားသဖြင့် အထိတ်တလန့်ဖြစ်သွားပြန်၏။ မနာလို ၀န်တိုစိတ် အကြောင်း ရှာဖွေနေသည့် ထိုသူငယ်၊ ကျွန်တော်ပြန်စဉ်းစားရတော့၏။ အံ့သြဖွယ်ရာ သူ့မျက်နှာကလေးကို ကြည်ကြည် လင်လင်ပြန်မြင်နေလေသည်။
"တို့ နှစ်ယောက်စလုံး ဆယ့်ငါးနှစ်အရွယ်ပဲ ရှိသေးတယ်၊ အထက်တန်းကျောင်းသား ကျောင်းသား ဘဝပေါ့ကွာ၊ ကိုယ့်ကို ထားခဲ့ပြီး ဆယ့်ခုနှစ်နှစ်သား ဘောလုံးသမားနဲ့တွဲတယ်လေ"
"သူ့ကို ခင်ဗျား တကယ်ချစ်လားဟင်"
"ဟာ... ဘယ်ကလာ၊ ဟိုတုန်းကတော့ ချစ်တယ် ထင်တာပေါ့"
"ချစ်တယ် ထင်တယ် ဟုတ်လား"
သူ ဇဝေဇဝါ ဖြစ်နေပုံဖြင့် စကားဆက်သည်။
"အဓိပ္ပာယ် မရှိတာဗျာ၊ ချစ်ရင် ချစ်တယ်၊ မချစ်ရင် မချစ်ဘူးပေါ့"
"အဲဒီလို မဟုတ်ဘူးကွ၊ အဲဒီမတိုင်မီလဲ သုံးယောက်လောက် ကိုယ် တွေ့ဖူးတယ်၊ ချစ်တယ် ထင်ခဲ့ တာချည်းပဲ၊ နောက်မှ ဒီစကားရဲ့အဓိပ္ပာယ်ကို နားလည်လာတာ"
"အင်ပါရို ကို တွေ့မှဆိုပါတော့"
"ဟုတ်တယ်"
သူက စားပွဲ ဆက်မခေါက်တော့ဘဲ ဆံပင်တွေကို လက်နဲ့ထိုးဖွနေသည်။ အလွန်ထက်မြက်သည့် လူငယ်တစ်ယောက် ၏နေရာတွင် ဆောက်တည်ရာမရ ဖြစ်နေသည်။ အခြားတစ်ယောက်အစား ဝင် လာသလိုဖြစ်နေ ၏။
"ကျွန်တော် သိပ်နားမလည်ဘူး မစ္စတာ ပီယာဘိုဒီ၊ ပထမဆုံးတွေ့ခဲ့တဲ့ ကောင်မလေးကို မချစ်ဘူး လဲ ပြောတယ်၊ ဒါပေမယ့် မနာလိုဖြစ်တယ်လဲ ပြောတယ်၊ အဲဒါ သိပ်ယုတ္တိမရှိဘူး"
ကျွန်တော် ပြုံးလိုက်သည်။
"အချစ် ရယ်၊ မနာလိုဝန်တိုတာရယ်၊ ယုတ္တိဗေဒရယ်ဟာ ဘယ်တော့မှ သုံးနားညီ တြိဂံဖြစ်မလာ ဘူး"
"ဟုတ်ပါတယ်၊ ဒါပေမယ့် မိန်းမတစ်ယောက်ကို တကယ်ချစ်မှ သူ့ကြောင့် မနာလိုစိတ်ဖြစ်လာ နိုင်မယ်လို့ ကျွန်တော် ထင်တယ်၊ ဒါကြောင့် ခင်ဗျား ချစ်တယ်လို့ထင်တဲ့ မိန်းကလေးကြောင့် မနာလိုဖြစ်တယ်လို့ ထင်တာ ပဲ ဖြစ်ရမယ်၊ နောက်ကိစ္စတွေကကော"
"နောက်ကိစ္စတွေ ဟုတ်လား"
"ခင်ဗျား ချစ်တယ်လို့ ထင်ခဲ့တဲ့ နောက်နှစ်ယောက်လေ၊ သူတို့နဲ့ပတ်သက်လို့ကော မနာလို ဖြစ်ရသေး သလား"
နှစ်ပေါင်းများစွာ ဆီသို့ ကျွန်တော်ပြန်သွားရပြန်သည်။ အားလုံးပြန်ပေါ်လာသည့်အတွက် အံ့သြရ ပြန်သည်။
"ဒုတိယ တစ်ယောက်အတွက်လဲ မနာလို ဖြစ်ရတာပဲ၊ ငါးလလောက်ကြိုက်နေကြပြီး မှ နောက် တစ် ယောက်နဲ့တွဲနေမှန်းသိတယ်၊ အရမ်းဒေါပွသွားတယ်၊ ဟုတ်တယ် မနာလို စိတ်ကြောင့်ပဲ"
"နောက်တစ်ယောက်အကြောင်း ဆက်ပါဦး"
"အဲဒီတစ်ယောက်အတွက်တော့ ဘာမှမဖြစ်ဘူး၊ နှစ်လလောက်တွဲပြီး ကိုယ်ထားပစ်ခဲ့တယ်"
"ဘာဖြစ်လို့လဲဗျ"
"ဟာ...ဒုက္ခပါပဲ၊ ဘာဖြစ်လို့ မင်းကိုဒါတွေ ငါပြောနေမိပါလိမ့်"
"မစ္စတာပီယာဘိုဒီ၊ လုပ်ပါဗျာ ပြောလက်စနဲ့"
"အကျင့်မကောင်း လို့"
"ဟုတ်လား"
"ဟိုလိုမကောင်းတာမဟုတ်ပါဘူး၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာတွေ"
ပထမဆုံး အကြိမ်အဖြစ် သူပြုံးသည်။
"အဲဒီမိန်းကလေး လူရွေးမှားတာပေါ့၊ ဒါလောက်သန့်တဲ့လူကိုမှ သူသွားကြိုက်တာကိုး၊ ခင်ဗျား ဆိုလိုတာက တကယ်နှစ်နှစ်ကာကာ မချစ်ဘဲနဲ့ မနာလို ၀န်တိုစိတ်ဆိုတာ ဖြစ်နိုင်တယ်ပေါ့၊ ဇင်ဘုန်းတော်ကြီးတွေ လိုများ ဖြစ်နေမလား၊ ကျွန်တော်ဖတ်ဖူးတယ်၊ ဇင်ဘုန်းကြီးတွေဟာ နှစ်များ စွာ တရားအားထုတ်လို့ သမာဓိ တည်လာရင် ဘာမှမပါတဲ့ ခွက်နဲ့ လက်ဖက်ရည် သောက်တယ်တဲ့၊ ပြီးတော့တကယ်ရေငတ်ပြေတယ်တဲ့"
ကျွန်တော် စဉ်းစားကြည့်သည်။ တူညီမှု ရှိနိုင်ပါသည်။ ဖြစ်နိုင်တာပေါ့ကွ၊ မနာလိုစိတ်ဆိုတဲ့ စိတ်လှုပ်ရှားမှု ကြီး ဟာ အစစ်အမှန်မဟုတ်တဲ့ နောက်စိတ်လှုပ်ရှားမှုတစ်ခုကို ဖြစ်စေနိုင်တာပဲ၊ အဲဒါကလဲ နောက်မှ သိနိုင်တဲ့ကိစ္စမျိုး ကို သွေးပူနေတုန်းတော့ နားမလည်နိုင်ဘူး
အရုပ် အပိုင်းအစကလေးတွေကို ဆက်ကစားနေတဲ့ ကလေးငယ်တစ်ယောက် ၀ိုင်းကူဆက်နေ သလိုကျွန်တော် ခံစားရသည်။ သို့သော် သည်ကစားနည်းတွင် ကျွန်တော် ကျွမ်းကျင်သူ မဟုတ်ကြောင်း ဘုရားသခင်သိပါသည်။ သူ သက်ပြင်းချပြီး မေးသည်။
"အဲဒီဆယ့်ငါးနှစ်အရွယ် ကောင်မလေး နဲ့ခင်ဗျားလွန်လွန်ကျူးကျူး ဖြစ်နေကြသလား"
"ဘယ်ကလာ...အဲဒီခေတ်က မင်းတို့ခေတ်နဲ့ မတူဘူး၊ လောကနီတိကို လိုက်နာရမှန်း သိကြ သေးတယ်"
"ဒါဖြင့် နောက်နှစ်ယောက် နဲ့ကော"
"နောက်နှစ်ယောက် နဲ့ ဖြစ်တယ်၊ ဒါပေမယ့်အချစ်ကြောင့် မနာလိုဖြစ်ရတယ်ဆိုတဲ့ ကိစ္စနဲ့လိင် ကိစ္စနဲ့ တခြား စီနော်၊ ပိုင်ဆိုင်ချင်တဲ့ဆန္ဒ၊ လွှမ်းမိုးချင်တဲ့စိတ်တော့ ရှိမှာပဲ၊ အဲဒါနဲ့ မနာလိုတာနဲ့ မတူဘူး"
သူခေါင်းယမ်း သည်။ သူ့မျက်လုံးတွေ လေးနက်မှုဖြင့် အရောင်တောက်လာပြီ။ နှာခေါင်းကို လက်ညှိုးဖြင့် ထိုးရင်း စဉ်းစဉ်းစားစားပြောသည်။
"ခင်ဗျား ဒီအကြောင်းမပြောချင်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ အင်ပါရိုနဲ့ဘယ်လောက် ကြာကြာ တွဲပြီးမှ သူကို တကယ်ချစ်တယ်ဆိုတာ သိတာလဲ"
သူထင်နေသလို မဟုတ်မူဘဲ လိုလိုချင်ချင်ပြောချင်နေကြောင်း အံ့သြစွာတွေ့ရ၏။
"တစ်လလောက်ဆိုပါတော့၊ ပထမတော့ သူ့အလှနဲ့ သူရဲ့ယဉ်ကျေးသိမ်မွေ့မှုက ကိုယ့်ကိုဆွဲ ဆောင်တာ၊ တစ်လလောက်အကြာမှာ သူ့ရဲ့ထူးခြားမှု တစ်ခုကိုတွေ့ရပြီး အဲ၊ အဲဒီလို ဖြစ်သွားတာ"
"ချက်ချင်းကြီး ဖြစ်သွားတာလား"
နေ့ကို ကျွန်တ်ာကောင်းကောင်းကြီး မှတ်မိနေပါသည်။ ၁၉၅၈ခုနှစ်၊ ဇွန်လ(၁၉)ရက်၊ ဖြစ်ပုံကို ကျွန်တော်ပြောပြ လိုက်သည်။
"ဟာဗာနာ စားသောက်ဆိုင်ကလေး တစ်ခုမှာ ငါတို့နှစ်ယောက် အေးအေးဆေးဆေး ထိုင်နေကြ တယ်၊ အခန်းထောင့်မှာ ဂစ်တာသမားတစ်ယောက် က ခပ်တိုးတိုးကလေးတီးနေတယ်၊ အလင်း ရောင်က ခပ်မှိန်မှိန်၊ အင်ပါရို က အဖြူနဲ့အပြာ ဘလောက်စ်ကို ၀တ်ထားတယ်၊ ကော်လာ ခပ်မြင့် မြင့်နဲ့၊ မြင်ကွင်းက သိပ်ကို ရုပ်ရှင်ဆန်နေတယ်၊ ဂီတာသမား သီချင်းဆုံးသွားတယ်၊ ဆိုင်ထဲမှာ လူတစ်ခါဇင်လောက် ရှိမယ်၊ ဘယ်သူမှ လက်ခုပ် မတီးကြဘူး၊ အဲဒီမှာ အင်ပါရိုက အားရပါးရ သြဘာ ပေးတယ်၊ ဒီတော့မှ တခြားလူတွေ လိုက်တီးတယ်၊ ဂီတာသမားက အင်ပါရို ကို ကျေးဇူး တင်တဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်တယ်၊ သူငါ့ဘက်လှည့်ပြီး ပြုံးပြတယ်၊ အဲဒီတစ်ခဏမှာ ငါအ ရည်ပျော်သွားတာပဲ"
ကျွန်တော့်ဇာတ်လမ်း ဆုံးသွားတော့ သူတွေဝေသွားသည်။
"အဲဒီလောက် မြန်မြန်ကြီးလား"
"ဟုတ်တယ်"
"သူနဲ့ရော အချစ်ကျူးကြသေးလား"
သူယဉ်ယဉ်ကျေးကျေး စကားလုံးတွေ ရွေးသုံးခြင်းအတွက် ကျေးဇူးတင်ရပါသေးသည်။
"အဲဒီရှေ့ပိုင်းမှာ ဘာမှမဖြစ်ဘူး၊ အခုပြောတဲ့အဖြစ်အပျက်နောက်ပိုင်း တစ်နာရီအတွင်း တို့ချစ် သက်သေ ထူဖြစ်ကြတယ်"
သူ့အဓိက တာဝန်ကြီးတစ်ခုဖြစ်သည့် ကျွန်တော့်ထံမှ သတင်းရရှိရေးကိုပဲ အထောက်အကူ ပြုသွား သည့် အလား၊ ကျွန်တော်သိချင်စိတ်ကို မတားဆီးနိုင်တော့။
"မင်း ဘာဖြစ်တာလဲ ကယ်လ်ဒီရွန်၊ ဒီရောက်တာနှစ်ပတ်ပဲ ရှိသေးတယ်၊ ကောင်မလေး တစ် ယောက် နဲ့ငြိနေပြီ လား"
သူက ခေါင်းကိုစိတ်ပျက်လက်ပျက် ယမ်းရင်း....
"မဟုတ်ပါဘူးဗျာ၊ ပြဿနာက ဟာ့ဗာနာ မှာ ကတည်းကတောက်လျှောက် ပါလာတာ"
"ဘာ...မင်းက မိန်းမတစ်ယောက်ကို ခေါ်လာတယ်ဟုတ်လား၊ ကက်စထရိုက အဲဒါကို ခွင့်ပြုလား"
သူက ခြောက်ကပ်ကပ် ပြုံးပြီး...
"ဖီဒယ်လ် က သူနဲ့ပတ်သက်ပြီး သတိတော့ပေးသားဗျ"
ကျွန်တော်နားရှုပ်သွားသည်။
"သူ့ကို ကက်စထရို သိတယ်ပေါ့"
"သူ့အကြောင်း သိတယ်ဆိုပါတော့၊ ဒါပေမယ့်မတားဘူး၊ သတိတော့ ပေးတယ်"
"အမျိုးသမီး က တော်တော်ဆိုးသလား"
"ခင်ဗျားငယ်ငယ် က တွဲခဲ့တဲ့ ကောင်မလေးတွေလိုတော့ ဘယ်ဟုတ်မလဲဗျာ"
"သူ မောင်ရင့်ကို ဘာလုပ်လို့လဲ"
သူက လက်ပတ်နာရီကို ငုံ့ကြည့်ပြီး...
"ဒီအချိန်ဆိုရင် ဘာမျူဒက်ဇ်ရဲ့ အိပ်ရာပေါ် က သူဆင်းလာတဲ့အချိန် ဖြစ်မယ်၊ ဒါမှမဟုတ်ရင်လဲ ဒီညပိုင်းမှာ ဟိုအကောင့် အိပ်ရာပေါ်ရောက်မှာ သေချာတယ်"
သူ့ဇာတ်လမ်းက ရှိတ်စပီးယား ပြဇာတ်တစ်ပိုင်းတစ်စ ဖတ်ရသလို ဖြစ်နေ၏။ ဆတ်တငံ့ငံ့နှင့် ဇာတ် ကောင်တွေက အားရှိကြပါ၏။ ကျွန်တော့်ရှေ့တွင်ရှိနေသည့် တစ်ယောက်က သုံးပွင့်ဆိုင်ဇာတ်လမ်း တွင်မင်းသမီး ဓားနှင့်ထိုးခံရသူ၊ သို့သော် ဇာတ်ကွက်က ဟာနေသေးသည်။ ကျွန်တော်ကထောက် ပြလိုက်၏။
"မင်းပြောသလို ဆိုရင် ဘာမျူဒက်ဇ်ဆီ သူရောက်နေပြီလား၊ မရောက်သေးဘူးလားဆိုတာ မသေ ချာသေးဘူး၊ မင်းဘာလို့ပြောပြီး မတားသလဲ"
သူ့အမူအရာ ချက်ချင်းပြောင်းသွားသည်။ ဆွေးမြည့်ကြေကွဲနေရာမှ အမုန်းခွန်အားတွေ ပြည့်လျှံ သွားသည့် အသွင် ပြောင်းလဲသွား၏။
"အဲဒီခွေးမသား က ဒီနေ့ရိက္ခာကား လာဖို့အစီအစဉ်ချက်ပစ်လိုက်တယ်တဲ့၊ မနက်ဖြန်ထိ ကျွန်တော်ပြန်လို့ မရတော့ဘူး၊ ဖုန်းတောင်ဆက်လို့မရဘူး"
ဇာတ်လမ်း က ခုမှပြည့်စုံသွားသည်။ အလွန်ကောင်းသည့် လှည့်ကွက်ကလေးဖြစ်၏။ သူအသက်ရှူ ပိုမြန်လာ သည်။ မျက်နှာမှာကြောက်စရာကောင်းနေ၏။ ခုချိန်တွင် အာမျူဒက်ဇ် သူ့ကိုမြင် လျှင် သွေးပျက် သွားလောက် သည်။
"အဲဒီမိန်းမက တော်တော်လှသလား"
"သိပ်လှတယ်"
"စုန်းမတစ်ကောင် လို ဆိုးတယ်"
"ဒါနဲ့တောင် မင်းဒီမိန်းမနဲ့ပတ်သက်ပြီး ဒါလောက်ခံစားနေရတယ် ဟုတ်လား၊ မင်း ယုတ္တိဗေဒ အတိုင်း ဆိုရင်တော့ မင်းသူ့ကို စွဲစွဲလမ်းလမ်း ချစ်နေတာဖြစ်ရမယ်"
"အဲဒါကို ကျွန်တော် သိချင်နေတာ"
"သေတော့မှာပဲ၊ မင်းခုထိ မသေချာသေးရင် မချစ်လို့ပေါ့ကွ၊ မင်းမနာလိုဖြစ်တာက ချစ်လို့မဟုတ် ဘူး၊ တခြားတစ်ယောက် က မင်းဆီက လုသွားလို့ မင်းဒေါသထွက်တာ၊ ဘာမျူဒက်ဇ်လို လူမျိုးနဲ့ ဖြစ်သွားတဲ့ အတွက် မင်း ပိုခံပြင်းနေတာ၊ သူကပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတာကိုး"
"ကျွန်တော် လဲ အတူတူပါပဲဗျ"
"ဒါပေမယ့် သူ့လက်ထဲမှာ အာဏာရှိတယ်၊ တစ်မွန်းတည့်အာဏာမျိုး ဖြစ်ဖြစ်လေ၊ မင်းဟာမက ကွန်မြူနစ်လား"
သူခြောက်ကပ်ကပ် ရယ်သည်။
"ဘယ်ကလာ.... ကျွန်တော်ပြောပြီးပါပကော၊ စုန်းမလို၊ တိရစ္ဆာန်မ"
"ဒါဆို မင်း ဘာလို့သွားကြိုက်သလဲ"
သူကျွန်တော့်ကို စိုက်ကြည့်သည်။
"မစ္စတာပီယာဘိုဒီ၊ ခင်ဗျားကို ကျွန်တော်နားလည်သလို ကျွန်တော့်လိုပဲ နားလည်မယ်ထင်ပါ တယ်၊ ခင်ဗျား စဉ်းစားကြည့်နိုင်ပါလိမ့်မယ်"
စဉ်းစားနိုင်ပါသည်။ ကယ်လ်ဒီရွန်ဆိုသည့် ပုဂ္ဂိုလ်က သေခြင်းတရားကိုတောင် ပြုံးပြုံးကလေး ရင်ဆိုင်မည့် လူသားမျိုး။ အစွန်ထပ်ဖျား မှာ လျှောက်သွားနေချင်သည့် လူသားမျိုး။ သည်လိုလူမျိုးကို ရအောင်ဆွဲဆောင်နိုင် သည်။ အမျိုးသမီး၏ အရည်အချင်း ကို ကျွန်တော်မှန်းဆ နိုင်ပါသည်။ သို့သော် သိပ်မရှင်းသေး။
"နေပါဦး....အရင်က မင်းတစ်ယောက်ယောက်နဲ့ ချစ်ခဲ့လား"
"ဟင့်အင်း"
"မနာလိုကော ဖြစ်ဖူးလား"
"မဖြစ်ဖူးဘူး"
မင်းကိုယ်မင်း လှည့်စားနေတာကော မဖြစ်နိုင်ဘူးလား
"မဟုတ်ပါဘူး"
သူစိတ်ပျက်လက်ပျက် သက်ပြင်းချပြီး ဆက်ပြောသည်။
"ကျွန်တော်လဲ မြာစွံတဲ့ ကောင်ပါဗျာ၊ မိနးမတွေအပေါ်မှာ လွှမ်းမိုးနိုင်တဲ့ ခွန်အားတစ်မျိုး ကျွန်တော့် မှာ ရှိပါတယ်၊ ခင်ဗျား က မရေမတွက်နိုင်ဘူး၊ ကျွန်တော့်ကို ထား ထွက်သွားတဲ့ မိန်းမရယ်လို့မရှိခဲ့ ပါဘူး၊ ဘယ်တုန်းက မနာလိုစိတ်၊ ၀န်တိုစိတ် မဖြစ်ခဲ့ရဖူးပါဘူး"
သူ့ပုံကိုကြည့်ပြီး သူပြောသမျှ ကျွန်တော်ယုံပါသည်။ ဘာကြောင့် သည်တစ်ယောက်နှင့်ကျမှ ခုလို ဖြစ်ရတာပါလိမ့်။ နားမလည်သဖြင့် ထပ်မေးမိပြန်၏။
"ဒါဆို မောင်ရင်သူ့ကို တကယ်ချစ်နေတာများလား"
သူ သံပြတ်ဖြင့် ဖြေသည်။
"ကျွန်တော်အထင်တော့ သူ့ကို ကျွန်တော်ချစ်တာမဟုတ်ဘူးဗျ၊ ချစ်တယ်ထင်နေတာ၊ ဟုတ် တယ်... ချစ်တယ် ထင်နေတာ၊ တရစ္ဆာန်လိုဟာမကို ကျွန်တော့်ဘယ်လိုလုပ် ချစ်လို့ရမှာလဲ"
"တိရစ္ဆာန်အကျင့် ရှိသူတွေအကြောင်း ကိုယ်မလေ့လာဖူးလို့ မောင်ရင့်ကို ကျုပ်မဆွေးနွေးနိုင်ဘူး၊ ဒါဆိုမောင်ရင် ဘာလုပ် မလဲ၊ ဆိုလိုတာက သူနဲ့ဘာမျူဒက်ဇ် ဖြစ်မဖြစ်လဲ မသေချာသေးဘဲနဲ့"
"သေချာပါတယ်...ကျွန်တော်လဲ သိတယ်၊ သူလဲသိတယ်၊ ဟိုခွေးမသားလဲ သိတယ်"
"အဲဒီတော့" သူ့မျက်နှာကို ကျွန်တော်အကဲခတ်နေသည်။ မူလကယ်လ်ဒီရွန်ပုံ ပြန်ပေါ်လာ၏။
"မီးစဉ်ကြည့်ကရမှာပဲ၊ ကဲ...ကျွန်တော် ဒီရောက်လာတာ ဒီသောက်ကောင်မအကြောင်း ပြောဖို့ မဟုတ်ဘူး"
"မင်းလုပ်ရမယ့် အလုပ် ကိုငါပြောပြမယ် ကယ်လ်ဒီရွန် ဒီကပြန်တာနဲ့ မင်းကောင်မကိုခေါ်ပြီး မီရာလေယာဉ်နဲ့ တစ်ခါတည်း ပြန် လစ်တော့၊ မင်းမသွားခင် ငါ့ကိုတော့ ဒီငရဲခန်းထဲက ထုတ်ပြီး တခြားလူတွေ နဲ့ ရောထား ဖို့လုပ်ပေးခဲ့ပါကွာ"
"အဲဒါတော့ မဖြစ်ဘူးဗျ၊ ပြီးတော့ လေယာဉ်ပျံလဲ မရှိဘူး"
လေယာဉ်ပျံ မရှိဘူး ဆိုပါလား။ ဒါဆို ပိတ်ဆို့မှုစပြီလား။ သည်လိုပြောလိုက်မိသည့်အတွက် သူ့လျှာသူ ဖြတ်ပစ် ချင်မည် မုချ။
သူကဣနြေ္ဒပြန်ဆည်ပြီး....
"ဒီမယ်...မစ္စတာပီယာဘိုဒီ၊ တစ်ဆိတ်နားထောင်ပါ၊ ခင်ဗျားက သူများတွေနဲ့ သွားနေချင်တယ် ဟုတ်လား၊ အဲဒါထက်ကောင်း တဲ့ အစီအစဉ်တွေ ကျွန်တော်လုပ်ပေးနိုင်တယ်လေ၊ နာမည်တစ်ခု ပြောလိုက်ရုံနဲ့ နာရီဝက်အတွင်း ရေချိုးပြီးသား ဖြစ်ရမယ်၊ မုတ်ဆိတ်ရိတ်ပြီးသား ဖြစ်ရမယ်၊ ခင်ဗျားရဲ့ ၀က်ကောင်း စားလှတွေ ပြန်ဝတ်၊ ခင်ဗျား ရဲ့ ညစာစားခန်းထဲမှာ အမဲသားပေါင်းနဲ့ ကြက် သွန်ဥကြီးတွေ အကွင်းလိုက် အကွင်း လိုက်... စဉ်းစားပါဗျာ၊ နာမည်ကလေးတစ်လုံး ပေးလိုက်ရုံ နဲ့..."
စိတ်ထဲမှာ ဟင်းလျာပွဲကို မြင်လာသည်။ သွားရည်မယိုအောင် ထိန်းပြီး အေးစက်စက် အသံဖြင့် ပြန်ပြော လိုက် သည်။
"အသားတစ်တုံး၊ ဟင်းတစ်ပွဲအတွက် ငါကတိုင်းပြည်ကို သစ္စာဖောက်မယ့် ကောင်လို့မင်းထင်နေ သလား"
သူက ပြုံးပြီး ခေါင်းယမ်းသည်။
"မထင်ပါဘူး၊ ဒါပေမယ့် ညကကျွန်တော်နောက်ဆုံးပြောခဲ့တဲ့ စကားတွေ ပြန်စဉ်းစားရင် ခင်ဗျား နာမည် တစ်ခုပေး ဖို့ ၀န်လေးချင်မှ လေးတော့မယ်၊ ခင်ဗျားသိပါတယ်ဗျာ၊ လုပ်သင့်တဲ့အလုပ်တစ် ခုပါ"
ကျွန်တော် ပခုံးတွန့်လိုက်သည်။ သူကရှေ့သို့ကိုင်းပြီး အလေးအနက်ပြောသည်။
"ခင်ဗျား ကို ၀ိနည်းလွတ်အောင် ကျွန်တော်လုပ်ပေးမယ်"
ကျွန်တော်က ဖြစ်နိုင်တဲ့ နာမည်တွေ လျှောက်ရွတ်ပြောသွားမယ်၊ ခင်ဗျားပေးမယ့် နာမည်ရောက်ရင် စားပွဲ ကိုလက်နဲ့ခေါက်လိုက်။
"မရဘူး...ကယ်လ်ဒီရွန်၊ ပြီးတော့စားပွဲခေါက်တဲ့အကျင့် ငါ့မှာမရှိဘူး၊ မင်းမှာရှိတာ"
ဆက်ရန်
.

1 comment:
ဒီအပိုင်းက နဲနဲတမျိုးပဲနော်
အခုလို တောက်လျှောက် တင်ပေးတာ
ကျေးဇူးပါ
Post a Comment