Tuesday, April 24, 2012

သာဓု ၏ အတာ, အပိုင်း (၄၁)

ယခင်က ဆိုလျှင် မင်္ဂလာဆောင်၊ ရှင်ပြု စသော မည်သည့်လှူမှုတန်းမှုကို လုပ်ကြသည်ဖြစ်စေ ထုံးစံအ တိုင်း မိမိတို့ ဆိုင်ရာ ဆွေမျိုးတစ်ခု အကူအညီဖြင့် ကိစ္စပြီးကြရလျက် အချို့သော အလှူရှင်များတွင် လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးမည့် ဆွေမျိုးမိတ်သင်္ဂဟ ရှားပါးသည်နှင့်အညီ ကသီလင်တ မနိုင်မနင်းနှင့် ပင် လှူဖွယ်ကိစ္စကို စိတ်မောလူမော အဆုံးသတ်လိုက်ကြရ၏။ ကို ဆက်ဖတ်ရန်...........

ယခုသော် အရပ်ထဲရှိ မည်သူက အလှူလုပ်လိုသည်ဖြစ်စေ၊ အကူအညီကို ရှားရှားပါးပါး လိုက်စုနေ စရာမလို။ အတာကိုအကြောင်းကြားလိုက်လျှင် ဆယ့်ငါးယောက်မျှသော လူငယ်များသည် အချိန်မရွေး အချိန်မီ ရောက်လာမည်ဖြစ်၏။ များစွာသော အလှူအိမ်တို့ တွင် ပြုမူကျွေးမွေး တတ်ကြသည့် အတိုင်း နောက်ဖေးမှ မုန့်ဟင်းခါးပန်းကန်ကို အိမ်ရှေ့ထိ၊ အိမ်ရှေ့မှ စားပြီးသားများကို နောက်ဖေးထိ တစ်ဦး တစ်ယောက်တည်း က ယူသွားတတ်သည့်နည်းကို အတာ မသုံး။ နောက်ဖေးမှ အိမ်ရှေ့ အိမ်ရှေ့ မှ နောက်ဖေးသို့လည်းကောင်း၊ အခြားတစ်တန်းမှာ နောက်ဖေးမှ မုန့်ပန်းကန်များကို ဧည့်ခန်းသို့ လည်း ကောင်း လက်ဆင့်ကမ်းပေးပို့ခြင်းအားဖြင့် လူလည်း သက်သာ၊ ရှုပ်ရှုပ်ထွေးထွေးလည်း မရှိ။ အကွက် လည်း စေ့သည့်အပြင် မလစ်မဟင်းနှင့် အလုပ်ပါတွင်ကျယ်၏။

အတာ ကမူ သူတစ်ထူးမလုပ်ချင်သော ပန်းကန်ထိုင်ဆေး၊ ထွေးခံသွန်စသည်ကိုသာ မရွံမရှာ လုပ်လေ့ ရှိ၏။ အနစ်နာခံစရာ ရှိလျှင် သူ့သူငယ်ချင်းများကို နောက်တွင်ထား၍ သူသည်ပင် ရှေ့မှခံ၏။ သို့ကြောင့် လည်း သူ့သူငယ်ချင်းများက အတာ့ကို ချစ်ကြ၏။ ခင်မင်လေးစား ကြ၏။ မြန်မာအိမ် တစ်အိမ်မှ ပြုလုပ် သော အလှူပင်ဖြစ်စေ အတာ့နောက်တွင် ကုလားနှင့် တရုတ်ကလေးများလည်း အမြဲ ပါ၏။ တစ်ခါတစ် ရံ ဝက်သားဟင်းပါသည့် အလှူမျိုးဖြစ်က ထမင်းကျွေးဧည့်ခံချိန်တွင် ကုလားကလေးများ ကို "မင်း ဒီမှာထိုင်နေကြ ဦးနော်၊ တစ်လှည့်စီလုပ်ရမယ်၊ သူတို့အရင်လုပ်ပစေ၊ မင်းတို့ အလှည့်ကျမှ ငါ လာခေါ်မယ်" စသည်ဖြင့် ပရိယာယ်သုံးကာ အိမ်ပြင်တွင် ထိုင်ခိုင်းထားပြီး ဝက်သား ပါသည့်ကိစ္စပြီး၍ အချိုပွဲ ပို့ရန် အချိန်ရောက်မှ ကုလားကလေးများကို ခေါ်၏။ ဤလို သိတတ်မှု ကလေးများကြောင့် လည်း အတာ့ ဆိုလျှင် ကုလားကလေးများကပါ အသည်းစွဲဖြစ်နေကြ၏။

အလှူနှင့်ပတ်သက်၍သော်လည်းကောင်း၊ သာရေးနာရေးကိစ္စများအတွက်သော်လည်းကောင်း အတာ တို့အား အကူအညီခေါ်လျှင် လူမျိုးဘာသာမရွေး အတာတို့လိုက်လုပ်ပေးကြ၏။ ဤလို အစုလိုက် အသင်း လိုက် ကူညီနိုင်ရန်လည်း အတာသည် လူငယ်များအဖွဲ့ဟူ၍ အဖွဲ့ကလေးတစ်ခု ဖွဲ့စည်း တည် ထောင်ကာ မူလက အဖွဲ့ရန်ပုံငွေအဖြစ် တနင်္ဂနွေနေ့တိုင်း တစ်ယောက်တစ်ပြားစီ ထည့်ဝင် စုဆောင်း ခဲ့ကြသော်လည်း သူတို့၏ကူညီတတ်သော စေတနာကို အလုပ်ဖြင့် ပြလာသောအခါ၌ သူတို့ အဖွဲ့၏ အကူအညီ ကိုတောင်းသော အလှူအိမ်တိုင်းက ငါးကျပ်မှ တစ်ဆယ်ထိ ရန်ပုံငွေအဖြစ် ထည့်ဝင် လာကြ သောကြောင့် သူတို့ကိုယ်၌က တစ်ပြားစီထည့်ဝင်ရန်ပင် မလိုတော့သော အခြေသို့ ရောက်လာတော့၏။

ဤမှာဘက်တွင်သာ အတာ အသုံးကျသည်မဟုတ်။

"အတာရေ လာပါဦးကွယ်၊ ဒေါ်ဒေါ်အေးကို ဘင်္ဂလားဆီးသီး အစိတ်သားလောက် ဝယ်ပေးစမ်းပါဦး နော်"
ခင်စိုးလှ တို့မေမေကလည်း အတာအား အိမ်ပေါ်သို့ခေါ်ကာ ဝယ်စရာတစ်ခုခုရှိပါက သူ့အားပင် ခိုင်း လေ့ ရှိ၏။ အတာကလည်း မငြင်း၊ သွက်သွက်လက်လက်ပင် အပြေးကလေး သွားဝယ်လာတတ်၏။
"သြော် ငါ့တူ ရယ်၊ ခပ်ပျော့ပျော့ကလေးဟာ ဝယ်ခဲ့ရောပေါ့၊ မင့်ခုဟာက မာလိုက်တာ ကိုက်လို့တောင် မရဘူး" ဟု ဒေါ်ဒေါ်အေးက အပြစ်ကလေး တင်လိုက်သည်မှာ "ကျွန်တော်ပြောမယ် ဒေါ်ဒေါ်အေး၊ သစ်သီး ဆိုင်တွေမှာ ရောင်းတဲ့ ဘင်္ဂလားဆီးသီးခြောက်က သူတို့ က နှစ်မျိုးနှစ်စားပြထားပေမဲ့ အဲဒါ အတူတူ ပဲ ဒေါ်ဒေါ်အေးရဲ့၊ ခြောက်ပြီးမာနေတဲ့ အစားက ရေမဆွတ် ရသေးတာ၊ ခပ်ပျော့ပျော့ က ရေဆွတ်ထားတာ" "ဟေ ဟုတ်လား"
"ဟုတ်တယ် ခင်ဗျ၊ ကျွန်တော် သေသေချာချာ သိတာပေါ့၊ ခဏခဏ မြင်နေရတာပဲ၊ အဲဒါ ဝယ်တဲ့ လူ တွေက ခြောက်နေတဲ့အစားကို မာတယ်ဆိုပြီး မဝယ်ကြဘူး၊ ပျော့ပျော့ကိုပဲ ယူကြတယ်၊ အဲဒါ ဝယ်တဲ့ လူ နာ တာပေါ့"

"ဘာဖြစ်လို့လဲ အတာ"
"အခြောက်ကို ရေဆွတ်ထားတာမို့ အလေးချိန်ပိုစီးတယ် မဟုတ်လား၊ ပြီးတော့ ဒီအပျော့စားကို လူကြိုက်များတယ် ဆိုပြီး တစ်ပိဿာမှာ တစ်မတ်ငါးမူး ဈေးတင်ထားလိုက်သေးတယ်၊ ဝယ်သူ မနာဘူး လား ကဲ၊ ဒါကြောင့် ကျွန်တော် အခြောက်ကို ဝယ်လာတာ၊ ဒေါ်ဒေါ်အေး မယုံရင် ဒီဆီးသီး ကို ပြန်ပြီး ရေကလေးနည်းနည်း ပက်ထားကြည့်၊ နောက် တစ်နာရီလောက်ကြာရင် ပျော့လာလိမ့်မယ်၊ ဆိုင် က ကုလားတွေလဲ ဒီတိုင်းလုပ်တာပဲ"
ဝယ်သူ တွင် ဈေးပိုပေးရသည်ရော၊ အလေးချိန်ပိုစီးသည့်အတွက် နာနှစ်နာ နာသည့်အဖြစ်ကို ယခု အတာပြော မှပင် ဒေါ်ဒေါ်အေး သဘောပေါက်တော့၏။
ဤလို အဝယ်အခြမ်း ကိစ္စမျိုးတွင်သာ အတာ ပါးနပ်သည်မဟုတ်သေး။

"ဒီမှာ အတာ၊ လမ်းလေးဆယ်ထဲကလေ အိမ်နံပါတ် ၁၀၉ မှာနေ တဲ့ ရေဘုံဘိုင်ပြင်တဲ့ ကုလားကို ခေါ် ပေးစမ်းပါကွယ် နော်"ဟု တစ်ဦးတစ်ယောက်က ခေါ်ခိုင်းလျှင်လည်း
"ဘာဖြစ်လို့လဲ ကြီးကြီး" "ဘုံဘိုင်ခေါင်း ပျက်နေလို့ကွဲ့၊ ခု အဝတ်စုပ်တွေနဲ့ ပတ်ထားရတယ်၊ ရေတွေ ဒလဟော ထွက်နေလို့" "ကျွန်တော် ဝင်ကြည့်မယ်နော်"ဟု ဝင်ခွင့်တောင်းကာ ဘုံဘိုင်ခေါင်းကို သွားကြည့် ၏။
"ကျွန်တော် ခု ပြန်လာမယ် ကြီးကြီး"
အတာ လည်း ပြောပြောဆိုဆို ထွက်သွားကာ ပြန်လာသောအခါ၌ မော်တော်ကားကျွတ်စ သို့မဟုတ် သားရေစတစ်ခုခုနှင့် အတူ ဂဏန်းလက်မတစ်ခု ပါလာသည်ကိုတွေ့ရပြီး သုံးလေးမိနစ် အတွင်း မှာပင် ရေဒရဟောယိုနေသည့် ဘုံဘိုင်ခေါင်းသည် အကောင်းပကတိ ဖြစ်သွားလိမ့်မည်သာ။

"ဟဲ့ မင်း ဒီပညာတွေ လဲ တတ်သလား အတာ၊ မင့် ဘယ်သူသင်ပေးသလဲ"
"ကျွန်တော်တို့ အိမ်က ဘုံဘိုင်ခေါင်းပျက်တုန်းက ကုလားလာပြင်တာကို ကြည့်နေတာပေါ့၊ အလွယ် လေးပါ ကြီးကြီးရဲ့"
သို့လျှင် အမှတ်မဲ့ မနေတတ်သော အတာသည် ပညာကိုမြင်ရုံနှင့်လည်း အရယူလိုက်တတ်သေး၏။
တစ်နေ့သော် ခင်စိုးလှတို့ အပေါ်ထပ်သို့ အတာသည် ဖျတ်ဖျတ်လတ်လတ် ပြေးတက်သွားပြီး တဒက်ဒက်နှင့် တံခါး ကို ခေါက်လိုက်၏။ ချက်ချင်းပင် တံခါးပွင့်လာကာဖွင့်ထားသော တံခါးနှစ်ရွက်ကို ကိုင်မော့ ၍ ခပ်ကျော့ ကျော့ရပ်နေသော ခင်စိုးလှလည်း ရုတ်တရက် အတာ့ကို မြင်လိုက်ရသည်နှင့်
"ဘာလဲ နင် ဘာလာလုပ်တာလဲ၊ မေမေ မရှိဘူး"ဟု ခင်စိုးလှက မျက်နှာထားတင်းတင်းနှင့် တစ်လုံး ချင်း မေးလိုက်သောကြောင့် "ဒေါ်ဒေါ်အေး မရှိဘူးဆိုတာ ငါ သိသားပဲ"

"ဟင် ဒါဖြင့် ဘာလို့တက်လာရသလဲ၊ မိန်းမပျိုလေးတစ်ယောက်ထဲရှိတာ"
"ဘာ မိန်းမပျိုလေး ဟုတ်လား၊ နင့်အသက် ဘယ်လောက်များရှိနေပြီမို့လဲ၊ ကဲ ဒါက ငါနဲ့မဆိုင်ပါဘူး လေ၊ နင် လမ်းဖယ်ပေးပါ၊ ငါ အထဲဝင်မလို့"ဟု ပြောပြောဆိုဆို အတာက ခြေလှမ်းပြင်လိုက်သော ကြောင့် ခင်စိုးလှတွင် ရွံ့ခနဲဖြစ်သွားရာမှ "ဘာဖြစ်လို့ ဝင်ရမှာလဲ၊ မေမေ မရှိဘူး၊ အိမ်မှာ ငါ တစ်ယောက်တည်း သိရဲ့လား" "ဘာ၊ နင်တစ်ယောက်ထဲကော နင့်ကို ဘယ်သူက ဘာလုပ်မှာတဲ့လဲ၊ ဒီမှာ ဓာတ်မီး ဖျုစ် ပျက်နေတာ ပြင်ပေးပါဆိုပြီး ဒေါ်ဒေါ်အေးက လွှတ်လိုက်လို့ ငါလာတာ"
ဤတွင်မှ ခင်စိုးလှတွင် အဓိပ္ပာယ်ရှင်းသွားတော့၏။ သို့သော် ရုတ်တရက် မဖယ်သေး၊ တစ်စုံ တစ်ရာ တွေးနေပြီးမှ "ဒါဖြင့် နင့်ဟာနင် လုပ်၊ ငါ အောက်ကို သွားနေမယ်"

ခင်စိုးလှကလည်း သို့ပြောရင်း တံခါးအပြင်ဆီသို့ ခြေလှမ်းတော့မည်ပြုလိုက်သည်နှင့်
"ဒီလိုဆို ငါ မပြင်ဘူး၊ ငါလဲ ပြန်မယ်" ဟု အတာလည်း ပြောပြောဆိုဆို ခြေလှမ်းပြင်ရုံသာမဟုတ်ဘဲ ဆင်းစ ပင် ပြုလိုက်သောကြောင့် "ဒါက ဘယ်လဲ၊ ဓာတ်မီးမပြင်တော့ဘူးလား"ဟု ခင်စိုးလှက အထိတ်တလန့်ကလေး မေးလိုက်၏။

အတာကို အဘယ်ကြောင့်ဟူ၍ မသိ၊ မုန်းပင် မုန်းနေသော်လည်း ဓာတ်မီးမပြင်ဘဲ ထွက်သွားမည်ကိုမူ ခင်စိုးလှ စိုးရိမ်ရ၏။ အချိန်မှာလည်း ရေဒီယိုလာရန် ဆယ့်လေးငါးမိနစ်မျှသာ လိုတော့သည်။ အမြန်ဆုံး မီးရမှု ကို လိုလားသဖြင့် သူ့မေမေအား ပူဆာခဲ့ရာတွင် ဓာတ်မီးကုမ္ပဏီမှ လူကို မခေါ်ဘဲ အတာကို လွှတ်လိုက်ရပါ လို့လားဟူ၍လည်း ခင်စိုးလှ ဒေါပွနေမိ၏။ သို့သော် ရေဒီယို နားမထောင်ရမည်ကို လည်း သူ အလွန် ပူနေ၏။ သို့နှင့်ပင် ထူထူအမ်းအမ်းကလေး မေးလိုက်ရာ၌
"အေး၊ နင် ငါ့အနားမှာမရှိရင် ငါလဲ ဓာတ်မီးမပြင်နိုင်ဘူး၊ သွားမယ်"ဟု အတာကလည်းမလျော့။ သမင် လည်ပြန် မော့ကြည့်ရင်း ပြောလိုက်သောကြောင့်
"ဟုတ်တယ်၊ နင့်အနားမှာ ငါကနေရမယ် အင်း"
"နင် အဆန်းမတွေးနဲ့ သိလား၊ ငါက ရိုးရိုးပြောနေတာ၊ တကယ်လို့ နင်ဆင်းသွားရင် ငါတစ်ယောက်ထဲ အပေါ်မှာ ကျန်နေမယ်၊ အဲဒါ မတော်လို့ ပစ္စည်းတစ်ခုခုပျောက်သွားရင် ဘယ်သူ့ခေါင်းကျမလဲ နင်စဉ်း စားကြည့်စမ်း၊ လာလဲ လုပ်ပေးရသေးရဲ့၊ သူခိုးလို့လဲ အထင်ခံရမယ်ဆိုရင်တော့ မဖြစ်ဘူး၊ အဲဒါက တစ်အချက်"

"အင်း ဟင့်"
ခင်စိုးလှကမူ ထိုမျှသာ မသိမသာမဲ့ရင်း ရေရွတ်လိုက်၏။
"နှစ်အချက် ကတော့ နင်အောက်ကိုဆင်းပြိး ရှောင်နေမယ်ဆိုရင် အရပ်က ငါ့ကိုဘယ်လိုထင်မလဲ၊ ဒီ ကောင်လေး မရိုးသားလို့သာ"
"ကဲ တော်တော့၊ လာ ငါ မဆင်းတော့ဘူး၊ ဟိုနားက ထိုင်ကြည့်နေမယ် နင့်ဟာနင် ပြင်"
ယခုမှပင် ခင်စိုးလှလည်း တံခါးဝှ လမ်းဖယ်ပေးကာ မကြည်မသာနှင့်ပင် အတာအား ဝင်ခွင့်ပြု လိုက် တော့၏။
အတာလည်း အိမ်ရှေ့ဘုရားစင်ဘေးရှိ ပင်မသော့ခလုတ်ကို ဖြုတ်ကာ အသင့်ပါလာသော ဓာတ်ကြိုး မျှင်ကလေးများကို ဖြတ်၍ ပြတ်သွားသည့်နေရာတွင် အစားထိုးပြုပြင်လျက် ခလုတ်ကို ချက်ခနဲဖွင့် လိုက် သည်နှင့် ဓာတ်မီးများလင်းလာ၏။ ခင်စိုးလှ မျက်နှာကလေးလည်း ဝင်းခနဲ ကြည်သွား၏။ သို့ သော် အတာ က လှည့်ကြည့်လိုက်သည်နှင့် မျက်နှာပိုးကလေးသတ်တဲ့ကာ "ပြီးရင် သွားတော့"ဟု ခပ်စူစူကလေး ပြောလိုက်သည်ကို "နင်က ဆွဲထားလဲ ငါ မနေဘူး၊ ဒါကြောင့် ပြီးရင် သွားတော့ လို့ ပြောတာပေါ့"

"အေး နင်က ရှိခိုးပြီး ဆွဲထားလဲ မနေဘူး၊ ရှိခိုးပြီးခေါ်လဲ ငါ မလာဘူး၊ သိလား၊ ဒေါ်ဒေါ်အေးက ကဲ အတာ ရယ်၊ ဟော မင့်နှမက ရေဒီယိုနားမထောင်ရရင် သေရတော့မလိုဖြစ်နေလို့ ဓာတ်မီးပြင်နေ တာ လေး လုပ်ပေးလိုက်စမ်းပါဦးဆိုလို့ ငါလာတာ နားလည်လား"
"အောင်မယ် မင့်နှမကတဲ့ ဟင်း ဒီလိုဟာမျိုး သေတောင် အစ်ကိုမတော်ဘူး"
"ငါကလဲ နင့်ကို ဗလတ်တတ်တတ် ရှပ်တတ်တတ် မိန်းကလေးမျိုးကို နှမတော်ဖို့ ယောင်လို့တောင် အိပ်မက် မမက်ဘူး၊ အဲဒါ မှတ်ထားလိုက်" ခင်စိုးလှ ဘာမျှထပ်မချေနိုင်။ အငိုင် သားတွေကြည့်ရင်း နှုတ်ခမ်း တစူစူနှင့် တဟင်းဟင်း ဒေါပွနေ၏။ အတာကလည်း မျက်နှာထား တင်းတင်းနှင့် ပင် လှည့်ထွက်လာခဲ့၍ တံခါးပိတ်ရင် လှမ်းထွက်လာပြီး အတာ အပြင်သို့ရောက်သည်နှင့် တံခါးကို ဂျုန်းခနဲ ဆောင့်ပိတ်လိုက်၏။ အတာကလည်း အညံ့အခံ။ ပိတ်လိုက်သော တံခါးရွက်ကို ဝုန်းခနဲ တစ်ချက် ထုလိုက်ပြီးမှ သူ့ဟာသူ သဘောကျသွားသလို ပြုံးပြုံး ရယ်ရယ် ဆင်းလာခဲ့၏။

ခင်စိုးလှနှင့် အတာ မြင်လိုက်သည်နှင့် တစ်ယောက်ကိုတစ်ယောက် ကတောက်ကဆ အမူအရာ ကလေးတွေ ပြလာတတ်၏။ နီးနီးကပ်ကပ်မျက်နှာချင်းဆိုင်မိလျှင် အထက်ပါနည်းတူ သူဘု ငါဘောက် နှင့် တစ်ယောက်ကိုတစ်ယောက် အဘယ်သောအခါမျှ အလျှော့ပေးလေ့ မရှိခဲ့သည့် အတိုင်းပင် ယနေ့ အထိသော သူတို့နှစ်ယောက်၏အခြေမှာ ဆိုခဲ့သည့်အနေတွင်သာရှိနေသေး၏။
အရပ်ထဲ တွင်လည်း အရပ်နှင့် ဆိုင်ရာကိစ္စကလေးများ၌ အဖက်ဖက်က အတာ ကျွမ်းကျင် သကဲ့ သို့ ကျောင်းရောက်လျှင် လည်း ပညာရေးဘက်၌ သူမတူအောင် ဦးနှောက် ကလေး ပြောင်လက်နေချေ သေး ၏။

"အောက်ပါစကားလုံးများကို ဝါကျတစ်ခုစီဖွဲ့ပါ"ဟူ၍ တီချာလတ်က အင်္ဂလိပ်ဘာသာဖြင့် ကျောက်သင် ပုန်းကြီး တွင်
ဥပမာ၊ Taller, Spring, Clever, Fly, Behaved အစရှိသဖြင့် ရေးသား၍ ဝါကျဖွဲ့ခိုင်းလျှင်
(1) He is taller than his brother.
(2) Let us bathe in the spring.
(3) Khin Khin is clever than Ye Ye.
(4) Bees fly in and out.
(5) Mg Mg behaved in a childish way.
များသောအားဖြင့် အထက်ပါအတိုင်း အလွယ်ဆုံးသော နည်းကိုသုံး၍ ရေးဖွဲ့တတ်ကြသော်လည်း အတာကမူ
(1) I wish I were taller.
(2) The tiger was shot before getting chance to spring.
(3) Rama is remarkably clever in arithmetic.
(4) Fly is troublesome insect.
(5) San Win behaved as though he was very angry.

ဤသို့သာလျှင် ခက်ခက်ခဲခဲ စကားလုံးရှာ၍ ဝါကျဖွဲ့လေ့ရှိ၏။ မှားသော်မှ မှားစေ၊ သူ့တွင် စွန့်စား တတ် သော ဝါသနာကလေးအပြင် မည်သည့်အရာတွင်မဆို သူတစ်ဦးထက် ထူးထူးခြားခြား အစွမ်းပြ လိုက်ရ မှ ကျေနပ်တတ်သော စိတ်ကလေးကလည်း ရှိသည့်အတိုင်း အမြဲလိုလို သူ စွန့်စား၏။ ရဲရဲ တင်းတင်း ရေး၏။

ဤသည်ကိုပင် သူ့တီချာလတ်က အလွန်သဘောကျ၏။ မှားလျှင်ပြင်ပေး၏။ မရှက်မကြောက် ရေးရန်  လည်း အားပေး၏။ သို့သော် စာမေးပွဲများ၌မူ လွယ်လွယ်နှင့် အမှန်ကိုရအောင် ရေးရန် ဖြေရန် အတန် တန် သတိပေး ရသေး၏။
အခြားသော အတန်းသားများက တီချာလတ် သင်ထားသည့်အတိုင်း (သို့မဟုတ်) စာအုပ်ထဲတွင် ပါ သည့် အတိုင်း အလွတ်ကျက်မှတ်၍ ရေးဖြေတတ်ကြ၏။

ဥပမာ
As we entered the station, the train came on.
ဤလို သင်ထားလျှင် (သို့မဟုတ်) စာအုပ်ထဲတွင် ထိုအတိုင်းပါလျှင် အခြားသော အတန်းသားများက ၎င်း အတိုင်းပင် ရေးကြဖြေကြမည်ဖြစ်သော်လည်း အတာကမူ
As we entered the station, the train came in.
သို့လျှင် သူများထက် ထူးအောင်ထွင်၍ ဖြေတတ်၏။ ဆရာမက စကားတစ်လုံး ဝါကျတစ်ပိုဒ်ကို သင်ပြ ရင်း မည်သည့်စကားလုံးကို မည်သို့သုံးက အဓိပ္ပာယ်မည်သို့ရမည်။ အဓိပ္ပာယ်တူ ဝါကျတစ်ခုတည်းကို ပင် အမျိုးမျိုး အဖုံဖုံ မည်သို့လှည့်ရေးနိုင်သည် စသဖြင့် ရှင်းပြလျှင် အတာ ချက်ချင်း မှတ်ထားလိုက်၏။ ရေး၍မမှတ်၊ စိတ်ထဲမှသာ စွဲ၍ ကျက်ထားတတ်၏။

သို့ကြောင့် လည်း Spring စကားလုံးနှင့် ပတ်သက်၍ အခြားသော ကလေးများအား စမ်းချောင်း၊ စမ်းရေ အိုင် ဟူ၍သာ လွယ်ရာမှတ်ထားလိုက်သော်လည်း ထိုစာသင်ချိန်က တီချာလတ် ထည့်ပြောသွားသည့် "ခုန်လွှားသည်၊ ခုန်၍အုပ်သည်" ဟူသော အဓိပ္ပာယ်ခြားနားချက်ကိုပါ ကျက်မှတ်ထား လိုက်ပြီး မေးခွန်း ပေါ်လာသည်နှင့် မှားသွားမည်ကိုမရွံ့။ သူများထက် ထူးခြားသောင် ဝံ့ဝံ့ စားစား ပင် ရေးချလိုက်တော့၏။

ကျောင်းတွင်သာ အရေးအဖတ် ရဲရင့်သည်မဟုတ်။ ပြင်ပ၌လည်း အဘယ်နေရာသို့ သွားသည်ဖြစ်စေ၊ အင်္ဂလိပ်စကားကို သုံးခွင့်ကြုံလာပြီဆိုလျှင် မရှက်မကြောက်ပင် ပြောလေ့ရှိ၏။
သူ့ဒေါ်ဒေါ်သန်းတို့ ညီအစ်မတစ်စုသည် တစ်စုံတစ်ရာ ဝယ်စရာရှိလျှင် စေ့စပ်သေချာ၍ တစ်ခါတည်း နှင့် ကိစ္စပြီး တတ်သော အတာကိုသာ ခိုင်းလေ့ရှိသည့်အတိုင်း တစ်နေ့သော် ဒေါ်ဒေါ်တင်က ဘိလပ် ချိတ်ကလေး များ ဝယ်ပေါ်ရန် အတာအား ရိုးတိုက်သို့ လွှတ်လိုက်၏။

ချွေးဖြင့် ရွှဲပေနေသော စွပ်ကျယ်နှင့် လုံချည်ကလည်း အရောင်အဆင်းမပေ၊ ဘော်လုံးကစားနေရာမှ ပင် ထွက်လာခဲ့ရသောကြောင့် ရိုးတိုက်ပေါ်ရောက်သည်နှင့် အရောင်းစာရေးများသည် အလစ်သမား ကလေး တစ်ယောက်ကဲ့သို့ သဘောထားကာ အတာအားသာလျှင် ဂရုစိုက်အကဲခတ်နေကြတော့၏။

အတာကလည်း ဝယ်စရာရှိသည့်နေရာကို တိုက်ရိုက်မသွားသေးဘဲ ကြည့်ကောင်းကောင်းရှိသည်နှင့် ကလေးစက်ဘီးများ ထားရာဌာနတွင်လည်းကောင်း၊ ဆွယ်တာအင်္ကျီများ ချိတ်ထားသည့်နေရာတွင် လည်းကောင်း လက်ပတ်နာရီမျိုးစုံတည်ချင်းထားသည့် ဗီဒိုအနီးတွင်လည်းကောင်း တရစ်ဝဲဝဲလျှောက် ကြည့်နေ၏။ ကြာသော် စာရေးတစ်ယောက်သည် အတာ့အပေါ်တွင် ပို၍မသင်္ကာဖြစ်လာကာ အတာ့ လည်ကုပ် ကို ဆတ်ခနဲ ဆုပ်ကိုင်ရင်း "ဟေ့ကောင်လေး ဘာလာရှုပ်နေတာလဲ သွား"
ထိုစာရေး လည်း ပြောပြောတွန်းတွန်းပင် အတာအား တိုက်ပြင်အရောက် ခမ်ရမ်းရမ်းကလေး တွန်း ထုတ် လိုက်၏။ အကိုင်ကြမ်းကြမ်းဖြင့် လည်ပင်းကိုညှစ်၍ ဖျစ်ထားသောကြောင့် အတာတွင်လည်း လာ ရသည့် အကြောင်းရင်းကို မဖြေနိုင်ဘဲ လည်တအစ်အစ်နှင့် တိုက်ပြင်သို့ ရောက်လာတော့၏။

အတာတွင် အတော်ကလေးရှက်သွား၏။ လည်ပင်းအညှစ်ခံလိုရသည်မှာလည်း အတော်ကလေးနာ သွားသောကြောင့် ထိုစာရေးအပေါ်တွင် သည်းမခံနိုင်လောက်အောင် ဒေါသဖြစ်သွားသည်သာမက သူ့ အား ဂျပိုးသူခိုးတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်ကိုလည်း မကျေနပ်နိုင်သည်နှင့် ချက်ချင်းဆိုသလိုပင်  တိုက်ထဲ သို့ အပြေးကလေးဝင်သွားကာ
"Who is manager? Where is manager? I want to see him. Please let me known where manager is."
"မန်နေဂျာ ဘယ်သူလဲ၊ မန်နေဂျာ ဘယ်မှာလဲ၊ ကျွန်တော် သူ့ကိုတွေ့ချင်တယ်၊ မန်နေဂျာဘယ်မှာလဲ ဆိုတာ ကျေးဇူးပြုပြီးသိပါရစေ"
အတာ လည်း တိုက်ထဲသို့ ရောက်သည်နှင့် ဘိုကပြား ကုလားစာရေးတစ်ယောက်အား သို့လျှင် တကြော်ကြော်နှင့် အင်္ဂလိပ်လို အော်မေးလေတော့၏။

အတာကို မြန်မာစာရေးက တွန်းထုတ်သွားစဉ် တပြုံးပြုံးနှင့် ကြည့်နေခဲ့သော ထိုဘိုကပြားကုလား စာရေး လည်း အတာက သို့လျှင် အင်္ဂလိပ်စကားဖြင့် တတ်သလောက် မှတ်သလောက် အော်၍မေး လိုက်သည်နှင့် ထိုကပြားနှင့်တကွ စာရေးအားလုံးပင် ရုတ်တရက် အံ့အားသင့်သွားကြတော့၏။ တိုက် ထဲ သို့ ရောက်နေကြသော ဝယ်သူလူမျိုးစုံတို့လည်း အတာ့ဆီသို့ အာရုံစိုက်သွားကြ၏။
အတာ ကလည်း အအော်နှင့် အမေးကို မရပ်။ မျက်ရည်စက်လက်နှင့်ပင် အရပ်လေးမျက်နှာကို လှည့်၍ မန်နေဂျာ ကို ရှာသလို ကြည့်ရင်း တကြော်ကြော်ဟစ်နေသေး၏။
မကြာမီပင် အခန်းတစ်ခုထဲ အသက်ငါးဆယ်ခန့်အရွယ် မျက်နှာဖြူတစ်ယောက်ထွက်လာပြီး
"ဘာဖြစ်တာလဲ"ဟု အင်္ဂလိပ်ဘာသာဖြင့် ထိုကုလားစာရေးကို မေး၏။

"ခင်ဗျား မန်နေဂျာလား"
အတာလည်း ကုလားဖြေသည်ကို မစောင့်ဘဲ သူကပင် ထိုမျက်နှာဖြူအား အင်္ဂလိပ်လိုလှမ်းမေးလိုက် ၏။ ဤတွင်မှ မျက်နှာဖြူလည်း အတာ့ဘက်သို့ လှည့်လာကာ
"မဟုတ်ဘူး၊ မန်နေဂျာ အပြင်သွားတယ် မင်း ဘာပြောချင်သလဲ၊ ငါ့ကို ပြောနိုင်တယ်"ဟု မှင်သေသေ နှင့် ပင် ထိုမျက်နှာဖြူက ခွင့်ပြုလိုက်၏။
ဤတွင် အတာလည်း သူတတ်သလောက်သော အင်္ဂလိပ်စကားများကို သုံးကာ ဝါကျတို ကလေး များ ဖြင့် ပြတ်တောင်းပြတ်တောင်း တိုင်ကြားလေတော့၏။

သူ နောက်ဆုံးပြောလိုက်သည်မှာကား
"ကျွန်တော် ခိုးဖို့လာတာ မဟုတ်ဘူး၊ ဒီမှာ ပိုက်ဆံပါတယ်၊ ကြည့်၊ ချိတ်ဝယ်မလို့လာတာ၊ ကျွန်တော် အမြဲလာဝယ်နေကျပဲ၊ ကျွန်တော် လာလာဝယ်နေတဲ့ သိုးမွေး၊ ချိတ်၊ ခေါင်းလိမ်းဆီ၊ နှစ်ချောင်းထိုးအပ်၊ မျက်နှာသုတ်ပဝါ၊ အဲဒီဈေးနှုန်းတွေ ကျွန်တော် အကုန်သိတယ်၊ မယုံရင် ကျွန်တော့်ကို မေးပါ၊ အားလုံး ပြောပြမယ်၊ ခု ကျွန်တော် ဘောလုံးကစားနေတုန်း ခိုင်းလို့ ဒီလိုပဲလာတာ၊ ဒါ ကျွန်တော့်ကို လည်ပင်း ညှစ်ပြီး တွန်းထုတ်တယ်"

အတာ ဆိုလိုသည်မှာ ဤအတိုင်းပင် ဖြစ်၏။ သူပြောလိုက်သည့် အင်္ဂလိပ်စကားမှာ တိတိကျကျပင် မမှန်သော်လည်း ထိုမျက်နှာဖြူ သဘောပေါက်ပုံရ၏။ မျက်နှာကြီးလည်း နီလာကာ ချက်ချင်းပင် ထို စာရေးကို ခေါ်၍ ကြိမ်းတော့၏။ နောက် အတာကိုလည်း ပြုံးကာရယ်ကာနှင့် သူ မကြာခဏ လာဝယ် သည်ကို သိရ၍ ကျေးဇူးတင်ကြောင်းပြောကာ ပခုံးကလေးကိုင၍ ထိုမျက်နှာဖြူကိုယ်တိုင်ခေါ်သွားပြီး အတာဝယ်လိုသည့် ချိတ်ကို ထုတ်ယူရောင်းချလိုက်ပြီးမှ ဘောင်းဘီအိတ်ကိုနှိုက်၍ ပိုက်ဆံတစ်မတ်ပင် မုန့်ဖိုးပေးလိုက်သေး၏။ ဤမျှ စွာကျယ်နိုင်သော အတာပါပေ။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks Ma Ma Shwe Zin!
I wait and read your post every night although im so sleepy.

မောင်မောင် said...

မရွှေစင် သာဓု ရဲ့ အတာ လာဖတ်သွားကြောင်းပါ။
ကျေးဇူးပါ။

Anonymous said...

ကျေးဇူးပါနော်........နေ့တိုင်းမပျက်စောင့်၇်ျ ဖတ်၇သော အတာ အတွက်ပါ။