Tuesday, December 27, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၉)

အောင်ဆန်း (သို့မဟုတ်) အမျိုးသားခေါင်းဆောင်

ဟိုးယခင် အတိတ်ကာလကို ပြန်လည်တွေးတောမိတိုင်း ဧရာဝတီတိုင်း ဆကာကြီးမြို့ကလေးမှာ နေထိုင်ခဲ့စဉ် က ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများ လုပ်ကြံခံရသဖြင့် ဆကာကြီးမြို့ ဈေးရုံကြီးထဲမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် ကျင်းပချိန် မိမိကဖခင်ကြီး၊ ပခုံးပေါ်ထိုင်ကာ အခမ်းအနား ကို ငေးကြည့်ရင်း ဘုမသိဘမသိ မျက်ရည်ဝဲခဲ့လေသလား မသိ၊ ငယ်ဘဝကို ပြန် လည်ကာ တရေးရေး မြင်ယောင်မိတတ်သည်။

မိမိအထက်တန်းကျောင်းဘဝ ကျောင်းသားများ သမဂ္ဂမှာ ဝင်ရောက်လုပ်ခဲ့စဉ်ကာလ မြန်မာနိုင်ငံ ရေးသမိုင်း ကို လေ့လာသင်ကြားရင်း ဗိုလ်ချုပ်ရဲ့ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝကို စိတ်ဝင်စားခဲ့ သည်။ အောင်ဆန်း သည် ကျောင်းသားဘဝကပင် ပလွှားဝင့်ကြွားမှုမရှိ။ ပင်နီအင်္ကျီ၊ ပိန်းတိန်းဖိနပ် စီးကာ ခေါင်းစုတ်ဖွား နှင့် နေတတ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ တွင် အမှုဆောင် လူကြီး ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ရ သည်။ အိုးဝေ မဂ္ဂဇင်းတွင် ကျောင်းအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး "ခွေးသရမ်းကြီး လွတ်နေသည်" ဆောင်းပါး ပါလာရာ ကျောင်းအုပ်ကြီး ဒီဂျေစလော့က ဆောင်းပါးရှင်အမည်ကို ဖော်ခိုင်းသည်။ မဂ္ဂဇင်း အယ်ဒီတာ ပီပီ ထုတ်ဖော်ခြင်းမပြုသဖြင့် အောင်ဆန်း ကျောင်းထုတ်ခံရသည်။ ၁၉၃၆ ခု ကျောင်းသားသပိတ် ဖြစ်ပေါ်ခဲ့ပြီး၊ တက္ကသိုလ် အာဏာပိုင်များက အောင်ဆန်းကို ကျောင်းနေခွင့် ပြန်ပေးလိုက်ရတော့သည်။

ကျောင်းသားဘဝ သမဂ္ဂ လုပ်ကြစဉ် လူငယ်သဘာဝ အောင်ဆန်းကို အတုယူအားကျခဲ့မိသည်။ အောင်ဆန်း ကျောင်းသားဘဝမှ နိုင်ငံရေးနယ်ပယ်ရောက်သွားပြီး သခင်အောင်ဆန်းဖြစ်ခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံးဝင် ဂျပန်ပြည်ရောက်သွားပြီး ရဲဘော်သုံးကျိပ်နှင့် မြန်မာပြည်ပြန်လာ နောက်ပိုင်း ဂျပန်များ၏ဖက်ဆစ်အပြုအမူကြောင့် မဟာမိတ်များနှင့် ပူးပေါင်းကာတော်လှန်ရေးလုပ် ခဲ့သည်။ ဤသည်မှာ တစ်ကဏ္ဍ။

မြန်မာနိုင်ငံသို့ မဟာမိတ်အင်္ဂလိပ်တို့ ပြန်ဝင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော လူမျိုး များ၊ ပါတီအဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြရင်း သဘောထားကွဲပြားကာ ကွန်မြူနစ်ပါတီအား အဖွဲ့ ချုပ်ကြီးမှ ထုတ်ပယ် လိုက်သည်။ နောက်တစ်ချက်ကား ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့သမား နှင့် စေ့စပ်ကာ လွတ်လပ်ရေး အတွက် ကြိုးပမ်းသည်ဟူသော အချက်များကြောင့် မိမိ၏ကျောင်း သားဘဝ ပတ်ဝန်းကျင်ရိုက်ခတ်မှု လူငယ် သဘာဝ တက်ကြွမှုများ ပေါင်းစပ်ကာ ဗိုလ်ချုပ်အပေါ် ဘဝင်မကျ လက်မခံနိုင်ဖြစ်ခဲ့မိသည်။ မြန်မာ့ လွတ်လပ်ရေးကိုလည်း အတုအယောင် လွတ်လပ်ရေး ဟု မြင်ခဲ့မိသည်။

နောက်ပိုင်းတွင် အောင်ဆန်း၏နိုင်ငံရေးဘဝနှင့် ဖြတ်သန်းမှုကို အသေးစိတ်လေ့လာကြည့်မိသော အခါ သူ့အပေါ် တွင် မိမိမြင်ခဲ့သော အမြင်များ ပြောင်းလဲလာခဲ့တော့သည်။ ၁၉၄၀ ပြည့်နှစ်က ဟင်္သာတခရိုင် ဒေါင့်ကြီး ကျေးရွာ၌ ချင်းတောင်တန်းနှင့်ပတ်သက်ပြီး တရားဟောသဖြင့် ကျုံမငေး သခင်တင်မောင် နှင့်အတူ ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟင်္သာတရာဇဝတ်ဝန် ဇေးဗီးယား (Mr. Xavier) က ဝရမ်း ထုတ်လိုက်ပြီး ဆုငွေ ၅ ကျပ်ပေးမည်ဟု ကြေညာခံရသည်။

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန် လုံးပမ်းနေစဉ်ကာလ အင်္ဂလိပ် အစိုးရက အောင်ဆန်းအား ဗြိတိသျှအစိုးရ ရန်သူတော်စာရင်းတွင် အမှတ်စဉ် ၅ အဖြစ် ကြေညာခဲ့ လေသည်။ ဂျပန်များ မြန်မာနိုင်ငံဝင်လာပြီးနောက်ပိုင်း ဂျပန်ဖိနှိပ်ညှင်းပန်းမှုများကြောင့် အောင် ဆန်းသည် တစ်နိုင်ငံလုံးရှိ အားများကိုစုရုံးကာ ပြတ်သားစွာ တော်လှန်တိုက်ခိုက်ခဲ့သည်။ နောက် ပိုင်း တွင်လည်း ပြန်လည်ဝင်ရောက်လာသည့် ဗြိတိသျှနယ်ချဲ့သမားများကိုလည်း နည်းအမျိုးမျိုးဖြင့် ဆန့်ကျင် တိုက်ခိုက်သည်ကို မြင်ရပေသည်။ နောက် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများ... ကြောင့် အမြင် ပြောင်းလဲခဲ့ရသည်။

ဆရာဒဂုန်တာရာက သူ၏အောင်ဆန်း (သို့) အရိုင်းဆိုသည့် ရုပ်ပုံလွှာအဖွဲ့တွင် အောင်ဆန်းအား "သူ့တွင် နိုင်ငံရေး ဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သော လူ တစ်ဦးဖြစ်၏။" ဟု ရေးခဲ့သည်။ ထို့နောက် "သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောက်၏၊ ကိစ္စမရှိ၊ သူ သည် ဧည့်ခန်းဆောင် မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက် နှင့် တစ်ခု တည်း ကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏" ဟု ထပ်မံဆိုလိုက်သည်။
(၃)

အောင်ဆန်းကား ကမ္ဘာသိ မြန်မာသိ မြန်မာ့လွတ်လပ်ရေး ဖခင်နှင့် မြန်မာ့အမျိုးသားခေါင်းဆောင် တစ်ဦး ဖြစ်သည်။ အောင်ဆန်းဆိုလျှင် သူ့မိဘအမည် မွေးဖွားရာဒေသတို့ကို အထူးပြုရေးသား ဖော် ပြဖို့ပင် လိုမည်မထင်။ လူတိုင်းလိုလို သိပြီး၊ အမှတ်ရပြီး ဖြစ်သည်။ သူငယ်စဉ်က ထိန်လင်း၊ တို့ဗမာ အစည်းအရုံး ကာလ သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဘဝ ဗိုလ်တေဇ၊ ဂျပန်ခေတ်အစိုးရ စစ်ဝန်ကြီးဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း နောက် ဖဆပလ ဥက္ကဋ္ဌ၊ အမျိုးသားခေါင်းဆောင် ဦး အောင်ဆန်းဖြစ်သည်။ ငယ် နာမည် ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူက အောင်သန်းဖြစ်၍ သူ့အား အောင်ဆန်းဟူ၍သာ တစ်လျှောက်လုံး တွင်တော့သည်။

အောင်ဆန်း၏အဘိုးဖြစ်သူကာ နာမည်ကျော် ရွှေလရောင်ဘွဲ့ခံမြို့လုလင် မြို့သူကြီး ဦးမင်းရောင် ဖြစ်သည်။ ဦးမင်းရောင်ကား ခရစ်နှစ် ၁၈၈၅ တွင် မန္တလေးနေပြည်တော်မှ နေလနှစ်ဆူပါတော်မူ ချိန်၊ သူ့ကျွန် အဖြစ် နွံနစ်မခံ ဇာတိမာန်ဖြင့် ကုလားဖြူတို့အား လူ ၃၀၀၀ ခန့်စုပြီး နယ်ချဲ့တို့ကို တော်လှန် ခဲ့သည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဦးမင်းရောင်ဘွဲ့ မဟာကဗျာ လေးချိုးကြီး ဖြင့် "တောင်မန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်၊ ပြေမြန်မာတောင် မစိုးရရှာတဲ့၊ သြော်... အခေါင် မမြန်း၊ အမှောင်သမ်း သမို့ အောင်ပန်းညို့ခဲ့ရတဲ့... အောင်ဆန်းတို့ ရွှေလရောင်အဘိုး" ဟူ ၍ အောင်ဆန်း ၏အဘိုးဖြစ်သူအား ဂုဏ်ပြုရေးဖွဲ့သီကုံးခဲ့ပေသည်။

အောင်ဆန်းကား နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်ခဲ့သော်လည်း ကျောင်းမဂ္ဂဇင်း ဒဂုန်မဂ္ဂဇင်းနှင့် ဂန္ထ လောကမဂ္ဂဇင်းတို့တွင် ဆောင်းပါးများရေးခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း ဆောင်းပါးများရေး သည်။ အကြောင်းအရာအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် ကျောင်းသားများ အဝတ်အစားဆင် ယင်မှု ကိစ္စရပ် များကို ရေးသားခဲ့ပေသည်။ ကျောင်းသားဘဝကတည်းက အဆောင်တွင် စာအုပ် မျာ ဟိုတစ်ပုံ၊ သည်တစ်ပုံ ပြန့်ကြဲကာ အလွန်စာဖတ်သူ တစ်ယေယာက်ဟု သိရသည်။

ဆရာဒဂုန်တာရာက "အောင်ဆန်း သို့မဟုတ် အရိုင်း"တွင် "ကိုအောင်ဆန်းသည် မြန်မာစာအရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တစ်ခါတစ်ရံ ဟာသဉာဏ်ပါ ၏။ "ဟုရေးသည်။ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍လည်း "သူ၏မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော် လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ ၏။ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်ရှိနေ သည်။ သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်"ဟူ၍ မှတ်ချက်ချခဲ့လေ သည်။

၁၉၄၃ ခုနှစ် ဂျပန်ခေတ်တွင် စစ်သေနာပတိအဖြစ် အောင်ဆန်းဆောင်ရွက်ရင်း အလုပ်တာဝန်များ ပိလာသည်။ ဂျပန်ကို တော်လှန်ရန်အတွက် လျှို့ဝှက်ကြံစည်ကာစလည်း ဖြစ်သည်။ ထို့နောက် များပြား လှသော တာဝန်များ ပိကာ အောင်ဆန်းတစ်ယောက် အပြင်းအထန်ဖျားသဖြင့် အလံပြ ဘုရားလမ်းရှိ ပြည်သူ့ ဆေးရုံ (ယခု ကာကွယ်ရေးဝန်ကြီးဌာန) တွင် တက်ရောက်ကုသခဲ့သည်။ ဤ သို့ တက်ရောက် ကုသရင်း ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်နှင့် ဖူးစာဆုံခဲ့ရသည်။

အောင်ဆန်း လက်မထပ်မီ သုံးလေးရက် အလိုလောက်မှာ သခင်ဗဟိန်းကို လာရှာရင်း ဆရာဒဂုန် တာရာနှင့်တွေ့သည်ဟု ဆိုသည်။ အောင်ဆန်းက "အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာ လည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလဲ အနုပညာရှိတာပဲ။ အနု ပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေးအစစ်ပဲ"ဟု ပြောရင်း "ဒီမယ် အိမ် ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူးဗျ၊ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်"ဟု မမေးဘဲ သူ့ဟာသူ ပြောနေ၏ လို့ ဆရာတာရာက အောင်ဆန်းကို သူ၏ရုပ်ပုံလွှာအဖွဲ့၌ ရေးခဲ့သည်။ ဆရာတာက "လက်ထပ်ပြီးစက ကျွန်တော် ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ တိုင်ပင်ရန် အင်းယားကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့ရ၍ မပြုံးမိအောင် ဟန် ဆောင်နေရ၏"ဟု ဆက်ရေး လိုက်သည်။

အောင်ဆန်းကား အနေအထိုင်ရော အစားအသောက်ပါ ရိုး၏။ သူ့ရဲ့ဒေါ်ခင်ကြည်ဆီ ရေးသောစာ မှာ "ကြည်ရေ... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဟူ၍ ဖြစ်သည်။
အောင်ဆန်းကား စိတ်ထဲရှိသည်ကို တဇောက်ကန်းနိုင်နိုင် လုပ်တတ်လေသည်။ ကြမ်းလည်း ကြမ်း ကြမ်း ဟု ကြားဖူး၏။
ဒဂုန်တာရာ ရေးထားသည့် သူထက်စောပြီး ကျောင်းရောက်နှင့်သည့် သူ့မိတ်ဆွေ အောင်ဆန်းအ ကြောင်း ရေးထားသည့်စာထဲမှာ-
"သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လိုအများက ထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီး သည် မကြီးသည် ကိုမသိ၊ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏"။

"နှစ်ကိုကား အသေအချာမမှတ်မိတော့ သပိတ်မှောက်နှစ်လည်း အထိမ်းအမှတ်တစ်ခု သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲက ထ၍ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ် ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကား များသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ "ရဲရင်ထွက်"စသော အသုံးမျိုးသုံး၏။ လက် သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေ သည်"ဟူ၏။

၁၉၄၆ ခုတွင် အောင်ဆန်းဦးစီးသည့် ဖဆပလအဖွဲ့ချုပ်သည် လွတ်လပ်ရေးပေးရန် အင်တင်တင် လုပ်နေ သည့် ဗြိတိသျှတို့အကျပ်တွေ့စေရန် ၁၉၄၆ ခုတွင် အမှုထမ်းပေါင်းစုံတို့အား သပိတ်မှောက် ရန် အချက်ပေး လိုက်သည်။ ထိုသပိတ်ကြောင့် ဘုရင်ခံ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင် ဆန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ရသည်။ ၁၉၄၇ ခုတွင် ဗြိတိသျှအစိုးရက ဖိတ်ကြားသည့် ဗိုလ်ချုပ်အောင်ဆန်း သည် ကိုယ်စားလှယ်အဖွဲ့သည် နန်းရင်းဝန် မစ္စတာအက်တလီနှင့် အောင် ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုလိုက်ကြသည်။ အောင်ဆန်းအက်တလီ စာချုပ်ချုပ်ခါနီးတွင်မှ ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့က သဘောမတူဟု ဆိုကာ လက်မှတ်မထိုးကြချေ။ ဗိုလ်ချုပ်အောင် ဆန်း ဒေါပွကာ "ဒီစာချုပ်ကိစ္စမှာ အကုန်လုံး ဆွေးနွေးပြီးလို့ လက်ခံပါပြီပြောမှ ကျွန်တော်တို့မပါပါ ဘူး ပြောတယ်၊ ကျွန်တော့်ကို ချောက်ချဖို့ပဲ။ ဒါပေမဲ့ မကြောက်ဘူး"ဟု ပြောခဲ့သည်။

အောင်ဆန်းသည် "အောင်ဆန်း အက်တလီစာချုပ်"အရ လွတ်လပ်တော့မည့် မြန်မာနိုင်ငံ၏ပထမ ဆုံး ရွေးကောက်ပွဲကို ကျင်းပလိုက်သည်။ အောင်ဆန်းဦးဆောင်သည့် ဖဆပလအမတ်နေရာ အများစုရကာ အစိုးရသစ်ဖွဲ့လိုက်သည်။ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကျင်းပကာ ဗိုလ်ချုပ်သည် ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရာ လမ်းညွှန်ချက် အဆိုတင်သွင်းလေသည်။
"တစ်နှစ်အတွင်း လွတ်လပ်ရေးရကို ရရမယ်"ဟု အောင်ဆန်းက ကြွေးကြော်ကာ လွတ်လပ်ရေးအ တွက် ကြိုးပမ်းရင်း မသမာသူနယ်ချဲ့လက်ပါးစေ အာဏာရူးတစ်စုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ကြီးများ လုပ်ကြံခံလိုက်ရလေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အာဇာနည်များအတွက် ဘာဝနာတမ်းချင်းကြီးတွင်...
"သြော်... အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က အောင်မတမ်းချို့ စေဖို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမ်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့် အောင် ဆန်းတို့ မသာမယာ ဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့၊ ချုပ်သ နှင့် ယင်းအလို တွင် (အိုကွယ်) ဒေါင်းလံပဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်" ဆိုတဲ့ လေးချိုးကဗျာ ကြီးကို စပ်ဆို ခဲ့လေသည်။

ညွှန့်သစ်
.

No comments: