Thursday, November 10, 2011

လယ်တွင်းသားစောချစ် ၏ လူရိုးဆိုတာ

လူရိုးဆိုတာ

    ''ကိုညိုရေ သွားကြည့်လိုက်ဦး ဟိုမှာကိုချစ်အောင်တို့ဘက်က ခြံစည်းရိုး ကာနေတယ်''
    မိန်းမ က ကျုပ်ကိုလာပြောတယ်။

    ''လို - မလို သွားကြည့်လိုက်ပါဦး ဒီဘက်က သရက်ပင် သူတို့ခြံထဲ ထည့် ကာထားတယ်''
    မိန်းမ က ထပ်ပြောနေတုန်း
    ''ဟာ အဓိပ္ပါယ်မရှိတာကွာ အဲဒီသရက်ပင် ဒီဘက်ကဆိုတာ ချစ်အောင်ရော ငါရောသိတာပဲ။ ချစ်အောင် က ဒီလိုမတရားလုပ်တဲ့ ကောင်မျိုးမဟုတ်ပါဘူး''
    မိန်းမဆက်ပြောနေတာကို ကျုပ်သဘောမကျဘူး။ မဟုတ်တာ ပြဿနာလာလုပ် နေတယ်ထင်တာ။ ဒါပေမယ့် သွားတော့ကြည့်လိုက်ပါတယ်။
    ဟာ ဟုတ်တာပေါ့။ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ ချစ်အောင်တို့ဘက်က ခြံကာတာ ဒီဘက်ကို အများကြီး ရောက်နေတယ်။ ဒီဘက်က သရက်ပင်လည်း သူတို့ဘက် ပါသွားပြီ။ ချစ်အောင် ဘယ်လို လုပ်တာ ပါလိမ့် ကျုပ်နားမလည်အောင် ဖြစ်ရတယ်။

    ''ချစ်အောင်ရေ ချစ်အောင်''
    ခြံစည်းရိုးနား အထိသွားပြီး အသံပြုရတယ်။ သူတို့အိမ်ထဲက ချစ်အောင် မိန်းမ မကြွေ ထွက်လာတယ်။
    ''ကိုချစ်အောင် မရှိဘူး တောင်ရိုးတက်သွားတယ်''
    ''ဟေ ဘယ်နေ့က တက်သွားတာလဲ''
    ''မနေ့က''
    ချစ်အောင်က အိမ်မှာမရှိဘူး။ ကျုပ်ဘာဆက်ပြောရမှန်းမသိတော့ဘူး။ မနေ့ကမှ တောင်ရိုး တက် သွားတယ်ဆိုရင် အနည်းဆုံး သုံးလေးညတော့ကြာမယ်။ ကျုပ်တို့ရွာကလူ တွေက ခုလို လယ်ယာလုပ်ငန်း ပါးတဲ့ အခါကျရင် ရှမ်းရိုးမ အခြေကတောင်ရိုးအထိ သွားပြီး ထင်းခုတ်ဝါးခုတ်ကြတယ်။ လှည်းရှစ်စီး ဆယ်စီး စုသွားကြတယ်။ လှည်းတစ်စီးဆို ထင်းတို့ ၀ါးတို့ သုံးပါလေ့။ အများကြီးပါတယ်။ တောင်ရိုး သွားကြမယ်လို့ ပြောတာကြားပါတယ်။ ချစ်အောင် ပါမှန်းမသိဘူး။

    ချစ်အောင်မရှိဘဲနဲ့ ပြောရမှာလည်း အခက်။ ဒါပေမယ့် မပြောဘဲနဲ့ ရက်ကြာသွား ရင်လည်း မကောင်း ပြန်ဘူး။ ခြံစည်းရိုး ကာတာ က မိကြွေလုပ်နေတာ။
    ''နင်တို့ခြံစည်းရိုး အသစ်ကာတာ ဒီဘက်အများကြီးရောက်နေတယ်။ နည်းနည်း ဆိုရင် ငါမပြောပါဘူး။ ဒီဘက် က သရက်ပင်ပါ နင်တို့ခြံထဲရောက်နေပြီ''
    ''ရောက်ရမှာပေါ့ သရက်ပင်က အစကတည်းက ဒီဘက်ခြံထဲကပဲ''

    ''မိကြွေ ရာ နင်ဘောမှမသိဘဲနဲ့ လျှောက်ပြောမနေနဲ့ ချစ်အောင်တို့ ငါတို့က ဒီနေရာမှာနေခဲ့တာကြာပြီ အားလုံး သိတယ်။ နင်က မနေ့တစ်နေ့ကမှ ချစ်အောင်နဲ့ ညားပြီး ဒီအိမ်ရောက်လာတာ''
    ''ဟုတ်တယ်လေ ကျုပ်မသိပါဘူး ကိုချစ်အောင်ပြောလို့ သူပြောတဲ့ အတိုင်းကာ တာပဲ''
    ''ဘာပြောတယ်ဟ၊ ချစ်အောင် က ဒီသရက်ပင်ကို နင်တို့ဘက်ကလို့ ပြောလို့လား''
    ''ပြောတယ်၊ သူပြောလို့ ကာတာပေါ့၊ ကိုယ့်ဘာသာလုပ်တာ မဟုတ်ပါဘူး''
    ''ဟာ ဒါဆိုရင်တော့ ရှုပ်ကုန်ပြီဟာ''
    ကျုပ် ဘာမှ နားမလည်တော့ဘူး။

    ''ကဲဟာ နင်နဲ့ငါနဲ့ ဒီလိုပြောနေလို့ တရားမ၀င်ပါဘူး။ နင်နေ့ခင်းကျရင် ရုံးလာခဲ့''
    ''လာဆိုရင်လည်း လာရုံပဲ လူကြီးဆိုပြီး မတရားလုပ်လို့တော့ မခံနိုင်ဘူး''
    ''မိကြွေ ရာ နင်ကလည်း စွာမနေစမ်းပါနဲ့ ငါတစ်ယောက်တည်းမဟုတ်ပါဘူး အဖွဲ့ဝင်တွေနဲ့ ဆယ်အိမ်မှူး ရာအိမ်မှူးတွေလည်း ခေါ်ထားမှာပါ''
    ''စွာစရာ ရှိရင်တော့ စွာရမှာပဲ''

    ခင်ကြွေရဲ့ခပ်တိုးတိုးဆိုပေမယ့် ကြားလောက်အောင် ပြောကျန်ခဲ့တဲ့အသံ
    ''နေ့လည်ခင်းကျတော့ ကျေးရွာရုံးမှာ ဆုံကြရတယ်။ ကျုပ်က ရွာမှာ ရွာလူကြီးပါ။ ခုနစ်တန်း အောင်တဲ့ အထိ ကျောင်းနေဖူးတယ်။ ထုံးစ့အတိုင်း တောသားရွာသားဆိုတာ လယ်သမားသား လယ်သမား ပါပဲ။ ကိုယ့်ရွာမှာပဲ ကိုယ်ပျော်တယ်။ ရာအိမ်မှူး ဆယ်အိမ် မှူးတွေ စုံအောင်ရောက်ပြီး မကြာမီ မှာပဲ မိကြွေရောက်လာတယ်။

    ''မိကြွေ လာထိုင် ငါကိုယ်တိုင်က ရွာလူကြီးဖြစ်ပြီး ကိုယ့်ခြံအတွက် ပြောရဆိုရ တာ ကောင်းတော့ မကောင်းဘူးပေါ့ဟာ။ ဒါပေမယ့် ငါမဆုံးဖြတ်ပါဘူး။ ကျန်တဲ့လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။
    ''ကောင်းတာပေါ့တော် အဲဒီလိုပဲ ဖြစ်သင့်တာပေါ့''
    မိကြွေပြောပုံ က အညွန့်နဲ့အတက်နဲ့။

မိကြွေကို ကျုပ်လှမ်းကြည့်လိုက်ပါတယ်။ မိကြွေ က ချစ်အောင်ထက် ငါးနှစ်ငယ်တယ်။ ချစ်အောင်က ကျုပ်ထက် နှစ်နှစ်ငယ်တယ်။ မိကြွေက ဒီရွာကမဟုတ်ပါဘူး။ ဆယ်ကတော်ရွာသူ။ နွေရာသီကျရင် ရွာလာပြီး မုန့်လက် ဆောင်ရောင်းရင်း အပြောအဆိုလေးက သွက်လက်ချက်ချာတော့ ချစ်အောင်အမေ ဒွေးလေးဖော က သဘောကျတာ။ ရုပ်ကလေးကလည်း မဆိုးပါဘူး။ ချစ်အောင်က လူရိုး လူအေး သူ့အစွမ်း နဲ့ ရတာမဟုတ်ဘူး။ ဒွေးလေးဖော့ပြောပေးလို့ရတာ။ မင်္ဂလာဆောင် တော့လည်း ကျုပ်တို့ပဲ ၀ိုင်းဝန်း လုပ်ပေးရတာ။ ချစ်အောင်နဲ့ကျုပ်က ညီအစ်ကိုလို ခင်တာကိုး။

    ''ငါနင့်ကို တစ်ခုမေးမယ်။ နင်ကချစ်အောင်မရှိတုန်းမှ ဘာလို့ခြံစည်းရိုး ကာရတာတုန်း''
    ''ကိုယ့်အိမ် ပဲ ကိုယ်ကာချင်တဲ့ အချိန်ကာမှာပေါ့ ယောက်ျားမရှိတဲ့အချိန် မိန်းမက အားနေတော့ ကာချင် ကာ မှာပေါ့''
    ''ချစ်အောင်တို့ ငါတို့က  ခြံစည်းရိုးနေရာအမှန်ကို သိနေတယ်။ နင်ကမသိဘဲနဲ့ ဘာလို့ပြောတာလဲ''
    ''ကျုပ် မသိပေမယ့် သိတဲ့ ကိုချစ်အောင် ပြောတော့ သိတာပေါ့။ သိတဲ့အတိုင်း ကာတာပဲ''
    ''ဟင် ချစ်အောင်က ဘယ်လိုပြောလို့လဲ အခုနင်တို့ ခြံထဲရောက်သွားတဲ့ သရက် ပင်ကို နင်တို့ဘက်က အပင် လို့ ချစ်အောင်ပြောလို့လား''

    ''ပြောတာပေါ့ သရက်ပင် က သူစိုက်တဲ့အပင်တဲ့ သူစားတဲ့အစေ့ကို သူပြန်စိုက် ထားတာတဲ့''
    ''ဟင် ချစ်အောင်က အဲဒီလိုပြောလား''
    ''ပြောတာပေါ့ တော်ကလည်း တော်တို့ဘက်မှာ သရက်ပင်တစ်ပင်စိုက်တယ်တဲ့ မရှင်ဘူး ငယ်ငယ်လေး မှာ သေသွားတယ်တဲ့''
    ''အဲဒါတော့ဟုတ်တယ် ငါစိုက်တဲ့အပင်က သေသွားပြီ ဒါပေမယ့် အခုရှိနေတဲ့ အပင်လဲ ငါတို့ ဘက်ကပဲ''
    ''ကိုချစ်အောင် က လူရိုးလူမှန် ပဲ တစ်ရွာလုံးသိတယ်''
    ''အေး ငါပိုသိတာပေါ့''

    ''ဒါဆို သူက မဟုတ်တာ မမှန်တာဘယ်ပြောမလဲ''
    မိကြွေက အပိုင်ပြောလိုက်တယ်။
    ''အေး ဒါဆိုရင် ငါ နင့် ကိုမေးမယ် နင်မှန်တဲ့အတိုင်းဖြေ ချစ်အောင်က ဒီသရက်ပင် ကို သူ့အပင် သူတို့ဘက် က အပင်လို့ ပြောခဲ့လား''
    ''ပြောတာပေါ့ ပြောလို့သူ့စကားအတိုင်း သရက်ပင်ကို ခြံထဲထည့်ကာတာပေါ့''
    မိကြွေ က အခိုင်အမာ ပြောလိုက်တယ်။

    ''ကဲ လူကြီးတွေ ဒီကိစ္စကျုပ်ပဲ ဆုံးဖြတ်လိုက်မယ် ချစ်အောင်က ပြောတယ်ဆို ရင်တော့ အခု ကာထား တဲ့ အတိုင်း နေပါစေ ကျုပ်ကျေနပ်တယ်''
    လူကြီးတွေအားလုံး ခေါင်းညိမ့် သဘောတူလိုက်ကြတယ်။
    ''ချစ်အောင် က ဘယ်လိုဖြစ်သွားတာပါလိမ့်''
    ကျုပ်တွေးလို့မရဘူး။ အံသြနေတယ်။ ချစ်အောင်က အလွန်ရိုးတဲ့ကောင် လိမ်ညာ မပြောတတ်ပါဘူး။ ကျုပ် မှတ်မိသေးတယ် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ အဖေကျန်း မာရေးမကောင်းလို့ ကျုပ်က လယ်လုပ်ငန်း ကို တာဝန်ယူလုပ်နေပြီ။ လယ်တွေရိတ်ပြီး တော့ တလင်းတွင်း စပါးသိမ်းဖို့ ချစ်အောင်နဲ့ စံရွှေ ကို အကူခေါ်ရတယ်။ လုပ်ခတော့ ပေး ရတာပေါ့၊ သူတို့နှစ်ယောက်လုံး ကာလသားပေါက်နေတွ ဖြစ် နေပါပြီ။

    ပြာသိုလထဲမှာ မနက်ဆိုသိပ်ချမ်းတာပေါ့။ ဘယ်သူမှ စပါး ထ မနယ်ချင်ဘူး။ အစောဆုံးလူက လေးနာရီ ထနယ်ရမှာ။ အိပ်ရေးလည်းပျက်တယ် ချမ်းလည်းချမ်းတယ်။ ဒုတိယလူက ငါးနာရီ ထနယ် ရမယ်။ တတိယ လူကတော့ ခြောက်နာရီထနယ်ရတယ်။ အိပ်ရေးလည်းဝတယ်။ ချမ်းလည်း သိပ်မချမ်း တော့ဘူး။ နောက်ဆုံးလူက အကောင်းဆုံး။ ပထမ ဆုံးလူက အနာဆုံး။ ဒါကြောင့်မို့ ဘယ်သူ အရင်နယ် မလဲ အငြင်းပွားနေကြတယ်။ အဲ့ဒီအ ချိန်မှာ ''ခဏနေကြဦး'' ဆိုပြီး ချစ်အောင် ထွက်သွားတယ်။ အတို အရှည် မညီတဲ့ တုတ်သုံး ချောင်းချိုးလာတယ်။
    ''ကဲ မင်းတို့ဆွဲကြ။ ဒီတုတ်သုံးချောင်းက အရွယ်မညီဘူး ဘယ်တုတ်ကအရင် ဘယ်တုတ်ကအလယ် ဘယ်တုတ် က နောက်ဆုံး ငါသတ်မှတ်ထားတယ် ကိုယ်ကျတဲ့အ တိုင်း နယ်ရမှာနော် အငြင်းမပွားရဘူး''

    ကျုပ်တို့ နှစ်ယောက်က သဘောတူကြောင်း ခေါင်းညိမ့်ပြတယ်။
    ''ကဲ စပြီးဆွဲတော့''
    ချစ်အောင် က ထိပ်မှာ အညီထားပြီး အောက်ဘက်က တုတ်သုံးချောင်း အတိုအရှည်မပေါ်အောင် ဆုပ် ကိုင်ထားတယ်။ကျုပ်က အရင်ဆွဲလိုက်တယ်။
    ''ကိုင်ထား ကိုယ့်တုတ် ကိုယ် ကိုင်ထား'' လို့ ချစ်အောင်က သတိပေးတယ်။
    ကျုပ်လက်ထဲမှာ တုတ်ကလေး ကို ဆုပ်ကိုင်ထားပါတယ်။

    ဒုတိယ စံရွှေ တုတ်ကလေး တစ်ချောင်းဆွဲယူလိုက်တယ်။ တုတ်သုံးချောင်း ယှဉ် ကြည့်တယ်။ ချစ်အောင် တုတ် က အရှည်ဆုံး။
    ''ကဲကွာ …ကဲကွာ…ကဲကွာ''
    ချစ်အောင် စိတ်ဆိုးပြီး သူ့တုတ်ကို သုံးပိုင်းချိုးပစ်လိုက်တယ်။

    ''အရှည်ဆုံး တုတ် က အရင် နယ်ရမယ်လို့ ငါ့စိတ်ထဲမှာ သတ်မှတ်ထားတာကွ အလတ်တုတ်ရရင် ဒုတိယ အတိုဆုံးတုတ်က နောက်ဆုံးကွ''
    ချစ်အောင် သူအရင်နယ်လှည့်ကျ၍ မကျေမနပ်ဖြစ်နေသည်။ ကျုပ်ရတဲ့တုတ်က အလတ်၊ ဒုတိယ နယ် ရမယ် စံရွှေက နောက်ဆုံး။
    ဒီအချိန် မှာ ကျုပ်က တစ်ခုသတိရတာနဲ့ ချစ်အောင်ကို မေးကြည့်တယ်။

    ''ဘယ်တုတ်က ဘယ်အချိန်နယ်ရမယ်ဆိုတာ မင်းကတို့ကို ကြိုလည်း ပြောမထား ဘူး၊ တို့ကငြင်းရင် ဘယ်လို လုပ်မလဲ''
    ''ဘာလို့ငြင်းရမှာလဲဗျ ကျုပ်က တုတ်သွားချိုးတဲ့ သူ ကျုပ်ကဒိုင်လူကြီးပဲ ကျုပ်စိတ် ထဲ မှတ်ထားတဲ့ အတိုင်း လုပ်ရမှာပေါ့။ အခုလည်း ကျုပ်အရင်နယ်ရမှာပဲလေ''
    ''အေး မင်းအရင်နယ်ရလို့ ပြဿနာမပေါ်တာ စံရွှေက တုတ်အရှည်ဆုံးဆွဲမိလို့ အရင်နယ်ရမယ်ဆိုရင် သူက ငြင်းချင်ငြင်းမှာပေါ့''
    ''ငြင်းရင် ငါဆွဲထိုးမှာပေါ့''

    ''တကယ်လို့ ငါကတုတ်အရှည် ဆွဲမိရင်ရော''
    ''ခင်ဗျား အရင်နယ်ပေါ့''
    ''မင်းစိတ်ထဲမှာ မှတ်ထားတာ ငါတို့မှ မသိဘဲ။ မင်းကအမျိုးမျိုး ပြောင်းပြောလို့ ရတာပေါ့''
    ''ခင်ဗျား က ကျုပ်ကိုမယုံလို့လား''
    ချစ်အောင် မေးပုံက မာတယ်။ တင်းတယ်။

    ''မယုံလို့ မဟုတ်ပါဘူး။ ပြောင်းပြောတယ် လို့ ထင်မယ်ဆိုရင် ထင်နိုင်တာကို ပြောတာ''
    ''ထုံးစံ မရှိဘူး ကျုပ်ဘယ်တော့မှ မညာဘူး ခင်ဗျားအရင်ကျလို့ ကျုပ်ပြောတာ မယုံဘူးဆိုရင် ခင်ဗျား က အသက်အကြီးဆုံး ပြီးတော့ ခင်ဗျားလယ်။ ကျုပ်ကမလုပ်ဘဲ ပြန် သွားမှာပေါ့။ ဘာလဲ ခင်ဗျားက အခု လည်း ဒုတိယနယ်ရမှာကို မကျေနပ်လို့လာူး မယုံလို့ လား''
    ချစ်အောင် လေသံ မှာ ဒေါသပါလာတယ်။

    ''ငါက မင်းကိုယုံပါတယ်။ မင်းအကြောင်း ငါက ငယ်ငယ်ကတည်းကသိထားတာပဲ မသိတဲ့လူနဲ့ကျရင် မင်း စိတ်ထဲ မှတ်ထားတယ်ဆိုတာ ဘယ်သူမှမသိတော့ မယုံဘူး ပြော မှာစိုးလို့ပါ''
    ''မယုံရင် အဲဒီကောင်မျိုးတွေနဲ့ စကားလည်း မပြောဘူး။ အလုပ်လည်းမလုပ်ဘူး''
    ချစ်အောင်ဆိုတာက  အဲဒီလိုကောင်မျိုး။ မလိမ်တတ်ဘူး။ မညာတတ်ဘူး ရိုး ဖြောင့်တယ်။ သူရိုးဖြောင့် တယ်ဆိုတာ ကိုလည်း ယုံမှကျေနပ်တယ်။ မယုံရင် မကျေနပ်ဘူး။ ဒါကြောင့် အခုကိစ္စမှာ ကျုပ်သိပ်ကို အံ့သြနေတာ။ ခြံစည်းရိုး အဟောင်းနေရာကို နှစ်ယောက်လုံး သိတယ်။ သရက်ပင်က သူတို့ဘက်က မဟုတ်ဘူး။ ကျုပ်တို့ဘက်က။ အဲဒါကို ချစ်အောင်အမေ ဒွေးလေးဖော့လည်း သိတယ်။ ဒါပေမယ့် ဒွေးလေးဖော့ မနှစ်က ဆုံးသွားပြီ။

    ချစ်အောင်က သူ့မိန်းမကို ဘာဖြစ်လို့ သူစိုက်တဲ့အပင် သူတို့ဘက်ကလို့ ပြောရ တာလဲ။ သူ့မိန်းမ က လည်တယ်။ သူလည်း လည် တဲ့ မိန်းမနဲ့ပေါင်းပြီး ရိုးဖြောင့်တာတွေ ပျောက်သွားပြီလား။ ဒါကြောင့် သူ မရှိတုန်း ခြံစည်းရိုးပြင် အကာခိုင်းတာလား။ ကျုပ် စိတ်မကောင်းဖြစ်မိတယ်။
    နောက်နှစ်ရက်လောက် ရှိတော့ နေ့လည်ခင်းတစ်ခုမှာ လင်မယားကွာရှင်းမှု တစ်ခု တိုင်ထားတာနဲ့ ရုံးမှာ လူကြီးအစုံရောက်နေကြတယ်။ လင်မယားကွာအမှုဆိုတော့ စိတ်ဝင် စားကြတယ်။ နှစ်ဖက် ဆွေမျိုး တွေလည်း လာကြတာပေါ့။ ရုံးမှာ လူစည်ကားတဲ့နေ့ပါပဲ။

    အပြန်အလှန် ပြောကြဆိုကြ မကျေနပ်နာတွေ ဒေါသတွေနဲ့ပေါ့။ ကျုပ်တို့လူကြီး တွေက မေးတာ တွေလဲ ဖြေကြားပါတယ်။ မေးရင်းဖြေရင်း ရယ်စရာတွေပါတော့ ၀ါးကနဲ ရယ်သံတွေထွက်လာတယ်။ ခဏ ခဏ ရယ်သံတွေ ထွက်လာတော့ လူတွေ ပိုရောက်လာ ကြပြန်တယ်။
    အိမ်ထောင်သက်တစ်နှစ်တောင် မပြည့်သေးတဲ့ ငယ်သူတွေပါ။ ကလေးလည်း မရှိ သေးပါဘူး။ နောက်တော့ လူကြီးတွေက မကွဲဖို့ မကွာဖို့ တစ်ယောက်ပြီးတစ်ယောက် ဆုံးမကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ စိတ်ပျော့ သွားတယ်။

    နှစ်ယောက်စလုံး ဆီက တောင်းဆိုချက်တွေရှိလာတယ်။ မိန်းကလေးက ယောက်ျားလေးကို ဘယ်လို မပြော ရဘူး။ ဘယ်လိုဆက်ဆံတာ မကြိုက်ဘူးဆိုတာတွေ ပြော လာတယ်။ ကျုပ်တို့လူကြီးတွေက ယောက်ျား ကို ကတိပေးခိုင်းတယ်။ ကတိပေးတော့ လက်ခုပ်တီးကြတာ ဆူညံသွားတာပဲ။ ယောက်ျား လေး ကလည်း သူမကြိုက်တာတွေကို ပြောပြန်တယ်။ လူကြီးတွေက မိန်းကလေးကိုလည်း ကတိ ပေးခိုင်းကြတယ်။ မိန်းကလေး က ကတိပေးပါတယ်။ လက်ခုပ်တွေတီးကြပြန်တယ်။ ပျော်စရာကြီးပါပဲ။ သူတို့ မကွာတော့ ပါဘူး။ ပြန်ပေါင်းသွားတယ်။
    ကိုယ့်ရွာ ကိုယ့်ရုံး နဲ့ ကိုယ့်တရားစီရင်မှု့ ဆိုတာ ဒါပါပဲ။

    ကြီးတဲ့အမှု ငယ် သွားတော့တာ ပါပဲ။
    ငယ်တဲ့အမှု ပျောက်သွားတာပါပဲ။ အားလုံးကလည်း ပတ်ချာလည် ဆွေမျိုးတွေပါပဲ။ တစ်ခါတရံ ကျတော့ ပျော်စရာကြည်နူးစရာကောင်းပါတယ်။ တစ်ခါတစ်ခါကျတော့ အဲဒီလို ဆွေမျိုးတွေ ပတ်လည် ဖြစ်နေ လို့ကိုပဲ စိတ်ပျက်စရာတွေ ကြုံရတယ်ဗျ။ ပြောမရဆိုမရနဲ့ စိတ်ညစ်စရာ။ လင်မယား ပြန်ပေါင်း ပြီးလို့ လူတွေ ပျော်ပျော်ပါးပါးပြောဆိုနေတဲ့ အချိန်မှာပဲ ရုံးထဲကို လူတစ်ယောက်ဝင်လာတယ်။

    ''ဟာ ချစ်အောင် လာ မင်းတို့ တောင်ရိုး သွားတာ ပြန်ရောက်ပြီလား''
    ကျုပ်က လှမ်းမေးတယ်။
    ''ခုပဲ ပြန်ရောက်တယ် ရောက်ရောက်ချင်း ရုံးကိုလာခဲ့တာ''
    ''ဘာကိစ္စလဲ ပြော''
    ''ကျုပ်မရှိတုန်း မိကြွေ ခြံစည်းရိုးကာထားတာ မှားနေလို့''
    ''ဘာမှားတာလဲကွ''
    ကျုပ်က သိရက်နဲ့ မေးတာပါ။

    ''သရက်ပင် က ကျုပ်တို့ဘက်ကမဟုတ်ဘူးဗျ၊ ကိုညို တို့ ဘက်က ခုတော့ ကိုညို တို့ မြေအများကြီး ကျုပ်တို့ ဘက် ရောက်နေပြီဗျ''
    ဒါ ချစ်အောင် အစစ်ပါပဲ
    ''မင်း မိန်းမ က ပြောတော့ သရက်ပင်က မင်းစိုက်တာ မင်းတို့ဘက်ကလို့ မင်းပြော တယ်ဆိုတာနဲ့ ငါက ပေးလိုက်တာ''
    ''အဲဒါ ဟုတ်မှမဟုတ်ဘဲဗျ ကိုညို သိရက်သား နဲ့ မပေးသင့်ပါဘူး''
    ချစ်အောင် က ကျုပ်ကို အပြစ်တင်တယ်။

    ''ရော ခက်ပြီ သရက်ပင် က မင်းစိုက်''
    ''ကျုပ်စိုက်တယ် ဆိုတာ ဟုတ်တယ်ဗျ ကျုပ်စားတဲ့သရက်စေ့ အိမ်ရှေ့ကွပ်ပျစ်က နေလွှင့်ပစ်လိုက်တာ ကိုညို တို့ ခြံဘက် ရောက်သွားတာဗျ မိုးကျလို့ သရက်ပင်လေး ပေါက် လာတော့ ငါ့သရက်ပင် လေးကွ ဆိုပြီး တုတ်ချောင်းလေးတွေ စိုက်ပြီး ကာထားတာ။ ကိုညို ကလည်း သရက်ပင်လေးတစ်ပင်ကို ကျုပ်လို တုတ်ကလေးတွေစိုက်ပြီး ဒါက ငါ့သရက်ပင် လို့ပြောတယ်''
    ကျုပ်က ခေါင်းညိတ်ပြတယ်။

    ''နောက်တော့ ကိုညို သရက်ပင်က သေသွားတယ်။ ကျုပ်သရက်ပင် က ခုထိအပင်ကြီးဖြစ်လာပြီး အသီး တွေ သီးတယ်။ သုံးလုံးတစ်တောင်ပင်ဗျ။ သရက်သီးဆီစိမ်လုပ် လို့ကောင်းတယ်၊ ဒီနှစ်ကိုညိုတို့ သရက်သီး ခူးတော့ ကျုပ်တို့ကို သရက်သီးအလုံးသုံးဆယ် လောက် ပေးတယ်။ ကျုပ်မိန်းမ မိကြွေ သိပ် သဘောကျတာပဲ။ ဒါနဲ့ အဲဒီသရက်ပင်က ငါစား ပြီး ကျန်တဲ့အစေ့ ငါစိုက်ထားတာလို့ ပြောမိတယ်
    အဲဒါနဲ့ မိကြွေ က ကိုချစ်အောင်စိုက်တဲ့  ကိုချစ်အောင်သရက်ပင် ဆိုတာ သေချာ လားလို့ မေးတယ်။ သိပ်သေချာ တာပေါ့လို့ ပြောလိုက်တယ်။ အဲဒါကို ကျုပ်တို့ခြံမြေထဲမှာ ကျုပ်စိုက်တဲ့ သရက်ပင် ကို ကိုညို တို့က မတရားယူထားတာ ကျုပ်က ကိုညိုကို ချစ်ခင်လေး စားတော့ ငယ်ကြောက် ဆိုတော့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ သူကတော့ မကြောက်ဘူး။ ကျုပ်မရှိတုန်း ခြံဝင်း ပြန်ကာမယ်ဆိုပြီး သရက်ပင် ကျုပ်တို့ ဘက်ပါအောင် ခြံဝင်းအသစ် ကာတာဗျ။''

    ရှင်းသွားပါပြီ။ လူကြီးတွေလည်း ခေါင်းတညိတ်ညိတ် ဖြစ်နေကြပါပြီ။
    ''အခု ပြန်လာရင် မင်းမိန်းမ စိတ်မကောင်းဖြစ်မှာပေါ့ကွ မထူးပါဘူးကွာ ဒီအတိုင်းပဲ ထားလိုက်ပါ။ မင်းစိုက် တဲ့ သရက်ပင်လေး မင်းတို့ဘက်ရောက်သွားရင် ကောင်းတာပေါ့။ သရက်ပင်ကလည်း ခြံစည်းရိုး နား ကပ်နေတာပါ''
    ကျုပ်က စိတ်ထားအမှန်အတိုင်း ပြောတာပါ။ ဒါပေမယ့် ချစ်အောင် ဒေါသကြီး သွားလိုက်တာ။

    ''အဲဒီလိုလုပ်လို့ ဘယ်ရမလဲဗျ။ ကျုပ်က မတရားတဲ့လူ ဖြစ်သွားမှာပေါ့။ အစက ခြံ စည်းရိုး ကျောက်ငုတ် ရှိတယ်။ ကျုပ်တို့ငယ်ငယ်က ကုက္ကိုလ်ပင်ကြီး လေပြင်းတိုက်လို့ လဲ တော့ ပင်စည်ပိပြီး ကျိုး သွားတာ။ ကိုညိုရော ကျုပ်ရော အမှန်ကိုသိလျက်သားနဲ့ ဘာလို့ အမှားလုပ်မှာလဲဗျ။ အဲဒီလိုလုပ်ရင် ကိုညို လူကြီးဖြစ်ပြီး မမှန်တာ မတရားလုပ်တာပဲဗျ''
    ''ဟား ဟား ချစ်အောင် ရာ မင်းစွပ်စွဲချက်ကလည်း ကြီးကျယ်လိုက်တာ။ ငါက မိကြွေသူရချင်တဲ့ သရက်ပင်လေး ရသွားရင် ကျေနပ်အောင်လို့ ပြောတာပါ''
    ''မိကြွေက မသိလို့ ပြောတာပဲ။ ခုတော့ အမှန်ကို သူသိသွားပါပြီ။ ကျောက်ငုတ် ကျိုးသွားတဲ့နေရာကို ကျုပ်က မှတ်မိတယ်ဗျာ။ ဒါနဲ့ ပေါက်ပြားနဲ့ တူးလိုက်တော့ ကျောက် ငုတ်အကျိုးကျန်တာတွေ့တယ်။ မိကြွေ လည်း အခုပါတယ်ဗျ။ မိကြွေလာလေ။ အထဲဝင်ခဲ့''

    မိကြွေ ရုံးထဲဝင်လာပါတယ်။ လူကြီးအားလုံး မိကြွေမျက်နှာ လှမ်းကြည့်တယ်။ ဟိုနေ့က မျက်နှာမျိုး မဟုတ် တော့ပါဘူး။ ခေါင်းလေးငုံ့လို့။
    ''မိကြွေပြောလိုက်လေ လူကြီးတွေကို တောင်းပန်လိုက်လေ''
    ချစ်အောင် က သူ့မိန်းမ ကို ခပ်မာမာပြောတယ်။ မိကြွေကကျုပ်ကိုလှမ်းကြည့်တယ်။
    ''သြော် နေပါစေ တောင်းပန်စရာမလိုပါဘူး။ မသိလို့ဖြစ်တာပဲ။ ကျေနပ်ပါတယ်''
    ''ဟုတ်ပါတယ် မိကြွေ မသိလို့လုပ်မိတာ တောင်းပန်ပါတယ်''

    မိကြွေက မနေပါဘူး တောင်းပန်ပါတယ်။
    ကဲ ကဲ ဒါဖြင့်လည်း ခြံစည်းရိုးကို အမှန်အတိုင်း ပြန်ကာလိုက်ပေါ့ကွာ'' ရာအိမ်မှူး ဦးဘဆောင်က ချစ်အောင် ကို ပြောတယ်။
    ''ကာပြီးပြီဗျ ကျောက်ငုတ်အတိုင်း ခြံစည်းရိုးအသစ် ကျုပ်တို့လင်မယား ပြန်ကာပြီး မှ ရုံးကိုလာတာဗျ''
    လူကြီးများ ဆီက ရယ်သံထွက်လာပါတယ်။ ချစ်အောင်ကို ကျုပ်လှမ်းကြည့်လိုက်မိ တယ်။ ချစ်အောင် မိန်းမ ရပြီးမှ ပြောင်းသွားပြီးလားလို့ စိတ်ထဲကထင်မိတာ။ စိတ်ထဲမှာ တင် တောင်းပန်လိုက်ပါတယ်။ ချစ်အောင် ရဲ့ ရိုးဖြောင့်မှုကို ပိုပြီးတော့လည်း လေးစား စိတ်ဖြစ်ရပါတယ်။

လယ်တွင်းသားစောချစ်
သရပါ မဂ္ဂဇင်း ၂ဝ၁၁ အောက်တိုဘာ

မှတ်ချက်။
    ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးအတွက် ကိုချစ်အောင် ကဲ့သို့ စိတ်ထားမျိုး ရှိသည့် နိုင်ငံသားများ အများအပြားပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဤစာမူကို ရွေးချယ် ဖော်ပြရခြင်း ဖြစ်ပါသည်။ 

အယ်ဒီတာချုပ်
.

3 comments:

rose said...

Very good short novel, sis! Thanks for sharing.

အင်ကြင်းသန့် said...

အရမ်းကြိုက်တယ်...း)

မြသွေးနီ said...

ဖတ်ဘူးတယ်...။
ပြန်ဖတ်တော့လည်း ကောင်းနေတုန်းပဲ...။