Saturday, July 2, 2011

သာဂဒိုး ၏ သူတို့အား ခေါင်းပုံဖြတ်စားခဲ့တုန်းက

သူတို့အား ခေါင်းပုံဖြတ်စားခဲ့တုန်းက
သာဂဒိုး


ကျွန်တော့် အဖို့၌ကား ဤစာသည် ကောင်းကျိုးပေးမည်မဟုတ်သည်ကို ကျွန်တော် ကြိုလို့သိပါသည်။ ကောင်းကျိုး မပေးရုံ မက အန္တရာယ်ပင် ကျရောက်နေနိုင်၏။ သို့သော် ... ခက်သည်၊ ခက်သည်။
ကျွန်တော့် အသက်နှင့် စာလိုက်လျှင် ကျွန်တော်သည် ဘ၀မျိုး အတော်စုံခဲ့ပြီဟု ဆိုနိုင်နေသည်ထင်ပါသည်။ ယနေ့ အဖို့၌မူ တိုင်းပြည်က သို့မဟုတ် စာဖတ်သူပရိသတ်အသင့်အတင့်မျှက ကျွန်တော့်အား ဟာသစာ သမား အဖြစ် သိနေကြသည်ဟု ကျွန်တော် ထင်ပါသည်။ တစ်ချိန်သောအခါသမယက ကျွန်တော်သည် သူ တစ်ပါး အား သွေးထွက်သံယိုအမှုကို ပြုရခြင်း၊ တစ်နည်းပြုမိခြင်းများဖြင့် ကျွန်တော်၏ အသက်ခန္ဓာကို ပြုစု ပျိုးထောင် လာခဲ့ရသည်ကိုမူ သိသူအလွန်နည်းလှလိမ့်မည်ဟုထင်၏။ အမှန်ပင် သူတစ်ပါးအား သွေးထွက် သံယိုမှု ပြုခြင်း၊ အပေါ်စီးကနေ ခေါင်းပုံဖြတ်စားခြင်းဖြင့် အသက်မွေးဝမ်းကို ခက်ခက်ခဲခဲ ကျွန်တော် ကျောင်း ခဲ့ရဖူး ပါသည်။ အမှန်ပင် လူအများအပြားကို ရက်ရက်စက်စက် ခေါင်းပုံဖြတ်စားခဲ့ဖူးပါသည်။ ကျွန်တော် ၀န်ခံ ပါသည်။ သို့ခေါင်းပုံဖြတ်စားရာ၌ ကျွန်တော် စိတ်မပါဘဲနှင့် သွေးထွက်သံယိုမှုများကိုလည်း ပြုလုပ်ခဲ့မိ လေပါသည်။

ခက်သည်။ ကျွန်တော် လုပ်ရိုးလုပ်စဉ်ပဲ ပြုလုပ်ချင်ပါသည်။ ကျွန်တော့်အား ပြည်သူပရိသတ် အသင့်အတင့် မျှက ဟာသ၀ါသနာ စာပေသမားအဖြစ် အသိအမှတ်ပြုမိခဲ့ကြသည့် အားလျော်စွာ ကျွန်တော်ကလည်း ဤ နေရာ ဤမဂ္ဂဇင်းတွင် ကျွန်တော့် ထုံးစံ ဟာသစာမျှကိုပဲ ရေးချင်ပါသည်။ လူအများအား စိတ်ဖျော်ဖြေချင်ပါ သည်။ သို့သော် ဤမဂ္ဂဇင်း၏ လ ၁၀၀ ပြည့်အမှတ်တွင် အရင်ကနှင့်မတူ တစ်ဘာသာတစ်မူကိုသာ အလိုရှိ သည်ဟု ဆိုခဲ့၍ ကျွန်တော့်တွင် ခက်ခဲရလေသည်။ ကျွန်တော့်အား ဤမဂ္ဂဇင်း၏ ဥယျာဉ်မှူးဖြစ်သော ရှုမ၀ ဦးကျော် က အမိန့်ချခဲ့သည်။ ယနေ့အဖို့ ကျွန်တော်သည် စာအတိုအစလေးများရေး၍ ထမင်းဖိုးအတွက် ကျွန်တော် သည် လုပ်နေသည်။ ယနေ့အဖို့ ကျွန်တော့် ထမင်းဖိုးနှင့် သက်ဆိုင်နေသူ၏ စကားကို ကျွန်တော် လိုက်နာရမည်ပင် ဖြစ်နေသည်။ သို့သော် ခက်သည် ခက်သည်။

ကျွန်တော် ဘယ်သို့ ကျွန်တော့်လုပ်ရိုး " ဟန် " ကိုကြဉ်၍ တစ်မူမတူအောင် လုပ်ပေးရပါမည်နည်း။ ကျွန်တော် အလွန်ပင် စိတ်ကျပ်ခဲ့ရလေသည်။ စိတ်နောက်ကျိကျိနှင့် ထိုင်၍ ငိုင်ရင်းက ကျွန်တော် လာခဲ့ သောခရီး၏ အပိုင်းအစ လေးများကို စိတ်လျှောက်လေမိ၏။ ကျွန်တော် လာခဲ့ရသော ခရီးလမ်းများ ခက်ထရော် လှဘိသည်။ ဆူးညှောင်များကြားဖြတ်၍ ချောက်ကမ်းပါးတွေကို ကျော်၍၊ တောင်စောင်းကို ကုတ်၍၊ လှိုင်းတံပိုး များကို ကူး၍ တစ်ပါးသူ၏ ထောက်ကူ ဖေးမမှုကို များစွာမယူဘဲ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ်ခေါင်းကို ကိုယ်ပင် ရွက်ကာ လာခဲ့ရပါသည်။ အခက်မျိုးစုံခဲ့ရသည်။ ဘ၀မျိုးလည်းစုံခဲ့ရသည်။ ထိုသည် အထဲတွင် ကျွန်တော် ဟုတ်တိပတ်တိ လူလည်ကြီးလုပ်၍ ခေါင်းပုံဖြတ်စားသောက် ဘ၀သည်လည်း ပါခဲ့ လေသည်။ ဤမဂ္ဂဇင်းတွက် တစ်မူမတူအောင်ဆိုလျှင် ကျွန်တော် ခေါင်းပုံဖြတ်စားခဲ့သောအတွေ့များ ရေးရ သော် သင့်လျော်အံ့ထင်သည်ဟု ကျွန်တော် အောက်မေ့လိုက်မိသည်။ သို့သော် ... ခက်သည်၊ ခက်သည်။

ကျွန်တော် ခေါင်းပုံဖြတ်စားသည်ကို သိလျက်နှင့် မှိန်းခံခဲ့ရသော ပုဂ္ဂိုလ် အများအပြားသည် ယနေ့ အသက် ရှိ လောကထဲတွင် ရပ်တည်ဆဲရှိနေကြသေးရာ သူတို့ မျက်မှောက်ကြီး၌ ကျွန်တော် ဘယ်သို့ရေးရပါအံ့နည်း။ အထူအားဖြင့် ကျွန်တော် အပေါ်စီးပြီးနေကာ ခေါင်းပုံဖြတ်စားခြင်းခံခဲ့ရသူများမျာ ယခုအခါ အချို့သည် " အမျိုးသား ခေါင်းဆောင်ကြီး" စာရင်းဝင်ပင်ဖြစ်နေကြ၏။ အစိုးရ အဖွဲ့၌ ၀န်ကြီးဖြစ်သူဖြစ်၊ နိုင်ငံရေးလောက၌ ထင်ရှားသူကထင်ရှား၊ အုပ်ချုပ်ရေးဌာနဘက်တွင် အရာရှိကြီးများဖြစ်သူကဖြစ်ကာ ခေါင်းကြီးပိုင်းသို့ ရောက်သူက ရောက်လျက်ရှိ၏။

သို့သော် မိတ်ဆွေက ကျွန်တော့်အပြောကို ယုံချင်မှ ယုံပါလေ။ ကျွန်တော်ကမူ ယုတ္တိသာဓကတွေနျင့် အသားယူယူပြီး လက်တွေ့ပြချင်စိတ်တွေ အုံကြွတက်နေမိလေသည်။ ခေါင်းပုံဖြတ်လိုက်သည်ကို ဘယ်လို ပယ်ပယ်နယ်နယ် ခံလိုက်ရသည်ဟု ထုတ်ဖော်လျှင် အဘယ်မှာ ခံချင်ခြင်းရှိပါလိမ့်မည်နည်း။ သို့သော် ... ကျွန်တော်ကလည်း ဒါတွေ ထုတ်ဖော် ချင်စိတ်တွေ လက်ယားယားနေ၏။ ခက်သည်။ သို့ကြောင့်ပင် ဤစာ၏ အစ ပိုင်းတွင် ကျွန်တော့်အဖို့ ဤစာ သည် ကောင်းကျိုးပေးမည်မဟုတ်သည်ကို ကျွန်တော် ကြိုလို့ သိပါသည်ဟုဆိုခဲ့ခြင်းဖြစ်လေပါသည်။ ကောင်းကျိုးပေးရုံမက အန္တရာယ်ကြီးများပင် ကျရောက်နိုင်နေပါသည်။

ယနေ့ "ပုဂ္ဂိုလ်ကြီး" စာရင်းဝင် ဖြစ်နေကြကုန်သော ပုဂ္ဂိုလ်ကြီးအများသည် ကိုယ့်အဘ၀အတွက် ကိုယ် အမျိုးမျိုး ကြိုးပမ်းကာ ယနေ့ ပုဂ္ဂိုလ်ကြီးနေရာသို့ ရောက်လာခဲ့ကြလေသည်။ ကျွန်တော်လည်း ကိုယ့်ဘ၀ ကိုယ် အသီးသီး ကျောင်းလာကြရာတွင် တစ်ခုသောတစ်ထောင့်ဖြတ်နေရာတစ်ခုတွင် ယနေ့ ထင်ရှားသော ပုဂ္ဂိုလ်ကြီး စာရင်းဝင်များနှင့် ကျွန်တော်သည် တွေ့မိကြ၏။ ထိမိကြ၏။ ဤတွင် ကျွန်တော်၏ ခေါင်းပုံဖြတ် စားခြင်း အလုပ်သည် ဖြစ်ပျက်ပေါ်ပေါက်ခဲ့လေသည်။ စာရှုသော မိတ်ဆွေတို့အား ယုတ္တိသာဧကတွေနှင့် ပြလိုက်ချင်သည်မှာ ကျွန်တော် လက်များပင် ယားနေပါပြီ။

ကျွန်တော် ခေါင်းပုံဖြတ်စားဘ၀၌ ကျွန်တော် ခေါင်းပုံဖြတ်သည်ကို ခံခဲ့ရသူများစာရင်းတွင် ဗမာပြည်၏ ထိပ်တန်း ပုဂ္ဂိုလ်ကြီးများဖြစ်သော ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း၊ ဆိုရှယ်လစ်တို့၏ ခေါင်းဆောင်ကြီး သခင်မြသည်လည်းကောင်း၊ မြန်မာပြည်၏ နန်းရင်းဝန် ဟောင်း တစ်ဦးဖြစ်ခဲ့သူ လုပ်ကြံမှုအတွက် သေဒဏ်ခံခဲ့ရသော ဂဠုန်ဦးစောသည်လည်းကောင်း စသည့် ပုဂ္ဂိုလ် များ ပင် ပါခဲ့သည်ဆိုလျှင် မိတ်ဆွေ ကျွန်တော့်စကားကို ရုတ်တရက် ယုံလိမ့်မည်ပင်မထင်။ အမှန်ပင် ထိုပုဂ္ဂိုလ်များသည် ကျွန်တော့် ခေါင်းပုံဖြတ်ခံခဲ့ရသူများစာရင်းတွင် ပါခဲ့လေသည်။

သို့သော် စာရှုသူ မိတ်ဆွေကောင်းတို့က " ကွယ်လွန်သူ များအမည်ကို ထုတ်ဖော်၍ အမောင် သက်သေ လုပ်နေရခြင်း ကို ငါတို့ ဘယ်သို့ ယုံကြည်ရအံ့နည်း" ဟု ကျွန်တော့်အား ဆိုချင်ကြလိမ့်မည်ထင်ပါသည်။ ဟုတ်သည်။ ကွယ်လွန်ပြီးသူများအမည်ကို သက်သေပြနေ လိမ်ဆင် နိုင်ပေါက်စီးရာရောက်နေပေမည်။ ကျွန်တော် သည် သက်ရှိ လက်ရှိ ပုဂ္ဂိုလ်ကြီးများကိုလည်း ကျကျနန သက်သေထူပြချင်ပါသည်။ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးဘဆွေ၊ ၀န်ကြီးဦးကျော်ငြိမ်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ကျွန်တော် ခေါင်းပုံဖြတ်စား ခဲ့တယ်ဟု သက်သေထူပြ ချင်ပါသည်။ သို့သော် ... ခက်သည် ... ခက်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကို ကျွန်တော့်လိုလူက ခေါင်းပုံဖြတ်စားခဲ့ပါသည်ဆိုသည်ကို သက်သေသာဓက တွေနဲ့ ပြဆိုရာ၌ ကောင်းမှကောင်းပါ့မလား၊ ဖြစ်မှဖြစ်ပါ့မလား၊ နောက်ပြီးတော့ ယုံလည်း ယုံကြပါ့မလား။ ကျွန်တော့် မှာ အများကြီးတွေးနေရလေပါသေးသည်။ ဒါကလည်း ခက်သည်။ ခက်သေး၏။

ဘာလိုလိုနှင့် ကျွန်တော်၏၀တ္ထုတို " ခက်သည် ခက်သည်" နှင့် နောက်ကခက်၊ ရှေ့ကခက်၊ အခက်တွေ များပြီး " အခက် " ၀တ္ထုကြီးဖြစ်၍ နေ၍ပါပေါ့ကလား။ သို့သော် ဒီအထိတောင် ကျွန်တော်၏ အခက်တွေမှာ မကုန်သေးပါ။ " အခက် " ၀တ္ထုပဲဖြစ်ချင်ဖြစ်၊ " ဖိုးခက်ကြီး" ၀တ္ထုပဲဆိုချင်ဆိုပါရော့၊ ကျွန်တော့်တွင် အရေး ကြီးဆုံးသော အခက်ကြီးတစ်ခုက တစ်ခံကျန်နေလေပါသေးသည်။ ဤ စာကိုဖတ်ရှုကြရာတွင် ကျွန်တော်၏ စာ များကို ဖတ်ရှုဖူးသူ သင်္ဂဟမိတ္တတို့က ဒီကောင် ဒီတစ်ချီ ဘယ်နှယ့်များ ခပ်တည်တည်ကြီး လျှောက် ကြောင်နေပါလိမ့်ဟု အောက်မေ့ကြအံ့ဟု ထင်ပါသည်။ အဲဒါပင် ကျွန်တော့်အဖို့ အကြီးဆုံးအခက်ပေပေါ့။ ကျွန်တော် စာရေးလျှင် ခပ်ရွှင်ရွင် ခပ်သောသောပဲ ရေးချင်သည်။ ရေးတတ်သည်။ ကျွန်တော် ဘယ်စာပဲ ရေးရေး အမေ့ပေးတဲ့စာပဲရေးရေး၊ ရည်းစား စာရေးရေးလေ ... ခပ်ရွှင်ရွှင် ခပ်သောသောပဲရေးချင်သည်။

ခပ် ကြောင်ကြောင်လေးတွေပဲ သော့ချင်သည်။ ခုတော့ ကျွန်တော့်မှာ အရင်ကနဲ့မတူအောင် တစ်မူကြီး လုပ်ပါဆိုသော ကျွန်တော့် ထမင်းအိုးရှင် စာရင်းဝင်ကြီး၏ တောင်းဆိုချက်ကြီးကြောင့် အခက်ကြီး ခက်နေရ ခြင်းဖြစ်သည်။ ကျွန်တော်ကလည်း အရင်ကနဲ့မတူအောင် တစ်မူပုံစံကြီး ထွက်ဖို့ လုပ်ပြလိုက်ချင်စမ်းသည်။ စိတ် ကတော့ ရှိပါသည်။ သို့သော် ယခုအထိ ဤနေရာအထိ သမက်အသစ်စက်စက်နဲ့ တွေ့စ ယောက္ခမ၏ အိုင်တင် အတိုင်း စာဟန်ကို အတည်ပေါက်ကြီး ရှုကြီးနှင့် လာခဲ့လင့်ကစား ရင်ထဲက ကလိကလိနဲ့၊ လက်က လည်း ယားကျိ ယားကျိနဲ့ ဗွေဖောက်ချင် ဖောက်ချင်လာသာက တယ်ခက်နေသည်။

အေး ... ဒါကြောင့် ဤ စာ၏ ရှေ့အဖို့မှာတော့ ဆိုရှယ်နီတွေနဲ့ မျက်နှာချင်းဆုံရတဲ့ ၀န်ကြီးမျက်နှာလို ခပ်တည်တည်ကြီး ရှုကြီးနဲ့ ဤစာကို မသွားပါရစေနဲ့တော့လို့ ...။ ခယ်မနှင့် အခွင့်ကောင်း ကြုံသော ခဲအိုမျက်နှာကြီးကဲ့သို့ ကျွန်တော့ စာကို ကျွန်တော့် "မူ"အတိုင်း ခပ်စပ်ဖြီးဖြီးပဲ သွားရစေတော့လို့။ ကျွန်တော့် ထမင်းအိုးကြီးနှင့်တကွ စာရှုကြ ကုန်သော မြို့မိမြို့ဖ မြို့ယောက္ခမ မြို့ယောက်ဖအပေါင်းတို့အား တောင်းပန် ထားလိုက်ချင်ပါသည်။ ကိုင်း ... ရှေ့ကိုတော့ တတ်နိုင်သမျှ အောက်ခြေလွတ်ပြပါရစီတော့ဗျာ ... နော် ... နော်။
ရှေ့လျှောက် အတည်ပေါက်တွေ လျှောက်မမှုတ်ချင်တော့၍ အောက်ခြေလွတ်ခွင့်တောင်းထားရခြင်းဖြစ် သော်လည်း ဤ၀တ္ထု၏ အဓိကလာခဲ့သော အကြောင်းကိုကား ကျွန်တော် လက်မလွတ်စေပါ။ မပြောင်းလဲ မသွေဖည်စေပါ။ ဤ၀တ္ထု၏ အဓိကအကြောင်းမှာ ကိုကို မမတို့အား ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတော် အစိုးရ၏ နိုင်ငံတော်ဝန်ကြီးများအား နိုင်ငံတော်သာကဒိုးက ပယ်ပယ် နယ်နယ် ခေါင်းပုံဖြတ်စားခဲ့ခြင်း အကြောင်းရင်းပင် ဖြစ်ပါသည်။ ၀န်ကြီးဆိုတဲ့ပုဂ္ဂိုလ်များအား ခေါင်းပုံဖြတ်စားရခြင်းသည် အဘယ်မှာလွယ်ပါ ခြိမ့်မည်နည်း။ ၀န်ကြီးတွေကလည်း တော်ရုံတန်ရုံ "လည် "ရုံနဲ့ ၀န်ကြီးဘယ်ဖြစ်လာမလဲဟ။

သို့သော် အဲသလို နိုင်ငံရေးမှာ "လည်"လို့ လူမှုရေးမှာ "လည်"လို့၊ လူတွေထဲမှာ "လည်"လို့ ၀န်ကြီးဖြစ်လာ ကြသော နိုင်ငံတော်ဝန်ကြီးများအား နိုင်ငံတော်သာကဒိုးက ရက်ရက်စက်စက်ကို ခေါင်းပုံဖြတ်စားခဲ့ဖူးပါ သည်။ လက်ရှိ ၀န်ကြီးများနှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံခေါင်းဆောင်အများ အပြားအား ကျကျနန ကျွန်တော် " နိုင်ပေါက်" စီးခဲ့ဖူးပါသည်။ သို့သော် သို့ကလို နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ ၀န်ကြီး များအား ခေါင်းပုံဖြတ်စားခဲ့ဖူးသည်ဆိုသဖြင့် ကျွန်တော့်အား ရုတ်တရက် ကမန်းကတန်း အထင်တော့ မကြီးကြစေချင်ပါ။ ဟင်း ... ရုတ်တရက် လူတွေ သိပ်အထင်ကြီးကုန်ကြရင် သာဂဒိုး အရမ်းပွပြီး သာဂဒိုးနဲ့ အရမ်းအိမ်ထောင်ကျပစ်ချင်သူတွေ ရုတ်တရက် ပေါကုန်မှာလည်း စိုးရသေးတယ်ဟဲ့ ... ဟင်း။

ဝန်ကြီးများသည် သာမန်လူတွေထက်လည်လို့ ၀န်ကြီးဖြစ်လာကြသည်မှာ မှန်ပါသည်။ သို့သော် ထိုဝန်ကြီး များအား နိုင်ပေါက်စီး၍ ခေါင်းပုံဖြတ်စားရန်မှာ " အချက်" သိရင် ဘာမျှခက်ခဲခြင်းမရှိနိုင်ပါချေ။ မျက်မှောက် သြကာသလောကကြီးထဲ၌ ဘယ်အရေးတွင်မဆို "အချက်"သိပါက ဘာအခက်မှ မရှိနိုင်။ အဖေ့ အိတ်ကပ်ထဲက ပိုက်ဆံကို လိုချင်သလား၊ အချက်သိရင် ဘာမှမခက်၊ ဥစ္စာပေါတဲ့ အပျိုကြီးကို လိုချင် သလား၊ အချက်သိလျှင် ဘာမှမခက်။ ဘဏ်တိုက်က ငွေတွေ အပွကြံချင်သလား။ အချက်သိရင် (ဟဲ့ ဟဲ့ ... ဒါနဲ့တော့ မဆိုင်ဘူးဟ ...၊ တို့မပါဘူးဟ)
ဝန်ကြီးများကို ခေါင်းပုံဖြတ်ဖို့ကား နည်းတတ်လျှင် လွယ်ပါသည်ဟု ကျွန်တော် ပြောဆိုလိုပါသည်။

ဝန်ကြီး များသာမဟုတ်၊ ဘယ်သူ့ကိုမဆို ခေါင်းပုံဖြတ်စားဖို့ လွယ်ပါသည်။ ၀န်ကြီးများအား ခေါင်းပုံဖြတ်စား ရန်ဖို့ရန်အတွက်နည်းတစ်ခုတတ်လဆင် ဘယ်သူမဆို စွမ်းနိုင်ပါလိမ့်မည်။ တစ်ခုတတ်ထားဖို့ပဲရှိပါသည်။ မိတ်ဆွေကော ၀န်ကြီးများအား ခေါင်းပုံဖြတ်စားချင်ပါသလား၊ သို့ကလို စားလိုပါက နည်းတစ်ခု တတ်ထားရမည်ဖြစ်ပါသည်။ ၀န်ကြီးများ ခေါင်းပုံကို ကျကျနန ဖြတ်စားရန်အတွက် ဆံပင်ကောင်းကောင်း လေး ညှပ်တတ်ဖို့ပင်လိုပါသတည်း။ (ဘယ့်နှယ်လဲဟေ့ ... ဂွီ)

အဟမ်း ... အဟမ်း။ ကျွန်တော်တော့ ၀န်ကြီးများကို အဲသလိုခေါင်းပုံဖြတ်ဖြတ်စားတာပဲဗျ။ မိတ်ဆွေ- ၀န်ကြီး တွေကို ခေါင်းပုံဖြတ်စားချင်ရင် ဆံပင်ညှပ်ပညာသင်လိုက်ပေါ့ဗျာ။ တယ်မခက်လှပါဘူး။ ၀န်ကြီးတိုင်း အောက်ထစ် တစ်လတစ်ခါတော့ သူတို့ ခေါင်းကို ဆံညှပ်ဆရာလက် ထိုးထိုးအပ်ရတာချည်းပေါ့။ ၀န်ကြီး တွေ မနေနိုင် ကြပါဘူး၊ ၀န်ကြီးလောကထဲမှာ သျှောင်တွေ၊ ခေါင်းတုံးတွေ မရှိဘူးမဟုတ်လား၊ အင်း ... ကျွန်ုပ်တို့၏ နိုင်ငံတော် ၀န်ကြီးတိုင်းပင် ဘိုကေလေးတွေ ကိုယ်စီနဲ့ချည်း မဟုတ်ပါလား။

သို့သော် ၀န်ကြီးခေါင်းပုံဖြတ်ဖို့ရာ၌ တစ်ခုတော့ရှိပါသည်။ ယခုအခါ မြန်မာဆံပင်ညှပ်ဆရာ(၀ါ)ခေါင်းပုံဖြတ် ဆရာက အတော်အပါသားဖြစ်သည်။ အခြားအလုပ်များထက် အလုပ်ရလွယ်၊ တတ်လွယ်၊ ငွေလွယ်သော ဆံပင်ညှပ်အလုပ်ကို အများအပြားပင် လိုက်လုပ်နေကြ၍ မြန်မာဆံပင်ညှပ်ဆရာတွေ အလွန်ပေါနေ၏။ ဆံပင်ညှပ် အလုပ်သည် အလုပ်ရလွယ်။ ငွေရလွယ်ပေမပေါ့။ အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုဘိုကေကို မြန်မာ များသည် ခဏအလစ်သုတ်ကြည့်ရာကနေ ယခုအခါ မြန်မာတိုင်းပင် ကိုယ့်ဘိုးဘွားပိုင် ပစ္စည်းလို ဘိုကေကို ကောင်းကောင်း ခေါင်းပေါ် မူပိုင်တင်ထားလိုက်ပြီဖြစ်ရာ မြန်မာတိုင်း အောက်ထစ် တစ်လတစ်ခါ ခေါင်းပုံ ဖြတ်တာ ခံနေရတော့တာပေါ့။ ၀န်ကြီးလည်း ဘိုကေနဲ့၊ ကျောင်းသားလည်း ဘိုကေနဲ့၊ စစ်ဗိုလ်ကြီးလည်း ဘိုကေ နဲ့၊ ဆိုက်ကားဆရာလည်း ဘိုကေနဲ့၊ ဟဲ့ ... ဘုရားလူကြီးလည်း ဘိုကေနဲ့။ အေး ... မိတ်ဆွေခေါင်း ပေါ်က ဘိုဆုံဖုတ်လေးကိုလည်း စမ်းကြည့်ဦးလေ။

ရှေးတုန်းကမူ မြန်မာများမျက်စိတွင် ဘိုကေထားသော မြန်မာသည် ငပေါဖြစ်ခဲ့လေသည်။ ယခုတော့မူ အများ ၏ မျက်စိတွင် ဘိုကေမထားသော မြန်မာသည် ငပေါဖြစ်နေပေတော့သည်။ သိပ်ကောင်းနေကြတာပေါ့။

ယင်းသို့ကလို သူ့လည်း ဘိုဆံဖုတ်၊ ငါ့လ်ညး ဘိုဆံဖုတ်တွေနဲ့ ဘိုကေတွေပေါ၊ ဆံပင်ညှပ်ဆရာ ခေါင်းပုံဖြတ် ငနဲတွေ အားကြီးပေါနေသောကြောင့်ပင် ၀န်ကြီးများအား ကိုယ့်ဆီတွင် ဆံပင်ညှပ်ဖို့ အခွင့်ကြုံ ဖို့ရန်မှာတော့ ခက်ပေ လိမ့်မည်။ ၀န်ကြီးအား ပယ်ပယ်နယ်နယ် ရက်ရက်ရောရော ခေါင်းပုံဖြတ်ပစ်ရန်အတွက် ဆံပင်လေး ညှပ် တတ်ကာမျှဖြင့် ဖြစ်နိုင်သော်လည်း ၀န်ကြီးက စိတ်လိုလက်ရ ကိုယ့်ဆီ ဆံပင်ညှပ် ခံရအောင် လာဖို့ရန်ကား ကံပေါ်တွင် များစွာတည်သည်ဟု ထင်မိလေသည်။ ဤတွက် ကိန်းနှင့်တွက်ပါလျှင် နိုင်ငံတော် မောင်သာဂဒိုး ကလေးများစွာ ကံကောင်းလှသည်ဆိုနိုင်ပါသည်။ အဘယ့် ကြောင့်မူ ကျွန်ုပ်တို့၏ ဝေနေယျ မောင်သာဂဒိုးသည် ဘယ်ဝန်ကြီးခေါင်းက ဘယ်လိုနေသည်၊ ဘယ်ဝန်ကြီး ကဖြင့် ဘယ်ပုံမျိုး ကြိုက်သည် ဆိုသည်ကို ရွပ်ရွပ်ချွံချွံလေ့လာနိုင်ခွင့်ရခဲ့သောကြောင့်တည်း။
အမှန်တော့ ၀န်ကြီးများခေါင်းတွင် ဘိုကေရှိနေခြင်းသည်ပင် တိုင်းပြည်အတွက်လည်းမကောင်း၊၀န်ကြီးများ အတွက် လည်း မကောင်းဟု ကျွန်တော် ထင်ပါသည်။ ၀န်ကြီးသည် သူ့ခေါင်းတွင် ဘိုကေရှိနေ၍ တစ်လ တစ်ခါတော့ အောက်ထစ် သူ့ခေါင်းကို သူစိမ်းလူလက်သို့ လုပ်ချင်သလိုလုပ်ပါတော့ဟု ထိုးထိုး အပ်ရပေလိမ့်မည်။ ထိုအခါ ၀န်ကြီးအား ဒုက္ခပေးချင်လဆင်၊ ဂျောက်ချချင်လျှင် လွယ်လွယ်လေးပင် မဖြစ်နိုင် ပါလော။

သို့သော် မောင်သာဂဒိုးကတော့ ၀န်ကြီးများ ဂျောက်မချပါဘူးဗျာ။ အခွင့်ကြုံတဲ့အခါများ မှာသာ ၀န်ကြီးခေါင်း ဆိုတာ ဘယ်လိုနေသလဲဆိုတာလောက် လေ့လာကြည့်ရုံလေးပါပဲ။ " ဟဲ ... ဟဲ " စိတ်ချပါ။ အမယ် ... တိုင်းပြည် အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ခေါင်းကို ပယ်ပယ်နယ်နယ် ကိုင် ကိုင်ကြည့်ရ တာလည်း "အင်း "အရသာ တစ်မျိုးကြီးပဲခင်ဗျ၊ ပြီးတော့ ဆံပင်လေးတွေ ဆွဲဆွဲကြည့်ပြီးတော့ သြော် ... ဒီခေါင်းဟာ ငါတို့ တိုင်းပြည်ကြီးကို အုပ်ချုပ်စီမံနေတဲ့ ခေါင်းပါကလားလို့ ကိုယ်ရင်းတွေးရတာလည်း အရသာတစ်မျိုးပဲဆရာ။

ဒါကတော့ ၀န်ကြီးကတော်များကလွဲလျှင် သာမန်လူများ မရနိုင်တဲ့ ခေါင်းပုံဖြတ်၊ ဆံပင်ညှပ်သမားများသာ ရနိုင်တဲ့ ထူးခြားတဲ့ အခွင့်အရေးပေပေါ့။ ၀န်ကြီးခေါင်းတော်ရုံလူကိုင်ရတာမှတ်လို့။ ဟင်း ... အဲ နောက်ပြီး တော့ ကျုပ်တို့ ခေါင်းပုံဖြတ်သမားတို့ကလွဲလျှင် ဘယ်သူမျှမသိနိုင်သော အခွင့်အရေးထူးကြီး တစ်ခုလည်း ရှိပါသေးသည်။ ယင်းသည်ကား ဘယ်ဝန်ကြီးသည် ငယ်ငယ်တုန်းကဖြင့် ဘယ်လောက်ပေခဲ့ ဆိုတာကို သိ နိုင်ခွင့်ရှိခြင်းပင်ဖြစ်သည်။ ဒါကို ၀န်ကတော်များ ကိုယ်တိုင်တောင် သိချင်မှသိပါလိမ့်မည်။ ကျွန်ုပ်တို့ခေါင်းပုံ ဖြတ် သမားများကား ထိုအခွင့်အရေးကို ခပ်ချောင်ချောင်ပင် ရခဲ့လေသည်။ ဘယ်ဝန်ကြီး၊ ငယ်ငယ်တုန်းက ဘယ်လောက် ပေခဲ့သည်ကို သိချင်ရင် ကျုပ်တို့တော့မခက်၊ ၀န်ကြီးကို ဆံပင်ညှပ်ပေးရင်း ၀န်ကြီးခေါင်းက အနာရွတ်လေး ကို လျှောက်ရေကြည့်လိုက်ရုံပေါ့ဗျာ ... အဟမ်း အဟမ်း "

အင်း ... အင်း အင်း လက်ရှိ ဖဆပလ အစိုးရ၀န်ကြီးတွေထဲမတော့ဗျ ကျွန်ုပ်တို့ မန္တလေးသားကြီး ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ခင်မောင်လေး ဟာ အနာရွတ် အများဆုံးပဲဗျ။ အင်း ... ။
အဲ ပြီးတော့ ၀န်ကြီး ခင်မောင်လေးလောက် အနာရွတ်သေးသေးလေးတွေ များလှသော်လည်း သာသနာရေး ဘာသာရေးဝန်ကြီး ဦးဝင်းမှာတော့ ခေါင်းရဲ့ရှေ့ပိုင်း (အမည်မဖော်လိုသော) တစ်နေရာမှာ အနာရွတ်  ကြီးကြီး၊ ကြီးတစ်ခုရှိတယ်ဗျ။

သြော် ... ဒီအမာရွတ်ကိစ္စ ထည့်ရေးတာကို ရှင်းဦးမှဖြစ်မည်ထင်သည်။ နို့မို့ ကျွန်ုပ်တို့ဝန်ကြီးများ စိတ်ဆိုး ကုန်မှာ စိုးရသေးသည်။ ၀န်ကြီး ဗိုလ်ခင်မောင်လေးတို့၊ ၀န်ကြီး ဦးဝင်းတို့ရဲ့ ခေါင်းကအနာရွတ်များ အကြောင်း ကို ဤနေရာ၌ ကျွန်တော်မျိုး ငဒိုး အထူးထည့်သွင်းဖြေဆိုရေးသားရခြင်းမှာ အကြောင်းရှိပါ သည် ခင်ဗျာ။ ကျွန်ုပ်တို့ နိုင်ငံတော်ဝန်ကြီးများခေါင်းကို နိုင်ငံတော်သာဂဒိုးက ဘယ်လောက်အထိ ကြိုးစား လေ့လာ ကြည့်ရှု ထားသည်ကို သိစေချင်လို့ သက်သေထူလိုသည်တစ်ကြောင်း၊ ပြီးတော့ ဆံပင်ညှပ် သမားတို့သည် အနာရွတ် များကို တွေ့လျှင် ဘယ်သို့ သဘောထားရသည်။ ဘယ်သို့ နားလည်ပြီး လုပ်ကိုင် ပေးရသည် စသည်ကို ဖော်ပြလိုသည်လည်းတစ်ကြောင်း၊ ဒါကြောင့် ၀န်ကြီးမင်းများ၏ အနာရွတ်များကို ယခုကဲ့သို့ ထည့်ပြောရခြင်းဖြစ်ပါသည်ခင်ဗျ။ (အဟမ်း ... အဟမ်း၊ သြော် ... အရေးထဲ လက်ကောက်ဝတ်က ယားယား၊ လက်ချောင်းက ယား နဲ့ ခက်လိုက်တာနော်)

ဆံပင်ညှပ်ဆရာတို့သည် အနာရွတ်ကိုတွေ့လျှင် ဘယ်သို့သဘောထား၍ လုပ်ကိုင်ရသည်ကို ကျွန်တော် ၀န်ကြီးဦးဝင်း ၏ အနာရွတ်ကို နမူနာထားပြီးတော့ ပြောလိုပါသည်။ ဆိုပါတော့။ ဦးဝင်း၏ ခေါင်း ရွေ့ပိုင်းတစ် နေရာတွင်ရှိ (အမည်မဖော်လိုသောနေရာမှ) အနာရွတ်၊ ထိုအနာရွတ်ကို ၀န်ကြီးက " ဟေ့ ဒီအနာရွတ်နေ ရာကို ရှည်ရှည်ချန်ထားပြီး ဖုံးနေအောင်ညှပ်ကွ၊ အနာရွတ်ပေါ် မနေစေနဲ့နော် ...နော်" ဟုတော့ ၀န်ကြီး ဘယ်တုန်းကမှ မပြောဖူးချေ။ ယင်းသို့ ၀န်ကြီးက မိန့်ကြားခြင်းမပြုပါသော်လည်း ကျွန်တော်တို့ ခေါင်းပုံဖြတ်စား သမားများက မပြောဘဲနဲ့ နားလည်မှုအလိုလိုရှိကြရလေသည်။

ထိုနေရာကို ဆံပင်ရှည် ရှည်ချန်ပြီး ဖုံးနေအောင် သတိပြုညှပ်ရလေသည်။ ကျွန်တော်တို့ ဤသို့ လုပ်ပေးမှ ၀န်ကြီး က ကျေနပ် သဘောကျမည်ဖြစ်သည်ကို ကျွန်တော်တို့ အလိုလို နားလည်မှု နားလည်မှု၊ နားလည်မှု ရှိထားရမည်ဖြစ် လေသည်။ ယင်းသို့ နားလည်မှုနှင့် လုပ်ပေးလိုက်သည်ကို ၀န်ကြီးက ကျေနပ်သည် မကျေနပ် သည်ကို ကျွန်တော်တို့သည် ချက်ချင်းပင် သိနိုင်ကြပါ၏။ အဘယ့်ကြောင့်ဆိုသော် ၀န်ကြီးသည် ဆံပင် ညှပ်ပြီးသည် နှင့်တစ်ပြိုင်နက် မှန်ရှေ့တွင်ရပ်ပြီး ထိုအနာရွတ်နေရာမှ ဆံပင်ကို ဆွဲဆွဲကြည့် တတ်သည် ကို အကဲခတ်နိုင် သောကြောင့်တည်း။

ဝန်ကြီး မင်းများသာမဟုတ်၊ ဘယ်သူကော ကိုယ်ငယ်ငယ်က ခေါင်းမှာ ထိရှိခဲ့ဖူးသောအနာရွတ်များကို လူ မြင်သူမြင် ပေါ်ထင်စေချင်ကြလိမ့်မည်နည်း။ ထို့ကြောင့် ကျွန်တော်တို့ ခေါင်းပုံဖြတ်သမားများသည် ခေါင်း ပုံဖြတ်  ပေးရန် ခေါင်းတစ်ခုကို ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ပထမအရေးတကြီး သတိပြုကြည့်ရန်မှာ ထို ခေါင်းမှာ အနာရွတ်များကို ဗွေဆော်ဦးရှာဖွေလိုက်ရန်ပင် ဖြစ်တော့သည်။ မှတ်ထားကြနော် ... နော် ။

သို့ကလို အနာရွတ် အရေးတကြီးရှာဖွေရသောကြောင့်ပင် ကျွန်တော်တို့ ခေါင်းပုံဖြတ်သမားများသည် ဘယ် ၀န်ကြီးခေါင်း ၌ အနာရွတ်ဘယ်နှခုရှိ၍ ဘယ်ဝန်ကြီးသည် ငယ်ငယ်က ဘယ်လောက်ပေခဲ့သည်ကို ကျွန်တော်တို့ ခေါင်းပုံဖြတ်စားသမားများက ခန့်မှန်းသိရှိနိုင်ခွင့်ရှိသည်လို့ ဆိုခဲ့ခြင်းပေါ့။ အမယ် ... နောက် တစ်ခု သာမန်လူတို့ မသိနိုင်တဲ့ အခွင့်အရေးတစ်ခု ကျွန်တော်တို့ ၀န်ကြီး ခေါင်းကိုင်ရသောလူများသာ သိရှိ နိုင်တာ တစ်ခုရှိသေးသဗျ။ ၄င်းသည်ကားဆိုလျှင် လက်ရှိဝန်ကြီးများအနက် ဘယ်ဝန်ကြီးသည် ဘယ်နှရာ ခိုင်နှုန်း မှန်ကြိုက်သည်။ ဘယ်ဝန်ကြီးက မှန်ဘယ်နှခါကြည့်တတ်သည်ဆိုသည်ကို ၀န်ကတော်ကလွဲလျှင် ကျွန်တော် တို့သာ၊ ကျွန်တော်ုတိ့သာ ကျွန်တော်တို့သာ အသိနိုင်ဆုံး ဖြစ်ခြင်းပင်တည်း။ အဲဒါ ကျုပ်တို့ ဆံ ပင်ညှပ် သမားများသာ သိနိုင်တဲ့ ထူးခြားတဲ့လူ့အခွင့်အရေးတွေချည်းပေါ့။

ဆံပင်ညှပ်သမားများသာသိနိုင်သော အခွင့်အရေးဆိုသော်လည်း ဆံပင် ညှပ်သမားတိုင်းကား ထိုအခွင့် အရေး ကို ရကြသည်တော့မဟုတ်ပါ။ ၀န်ကြီးဆံပင်ကို ညှပ်ပေးဖူးသူ (၀ါ) ၀န်ကြီးမင်းများ စတိုင်ဖြောင့်မှု အတွက် ကူညီရဖူးသူသာ သိနိုင်သော အခွင့်အရေးများဖြစ်လေပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သား ခေါင်းပုံဖြတ်သမားများစွာအနက် ကျွန်တော်ကား အလွန်ကံထူးလှသူပင်တည်း၊ ဘယ်ကြောင့်ဆိုမူ ကျွန်တော် မကိုင်ဖူးသော ၀န်ကြီးခေါင်း၊ ကျွန်တော် စတိုင်ဖြောင့်အောင် လုပ်မပေးဖူးသော ခေါင်းဆောင်ကြီး ဆံပင်၊ ကျွန်တော် ညှပ်မပေးဖူးသော ခေါင်းဆောင်ကြီးများ ဘိုကေ၊ မြန်မာပြည်တွင် မရှိ သလောက်ဖြစ်၍ ပင်ဖြစ်ပါသည်။ ကျွန်တော် ပြောသည်ကို စာဖတ်ရသူ မိတ်ဆွေက ယုံချင်မှယုံမည်လား မသိပါ။ သို့သော် ကျွန်တော် သက်သေထူပြပါမည်။ ဘယ်ဝန်ကြီး ခေါင်းဘယ်သို့ရှိ၍ ဘယ်ခေါင်းဆောင်ကြီး က ဘယ် ဘိုကေပုံ ကို ကြိုက်သည်ကို ကျွန်တော် ရေးသားပြီး သက်သေအများကြီးထူပြနိုင်ပါသည်။ ရှေ့တွင် သာ ဆက်ကြည့်ပါတော့။

ကျွန်တော် ကိုင်ဖူးသမျှ ခေါင်းဆောင်ကြီးများတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ် ကြံမှု တရားခံအဖြစ် သေဒဏ်ခံခဲ့ရသူ ဂဠုန်ဦးစောတို့ ခေါင်းများကား ရှာမှ ရှားလောက်အောင် ညှပ်ရ ခက် သည့် ခေါင်းများပင်တည်း။ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံခံရ၍ ကျဆုံးခဲ့၏။ ဂဠုန်ဦးစောအား ထိုလုပ်ကြံမှု အတွက် သေဒဏ်ပေးလိုက်၏။ ထိုသို့ လုပ်ကြံသူနှင့် လုပ်ကြံခံရသူတို့ခေါင်းများ၊ ဆံပင်ညှပ် သည့်နေရာ၌ အခက်ချင်း လာတူနေသည်မှာ ထူးခြားသော တိုက်ဆိုင်ခြင်းတစ်မျိုးပင် ဖြစ်တော့သည်။ ဗိုလ် ချုပ်အောင်ဆန်း ခေါင်းပုံစံ ဆိုးတာ မဆိုးတာ အပထားဦး၊ ဗိုလ်ချုပ်ဆံပင်ညှပ်ရတာ ကလေးညှပ်ရတာနဲ့ တယ်တူလေသည်။ တယ်စိတ်ညစ်ဖို့ ကောင်း၏။

ဗိုလ်ချုပ်အတွက် ဆံပင်ညှပ်ရန် နေရာအသင့်လုပ်ပြီးလျှင် ဗိုလ်ချုပ်သည် ဆော့ခနဲလာထိုင်လိုက်တတ်ပြီး " ဟေ့ ဟေ့ တိုရင်ပြီးရော၊ ကတုံးရိတ် ရိတ်ကွာ လုပ်ချင်သလိုသာ လုပ်လိုက်စမ်းကွာ" ဟု ဘုတုတုပြော တတ် သေး၏။ သို့ကလို ဆောင့်ထိုင် ဘုတောပြီး ဆံပင်ညှပ်နေပစ်လိုက်တော့သည်။ သူ့ခေါင်း ကို ဆွဲတည့် လိုက်ရမှာ ကလည်း အခက်၊ သူနေတဲ့ပုံစံအတိုင်း အလိုက်သင့် လိုက်ညှပ်ရအောင်ကလည်း သူ့ခေါင်းက ပုံဆိုးကြီး မို့ ညှပ်ရခက်၊ တကယ့် ကလေးခပ်ဆိုးဆိုးညှပ်ရတာနဲ့ တယ်တူလေသည်။
ပြီးတော့ ဗိုလ်ချုပ်ကြည့်ရသည်မှာ သူ့ခေါင်းကဆံပင်များ ခဏခဏ ရှည်ရှည် ထွက်လာတာကိုပဲ ဒေါသ ထွက်နေပုံပါပဲဗျာ။

သို့သော် တစ်ခါတစ်ခါတော့လည်း ဆံပင်ညှပ်ပြီးနောက် စိတ်လိုက်လက်ရ မှန်ကို ကောက်ကိုင်ကာ ခေါင်းက ကတုံး ဆံတောက်အသစ်စက်စက်လေးကို ပွတ်ပွတ်ပြီး၊ မှန်ကြည့်ပြီး ပြုံးဖြီးဖြီးကြီး လုပ်ချင်လုပ် နေတတ်၏။ တစ်ခါ တစ်ခါလည်း ဆံပင်ညှပ်သူ၏ ကိုယ်ရေးကိုယ်တာ နေရေး၊ ထိုင်ရေး၊ သာရေး မယားရေး တိတ်တိတ်ပုန်း အရေးတွေ မေးချင် စွတ်မေးနေတတ်သေးသည်။
ဗိုလ်ချုပ်ခေါင်းပုံ ဆိုးပုံကား အထူးပြောနေဖွယ်ပင် မဟုတ်တော့ချေ။ အရပ်က မြင်ကြသည့်အတိုင်းပင် တည်း။ ဆံပင်ညှပ် သမားတို့ ကြောက်တတ်သော ခေါင်းပုံတစ်မျိုးကြီးထဲကပင်တည်း။

ဗိုလ်ချုပ်ခေါင်းမှာ အပေါ်က ချွန်းထွက်နေ၏။ ပြီးတော့ နောက်စေ့တို့၊ ချိုစောင်းတို့၊ နားရင်းတို့ကလည်း ထောင့်တွေ အားကြီးများ၏။ ဖူးချင်တဲ့နေရာဖူးနေ၏။ ချိုင့်ချင်တဲ့နေရာချိုင့်နေ၏။ ဒီကြားထဲ ညှပ်ရတာက လည်း ကတုံး ဆံတောက်ဆိုတော့ ဒီတောင်စောင်းတွေ၊ ကမူတွေ၊ ချိုင့်တွေ၊ ကုန်းဆင်း ကုန်းတက် အားကြီး ပေါ့တဲ့ နေရာတွေကို ညီအောင်ညှိရတာ အားကြီးစိတ်ညစ်စရာကြီးပေါ့။
အဲ - ဦးစော ခေါင်းကလည်း တစ်မျိုးဆိုသည့် ခေါင်းစားထဲကပင်တည်း။ (ဦးစောရဲ့ ဘိုကေပုံကတော့ ခက်ခက် ခဲခဲ ရှာဖွေတင်ပြထားတဲ့ ဓာတ်ပုံကိုပဲ ကြည့်ပါတော့လေ။)

ဦးစော သည် ဆံပင်ကို ရှည်ရှည်ချန်၍ ညှပ်လျှင် သိပ်မကြိုက်ချေ။ ပြန်ပြင်ပေးရတတ်လေသည်။ ပုံမကြိုက်ဘူး ကြိုက်တယ် နဲ့ ကြေးနည်းနည်းများတတ်လေသည်။ ဦးစော၏ ခေါင်းသည် သာမန်လူတို့ထက် ကြီးမားပြီး ဆံပင်ညှပ် ၍ ခက်ပုံကား ဦးရေပြားမှာ ထူပျော့ပျော့ကြီး ဖြစ်နေခြင်းအတွက်ပင် ဖြစ်လေသည်။ ဦးရေပြား အလွန်ထူပြီး ပျော့လှသည်။ ဆွဲသည့်ဘက်သို့ ဦးရေပြားကြီးသည် ပါပါလာတတ်၏။ နောက်ပြီး လက်နှင့် နှိပ်ကြည့်လျှင် ပိန်ပိန် ချိုင့်ချိုင့် သွားလောက်အောင် ပျော့တွဲတွဲကြီးနိုင်နေလေသည်။ ထို့ကြောင့် ဆွဲငင်ညှပ် ရခက်လေသည်။ ဦးစော ခေါင်း ဦးရေပြားကြီး နှိပ်လျှင် ပိန်ပုံ၊ တွန်းလျှင် ရွေ့ပုံ၊ ဆွဲလျှင် ပါပုံကို လက်တွေ့ စမ်းစမ်းကြ့ည့် လို့သိတာပေါ့ဗျာ၊ ဒါကို သူ့မိန်းမတောင် ကိုင်ဖူးချင်မှ ကိုင်ဖူးမှာသိလား ဟင်း။

ဒီလို စမ်းသပ်ကြည့်တဲ့အခါ သိသိသာသာကြီးနဲ့တော့ မစမ်းရဲဘူးပေါ့ဗျာ။ ဆံပင်လေးသပ်ရင်း ဘာရင်း အသာ စမ်းရတာပေါ့။ တမင်စမ်းမှန်းသိရင်တော့ ဦးစောက ဒေါသကကြီးသနဲ့ နားရင်းထအုပ်လို့ ခွေနေမှာ ပေါ့ဗျာ။ ကျုပ်တို့ ဘယ်သူ့ခေါင်းစမ်းစမ်း၊ ဘယ်ဝန်ကြီးခေါင်းစမ်းစမ်း သိသာအောင်တော့ ဘယ်တော့မှ မစမ်းပါဘူး၊ စမ်းရင်လည်း စမ်းရင်လည်း ... အင်း။
သြော် ဒါထက် ကိုယ့်ဆရာ တို့၊ ကျုပ်တို့ နိုင်ငံတော် ဖဆပလအစိုးရရဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုရဲ့ ခေါင်း အခြေအနေ ကိုတော့ မသိချင်ကြဘူးလားဗျ၊ ဟဲ ဟဲ ... သိချင်မှာပေါ့။ ဒါလည်း " သူတို့အတွင်းရေး "တစ်မျိုး ဟာကပဲ သိချင်မှာပေါ့။ သူများအကြောင်းဆိုရင် အချောင်သိချင်ကြမြဲချည်းပေပေါ့။ ၀န်ကြီးချုပ် ဦးနု၏ ခေါင်းသည်ကား ဆိုလျှင် သူလည်း ခေါင်းတစ်မျိုးဆိုးတဲ့အထဲကပင် ဖြစ်လေသည်။ ခေါင်းဆောင်ဖြစ်ချင်တဲ့ သူသည် ခေါင်းပုံတွေကိုက ဆိုးလာတတ်သလားပဲ မပြောတတ်ချေ။

ဦးနု၏ ခေါင်းပုံစံသည် အောက်ကား အထက်ရှူးခေါင်းပုံစားထဲကဖြစ်လေသည်။ နားရင်းပိုကာ ကားနေသ လောက် အထက်သို့ ရှူးတက်သွား၏။ ထို့ကြောင့် ဦးနုသည် စိတ်သဘောကောင်း၏။ သို့သော် ခေါင်းဆိုးလှ တယ်ဟု ပြောရပေမည်။ ဤကား ဦးနုအား ကျွန်ုပ်တို့ ခေါင်းပုံဖြတ်သမားတို့ဘက်က အမြင်ပေတည်း။ ဦးနု သည် ဆံပင်ကိုဖြီး၍ ရယုံကလေး ခပ်ပါးပါးညှပ်ခိုင်းတတ်လေသည်။ အဲ ... ဦးနုလည်း အနာရွတ် ကလေးများနဲ့ပဲဆရာ။ တယ်တော့ မဆိုးဘူးဆရာ့။

" ဟေ့ ... ငါငယ်ငယ်က အတော်ဆိုးခဲ့တာပေါ့ "ဟု ဦးနုပြောဖူးသောစကား ဦးနုစာအုပ်များတွင် ကိုယ့် ဘာသာ ဖော်ရေးခဲ့ဖူးသော အချက်များကို ဦးနု၏ ခေါင်းက အတော်ဝင်ပြီး သက်သေခံထားသည်ကို တွေ့ရ လေသည်။
ဦးနုဆံပင်ကိုဖြီးရရုံ ခပ်ပါးပါးညှပ်တတ်ခြင်းနှင့် စပ်လျဉ်းပြီး ကျွန်တော်တို့ ဆံပင်ညှပ်၊ ခေါင်းပုံဖြတ်လောက တွင် စိတ်ဝင်စားစွာ ဆွေးနွေးကြဖူးသည်။
ကျွန်တော် စတည်းချသောဆိုင်မှ လက်ဟောင်းဆံပင်ညှပ်ဆရာကြီး တစ်ဦးက "ဟေ့ အရင်တုန်းက ၀န်ကြီး ချုပ်မဖြစ်ခင်တုန်းက ဦးနုဟာ ဆံပင် ခုလောက်ပါးပါးမညှပ်ပါဘူးကွ၊ ခပ်ထူထူပုံနိမ့်စားတဲ့အခါ နည်းနည်း ဘုတ်သိုက်လေးဖြစ်နေမှ သူသဘောကျတယ်ကွ " (အဲဒါ အရင်က ဦးနု၏ ပုံဟန်နဲ့တူသည်)
ထိုစဉ် တစ်ဦးက ၀င်ဝေဖန်၏။ " ဦးနုဆံပင် ခပ်ပါးပါးညှပ်တာဟာ ဆံပင် ထူထူထားရင် ခဏခဏညှပ်၊ ခဏ ခဏ ပိုက်ဆံကုန်ရမှာစိုးလို့၊ ခပ်ပါးပါးညှပ်ပြီး ပိုက်ဆံကုန်သက်သာအောင် လုပ်တာဖြစ်မှာပေါ့ကွ ... "

တစ်ဦးက " အေး ၀န်ကြီးချုပ်ဆံပင်ဟာ စဉ်းစားစရာပဲဟ"
နောက်တစ်ယောက်က " သြော် ... ၀န်ကြီးချုပ်က ငါ ၀န်ကြီးချုပ်ဖြစ်တုန်း နောင်ရေးအတွက် ပိုက်ဆံလေး၊ ဘာလေး စုဦးမှ၊ ပိုက်ဆံသက်သာပြီး ဆံပင် ခဏခဏ မညှပ်ရအောင် ပါးပါးညှပ်မှပဲလို့ စိတ်ကူးလာမှ သိဘဲပဲ"
" ဟေ့ ဟေ့ ... မင်းက ဒါတော့ မင်း ဆိုရှယ်နီထင်ပါရဲ့ကွာ၊ မင်း ဒီလို ထွက်တာ ၀န်ကြီးချုပ်ဆံပင် ပါးပါးညှပ်တာ ခေါင်းပေါင်းအမြဲပေါင်းနေရလို့ ခေါင်းအိုက်မှာစိုးလို့ ဖြစ်မှာပေါ့ကွာ ... "
" ဟေ့ ဟေ့ ဒါတော့ မင်းကလည်း ဖဆပလဘက်သားမို့ ဒီလိုပင်းထွက်တာဖြစ်မှာပေါ့ကွ ကဲကဲ "

ဝန်ကြီးချုပ် ဘိုကေကိစ္စမှာ ပြဿနာကြီးတစ်ရပ်လိုကို ကျွန်ုပ်တို့ ခေါင်းပုံဖြတ်လောကတွင် ပြောခဲ့ရဖူးလေ သည်။ နောက်ပြီး ဦးနုသာမ မဟုတ် ဦးကျော်ငြိမ်းကိစ္စသည်လည်း ပြဿနာကြီးတစ်ရပ်လို ဖြစ်နေခဲ့ဖူးသည်။ သို့သော် ၀န်ကြီး ဦးကျော်ငြိမ်းကိစ္စမှာ ဘိုကေကိစ္စအရှုပ်အရှင်းတော့ ကားမဟုတ်၊ ဦးကျော်ငြိမ်း ဘိုကေညှပ် ရာတွင် ပြုတတ်သော အပြုအမူလေးအတွက်ပင် ဖြစ်ပါသည်။
ဦးကျော်ငြိမ်း ၏ ခေါင်းပုံကား တယ်တော့မဆိုးလှပါ။ ပြောမယ်ဆိုလျှင် ခေါင်းမှာ အသားနည်းပြီး အရိုးနည်း နည်း များတာတစ်ခုပဲ ပြောစရာရှိတာပဲ၊ အင်း ... ဒါတော့လေ ဦးကျော်ငြိမ်းရဲ့ ကိုယ်ဟန်လေးကိုကလည်း မခို့ တရို့ နဲ့ နွဲ့နွဲ့ ပိန်ပိန်လေးဟာကပဲ၊ ခေါင်းမှာ အသားနည်းခြင်းအတွက် အထူးရယ်လို့ ပြောနေဖို့ လိုမယ် မထင်ပါ ခင်ဗျာ။ ဦးကျော်ငြိမ်း ဆံပင်အင်အားကိုလည်း ခွေပျော့ပျော့ အစားထဲကဖြစ်၏။ ကိုင်လို့ကောင်း၏။ နူးညံ့၏။ နိပ်၏။

ဝန်ကြီးချုပ်ဦးနု၏ ဆံပင်မှာမူ သိပ်အမာကြီး၊ သိပ်အပျော့ကြီးစားများထဲကမဟုတ်ဘဲ အလတ်စားထဲက ဖြစ်လေသည်။ ၀န်ကြီးချုပ်ဦးနုကဲ့သို့ ကျွန်တော်တို့ ဘိုကေဖြတ်လောကတွင် ဦးကျော်ငြိမ်း ပြဿနာဖြစ် လာ ပုံမှာ ဆံပင်ညှပ်စဉ်တွင် ဖြစ်တတ်သော ဦးကျော်ငြိမ်း၏ အကျင့်လေးကိစ္စပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဦးကျော်ငြိမ်း သည် ၀န်ကြီးချုပ်ကဲ့သို့ပင် ဆံပင်ကို အိမ်ခေါ်၍ ညှပ်တတ်သည်။ ဆံပင်ညှပ်တိုင်းလိုပင် ဦးကျော်ငြိမ်း သည် တစ်နေရာသို့ ငိုင်ကာ စိုက်နေတတ်ပြီး ဆံပင်ညှပ်နေသည်ကို မေ့များနေသလားအောက် မေ့ရ လေသည်။ ဟုတ်သည်။ ဦးကျော်ငြိမ်းသည် အကယ်ပင် သူ့ဘိုကေလေး တချပ်ချပ် ညှပ်ပေးသည်ကို ပင်မေ့မေ့သွားပုံကိုရ၏။ ဘယ်သို့ ဟူမူ ဦးကျော်ငြိမ်းသည် ဘိုကေညှပ်စဉ် တစ်နေရာရာသို့ ငိုင်ပြီး စိုက်နေ ရာ က တစ်ခါတစ်ခါတွင် အလန့်တကြားခေါင်းထူပြီး " ဟင် ... ဟင် ဘယ်သူခေါ်လဲဟင်၊ ဘာပြောလဲဟင်" ဟု ပြူးတူးပြဲတဲမေးပြီး မခေါ်ဘဲ ထ ထ ထူးတတ်လေသည်။ ဦးကျော်ငြိမ်း ဤသို့ ဖြစ်တတ်သည်ကို ကျွန်တော်တို့ ဘိုကေဖြတ် လောကတွင် ပြဿနာကြီးတစ်ရပ်လိုလို ဖြစ်နေခဲ့လေသည်။

ကျွန်တော့်အမြင်ကို ကျွန်တော်က တင်ပြ၏။
 ဟေ့ ... ဦးကျော်ငြိမ်း မိန်းမကြောက်ရလို့ (၀ါ) ၀န်ကတော်ကြီးကို လန့်ရလို့ ဒီလိုဖြစ်တာပဲကွ
 "ဘာလို့ ခင်ဗျား ဒီလိုပြောနိုင်သလဲဗျ " ဟု နောက်ပေါက်ဆံညှပ်ငနဲ တစ်ဦးက သင်တုန်းဓားကို သားရေ ပြားတွင် ခတ်ရင်း လှမ်းမေးလေသည်။
" ဟ မခေါ်ဘဲ ထထထူးတယ်၊ မေးတယ် မဟုတ်လားကွ၊ ဆံပင်ညှပ်တာကလည်း အိမ်မှာမဟုတ် လားကွ "
" ဟုတ်တယ်လေ ... အေးလေ "
" ဒါကြောင့် ပြောတာပေါ့ကွာ၊ အိမ်မှာနေရင်း အလကားနေရင်း ထထယောင် ထူးနေတာ၊ တို့ဝန်ကြီး မိန်းမ ကြောက်ရတယ်ဆိုတာ ထင်ရှားတာပေါ့ကွ၊ ဟား ... ဟား ။ မိန်းမက ခေါ်သလားလို့ လန့်ထူး ထူးထူး နေတာ ဖြစ်မှာပေါ့ကွ ... "

ဤသို့ ကျွန်တော်က ခပ်သောသော ပြောလိုက်ရာ လက်ဟောင်းညှပ်ငနဲ ကြီးတစ်ဦးက ၀န်ကြီးအတွက် ကြား က မခံမရပ်နိုင်ဖြစ်ပြီး
" ဟေ့ ... ဟေ့ကောင် ခွေးသား၊ မင်း ဒီလိုမပြောပါနဲ့ကွာ၊ ဘာလဲ အမှန်က ၀န်ကြီးဦးကျော်ငြိမ်း ဒီလို ဖြစ် တာ ဟာ သူ့အလုပ်ကိစ္စများ၊ တာဝန်များမှာ ဘယ်လောက် စိတ်ဝင်စားသလဲဆိုတာ ထင်ရှားတာပဲကွ၊ သိရဲ့ လား... မင်း ဘာနားလည်လို့လဲ "
ကျွန်တော်က သူများ စက်ကတ်ကြေးကို ကူညီဆီထည့်ရင်းက
" ဘာကြောင့်ပါတုန်းခင်ဗျာ "

" ဟ ... ဆံပင်ညှပ်ရင်းတောင် အလုပ်ကို စိတ်ကူးလွန်းလို့ အကြံဥာဏ်တွေ ထုတ်လွန်းလို့ ဆံပင်ညှပ်တာ မေ့မေ့သွားတာပေါ့ကွ၊ သတိရတော့မှ ဘာလဲ ဘာလဲလို့ ထထမေးတာပေါ့ကွ "
အင်း ... ဒါကတော့ ဖဆပလ အုပ်စုပိုင်းက ဝေဖန်ချက်နဲ့ တူလေသည်။ ထိုစဉ် ခေါင်းညှပ်ခံနေသူတစ်ဦးက ၀င်ပြီး လည်ပင်းကို စောင်းငန်းငန်းငဲ့၍
" ဒီလို ဟုတ်မယ်မထင်ပါဘူးဗျာ ... သူ့ကိစ္စတွေ သူပြန်တွေးပြီး သွေးလန့်လန့်နေတာထင်ပါရဲ့ဗျာ ... "ဟု ဝေဖန်၏။ ဟဲ့ ဒါကတော့ ဆိုရှယ်နီ ရပ်ကွက်ပိုင်းက ဝေဖန်ချက်နဲ့တူသတဲ့။

ယင်းသို့ကလို ကျွန်တော်တို့ လူစုများသည် ၀န်ကြီးတစ်ဦးကို ညှပ်ပြီး ညှပ်ပြီးတိုင်း (ခေါင်းကိုနော် ခေါင်းကိုဗျ) ညှပ်ပြီးတိုင်း၊ ၀ိုင်းစု တွေ့ကရာပြောဆိုဝေဖန်ရသည်မှာ ပျော်စရာ အရသာကြီးတစ်ခုပါပေ။ စင်စစ်သော် လည်း ၀န်ကြီးသာမဟုတ် ဘယ်သူကော ဘိုကေနဲ့ ကင်းနိုင်ပါသနည်း။ လူပျိုကြီးဖြစ်ကာ မိန်းမနဲ့ ကင်းချင် သာ ကင်းတဲ့လူရှိချင်ရှိမည်။ လက်ရှိ သာကီဝင် မြန်မာ အာဇာနည်ယောက်ျားတိုင်းကား  ဘိုဆံဖုတ်နဲ့ မကင်းနိုင်ကြချေတကား။ ဦးဘဆွေကြီးလည်း မကင်းဘူး၊ သိန်းဖေကြီးလည်းမကင်းဘူး၊ ထောင်ထဲက မောင်နီကြီးလည်း မကင်းဘူး။ သခင်စိုးလည်း မကင်းဘူး။ အိုင်စင်ဟောင်ဝါလည်း မကင်းဘူး။ သို့ဘိုဆံဖုတ်နဲ့ မကင်းနိုင်သမျှ ကျွန်ုပ်တို့ ညှပ်ငနဲများနှင့်လည်း အဘယ်မှာ ကင်းနိုင်ကြလိမ့်မည်နည်း။

ကျွန်ုပ်တို့ ညှပ်ငနဲများနှင့် မကင်းနိုင်ခြင်းအတွက်ပင် ၀န်ကြီးဦးဘဆွေသည် အတော်စိတ်ရှုပ်ပုံရ၏။ ၀န်ကြီး ဦးဘဆွေသည် တစ်ခါတစ်ခါတွင် အတော်ကြီး ဆံပင်ရှည်ပြီး ရွှေဘတို့၊ တင်ညွန့်တို့နဲ့ အတော်တူနေမှပင် ဆိုင်ကို ပေါက်လာတတ်လေသည်။ ဦးဘဆွေသည် ဆံပင်ညှပ်သည်ကို စိတ်ရှုပ်ပုံနှင့် မှုန်တေတေ ထိုင်ငိုင် နေတတ်၏။ အမယ် တို့ဦးဘဆွေကြီးကလည်း ခေါင်းမှာ အနာရွတ်လေးများနဲ့ ပါပဲလားဟဲ့။ သြော် ငယ်ငယ် တုန်းက ငယ်ငယ်တုန်းက ..
ဦးဘဆွေ၏ ဆံပင်ပုံမှာ " ဇာတ်လိုက်ခရော့" နည်းနည်း ဆန်လေသည်။ အင်း ... သူ့ကိုယ်ဟန်ကိုလည်း ဇာတ်လိုက်စတိုင် ဖြောင့်ဖြောင့်တောင့်တောင့်ပေကိုး (အဟဲ ဟဲ ...)
ဦးဘဆွေအား "ခေါင်းလျှော်ပေးရမလားခင်ဗျာ" ဟုမေး၏။

" အေး လေဆ်ာချင်လျှော်လိုက်လကွာ ဟင်း "ဟု စိတ်ရှုပ်ဟန်နျင့် ဖြေလေသည်။ ဦးဘဆွေသည် ဆံပင် ညှပ် ညှပ်နေရသည်ကိုပင် ၀ဋ်မကင်းလို့ လာလာခံနေရသလောက် အောက်မေ့နေဟန်တူလေသည်။ ဒီလို ဆိုလည်း သျှောင်ကြီး ဗွေထားလိုက်ပါလား ၀န်ကြီးခင်ဗျာ။ ၀န်ကြီးရာထူးကြီးနဲ့ သျှောင်ကြီးနဲ့ဆိုရင် ဘယ် လောက်ခန့်လိုက်မလဲ...ဟဲ။ အဲသလို ၀န်ကြီးကို ဆံပင်ညှပ်ရင်း ပြောလိုက်ချင်စိတ်ပေါက်မိ၏။ သို့သော် ဦးဘဆွေ၏ ဗလမှာ တစ်ချီ လက်ဝါးစောင်းအုပ်လိုက်လျှင် ပွဲချင်းပြီးလောက်သည့် ဗလမို့ တစ်ခါမျှ မပြော ဖြစ်ခ့ချေ။
ဦးဘဆွေအား သူ့ခေါင်းသူ့ဂိုက်နဲ့လိုက်အောင် ဇာတ်လိုက်ပုံ ညှပ်ပေးလိုက်သော်လည်း ကြေးများလေ့ သိပ် မရှိချေ။ နောက်ပြီး ဘယ်သူနဲ့မျ ညှပ်မယ်ဆိုပြီးလည်း လူ မရွေးချေ။ အင်း နောက်ပြီးတော့ ဘောက်ဆူးလေး ဘာလေး လည်း ပေးဖော်တောင် မရချေ။ (ရှော်သောဝန်ကြီး)

ဦးဘဆွေအား လူဟန်လိုက်၍ ဇာတ်လိုက်ပုံအတိုင်း ညှပ်ပေးသည့် နည်းတူပင် အခြားဝန်ကြီးများကိုလည်း လူ ဟန်ကြည့်၍ ကျွန်ုပ်တို့ ညှပ်ငနဲများက ဘယ်ပုံနဲ့တော်တယ်ဆိုတာ ကြည့်ညှပ်ပေးကြရလေသည်။ ဥပမာ ၀န်ကြီး ဦးသန်းအောင်တို့၊ ၀န်ကြီး မမန်းဝင်းမောင်တို့ စသည်ပေါ့။ ၀န်ကြီး မန်းဝင်းမောင်ဆိုလျှင် အရပ်က မြင်ကြသည့်အတိုင်း ဗမာပြည်တွင် " အ၀ဆုံးမောင်" ဘွဲ့ရလောက်အောင် ၀သည်။ ဖြိုးသည်၊ ဖီးနေတာပဲ၊ မျက်နှာကလည်း ၀က်သားပေါက်စီလုံးလေးလို ဖောင်းနေ၏။ ပါးစုံ့ကြီးတွေနဲ့ ချစ်စရာကြီး။
သို့ကလို ၀၀လုံးလုံး ၀ိုင်းဝိုင်း ခန္ဓာကိုယ်ဟန်ကို ခပ်ဖွားဖွား ဘေးခပ်ကားကားပုံသာ ညှပ်ပေးလိုက်လျှင် ၀န်ကြီးမျက်နှာသည် ပိုပြဲလာပြီး ၀န်ကြီးဗိုက်သည်လည်း ပိုစူလာသည်ဟု အောက်မေ့ရမည်ဖြစ်လေသည်။

ထို့ကြောင့် ကျွန်ုပ်တို့က ၀န်ကြီး၏ ကိုယ်ဟန်ကို အချိုး အမျိုးမျိုးကြည့်၍ ၀န်ကြီးဆံပင်ကို ဘေးကခပ်ပါးပါး နှင့်ပုံ မြင့်မြင့်ပုံ ညှပ်ပေးရလေသည်။ သို့သော် ဒီဝန်ကြီးက သူ့ကို ဒီလိုစေတနာထားပါသော်လည်း ၀န်ကြီးက တယ် မနိမ့်လှပါဘူးဗျာ။ ဘယ့်နှယ်ဒီဝန်ကြီးက ဘောက်ဆူးပေးဖော်မရဘူးဗျ၊ ဟင်း။

ဝန်ကြီး မန်းဝင်းမောင်နည်းတူပင်။ ၀န်ကြီး ဦးသန်းအောင်ဆိုလည်း ကျွန်ုပ် တို့ညှပ်ငနဲများက သူ့ဘိုကေကို ကြည့်ဆင်ပေးကြပါသည်။ ၀န်ကြီး ဦးသန်းအောင်သည် လူဟန်ကလည်း ပြုံးပြုံးနွဲ့နွဲ့၊ ဆံပင်လေးကလည်း ခပ်ခွေခွေနဲ့မို့ သူ့အား ခပ်နွဲ့နွဲ့ "ပုံနိမ့်" ညှပ်ပေးရလေသည်။ ကျွန်ုပ်တို့က ကြည့်စီမံပေးရလေသည်။ ဤ ၀န်ကြီးကား ကျုပ်တို့အပေါ် အဟုတ်တော်သော ၀န်ကြီးပေတည်း။ ၀န်ကြီး ဦးသန်းအောင်ကလေ ပြုံးပြုံး ပြုံးပြုံးနဲ့ အာလာပ သလ္လာပ စကားပြောဖော်လည်း ရတယ်။ ပြီးတော့ ပြီးတော့ ဘောက်ဆူးလည်း မှန်မှန် ပေးဖော် ရတယ်ဗျာ။ (နိမ့်သောဝန်ကြီး)
ဝန်ကြီးထဲတွင် ဘောက်ဆူးပေးဖော်ရသော ၀န်ကြီး နည်းလှပေသည်။ ကျွန်ုပ်တို့သည် ဘောက်ဆူးပေးသော ၀န်ကြီးတွေကို ကြည်ညိုပါသည်။

တကယ်ပါ ဆရာ။ ဘောက်ဆူးမပေးချင်သော ၀န်ကြီးကို သိပ်မကျေ နပ်ချင်ပါ။ သို့သော် သို့သော် ၀န်ကြီး ထဲတွင် ကျွန်ုပ်တို့အား ဘောက်ဆူးမပေးသော်လည်း ကျွန်ုပ်တို့ ခွင့်လွှတ် သော ၀န်ကြီးတစ်ပါးရှိပါသည်။ ထို ၀န်ကြီးကား ၀န်ကြီး သခင်ကျော်ထွန်းပေါ့။ ၀န်ကြီးသခင်ကျော် ထွန်းကို ကျွန်တော်တို့ ခွင့်လွှတ်ကြရပါသည်။ အဘယ့်ကြောင့် ဆိုသော် ဤ၀န်ကြီးခမျာ လူပုံပိန်သော်လည်း "ကလေး"များ ရှာသည်ဟု သိရသော ကြောင့် ပေတည်း။

ဝန်ကြီး သခင်ကျော်ထွန်း၏ ကလေးများအတွက် ကလေးစရိတ်ဖို့ ကျုပ်တို့ ညှာတာပြီး ဘောက်ဆူးကိစ္စကို ကျုပ်တို့ ခွင့်လွှတ်လို့သာပေါ့။ နို့မို့ ဤ၀န်ကြီးအား ဂျောက်ချချင်စိတ်တွေ ကျွန်ုပ်တို့ တဖွားဖွားဖြစ်မည်ဖြစ် လေသည်။ ဘယ့်နှယ် ဤ၀န်ကြီးထံမှ ဘောက်ဆူးလေး ဘာလေးသာ မရတယ်၊ ၀န်ကြီးဆံပင်မှာ အလွန် ဆိုး လေသည်။ ညှပ်ရခက်၏။ အရပ်က မြင်မိကြမှာပေါ့။ တကတည်း ဆံပင်က ကောက်ချိတ်ပြီး ကွေးနေ တာပဲ။ ၀န်ကြီးမင်း ၏ ကလေးများအား ကျွန်ုပ်တို့ထည့်စဉ်းစားကြ၍ပင် မိတ်ဆွေတို့သည် ၀န်ကြီး၏ ဘိုကေ ကြည့်ပျော် ရှုပျော် မြင်ကြရခြင်းဖြစ်လေသည်။ နို့မို့ ကျုပ်တို့က ဆန္ဒပြပြီး ကြွတ်ကိုက်ရာလုပ်ပစ်မှာ သိလား၊ သိလား။

ဘောက်ဆူးကိစ္စနှင့် စပ်လျဉ်းလာလျှင် ကျွန်ုပ်တို့သည် ၀န်ကြီးသခင်တင်ကို မကျေနပ်ဆုံးပေ။ ၀န်ကြီး သခင်တင်သည် ဆံပင်ကို ခပ်ပြောင်ပြောင် ဦးထုပ်ဆံတောက်ပုံညှပ်တတ်၏။ ဤပုံကို ကြိုက်တတ်၏။ ၀န်ကြီးသခင်တင် သည် ဆံပင်ညှပ်နေလျှင် စကားလည်းမပြော၊ စာလည်းမဖတ်၊ မှန်ကိုပဲ ကြည့်ကြည့်ပြီး မှန်ထဲက ၀န်ကြီးမျက်နှာကိုပဲ ပြန်အကဲခတ်နေတတ်လေသည်။
ဝန်ကြီးသခင်တင်သည် မကြာမီကပဲ နိုင်ငံတကာလှည့်ခဲ့ နှံ့ခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ၀န်ကြီး ဘယ်တွေ ရောက်ခဲ့ သည်ဆိုတာ ၀န်ကြီးနှင့်ပါသွားသော "မန်းတင်" ကြီးကပဲ ရှုမ၀တွင် တောင်ရေးမြောက်ရေး ရေးခဲ့ပြီမဟုတ်ပါလား။ သို့နိုင်ငံတကာနှ့ခဲ့သော ၀န်ကြီးသည် နိုင်ငံတကာ၌ ဘောက်ဆူးတွေ ဘာတွေ ပေး ခဲ့ပါသည် ဟု "မန်းတင်" ကြီးက ဖော်ထားသည်ကို ကျွန်ုပ်တို့ ဖတ်ရှုရဖူးရာ သူများနိုင်ငံ၌ ကျေနပ်စွာ ဘောက်ဆူး ပေးခဲ့ပြီးမှ မြန်မာညှပ်ငနဲများကျမှ ၀န်ကြီးက ဘောက်ဆူးမသထာချင်ခြင်းအတွက် ကျွန်ုတို့က ၀န်ကြီးသခင်တင်အား မကျေနပ်ခြင်းပင်တည်း။ ၀န်ကြီးမင်းခင်ဗျား နောက်များတော့ ပေးလိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်ပါသည်ခင်ဗျား။

ဘောက်ဆူး ကိစ္စနှင့်စပ်လျှင် ၀န်ကြီးဦးရာရှစ်ကား ဆန်း၏။ ဦးရာရှစ်သည် ဆံပင်ထူပျစ်ပျစ်ရှိပြီး အပေါ်ဆံပင် တိုတို၊ ဘေးခပ်ပါးပါးနှင့် ပုံနိမ့်ကို ကြိုက်တတ်သည်။ ဦးရာရှစ်သည် ၀န်ကြီးမဖြစ်မီကတစ်မျိုး၊ ၀န်ကြီးဖြစ်ပြီး နောက်တစ်မျိုးမို့ ဘောက်ဆူးကိစ္စ နည်းနည်းဆန်းသည် ပြောရခြင်းဖြစ်သည်။ ၀န်ကြီးမဖြစ်မီက ညှပ်မည့် လူကိုလည်း နည်းနည်းရွေးတတ်သည်။ ပြီးတော့ စကားလည်း တယ်မပြော။

မှုန်သိုးသိုး ရှုတည်တည်နှင့် ညှပ်ခံပြီး ဘောက်ဆူးမပေးဘဲ သွားတတ်လေသည်။ သို့သော် ဦးရာရှစ်သည် ၀န်ကြီးဖြစ်ပြီးနောက် အပြောင်းကြီး ပြောင်းသွားသည်ကို တွေ့ရလေသည်။ လူလည်း ရွေးမညှပ်တော့၊ စကားစမြည်များလည်း ဖော်ဖော်ရွေရွေ ပြောဖော်ရလာသည်။ ကျွန်ုပ်တို့အဖို့ကား အရေးအကြီးဆုံးက ၀န်ကြီး ဖြစ်မှ ဦးရာရှစ်သည် ဘောက်ဆူးလေး ပေးတတ်လာခြင်းပင်တည်း။ ထို့ကြောင့် ၀န်ကြီးထဲတွင် ဦးရာရှစ်ကား ကျွန်ုပ်တို့အဖို့ ချစ်စရာကောင်းသော ၀န်ကြီးတစ်ပါး ပင်တည်း။ "နိပ်တယ်ဟ" ၀န်ကြီးဖြစ်မှ ပြောင်းလဲသူ များတွင် ၀န်ကြီး ဦးခင်မောင်လတ်လည်း ပါဝင်လေသည်။ သို့သော် ၀န်ကြီး ဦးခင်မောင်လတ်၏ ပြောင်းလဲပုံ ကား တစ်မျိုးဖြစ် သည်။ ဦးခင်မောင်လတ်သည် ပါလီမန် အတွင်းဝန်ဘ၀က ဆံညှပ်ဆိုင်သို့ လုံချည်နှင့် အမြဲလာတတ် သော်လည်း ၀န်ကြီးဖြစ်ပြီးမှ ဘောင်းဘီနဲ့ချည့် အမြဲလာတတ်လေသည်။ အင်း ... ဒါလည်း ပြောင်းလဲခြင်း တစ်မျိုးပေတည်း။

သို့သော် ဦးခင်မောင်လတ်သည် ကျွန်ုပ်တို့အဖို့ ချစ်စရာကောင်းသော ၀န်ကြီးစာရင်းတွင် ပါဝင်လေသည်။ ဘယ့်ကြောင့် ဆိုသော် ဦးခင်မောင်လတ်က အမြဲ ဘောက်ဆူးမှန်မှန်ပေးတယ်ဗျ။
ဦးခင်မောင်လတ် က နည်းနည်းတော့ လူရွေးပြီး ညှပ်ခံချင်သည်။ ဆံပင်ပုံမှာ ပုံခပ်နိမ့်နိမ့် ဇာတ်လိုက် ရှိတ်နည်းနည်းဆန်သည်။ ဆံပင်ညှပ်တိုင်းလိုလို ဦးခင်မောင်လတ်သည် "အဆစ်"သဘော ခိုင်းချင် ထင်ပါရဲ့။ သူ၏ နှုတ်ခမ်းမွေးလေးကို နည်းနည်း "တိ" ခိုင်းတတ်လေသည်။ ဘောက်ဆူးပေးလို့သာ ပေါ့။ နို့မို့ ဘောက်ဆူးမပေးဘဲ ဒီလိုသာ "အဆစ်" ခိုင်းမယ်ဆိုရင် ၀န်ကြီးတော့ နည်းနည်းတော့ ကျိန်ဆဲခံ ရမှာပဲ။

အဲ ... ၀န်ကြီး ဗိုလ်ခင်မောင်လေးတော့ ကျုပ်တို့ မကျေနပ်ဆုံးပဲဗျာ။ ဒီဝန်ကြီးက ဘောက်ဆူးလည်းမပေး ချင်ဘူး။ မုတ်ဆိတ်လည်း အလကားရိတ်ခိုင်းချင်သေး၊ အနှိပ်လည်း ခံလိုက်ချင်သေးဗျ...သိလား။
ပြီးတော့ ၀န်ကြီး ဗိုလ်ခင်မောင်လေးက ခေါင်းလျှော်ရင် အမွှေးရည် (ဆံမွှေးရည်)လည်း များများ ထည့်စေ ချင်သေးဗျ၊ ၀န်ကြီးထဲတော့ အတော် အမွှေးကြိုက်တဲ့ဝန်ကြီးပဲ။
သို့သော် ယင်းသို့ကလို ၀န်ကြီး ဗိုလ်ခင်မောင်လေးအား ကျွန်ုပ်တို့ ညှပ်ငနဲလောကက တယ် မကျေနပ် သော်လည်း ၀န်ကြီးအား အစစအဆင်ပြေအောင် ၀န်ကြီးသဘောကျ အားလုံး လုပ်ပေး၍ ကြည့် ပေါင်းထားရပေသည်။ ဘယ့်အတွက် ဆိုသော် ဒီဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဆိုတော့ "အချုပ်ခန်း" အများဆုံး နီးစပ်သက်ဆိုင်နေတော့ အရေးဟဲ့၊ အကြောင်းဟဲ့ဆိုလျှင် အားကိုးရဖို့ လုပ်ထားရတာပေါ့ဗျာ၊ ဆံပင်တောင် ပိုက်ဆံမယူဘဲ ညှပ်ပေးချင်ပါသေးတယ်ခင်ဗျ။ (ရွှီ ... ရွီ ...)

အဲ ဆံပင်ညှပ်ရင်း " အဆစ် " ခိုင်းတတ်တဲ့အထဲ ကယားဝန်ကြီးစောဝဏ္ဏလည်း ပါသဗျ။ ၀န်ကြီးစောဝဏ္ဏ သည် ဆံညှပ်ရင်းက သူ၏ အထူးမွေးထားသော နှုတ်ခမ်းမွေးကို "အဆစ်" တိခိုင်းတတ်လေသည်။ ဤ၀န်ကြီး သည်လည်း ကျွန်ုပ်တို့ ချစ်စရာဝန်ကြီးစာရင်းတွင် မပါချေ။ ဘယ့်နှယ်ဗျာ ၀န်ကြီးဟောဝဏ္ဏက ဘောက်ဆူး လည်း မပေးချင်ဘဲ အဆစ်လည်း ခိုင်းချင်သေးဆိုတော့ ၀န်ကြီး ဘယ်နိမ့်မလဲဗျာ။
သို့သော် ကျွန်တော်တို့သည် ဤ၀န်ကြီး "အဆစ်" ခိုင်းတတ်ခြင်းနှင့် စပ်လျဉ်း၍ တစ်ခုတော့ သွားစဉ်းစားမိ ကြပါသည်။ ၀န်ကြီး၏ ဆံပင်သည် ပါးလည်းပါး၏။ ပြောင်လည်းပြောင်၏။ ထို့ကြောင့်ပင် ၀န်ကြီးသည် "ငါ့ ဆံပင် သူများတွေထက် ပါးလည်းပါး၊ ပြောင်လည်းပြောင်နေတဲ့ဥစ္စာ၊ သူများနည်းတူ ပိုက်ဆံပေးရတာ ... နာ တယ်ကွာ၊ ဒီကောင်တွေ ငါအဆစ်ခိုင်းမယ်" ဟု တွေးတော ဆုံးဖြတ်ထားလေသလားဟု စဉ်းစားမိကြခြင်း ပင်ဖြစ်ပါသည်။ (စိတ်မရှိပါနဲ့နော် ၀န်ကြီး၊ ဟဲဟဲ ... ဒါကတော့ ကျွန်တော်တို့ အတွေးသက်သက်ပါ ခင်ဗျ)

သြော် ... ၀န်ကြီးတွေနဲ့ ကျွန်တော်တို့ ညှပ်ငနဲတွေနဲ့ တွေ့ကြပုံတွေရေးရလျှင် ဆုံးနိုင်ဖွယ်တယ်မရှိချေ။ ကျွန်ုပ်တို့ ပြည်ထောင်စုနိုင်ငံတော် ၀န်ကြီးများ ဘိုကေမဖြုတ်ကြသမျှလည်း ကျွန်တော်တို့နှင့် နောင်လည်း အမြဲတွေ့ကြဦးမည်သာဖြစ်လေသည်။ ၀န်ကြီးများအား၊ ခေါင်းဆောင်ကြီးများအား၊ ထင်ရှားသော ပုဂ္ဂိုလ် ကြီး များအား ကျွန်တော်တို့ ပုံအမျိုးမျိုး နည်းမျိုးမျိုးနှင့် ခေါင်းပုံဖြတ်စားခဲ့ပုံတွေကိုလည်းကောင်း၊ ဆံပင်ညှပ် ခန်းထဲမျ ၀န်ကြီးများ၏ ခိုးလိုးခုလု ဖြစ်ပုံတွေကိုလည်းကောင်း၊ အဲဒါတွေကို ကျွန်တော် စိတ်ရှိလက်ရှိသာ ရေးရလျှင် ဇိနတ္တ ပကာသနိလောက်နိးနီး ထွက်လိမ့်မည်တောင်ထင်ပါသည်။ ခု တိုခိ တိုစိ လျှောက်တို့တာ တောင် ရှည်လှပေပြီ။ မဂ္ဂဇင်းစာမျက်နှာကို အားနာလှပြီ။ ဒါတောင် ၀န်ကြီးစုံစုံ၊ အကုန်မပါချေ။ ၀န်ကြီးများ က ကိုယ့်လူ တို့ကိုတော့ ညှာထားခဲ့သဟဲ့ လို့ ချစ်ကျန်ရစ်အောင် သည်တွင်ပဲ ရပ်ထားရလဆင် ကောင်းအံ့ ထင်သည်။ ဤအထဲတွင် ဖော်ထည့်ခံရသော ၀န်ကြီးများကမူ မောင်သာဂဒိုးအား အတော် နာရင်းပိတ်အုပ် ချင်ကြ ပေရော့မည်။

ဆံညှပ်ဆိုင်တွင်းသို့ ဘိုကေလာဖြတ်သူ "များစွာ"တွင် အမူအကျင့်၊ အလေ့အထ၊ အပြုအမူများကလည်း "များစွာ"ပင် ဖြစ်လေသည်။ အချို့လူများသည် ဆံပင်ညှပ်ခံခြင်းအလုပ်ကို မဟာစည်းစိမ်ခံ အလုပ်ကြီးတစ် ခုဟု သဘောထားကြပုံရလျက် ဆံပင်ညှပ်မည့်နေ့ကို အလုပ်မှ ခွင့်များဘာများပင် ယူ၍ ကျကျနနကြီး လာ တတ်ကြပေသည်။ အချို့ကား ဆံပင်ညှပ်ခံရသော အလုပ်ကို စိတ်ညစ်စရာ အကုသိုလ်အလုပ်ကြီးအလား သဘောထားပုံရပြီး "လုပ်ကွာ ... လုပ်ကွာ ... မြန်မြန်သာ အုပ်ထည့်စမ်းကွာ ... "ဟု ပြောပြီး ရှည်ရှည်လာ သော ကိုယ့်ဆံပင်ကိုပင် တစိမ့်စိမ့် ဒေါသထွက်နေပုံရလေသည်။
အဲ ... ကိုယ့်ဆံပင်ကို ကိုယ်ဒေါသထွက်ထွက်နေသူများထဲတွင် ကျွန်ုပ်တို့ ၀န်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်တို့၊ ကွယ်လွန်သူ ၀န်ကြီးဟောင်း ဗိုလ်စိန်မှန်တို့လည်း ပါပုံရလေသည်။

ဆမားကြီး သည် လာတိုင်းလိုလိုပင် "လုပ်ကွာ လုပ်ကွာ တိုပြီးရော အုပ်ထည့်စမ်းကွာ"ဟု မှုတ်တတ် လေသည်။ ယင်းသို့ အချို့က ဆံကေသာ ဘိုဆံဘုတ်လေးကို တသသ တန်ဖိုးထားချင်သလောက် အချို့က ဆံပင် မပေါက်ဆေးပင် ရက်ရက်စက်စက် သုံးပစ်လိုက်ချင်ပုံရနေ၏။ လူအမျိုးမျိုးမှ အမျိုးမျိုးပင်ဖြစ်၏။ သို့သော် လူ အမျိုးမျိုးတို့သည် ဘယ်သို့ပင် မူတွေ၊ စိတ်တွေ၊ သဘောတွေ အမျိုးမျိုးကွဲကြစေ၊ ဆံပင်ညှပ်ရာ၌ တူညီ သော အချက်တစ်ခုကား ရှိလေ၏။ ကျွန်တော်သည် ၀န်ကြီးသော၊ ပါနိဝါလားသော၊ လူအဆင့်အတန်း အမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့ဖူးပေါင်း များလှပါပြီ။ ယင်းတူညီသည့် အချက်ကား ၀န်ကြီးဖြစ်ဖြစ်၊ ဂျာဒူးဝါလား ဖြစ်ဖြစ် ကျွန်ုပ်တို့ ညှပ်ငနဲများက ညင်သာစွာ ခေါင်းကလေးသပ်သပ်ပေးလျှင် (ကဲဗျာ) ရှင်းရှင်း ဆိုတော့ အားလုံး အချော့ကြိုက်ကြခြင်းပင်တည်း။ ၀န်ကြီးဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် မသိမသာ၊ မသိမသာ ငယ်ထိပ် ကနေ ခေါင်းကလေး သပ်သပ်ပေးလိုက်လျှင် အောင်မယ် မေးကလေးရှေ့ထိုး၊ မျက်လုံးကလေး မှေးမှေး လာတဲ့ပြီး အင်း ... အင်း ကြောင့်ကြောင်ကလေး ကျနေတာပါပဲဗျာ။

( ဟင်း ... ခေါင်းသပ်ပေးရင်၊ ကြောင်မှေး မှေးလာတတ်တဲ့အထိ ကိုယ့်လူ ကိုယ့်လူလည်း ပါတာနော် .... ဟင်း) ဘယ်သူ မဆို ဒီလိုခေါင်းသပ်ပေးလိုက်ပါက အားလုံးကလေးချည့်ဖြစ်သွားကြပုံရလေ၏။
ဆံညှပ်သမား "ရင့်"လာလျှင် လူကဲခတ်လည်းတတ်၊ စကားကိုလည်း လိုချင်သလို "အစ်" ယူတတ်လာလေ သည်။ ဆံညှပ်ခံသူအား ခေါင်းလေး သပ်၍ သပ်၍ တောင်ပြော မြောက်ပြောနှင့် လိုချင်တဲ့ စကားကို "အစ်" ယူခြင်းဖြစ်၏။ အချို့များ ခေါင်းကလေး နှစ်ချက်လောက်သပ်ပြီး မေးလိုက်တယ်၊ တကယ်ပဲ သူ့ခယ်မ ဖောင် တောင့်တာတွေပါ ပေါ်ကုန်ပါရောဗျား။

အဲ ... ကျုပ်တို့ ပါလီမန်ဥက္ကဌကြီး ဗိုလ်မှူးအောင်ကတော့ဗျာ သူ့ဆီ ဘာမှ စကားမအစ်ရပါ။ သူကပင် ဆံပင် ညှပ်သမား နှင့် အာလာပ သလ္လပ စကားတပြောပြော ဆံပင်ညှပ်ခံချင်သူ ဖြစ်လေသည်။ တစ်ခါတလေ ဗိုလ်မှူးအောင် က သူမေးချင်တာတွေ လျှောက်မေးနေတတ်၏။ တစ်ခါတလေတော့လည်း သူကိုယ်တိုင်ကပင် ၀န်ကြီးတွေအကြောင်းတွေ၊ ဘာတွေကို ရယ်ရယ်မောမော "ဖော်" ချင်ရယ်စရာ လျှောက် "ဖော်" နေတတ် လေသည်။ (အဟဲ ... ဗိုလ်မှူးအောင် ပြောလို့ကျုပ်တို့လည်း ၀န်ကြီးတွေ အကြောင်းတွေ အတော် သိနေတာ ပေါ့ဗျာ)

ဗိုလ်မှူးအောင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများက ကျွန်တော်တို့ကဲ့သို့သော ညှပ်ငနဲများအား လူရာသူရာထား အာလာပ သလ္လပ စကားပြောဖော်ရသည်ကို ကျွန်တော်တို့ အလွန်ပင်ဝမ်းသာကြပါသည်။ လူကြီးလူကောင်း များသည် ဆံပင်ညှပ်သည့်အခါ ညှပ်သူကို အဖက်မတန်သလို မှုန်တေတေ ခပ်တည်တည် စတိုင်များတတ်ကြလေသည်။ သို့သော် ဘယ်သို့ပင်မှုန်တေတေ နေကျွန်တော်တို့နည်း အတိုင်း ခေါင်းကို သပ်သပ် သပ်၍ လုပ်လိုက်ပါက ပါးစပ်က အသံထွက်လာရသည်ချည့်သာတည်း။

သြ ... မေ့နေလို့၊ ဗိုလ်ချုပ်ကြီးနေ၀င်း "ခေါင်း" အကြောင်းတောင် နည်းနည်း ပြောပြချင်သေးသည်။ ဗိုလ်ချုပ် သည် လူစိတ်သဘောကောင်းသလောက် သူ့ဆံပင်က တယ်ဗွေဆိုးလှလေသည်။
ဗိုလ်ချုပ်နေ၀င်း ၏ ဆံပင်သည် ညှပ်ရခက်သော ဆံကျစ်ဆံကျပ်စားထဲက ဖြစ်လေသည်။ သူကြိုက်သော ဆံပင်ပုံ ကား ဘေးကားပုံ။

လူသဘောကောင်းပါလျက် ကျွန်တော်တို့ တော်တော် မကျေနပ်သော ပုဂ္ဂိုလ်တစ်ဦးရှိသေးသည်။ ၄င်းမှာ ၀န်ကြီး လူထွက်မင်း ဦးထွန်းဖေကြီးပင်တည်း။ ဦးထွန်းဖေသည် ၀န်ကြီးဘ၀တုန်းကတည်းကပင် ဘာလို့မှန်း မသိ၊ ဗရုတ်ဗရက် ရုပ်ဖျက်ဖျက်ပြီးတော့ လမ်းဘေးမှ "တစ်မတ်တန်း၊ ငါးမူးတန်း" ပလက်ဖောင်းကလား ဆံညှပ်ဆိုင်များ သွားသွားပြီး ဆံပင်ညှပ်သည်ကို တွေ့ရ၍ဖြစ်သည်။ မြန်မာဆိုင်ကြီးများသို့ လာတဲ့အခါတော့ လာပါသည်။ သိုပသော် ငါးမူးတန်းဆိုင်လည်း သူလက်မလွှတ်။ သို့ငါးမူးတန်း၊ တစ်မတ် တန်း လမ်းဘေး ဆိုင်များသို့ ဦးထွန်းဖေ ဘာလို့ သွားသနည်း။ ကျွန်တော် စဉ်းစားမရ ဖြစ်ခဲ့လေသည်။

သြော် ... သူ့ခမြာလည်း သားသမီးများရှာလို့ ဈေးထွက်ထွက်ပြီး ဈေးချောင်ရာကို ၀င်တာထင်ရဲ့ဟုလည်း အောက်မေ့မိ၏။ တစ်နည်းအားဖြင့်လည်း ကျွန်ုပ်တို့ဆရာ ဦးထွန်းဖေ၏ ခေါင်းကြီးသည် သူများနှင့်မတူ အလွန်မတန်၊ စပါယ်ရှယ်ကြီးလှရာ-
" အင်း ... ငါ့ခေါင်းက ကြီးလှတော့ မြန်မာဆိုင်တွေ သွားညှပ်ရင် သူများနဲ့ တန်းတူဈေးတူ ညှပ်ခပေးတာကို သထာကြည်သာရှိမှ ရှိပါ့မလား"ဟု ကိုယ့်ဘာသာသွေးလန့်လန့်ပြီး လမ်းဘေးကုလားဆိုင်တွေ သွားသွား ညှပ်နေသလားဟုလည်း အောက်မေ့မိကြပါသည်။ (အင်း ... ဟဲဟဲ ဟုတ်သလားဆရာ၊ ဘယ့်နှယ်လဲဆရာ)

ယနေ့အထိဆိုလျှင် ကျွန်တော် မကိုင်ဖူးသော (၀ါ) ကျွန်တော် ခေါင်းပုံဖြတ်မစားရဖူးသော ၀န်ကြီးဟောင်း၊ ၀န်ကြီးသစ်၊ ၀န်ကြီးလူထွက်မင်းတို့ ခေါင်းမှာ မရှိသလောက်ပင်ဖြစ်နေလေပြီ။ မကိုင်ရ ကိုင်ရအောင်လည်း ကျွန်တော် ကြံဖန် ကြိုးစားသည်။ ခေါင်းပုံမဖြတ်ရ ဖြတ်ရအောင်လည်း ကျွန်တော် ကြိုးစား၏။ ထို့ကြောင့် ပင်လည်း ၀န်ကြီးဟောင်း၊ ၀န်ကြီးသစ်၊ ၀န်ကြီးလူထွက်မင်းတို့၏ "ခေါင်းအတွင်းရေး"(၀ါ) အနာရွတ်က ဘယ်နှခု၊ ဘုက ဘယ်နှဘု စသည်ကို မသိတာ မရှိသလောက်ပဲပေါ့ ။

အဲ ... အဲ ကွယ်လွန်သူ ၀န်ကြီး ဒီးဒုတ်ဦးဘချို ခေါင်းတော့ ကျွန်တော် ကိုင်ဖူးခြင်း၊ အတွင်းရေး သိခြင်းတော့ မရှိဘူးဗျာ။ ဦးဘချိုခေါင်းတော့ ဘယ်သိနိုင်ပါမလဲ သူက "သျှောင်ကြီးဗွေ" ဆရာ ကိုးဗျာ။
ဝန်ကြီးခေါင်းဆိုလျှင် အလွန်ကိုင်ချင်၊ အလွန်ညှပ်လိုက်ချင်သော ကျွန်တော်သည် တစ်နေ့တွင် သက်တော် စောင့်ငနဲ နှင့် ရင်ဆိုင်ရပြီး ၀န်ကြီးခေါင်းတွေ ကိုင်ခဲ့မိသမျှ ဒဏ်ထိရမလိုဖြစ်ရလေသည်။ ထိုနေ့က ဆိုင်ထဲသို့ သက်တော်စောင့် ငနဲ သည် ဒေါသတကြီး ရေးကြီးသုတ်ပျာ ၀င်လာ၏။ ထို့နောက် ပြူးတူးပြဲတဲ တောင်ကြည့် မြောက်ကြည့် လုပ်ပြီး "မနေ့က ၀န်ကြီး ××× ကို ညှပ်တာ ဘယ်သူလဲ ဘယ်သူလဲ ... "

ကျွန်တော်တို့လည်း အထိတ်တလန့် မျက်ကလူးဆန်ပျာ " ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ "
" အို ... ဘယ်သူညှပ်ပေးသလဲဆိုတာသာ ပြောစမ်းပါ၊ တော်တော် ရှော်တဲ့သူ "
ဝန်ကြီး ခေါင်းဆိုလျှင် မလွတ်တမ်း ဖိုးကိုင်ချင်မှာ ကျွန်တော်ပင် ဖြစ်ရာ တစ်ချီတည်း တန်းမိနေပါတော့ သည်။
" ဘာ ... ဘာ ... ဘာဖြစ်လို့ပါလဲဗျာ "
" ဘာ ... ဘာ ... ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျားလုပ်လိုက်ပုံ ကောင်းလား၊ ၀န်ကြီးခေါင်းအထစ်ချည့်ပဲ "
" ဟင် "

" မဟင်နဲ့၊ ခင်ဗျားကို ၀န်ကြီး တော်တော် နားရင်းအုပ်ချင်နေတယ် ... သိလား "
" ဒါဖြင့် ကျွန်တော် ကျေနပ်အောင် ပြင် ပြင် "
" ခင်ဗျား ပြင်ချင်နေ .... ၀န်ကြီး မနက်အစောကြီး နယ်ဆင်းသွားရပြီ "
သက်တော်စောင့်မင်းသည် ကျွန်တော့်အား ၀န်ကြီးကိုယ်စား မှတ်လောက်သားလောက်အောင် အုပ်ပစ် ချင်နေပုံရလေသည်။
" ခင်ဗျားလုပ်ပုံ ရှောက်သုံးမကျလို့ ၀န်ကြီးခေါင်း အထစ်တွေ ဖြစ်ကုန်လို့ နယ်သွားတဲ့ ၀န်ကြီးအစီအစဉ် တောင် တစ်မျိုးတစ်မည်ဖြစ်ကုန်တာ သိရဲ့လား ... သိရဲ့လား ... ဟင်း ... ခင်ဗျား အတော်သတ်ဖို့ ကောင်းတဲ့ လူ "

" ကျွန်တော်လည်း " ခင် ... ခင်ဗျာ၊ ၀န်ကြီးရဲ့ အစီအစဉ် "
" ဟုတ်တယ် ... ဟုတ်တယ်၊ ခင်ဗျားကြောင့် ၀န်ကြိးရဲ့ အစီအစဉ်တွေတောင် ပြောင်းလိုက်ရတယ် သိရဲ့ လား "
ကျွန်တော်က အရဲစွန့်၍ " ကျွန်တော့ကြောင့် ၀န်ကြီးမင်း ရဲ့ ဘိုဆံတောက် ထစ်သွားတာနဲ့ ၀န်ကြီးမင်းရဲ့ အစီအစဉ် တွေပြောင်းရတာနဲ့ ဘယ်လို "
" အာ ... ခင်ဗျား ဘာနားလည်လို့လဲ၊ ဘိုဆံတောက်ကြီး ထစ်ကုန်တာနဲ့ ၀န်ကြီးအစီအစဉ်ပြောင်းရတာနဲ့ ဆိုင်တာပေါ့၊ ဘယ့်နှယ် အစက ၀န်ကြီးက ဘိုကေအကျအန ညှပ်ထားပြီး ဘောင်းဘီဝတ်ပြီးတော့ နယ်မှာ သွားလာ ဖို့ စီစဉ်ထားတဲ့ဥစ္စာ၊ ခုတော့ ခုတော့ ... ဟင်း ၀န်ကြီးမှာ ခင်ဗျားလုပ်လိုပ်တဲ့ အထစ်တွေ ခေါင်း ပေါင်း နဲ့ အုပ်ပြီး လံချုည်နဲ့ပဲ နယ်ဆင်းရတော့တာပေါ့ဟင်း ဟင်း"
သြော် ... ဖြစ်မျဖြစ်ရပလေဟု ကျွန်တော့်ရင်ထဲ အောက်မေ့လိုက်မိပါသည်။

" နို့ ... ခင်ဗျား ခါတိုင်း သိပ်အညှပ်တော်ရဲ့သားရဲ့ ဒီတစ်ချီ ဘာလို့ ၀န်ကြီးခေါင်း အထစ်မြစ်အောင် ညှပ် ရသလဲ ဟင် ပြော ... ပြော ... ပြော၊ ၀န်ကြီးကို ဂျောက်တွန်းဖို့ ခင်ဗျားကို တမင်လုပ်ခိုင်းတဲ့လူရှိတယ်ထင် တယ် ပြော ... ပြော "
အလဲလဲ ... ၀န်ကြီးခေါင်း မတော်တဆ အထစ်ဖြစ်တာပဲ၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူခံရမယ့် အပေါက်ပါလား၊ မြတ်စွာဘုရား။
ကျွန်တော်လည်း အရေးတကြီး အမှန်အတိုင်း ဖြေရှင်းရလေပါတော့သည်။
" ဘယ်သူမှ ကျွန်တော် မခိုင်းရပါဘူးဗျာ၊ ကာလနာအမြန်တိုက်ပါစေရဲ့ဗျာ၊ ဖြစ်ရပုံက ... ဖြစ်ရပုံက ... "
" အင်း ဟင်း ပြောစမ်း၊ ပြောစမ်းပါဦး"

ကျွန်တော်က လက်ကလေးနှစ်ဖက်ကို ယှက်၍
" ဒီလိုဗျ ... ကျွန်တော် မနေ့က ကျွန်တော့် မိန်းမနဲ့ အကြီးအကျယ် သတ်ပုတ်ရန် ဖြစ်ခဲ့တာကိုးခင်ဗျ "
" အောင်မာ ... ခင်ဗျား မိန်းမနဲ့ ရန်ဖြစ်တာနဲ့ ၀န်ကြီးခေါင်းအထစ်ဖြစ်ရတာနဲ့ ဘာဆိုင်လဲ၊ ကိုယ့်လူ အူကြောင်ကြောင် တော့ မလုပ်နဲ့နော် ဟင်း "
" ဒီလို ... ဒီလိုပါခင်ဗျာ၊ ဒီလို မိန်းမနဲ့ ရန်ဖြစ်လာတော့ မိန်းမကို တစ်နေ့လုံး စိတ်ဆိုးနေတော့ ၀န်ကြီး လာ ဆံပင်ညှပ် တဲ့ အခါမှာ ၀န်ကြီးကို ညှပ်ပေးရင်း ပေးရင်းက မေ့မေ့ပြီး ၀န်ကြီး ဆံပင်တွေကိုပဲ ဒေါသနဲ့ မိန်းမ ကို စိတ်ဆိုးဆိုးနဲ့ မိန်းမမှတ်နဲ့ ညှပ် ... ညှပ် ... ညှပ်"
" ဘာ ... ဘာ ... ဘာ "

" ရှိကြီးခိုးပါရဲ့ ခင်ဗျာ၊ ၀န်ကြီးကို တစ်ဆိတ်ပြောပြပါတော့ခင်ဗျာ၊ ဒီ ကိစ္စသင်ခန်းစာယူပြီး နောင်ကို ... "
" ဘာသင်ခန်းစာလဲ ... တယ် ဒီလူ "
" အဟုတ်ပါ၊ ဒီကိစ္စ ၀န်ကြီးမင်း နောင်သင်ခန်းစာယူပါလို့၊ ၀န်ကြီး ဆံပင်ညှပ်ခါနီးတိုင်း နောင်အထစ်မဖြစ် ရအောင် ဆံပင်ညှပ်ခါနီးတိုင်း ညှပ်မဲ့ကောင်ကို "မင်း ကနေ့ မိန်းမနဲ့ စိတ်ဆိုးလာသလား၊ မလာဘူးလား"လို့ မေးမေး ... မေးပြီးမှ ညှပ်တော်မူပါလို့။ ၀န်ကြီးမင်းကို တစ်ဆိတ်ပြော ... ပြော ပြောပေးပါခင်ဗျာလို့ "
(ဟဲ့ ... ဒီသင်ခန်းစာ ဟာ ငါတို့ ဘိုကေ ဦးထိပ်ရွက်ဆင် ထားတဲ့ လူတိုင်းနဲ့ သက်ဆိုင်နေတဲ့ သင်ခန်းစာကြီးပါ ပဲလား ဟဲ့၊ ဘိုဆံဖုတ်ရှိတဲ့သူများ မှတ်ထားကြကုန်လော)

သာဂဒိုး
ရှုမ၀မဂ္ဂဇင်း။


(မှတ်ချက်- ဤစာကို ဖတ်ပြီးနောက် ၀န်ကြီးများသည် ဆိုင်တွေမှာ ဆံပင်ညှပ်ရမှာ သွေးလန့်ကုန်မှာ သာဂဒိုး  များစွာ ပင် စိုးပါသည်။ သာဂဒိုးသည် ဤစာကို ရေးနိုင်ရန် ဆံပင်ညှပ်လောကတွင်းတွင် ကျွေးတန် တာကျွေး၊ လည်ပင်း ညှစ်တန်တာညှစ်၍ သတင်းထောက်ပညာနှင့် လည်သလိုလုပ်ကာ အချက်များ ရှာဖွေ ရေးသား လိုက်ခြင်းဖြစ်ပါကြောင်း၊ နတ်-လူ သာဓုခေါ်ချင်ခေါ်၊ မခေါ်ချင် နေစေသောဝ်။ ဒိုး။)
-------------------------------------

1 comment:

မော်ကွန်းသစ် said...

ကတုံးသာတုံးပါ...။