Thursday, July 14, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၅)

အခန်း (၄)

အချိန်ကိုက်မှုသည် အရေးကြီးဆုံးဖြစ်သည်။ စကြ၀ဠာကြီးတစ်ခုလုံး ဖြစ်ထွန်းပေါ်ပေါက်လာရခြင်း သည် အလွန် တိကျ သည့် မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်တည်းဟူသော အချိန်ကိုက်မှုကြောင့် ဖြစ် သည်။
ယခုလည်း သူ၏အချိန်ကိုက်မှုသည် အလွန်တိကျရပေမည်။
ဂိုဒေါင်ထဲမှ စတေရှင်ဝက်ဂွန်းကားကို နောက်ဆုတ်ပြီး ရေးကြီးသုတ်ပျာ သူ ထုတ်ယူသည်။
ယနေ့ သည် တိမ်ထူသောနေ့ဖြစ်သည်။ အဝေးကြည့်မှန်ပြောင်းနှင့် ကြည့်ဖို့မဖြစ်နိုင်ပေ။

သို့သော်လည်း နန်စီသည် ကလေးများကို အနွေးထည်များ လုံလောက်စွာ ၀တ်ပေးထားမည်ဖြစ် ကြောင်း ကိုတော့ သူ သေသေချာချာပြောရဲပါသည်။
သူ့အိတ်ကို သူ ပြန်စမ်းကြည့်သည်။ ဆေးရည်အပြည့် အဆင်သင့်ထည့်ထားသော ဆေးထိုးအပ် များကို စမ်းမိသည်။
ထိုဆေး အထိုးခံလိုက်ရသော သူသည် ချက်ချင်းသတိလစ်သွားမည်။ ပြီးတော့ ဘာအိပ်မက် မှ မမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေလိမ့်မည်။
သူ့ ချိုင်းကြားမှာ၊ ပေါင်ကြားမှာ ချွေးတွေ ထွက်နေသည်ကို သတိထားမိသည်။ နဖူးပေါ်တွင်လည်း ချွေးပေါက်ကြီး များက ဆီးသီးကင်းလောက် စုဖွဲ့နေကြသည်။ ပြီးတော့ ပါးပြင်နှစ်ဘက်ပေါ်သို့ တလိမ့်လိမ့် စီးဆင်း လာသည်။

ဒါကတော့ အတော်ဆိုးသည်။ ယနေ့သည် အလွန့် အလွန်စိမ့်အေးနေသောနေ့ဖြစ်သည်။ သည်လို နေ့မျိုး မှာ ဒါလောက်တောင် ချွေးတွေမဟားတရား ထွက်နေသည်ဆိုတော့ လူမြင်လို ဘယ်ကောင်း ပါ့မလဲ။
တကယ် ဆိုတော့ စိတ်လှုပ်ရှားပြီး ဇောကပ်နေတာမျိုး လုံးဝမဖြစ်သင့်။
မော်တော်ကားရှေ့ထိုင်ခုံပေါ်မှာ တင်ထားသည့် မျက်နှာသုတ်ပ၀ါအဟောင်းတစ်ထည်ဖြင့် သူ့မျက် နှာပေါ် က ချွေးသီးချွေးပေါက်များကို သုတ်ရင်း အလွန်အဖိုးတန်သည့် စက္ကန့်အချို့ကို ဖြုန်းတီးပစ် လိုက်သည်။
ပြီးတော့ ပခုံးကိုကျော်ပြီး နောက်လှည့်ကြည့်သည်။

ပတ္တူစဖြင့်ချုပ်သော မိုးကာအင်္ကျီဟုဆိုသော်လည်း သေးကွေးသည့် ကလေးငယ်နှစ်ယောက် ကို လုံခြုံ အောင် ကောင်းစွာ ဖုံးအုပ်နိုင်သည့်အရွယ်အစား ဖြစ်လေသည်။
စိတ်ဇောကပ်နေသော သူသည် ကျိတ်ပြီး တခစ်ခစ်ရယ်လိုက်သည်။ ပြီးတော့ မော်တော်ကားကို လမ်းမကြီး အမှတ် ၆(က) ဆီသို့ မောင်းလာခဲ့သည်။
ဝစ်ဂင်ဈေးဆိုင်မှာ ရှေ့က လမ်းထောင့်တွင်ရှိသည်။ ကိပ်ကော့သို့ သူ ရောက်လာတိုင်း ထိုဈေးဆိုင် မှာသာ ဈေးဝယ် တတ်သည်။ တစ်ခါဝယ်လျှင် လေးငါးဆယ်ရက်စာ ၀ယ်ထားတတ်သည်။
အပြင် ကို ခဏခဏထွက်ခြင်းသည် အန္တရာယ်ကြီးလွန်းလှသည်။

တစ်ခါတုန်းကလည်း စူပါမားကတ်ဈေးကြီးတွင် နန်စီနှင့်တည့်တည့် သွားတိုးခဲ့ဖူးသည်။
သူ့နောက်ဘက် မှ နန်စီ၏အသံကိုကြားရသည်။ သူက ကော်ဖီဘူးကို ယူဖို့ လက်လှမ်းလိုက်သည်။
ပြီးတော့ ပြောသေးသည်။
"ခဏလေး နေဦး မိုက်။ ဒီမှာ မာမီ ကော်ဖီဘူး ယူလိုက်ဦးမယ်"
ထိုသို့ပြောရင်း နန်စီ က သူ့ကိုတိုက်မိသွားသည်။
"အိုး- ဆောရီး"
နန်စီ က တောင်းပန်သည်။
သို့သော်လည်း သူ ဘာမှပြန်မပြောရဲ။ သည်အတိုင်း ငြိမ်ငြိမ်ကလေး ရပ်နေလိုက်ရသည်။

နန်စီ က ရှေ့ဆက်လျှောက်သွားသည်။ သည်တော့မှ သူ အသက်ရှူရဲသည်။ သူ့ကို နန်စီ မြင်မသွား တာ တော့ သေချာသည်။
ထိုအချိန်မှစပြီး သူ လုံးဝမစွန့်စားတော့။ ၀စ်ဂင်ဆိုင် သို့ သာ သွားသည်။ ရက်ပေါင်းများစွာအတွက် တစ်ခါတည်း ၀ယ်ထားလိုက်သည်။ နောက်ပြီးတော့လည်း လူအရှင်းဆုံးအချိန်ဖြစ်သည့် မနက် ဆယ်နာရီ မှာသာ သွားရောက်ဝယ်သူလေ့ ရှိတော့သည်။
နန်စီ သည် မနက်ဆယ့်တစ်နာရီ မထိုးမချင်း အိမ်မှမထွက်သည်ကိုလည်း လေ့လာသိရှိထားသည်။ နောက်ပြီး တော့ နန်စီ က လိုဝါရီဈေးသို့သာ သွားလေ့ရှိသည်။
ထို့ကြောင့် သူတို့ နှစ်ယောက် ဈေးချင်း၊ အချိန်ချင်းလွဲအောင် ဂရုတစိုက် သတ်မှတ်ထားရသည်။

ဝစ်ဂင် တို့ကလည်း ဖောက်သည်ဖြစ်နေသောကြောင့် သူ့ကို ကောင်းစွာမျက်မှန်းတန်းမိနေသည်။ သူ ရောက်သွား တိုင်း ရင်းရင်းနှီးနှီး နှုတ်ဆက်လေ့ရှိသည်။
ဝစ်ဂင်ဆိုင် သို့ မိနစ်အနည်းငယ်အတွင်း သူ ရောက်မည်။ အားလုံးစီစဉ်ထားသည့်အတိုင်း တိတိကျကျ ဖြစ်ရမည်။
အပြင်မှာ လူသူသိပ်မရှိလှ။ လေအတိုင်ကြမ်းနေသောကြောင့် တတ်နိုင်သမျှ အပြင်မထွက်ဖြစ်ဖို့ ကြိုးစားနေကြသည်။ အိမ်တံခါးများကို အလုံပိတ်ကာ အခန်းအောင်းနေကြသည်။
အမှတ်- ၆(က)လမ်းသို့ ရောက်သောအခါ ကားရှိန်ကို လျှော့ချလိုက်သည်။

သူ အရမ်းကံကောင်းနေသည်ဟု ဆိုရမည်။ လမ်းမကြီးပေါ်တွင် မော်တော်ကားတစ်စီးမှ ရှိမနေချေ။ အနောက် ဘက် ကလည်း မလာ။ အရှေ့ဘက်ကလည်း မလာ။
ထို့ကြောင့် လီဗာကို ခပ်ဖိဖိကလေး နင်းလိုက်သည်။ စတေရှင်ဝက်ဂွန်း ကားကလေးက အရှိန်ပြင်း စွာဖြင့် လမ်းမကြီး ပေါ်သို့ ပြေးတက်ကာ လိုရာခရီးသို့ ဆက်နေသည်။
အဲလ်ဒရက်ခ်ျတို့၏အိမ်နောက်ဘက်မှ ပတ်မောင်းလာခဲ့သည်။ အိမ်ဘက်သို့တစ်ချက်လှည့် အကဲ ခတ်သည်။ စီစဉ်ထားသည့်အတိုင်း ဖြစ်ရမည်ဟု သူ့ကိုယ်သူ စိတ်အားတင်းလိုက်သည်။
စီစဉ်ထားသည့်အတိုင်းမဖြစ်လျှင် သူ့ဘ၀ရေစုန်မျောပြီ။ သည်လိုတော့ မဖြစ်နိုင်။ သူ့အစီအစဉ်များ က အလွန် တိကျလှသည်။ မည်သူမှ မယုံသင်္ကာဖြစ်စရာအကြောင်းမရှိ။
 
ဆယ်နာရီထိုးရန် ဆယ်မိနစ်အလို။

ယခုတစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာပင် ကလေးများကို နန်စီက ခြံထဲသို့ ဆင်းခိုင်းပေတော့မည်။
ဖြစ်နိုင်ခြေ များ အားလုံးကို သူ သေသေချာချာသိပြီးလည်း ဖြစ်ပါသည်။
ကလေးတစ်ယောက်ယောက် အပေါ့သွားရန် အိမ်ထဲများ ပြန်ဝင်သွားမလား။ ဒါမှမဟုတ် ရေ သောက်ရန် ပြန်ဝင် သွားမလား။
သို့သော် မဖြစ်နိုင်ပါ။ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။
တစ်လ လုံးလုံး တစ်ရက်မပြတ် သူတို့အပြုအမူများကို စောင့်ကြည့်အကဲခတ်ခဲ့သည်။ အသေးစိတ် လေ့လာ ထားခဲ့ သည်။

မိုးရွာမနေလို့ကတော့ ကစားဖို့ ခြံထဲသို့ ဆင်းလာစမြဲဖြစ်သည်။ နန်စီသည် ဆယ်မိနစ်၊ ဆယ့်ငါး မိနစ် လောက် အတွင်း ကလေးများကို ထွက်ကြည့်လေ့ လုံးဝမရှိ။
ထို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်အတွင်းတွင်လည်း ကလေးနှစ်ယောက်သည် အိမ်တွင်းသို့ ပြန်ဝင်သွား ခြင်း တစ်ကြိမ်တစ်ခါ မှ မရှိခဲ့ဖူးချေ။

ဆယ်နာရီထိုးရန် ကိုးမိနစ်အလို။
နန်စီ တို့ ပိုင်နက် နယ်မြေအတွင်းရှိ မြေလမ်းအတိုင်း ကားကို သူ မောင်းဝင်လာသည်။
"ကိပ်ကော့ကွန်မြူနီတီသတင်းစာ" သည် မိနစ်အနည်းငယ်အတွင်း နန်စီတို့အိမ်သို့ ရောက်လာ တော့မည်။

သူပို့ ထားသော ဆောင်းပါးသည် ယနေ့ထုတ်သတင်းစာတွင် ပါမည်။
ထိုဆောင်းပါးကိုမြင်သောအခါ နန်စီ အကြီးအကျယ် ပေါက်ကွဲသွားမည်။
သူ့နောက်ကြောင်း တွေ ပေါ်သွားမည်။ လိမ်ညာဖုံးဖိထားသမျှ အားလုံးပေါ်ကုန်မည်။
မြို့သူမြို့သား များကလည်း နန်စီအကြောင်းကို ထိတ်လန့်တုန်လှုပ်စွာ ပြောကြတော့မည်။
ထို့နောက် နန်စီတို့အိမ်ဆီသို့ မယောင်မလည် လျှောက်လာကြမည်။ မသိမသာ အကဲခတ်ကြည့်ကြ မည်။
တောအုပ်အလယ်လောက် မှာ သူ့ကားကို ရပ်လိုက်သည်။
လမ်းပေါ်မှ နေ၍ကြည့်လျှင် သူ့ကားကို မည်သူမှမမြင်နိုင်။

နန်စီ ကိုယ်တိုင်လည်း သူ့အိမ်မှနေ၍ လှမ်းကြည့်လျှင်မမြင်နိုင်သော နေရာဖြစ်လေသည်။
ကားပေါ်မှ သူ ခပ်သွက်သွက် ဆင်းလိုက်သည်။ သစ်ပင်များကိုကွယ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ် သည်။ ပြီးတော့ ကလေးများ ကစားနေသည့် နေရာဆီသို့ သစ်ပင်များကိုကွယ်ပြီး ပြေးသည်။
(.......စာမျက်နှာ ၂မျက်နှာ ကျန်နေပါသည်... နောက်မှ ပြန်တင်ပေးပါမည်...........)
လက်အိတ်တစ်ဘက် သည် ဒန်းကြိုးနှင့်ငြိပြီး ကျွတ်ကျန်ခဲ့သည်။ သူ သတိမထားလိုက်မိ။
ကလေးနှစ်ယောက် ကို ပွေ့ပြီး ကားဆီသို့ အပြေးလာခဲ့သည်။

ဆယ်နာရီထိုးရန် ငါးမိနစ်အလို

ကလေးနှစ်ယောက်သည် သူ့ကားနောက်ခန်းရှိ မိုးကာအင်္ကျီအောက်သို့ ရောက်သွားသည်။
မြေလမ်း အတိုင်း လမ်းမကြီးဆီသို့ ဦးတည်ပြီး သူ မောင်းလာသည်။ နန်စီတို့၏အိမ်နောက်ဖေးတွင် ရှိသော လမ်းမကြီး ဖြစ်သည်။
ဒေါ့ခ်ျဆီဒင်ကားလေးတစ်စီးကို တွေ့သည်။ သူနှင့် မျက်နှာချင်းဆိုင်မှ မောင်းလာနေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကား ကို စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။
ဆီဒင်ကားလေး က လမ်းဘေးချပြီး သူ့ကားကို ရှောင်ပေးသည်။ ကားချင်း မျက်နှာချင်းဆိုင်တွင် သူက မျက်နှာ ကို တစ်ဘက်သို့ မသိမသာ လွှဲပစ်လိုက်သည်။
ကားချင်း ကပ်ပြီး ရှောင်လိုက်သည့်အချိန်တွင်မူ တစ်ဘက်ကား ဒရိုင်ဘာကို မသိမသာ အကဲခတ် ကြည့်သည်။ နှာခေါင်းချွန်ချွန်၊ မေးစေ့ကျဉ်းကျဉ်း ရုပ်ပုံကို ဘေးတိုင်အနေအထားဖြင့် လှစ်ခနဲ မြင် လိုက် ရသည်။ ပုံသဏ္ဍာန်ကို ဖော်ယူ၍မရလိုက်နိုင်ချေ။

သို့သော်လည်း မြင်ဖူးသလိုလိုရှိသည်။ အတိအကျမဖော်ပြနိုင်။ ကိပ်ကော့မြို့ပေါ်တွင် ဟိုနား သည် နား၌ မြင်ဖူး သောမျက်နှာမျိုးဖြစ်မည်ဟု မှတ်ယူလိုက်သည်။
သူ အရမ်း ကံကောင်းနေဆဲဖြစ်သည်။
အခြား ဘာကားမှမလာ။ ဆီဒင်ကားကိုတော့ နောက်ကြည့်မှန်ထဲမှနေ၍ အကဲခတ်သည်။ မြင်ကွင်း မှ ပျောက်ကွယ် သွားသည်အထိ အကဲခတ်သည်။ မသင်္ကာဖွယ်ရာ အကြောင်းမရှိ။ ထို့ကြောင့် နောက်ကြည့် မှန် ကို နေသားတကျ ပြန်ပြင်ထားလိုက်သည်။

အကယ်၍များ နောက်ကြည့်မှန်ကလေးထဲမှနေ၍ သူကြည့်မည်ဆိုလျှင် ဒေါ့ခ်ျဆီဒင်ကားသည် လည်း နန်စီတို့အိမ်နောက်ဘက်တွင် အရှိန်လျှော့ပြီး တောစပ်၌ရပ်သွားကြောင်းကို တွေ့ရမည် ဖြစ် သည်။

ဆယ်နာရီ လေးမိနစ်။

ဝစ်ဂင်တို ၏ ဈေးဆိုင်ထဲသို့ သူဝင်သွားသည်။ နွားနို့ရောင်းသည့် ကောင်တာသို့ တန်းသွားသည်။ နွားနို့ ထည့်ထားသည့် ရေခဲသေတ္တာများရှေ့မှာ သူ ရပ်လိုက်သည်။

အခန်း (၅)

လျှော်ရမည့် အ၀တ်အစားများကိုပိုက်ပြီး လှေကားအတိုင်း နန်စီ ပြန်ဆင်းလာသည်။ ယိုင်မသွား အောင် ကိုယ် ကို ထိန်းထားသည်။
ဒီအ၀တ်များကို အမြန်ဆုံးလျှော်ရမည်။ မုန်တိုင်းမလာမီ အပြင်ဘက်တွင် အချိန်လုလှန်းရမည်။ အ၀တ် ဆိုသည်မှာလည်း နေရောင်နှင့် ခြောက်မှ၊ သို့တည်းမဟုတ် အပြင်လေစိမ်း တိုက်ပြီး ခြောက် မှ အနံ့ အသက် ကောင်းသည်။

ဆောင်းရာသီရောက်တော့မည်။ သစ်ပင်များတွင် သစ်ရွက်များကြွေကုန်ပြီ။ ပတ်ဝန်းကျင်၏ အရောင် ပြောင်း လာနေသည်။ ပင်လယ်အော်ကြီး၏အရောင်သည်ပင်လျှင် မီးခိုးရောင် မှိုင်းတိုင်းတိုင်း ဖြစ်နေပြီ၊ မြေလမ်း ကလေး သည်လည်း သမံတလင်းကဲ့သို့ မာကျောစပြုလာချေပြီ။
မုန်တိုင်းတစ်ခုစတင်ဖွဲ့စည်းကာ အားယူနေသည်။ နေရောင်ကလေးတော့ နည်းနည်းကျန်သေး သည်။ နေရောင် ရနိုင်သမျှ လှန်းရမည်။
ထောင်ထဲမှာတုန်းက အောက်သိုးသိုး ခြောက်ရသည့်အ၀တ်များကို ၀တ်ခဲ့ရလေရာ ထိုအနံ့ကို မခံ နိုင်လေ။ နေရောင် နှင့် ခြောက်သည့် အ၀တ်နံ့ကို သူ ကြိုက်လေလေဖြစ်သည်။
လှေကားခြေရင်းသို့ရောက်သောအခါ အိမ်နောက်ဖေးထွက်သည့် တံခါးဆီသို့သွားရန် ခြေလှမ်းပြင် မိသည်။

ပြီးတော့မှ သတိရပြီး လှမ်းနေသည့် ခြေထောက်ကိုရပ်လိုက်ရသည်။ဘယ်လောက်တောင် မိုက်မဲ လိုက် ပါသလဲ။
ကလေး တွေ ဘာဖြစ်မှာလဲ။ သူတို့အားလုံး ကျန်းကျန်းမာမာနှင့် ဆော့ကစားနေကြသည်။ အပြင် ထွက် ဆော့ နေသည်မှာ ယခုမှ ဆယ့်ငါးမိနစ်လောက်ပဲ ရှိသေးသည်။
သားနှင့်သမီး အတွက် သူ အစိုးရိမ်ကြီးလွန်းသည်။ ထိုစိတ်ကို တတ်နိုင်သလောက် ကြိုးစားထိန်း သည်။ သို့သော် မရ။ သူ အစိုးရိမ်ကြီးခြင်းကို မငယ်မ မစ်စီ ကပင် ကောင်းကောင်းရိပ်မိနေပြီ။ အစိုး ရိမ်ကြီးခြင်းကို စောဒက တက်ချင်စပြုလာသည်။

အ၀တ်လျှော်စက်ခလုတ်ကို ဖွင့်ရမည်။ ပြီးတော့မှ ကလေးများကို အိမ်ထဲသို့ပြန်ခေါ်ရမည်။
ဆယ်နာရီ ခွဲလျှင် သားနှင့် သမီး ရုပ်မြင်သံကြားကြည့်မည်။ ထိုအချိန်၌ နန်စီကိုယ်တိုင်က ဒုတိယ မြောက် ကော်ဖီတစ်ပန်းကန် သောက်ရင်း "ကွန်မြူနီတီ သတင်းစာ"ကို ဖတ်မည်။
ယခု ရာသီကုန်ဆုံးလျှင် ရှေးဟောင်းပစ္စည်းအကောင်းစား တွေ့ရနိုင်သည်။ ကမ္ဘာလှည့်ခရီးသည် များကို ရောင်းသည့် ဈေးမဟုတ်ဘဲ ပိုလျှော့ရောင်းသည့်ဈေးနှုန်းဖြင့် ရနိုင်သည်။ သတင်းစာထဲမှာ ကြော်ငြာများ ပါလေ့ရှိသည်။

ဧည့်ခန်းမှာထားဖို့ ရှေးဟောင်းဆက်တီတစ်စုံ သူ လိုချင်နေသည်။ နောက်မှီက မြင့်ရမည်။ ၁၇ ရာစု က ပြုလုပ်သော ထိုဆက်တီ များ ကို အများက "ဆက်တယ်လ်"ဟု ခေါ်ကြသည်။ သက်တောင့် သက်သာ ထိုင် နိုင်သောကြောင့် ထိုသို့ခေါ်ခြင်းဖြစ်နိုင်သည်။
မီးဖိုချောင်ဘေးမှာ အ၀တ်လျှော်ခန်းရှိသည်။ ထိုအခန်းထဲရောက်တော့ သူပွေ့လာသည့် အ၀တ် ဟောင်းများကို အမျိုးအစားခွဲသည်။ အသေး အသေးချင်း၊ အကြီး အကြီးချင်းတွဲကာ အ၀တ်လျှော် စက်ထဲ သို့ ထည့်သည်။
ချေးချွတ်ဆေး၊ ပိုးသတ်ဆေးနှင့် ဆပ်ပြာမှုန့်များ ထည့်ပြီးသောအခါ အ၀တ်မွှေသည့်ခလုတ်ကို ဖွင့် လိုက်သည်။

ယခုလောက်ဆိုလျှင် ကလေးများကို ပြန်ခေါ်ဖို့ အချိန်တန်ပြီ။
သို့သော်လည်း အိမ်ရှေ့တံခါးပေါက်ဆီသို့ ထွက်လာပြီး ဟိုဟိုသည်သည် သူ လမ်းသလားနေမိပြန် သည်။
ယခုပဲ သတင်းစာ ရောက်လာပုံရသည်။ သတင်းစာသူငယ်ကလေး လမ်းချိုးမှာ ကွယ်သွားသည်ကို လှမ်းမြင် လိုက်ရသေးသည်။
နန်စီက တံခါးဖွင့်ပြီး သတင်းစာကို ယူသည်။ အပြင်က လေအေးက အရိုးထဲအထိ စိမ့်ဝင်သွား သောကြောင့် ကမန်းကတန်း ပြန်ဝင်ပြေးပြီး မီးဖိုချောင်ထဲသို့ ပြန်လာခဲ့သည်။
အငွေ့တစ်ထောင်းထောင်း ထအောင် ပူနေဆဲဖြစ်သော ကော်ဖီခွက်ကို မီးဖိုပေါ်တင်ပြီး မီးခလုတ် ကို ဖွင့်ကာ နွေးလိုက်သေးသည်။

သတင်းစာကြော်ငြာကဏ္ဍကို သူ အရမ်းကြည့်ချင်နေသည်။
သတင်းစာကို ကမန်းကတန်းလှန်သည်။ ကြော်ငြာကဏ္ဍသို့မရောက်မီ ဒုတိယကဏ္ဍကို လှန်မိ လျက် သားဖြစ်နေသည်။
ခေါင်းစည်းမည်းကြီးများနှင့် ဓာတ်ပုံများပေါ်သို့ သူ့မျက်လုံးများ တည့်တည့်ကြီးကျသွားသည်။
ဓာတ်ပုံ…
သူနှင့် ကားလ်နှင့် ရော့လဂ္ဂလာ တို့၏ ဓာတ်ပုံတွေ…
နောက်တစ်ပုံက သူ့သားနှင့် သမီးဖြစ်သော ပီတာ နှင့် လီဇာတို့၏ ဓာတ်ပုံ…
ကလေးနှစ်ယောက်က သူ့ကိုအတင်းအကျပ် ဖက်တွယ်ထားသည်။ ပီတာ နှင့် လီဇာသည် အမေကို အလွန် အားကိုးသော အလွန်လည်း တတ်သောကလေးများ ဖြစ်လေသည်။

ထိုပုံကိုကြည့်ရင်း ထိုပုံရိုက်ကူးသည့်နေ့က အကြောင်းများကို ပြန်လည်အမှတ်ရလာသည်။ ပြောခဲ့ ကြသည့် စကားသံများကိုလည်း ပြန်လည်ကြားယောင်လာသည်။
"ငါ့ကို သတိထားမနေနဲ့၊ ဒီနေရာမှာ ငါမရှိဘူးဆိုတဲ့စိတ်မျိုးထား"
ဓာတ်ပုံရိုက်ရန် ကင်မရာချိန်နေသည့် ကားလ်က ပြောသည်။
သို့သော်လည်း ထိုနေရာမှာ ကားလ်ရှိနေကြောင်း ကလေးများက သိနေကြသည်။ မြင်နေကြသည်။ ထို့ကြောင့်လည်း နန်စီ ကို သူတို့ကြောက်အား လန့်အား ဖက်တွယ်နေကြခြင်း ဖြစ်လေသည်။
ကလေးများက ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ဘက်အတင်းတိုးနေကြသဖြင့် ငုံ့အကြည့်လိုက်မှာ ပင် ကားလ်က ကင်မရာခလုတ်ကို နှိပ်လိုက်လေသည်။

နူးညံ့ပြီး နက်မှောင်သောကလေးများ၏ဆံပင်ပေါ်မှာ နန်စီ၏လက်နှစ်ဘက်က ရှိနေသည်။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး"
ပြင်းထန်သော နာကျင်မှုကြောင့် နန်စီသည် ကြောက်အားလန့်အား အော်လိုက်မိသည်။ သူ့ကိုယ် လုံး ကလေး သည်လည်း တွန့်လိမ်ကောက်ကွေးသွားလေသည်။
မီးဖိုပေါ်မှ ကော်ဖီအိုးကို လက်တစ်ဘက်ဖြင့် တိုက်မိသွားသည်။ ကော်ဖီအိုးလွင့်ကျကာ မှောက် သွားသည်။ သူ့လက်ချောင်းကလေးများ ကို အပူလောင်သွားသည်။ သို့သော်လည်း ပူမှန်းလောင် မှန်း သူ မသိတော့ပါ။

ဒီသတင်းစာ ကို မီးရှို့ပစ်ရမည်။ မိုက်ကယ်နှင့် မစ်စီ မမြင်စေရ။ ဘယ်နည်းနှင့်မှ မမြင်စေရ။
ဟုတ်ပြီ။ သည်စိတ်ကူးကောင်းသည်။ မီးရှို့ပစ်လိုက်ခြင်းအားဖြင့် မည်သူမှမမြင်နိုင်တော့။
ထမင်းစားခန်း ထဲမှာရှိသည့် မီးလင်းဖိုဆီသို့ သူပြေးသည်။
မီးလင်းဖိုရှိသည့်နေရာ…
အခါတိုင်းတော့ သည်နေရာသည် နွေးထွေးသောနေရာဖြစ်သည်။ စိတ်ချမ်းသာစရာကောင်းသော နေရာ ဖြစ်သည်။ လုံခြုံမှုပေးနိုင်သောနေရာဖြစ်သည်။

သို့သော်…
ယခုထိုသို့ မဟုတ်တော့ပြီ။
နန်စီအတွက် လုံခြုံသောအရပ်သည် ဘယ်မှာမှမရှိတော့ပြီ။
ပုန်းအောင်းစရာနေရာ နန်စီအတွက် လုံးဝမရှိတော့ပြီ။
သတင်းစာကို သူ လုံးခြေပစ်လိုက်သည်။ မီးလင်းဖိုအမိုးပေါ်မှာရှိသော သစ်သားမီးခြစ်ကို တုန်တုန် ယင်ယင် လှမ်းဆွဲသည်။
လက်များတုန်ယင်နေသောကြောင့် မီးခြစ်ကို ခက်ခက်ခဲခဲခြစ်ရသည်။ သတင်းစာကို မီးရှို့သည်။ မီးလင်းဖို ထဲမှာ ရှိနှင့်နေသော ထင်းတုံးများကြားသို့ ထိုးသွင်းသည်။

သတင်းစာကို မီးစစွဲပြီ။
မီးစွဲနေသော ထိုသတင်းစာကို ထိတ်လန့်တကြားဖြင့် နန်စီ ငေးကြည့်နေမိသည်။
ကိပ်ကော့နယ် မှာ နေထိုင်သူအားလုံး "ကိပ်ကော့ ကွန်မြူနီတီ သတင်းစာ"ကို ဖတ်ကြသည်။
သူတို့ သိကြတော့မည်။ သူတို့အားလုံး သိကြတော့မည်။
ယခုသတင်းစာထဲမှာပါသည့် နောက်ပုံတစ်ပုံကို ကြည့်ရုံဖြင့် နန်စီမှန်း သူတို့အားလုံးသိကြတော့ မည်။
သူ၏ ရွှေရောင်ဆံပင်များကို ဖြတ်ပစ်ပြီး အညိုရောင်ဆေးဆိုးပြီးနောက် ယခင်သိဟောင်း ကျွမ်း ဟောင်း များ နှင့် လုံးဝမတွေ့ခဲ့ဖူးချေ။

ယခုဓာတ်ပုံကိုလည်း သူမမြင်ဖူးချေ။ မည်သူက မည်သည့်နေရာတွင် မည်သည့်အချိန်က ရိုက်သွား သနည်း။
မီးလင်းဖိုထဲရှိ သတင်းစာမှ မီးတောက်များ အရှိန်ကောင်းလာသည်။ ပီတာနှင့် လီဇာတို့၏ဓာတ်ပုံ ကလေး မီးလောင်ကျွမ်း သွားပုံကို သူ ငေးစိုက်ကြည့်နေမိသည်။
သတင်းစာက တွန့်လိမ်သွားသည်။ ပီတာ နှင့် လီဇာ တို့၏ရုပ်ကလေးများလည်း တွန့်လိမ်သွားသည်။
ပြီးတော့ ပြာဖြစ်သွားသည်။
သေသွားပြီ။
သူတို့နှစ်ယောက်စလုံး သေသွားပြီ။

ငါလည်း သူတို့နဲ့အတူတူ သေလိုက်ရရင် ဘယ်လောက်ကောင်းမလဲဟု တွေးကြည့်မိသည်။
သူ့အဖို့ ပုန်းအောင်းစရာနေရာမရှိတော့ပါ။
မေ့ပျောက်နိုင်စရာ အကြောင်းလည်း မရှိတော့ပါ။ သည်တော့ သေလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူသေသွားလျှင် မိုက်ကယ်နှင့် မစ်စီတို့ကို ရေးက ထိန်းကျောင်း စောင့်ရှောက်လိမ့်မည်။
မနက်ဖြန် ကျောင်းပြန်တက်လျှင် မိုက်ကယ်၏အတန်းသူ အတန်းသားများက မိုက်ကယ်ကို ၀ိုင်း ကြည့်ကြ တော့မည်။
မိုက်ကယ်ကို လက်ညှိုးထိုးကြတော့မည်။

တီးတိုး တီးတိုး သဖန်းပိုး လုပ်ကြတော့မည်။
မိုက်ကယ်ရော ဘယ်နေရာမှာ နေမည်နည်း။
ကလေးတွေ
ကလေးများ၏လုံခြုံမှုကို သူ ပေးရမည်။
မဟုတ်သေးပါ။
ကလေးများကို ယခု သွားခေါ်ရမည်။

မှန်ပါသည်။ အိမ်နောက်ဘက်တွင် ကစားနေသည့် သူ၏ရင်သွေးငယ်လေးနှစ်ယောက်ကို ယခု သွား ပြန်ခေါ် ရမည်။ သည်ထက်ကြာလျှင် သားနှင့်သမီး အအေးမိသွားနိုင်သည်။
အိမ်နောက်ဖေးတံခါးဆီသို့ သူ ဒယိမ်းဒယိုင်သွားသည်။ တံခါး ကို တအားဆွဲဖွင့်သည်။
"ပီတာ၊ လီဇာ"
သူ အသံကုန် အော်ခေါ်သည်။
မဟုတ်သေးပါ။ ပီတာနှင့် လီဇာ မဟုတ်သေးပါ။ သူတို့သည် ကွယ်လွန်သွားကြပြီဖြစ်သော ဟိုတုန်း က သား နှင့် သမီးဖြစ်သည်။
ယခု သူ၏သားနှင့်သမီးက ပီတာနှင့် လီဇာမဟုတ်ပါ။
မိုက်ကယ် နှင့် မစ်စီဖြစ်ပါသည်။

"မိုက်ကယ်၊ မစ်စီ"
သူ နာမည်ပြင်ခေါ်သည်။ လေကတိုက်နေသောကြောင့် အသံကုန်အော်ခေါ်သည်။ သူ့အသံမှာ ငိုသံကြီး ဖြစ်နေသည်။
"မိုက်ကယ်၊ မစ်စီ ဘယ်သွားဆော့နေကြသလဲ၊ ပြန်လာခဲ့၊ အခုချက်ချင်း ပြန်လာခဲ့"
သူတို့ ဘယ်ရောက်သွားကြသလဲ။
နန်စီ က အိမ်နောက်ဘက်ခြံထဲသို့ တရကြမ်း ပြေးဆင်းလာသည်။ ဆွယ်တာပါးပါးကလေး ၀တ်ထား သဖြင့် အရမ်းအေး နေသည်ကိုလည်း သူ သတိမထားမိတော့ပါ။
ဒန်း…
ဒန်းမှာ သူတို့မရှိပါ။ ဒန်းပေါ်မှ သူတို့ ဆင်းသွားတာဖြစ်ရမည်။ သည်အတိုင်းဆိုလျှင် တောအုပ်ထဲ မှာ ရှိနိုင်သည်။

"မိုက်ကယ်- မစ်စီ၊ မိုက်ကယ်- မစ်စီ ပုန်းမနေကြနဲ့၊ အခု ချက်ချင်း ပြန်လာခဲ့ကြ"
ဒန်းက ယမ်းနေဆဲဖြစ်သည်။ လေတိုက်နေသောကြောင့် ယမ်းနေခြင်း ဖြစ်သည်။
ဒန်းဆီသို့ လှမ်းအကြည့်လိုက်မှာပင် ဒန်းကြိုးတွင် ငြိနေသော မစ်စီ၏လက်အိတ်အနီလေးတစ်ဘက် ကို မြင်လိုက်ရသည်။ ငြိပြီး ပြုတ်ကျခဲ့ဟန်တူသည်။
အလွန်ဝေးသော တစ်နေရာဆီမှ အသံတစ်ခုကို နန်စီ ကြားလိုက်ရသည်။
ဘာသံလဲ
ကလေးတွေပဲ ဖြစ်ရမည်။

ရေကန်
သူတို့ ရေကန်နားရောက်နေကြပေလိမ့်မည်။ ရေကန်နားသို့ မသွားရဟု သူတို့ကို တားမြစ်ထား သည်။ ဘာကြောင့် ရေကန်နားသို့ ရောက်သွားကြသနည်း။
မသွားရဟု ပြောထားသော်လည်း ယခု သူတို့ရောက်သွားကြပေပြီ။ ရေကန်နားမှာ သူတို့ကို တွေ့ဖို့ သေချာ သည်။
ဟိုတုန်းက ကလေးနှစ်ယောက်လို တွေ့ရမည်။
ရေထဲမှာ တွေ့ရမည်။

သူတို့ မျက်နှာများ ရေစိုနေပြီး ဖူးရောင်ပုပ်ပွကာ ငြိမ်သက်နေသည့် ကလေးနှစ်ယောက်ကို တွေ့ ရသည်။
ဒန်းမှာ ငြိနေသည့် မစ်စီ၏လက်အိတ်အနီကလေးကို ဆတ်ခနဲဆွဲယူကာ ရေကန်ဆီသို့ ယိုင်တိ ယိုင်ထိုးဖြင့် တအားပြေး လေတော့သည်။
မိုက်ကယ်နှင့် မစ်စီ၏နာမည်ကိုလဲ ထပ်ခါတလဲလဲ မနားတမ်းအော်ခေါ်လာခဲ့သည်။
ချုံနွယ်ပိတ်ပေါင်းများနှင့် ဆူးချုံများ ကာဆီးနေသည်ကိုလည်း သူ လုံးဝသတိမထားမိတော့ပါ။ ရှေ့ တွင် ကာဆီးထားသမျှများကို အတင်းတိုးဝှေ့လာခဲ့သည်။
ရေကန်စပ်သို့ အမြန်ရောက်ရေးသည်သာလျှင် အရေးကြီးဆုံးဖြစ်နေသည်။

ရေကန်စပ်ရှိ သဲသောင်ပြင်ပေါ်သို့ ရောက်လာသည်။
ရေအောက်တစ်နေရာဆီတွင် အရောင်တောက်နေသည့် ပစ္စည်းတစ်ခုကို မြင်ရသည်။
အနီရောင်ကလေးလား။
ကျန်နေသည့်လက်အိတ်ကလေး တစ်ဘက်လား။
မက်စီ ၏ လက်ကလေးလား။
နန်စီသည် ဘာကိုမှစဉ်းစားမနေနိုင်တော့ဘဲ ရေခဲမတတ်အေးနေသည့် ရေကန်အတွင်းသို့ ခုန်ဆင်း လိုက် လေတော့သည်။ တစ်ကိုယ်လုံးရှိ သွေးများ ခဲသွားမလောက် အေးစက်သွားသည်ကိုလည်း သတိမထား မိနိုင်တော့ပါ။
လည်ပင်းလောက် နက်သည့်နေရာအထိ သူဆင်းသွားသည်။

သို့သော်လည်း ဘာမှမရှိပါ။
ပတ်လည် ကို လက်ဖြင့်ဝှေ့ယမ်းပြီး စမ်းကြည့်သည်။ ဘာကိုမှမစမ်းမိပါ။ ရေခဲလုနီးပါး အေးနေ သည့် ရေ များသာ ရှိနေသည်။
ရေအောက် သို့ ငုံ့ကြည့်သည်။ အောက်ခြေကို မြင်နိုင်လောက်အောင် ကြိုးစားသည်။ ငုံ့ကြည့်ရင်း သူ နစ် သွားသည်။ ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများဝင်လာသည်။ မျက်နှာနှင့် လည်ပင်းမှာ ကျဉ်ခနဲ အေး သွားသည်။
ကိုယ်ပေါ်က အ၀တ်များ ရေစိုကုန်သဖြင့် ရေနစ်သလို ဖြစ်နေသည်။ ကမ်းဘက်သို့ ဒယိမ်းဒယိုင် ပြန်လျှောက်လာသည်။
ရေခဲများဖုံးနေသည့် သဲပြင်ပေါ်သို့ လဲကျသွားသည်။

နားတွေ အူနေသည်။
ပတ်ဝန်းကျင်မှာ မြူတွေပိန်းပိတ်နေသည်။
သစ်တောဆီသို့ လှမ်းမျှော်ကြည့်သည်။
သူ့ကို မြင်လိုက်ရသည်။
သူ့မျက်နှာ…
ဟုတ်ပါသည်။ သူ့ မျက်နှာ…
ဘယ်သူ့မျက်နှာလဲ…
မြူတွေက အရမ်းထူထပ်လာသည်။ တောအုပ်ထဲမှာ မြင်နေရသော သူ့မျက်နှာကို မမြင်နိုင် လောက် အောင် ပိန်းပိတ်လာခြင်းဖြစ်သည်။

နောက်ပြီးတော့ နန်စီ၏မျက်လုံးများကိုလည်း မြူတွေက ဖုံးအုပ်ပစ်လိုက်လေသည်။
အသံ တွေ တိတ်သွားသည်။
စင်ရော်ငှက်တို့၏၀မ်းနည်း ပန်းနည်း ငိုကြွေးသံများ ပေါ်ထွက်လာသည်။
ရေမျက်နှာပြင်ကို အတောင်ပံနှင့် ရိုက်ခတ်သံများ ပေါ်ထွက်လာသည်။
ပြီးတော့…
အားလုံးတိတ်သွားသည်။

ထိုနေရာတွင် ရေးနှင့် ဒေါ်ရော်သီက နန်စီကို တွေ့ကြရလေသည်။ မထိန်းနိုင် မသိမ်းနိုင်လောက် အောင် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
သဲသောင်ပြင်ပေါ်မှာ သူလဲနေသည်။ ဆံပင်နှင့် အ၀တ်အစားများသည် သူ့ကိုယ်မှာ ကော်နဲ့ကပ် ထားသလို ကပ်နေကြသည်။
မျက်လံးကိုဖွင့်ထားသော်လည်း ဘာကိုမှ မမြင်တော့သလို ဖြစ်နေသည်။ ဘာကိုမှ နားမလည်သလို မခံစား တတ်သလို ဖြစ်နေသည်။
လက်တစ်ဘက် ကမူ လက်အိတ်အနီကလေးကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ပါးပြင်မှာ ကပ်ထားလေ သည်။

အခန်း (၆) ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

မမရေ တစ်ထိုင်ထဲပြိးအောင် ဖတ်လိုက်ချင်ပြီ... :)