ရင် မှ မလာသော ဒေါသ
အိမ်ရှေ့မှာ ပူနေသည်။ လမ်းမှာ ပူနေသည်။ ရီးကျိးဒန်လည်း ပူအိုက်နေသည်။ ရင်ရှားပါလျက်က ချွေး ပြိုက်ပြိုက်ကျနေသည်။ ရှဲခနဲအသံကြားသည်။ လေပြည်ကလေး သွေးပြီဟု ရီးကျီးဒန် ၀မ်းသာသည်။ တံစက်မြိတ်များ လှုပ်အပြီးတွင် သုတ်ဖြူးလာသော လေက လေအေးမဟုတ်။ လေပူကြီးဖြစ်သည်။ ရီးကျီးဒန် ဖျပ်ဖျပ်လူးတော့သည်။
"အမယ်လေး သည်အပူမျိုး ကြုံဖူးပေါင်တော်"
စက္ကူယပ်တောင်စုတ်ဖြင့် တအားခတ်ရင်း ရီးကျီးဒန် အော်သောအခါ နွားတင်းကုပ်အစပ်မှ ရီးဆေးရိုး၏ အသံပေါ်လာ၏။
"ညည်း မေ့နေလို့နေမှာပါအေ၊ မနှစ်တုန်းကလည်း ပူတာပါပဲ"
"အင်း... ဟုတ် ထင်ပါရဲ့"
စိတ်ကိုဖြေပြီး တွေးပစ်ရ၏။ သို့သော် အပူအလောင်က မသက်သာ။ သည်အထဲတွင် ဖြောင်းခနဲ ဖြောင်းခနဲအသံများက မန်ကျည်းအချိုပင်အောက်မှာ လွင့်ပျံလာသည်။ ရွှမ်းခနဲ ရွှန်းခနဲ လျှော်ခွာသံများ ကလည်း အပြိုင်အဆိုင်သဘောဖြင့် မန်ကျည်းပနီပင်အောက်မှ ပေါ်လာသည်။ ပင်ယံထက်တွင် စိမ်း သစ်သော ရွက်နုများ ဝေစည်ပြီးဖြစ်ငြား မန်ကျည်းပင်များမှ အရိပ်မကောင်းသေးပါ။ နေမလုံခြုံစေကာမူ ပင်စည်ရိပ်ကိုခိုပြီး ကိုထွန်းရက ၀ါးခွဲနေသည်။ ကိုဘညိန်းက လျှော်ခွာနေသည်။
"အရေးထဲမှာ နားညည်းတာက တစ်မှောင့်ဟဲ့"
ပူလွန်းလောင်လွန်းသဖြင့် ဟိုမာန်သည်မာန် မာန်မဲလိုသောအတွေးပေါ်လာသည်။ တစ်ပြိုင်နက်တည်း အသံလာရာသို့ ရီးကျီးဒန် ကြည့်မိ၏။ ထိုခဏ၀ယ် ရီးကျီးဒန်မှာ အအေးသင့်လေ၏။ ချက်ချင်း အပူ သက်သာ၏။ ချွေးတိတ်မသွား၊ ချွေးခန်းမသွားငြား ရီးကျီးဒန် အမြင်အေး၊ ရင်လည်း အေးငြိမ်း၏။ အ အေးကို ဆောင်သောအရာများမှာ လှည်းဝါးစိမ်းမြမြတွေ၊ ထန်းလက်စိမ်း လန်းလန်းတွေ။
ကိုထွန်းရသည် ထက်ခြမ်းခွဲပြီးသား ၀ါးခြမ်းတွေကို ထိုင်ပြီးစိတ်ပြန်သည်။
ကိုဘညိန်းကလည်း ခွာပြီး သား ထန်းလက်ဝမ်းသားတွေကို လက်သန်းအရွယ်တွေ ရအောင်စိတ်သည်။ စိတ်ပြီးလျှင် ချောသွား အောင် သပ်ပြန်သည်။ အညောင်းပြေသလောက်ရှိလျှင် ထပြီးခွာပြန်သည်။ အမြင်ရော ရင်ရောအေး သည့် သည်ဝါး၊ သည်ထန်းလက်ဘက်သို့ အမြင်အာရုံရောက်နေရာက ရီးကျီးဒန် ဖျတ်ခနဲ လှည့်ကြည့်မိ သည်။ နေပူကျဲကျဲကြီး အိမ်ရှေ့တလင်းပြင်ထဲသို့ လူတစ်ယောက် ၀င်လာသည့် အတွက် ဖြစ်ပေသည်။ ရီးကျီးဒန် မျက်ခွံ ရှုံကြည့်၏။ မသဲကွဲ။ မျက်ခုံးပေါ် လက်ဝါးတင်ကြည့်၏။ ဘယ်သူ ပါလိမ့်။
လက်စသတ်တော့ မယ်မင်းကြီးမ ပါကလား။ မလိုတမာရှိခြင်း၊ စက်ဆုပ်ခြင်းတို့ကို ကိုယ်စားပြုလျက် ၀မ်းခေါင်းသံဖြင့် မယ်မင်းကြီးမဟု အခေါ်ခံရသူမှာ "လှအုန်းမယ်"ဖြစ်သည်။ ထိုထွန်းရ၊ မချောစိန်တို့၏ သမီးထွေး၊ သူသည် လမ်းမှလှမ်းကြည့်သောအခါ ဖအေ ၀ါးခွဲနေသည်ကို မြင်ရ၏။ သို့သော် သွားစရာ က အမေကြီး အိမ် ပဲရှိသည်။ သို့အတွက် ပုဆိုးစုတ်ကို ခေါင်းပေါ်မှာ ခပ်ဖားဖားတင်ပြီး ဇွတ်ဝင်လာခြင်း ဖြစ်သည်။ အမေကြီးကလည်း လူလုံးကွဲလျှင် အငေါ်တူးတော့သည်။
"မိဘအိမ်မှာ အကြော့သားနေတုန်းကတော့ ကျောင်းနေပါဆိုလည်း တော်ရိရော်ရိ၊ အိမ်အလုပ် လုပ် ပြန်ပါလည်း ရေလေးတောင်မှ ပြည့်စုံအောင် မခပ်ချင်တဲ့ မိန်းမ၊ အခု နှဲကြီး တက်နင်းမိပြီးမဟုတ်လား ဟင်"
အိမ်တိုင်ကိုကွယ်ပြီး ထိုင်နေသော မြေးမ။ မိဘလက်ထပ်က ရုပ်အဆင်း၊ အသားရေများ မရှိတော့ပြီ။ ပိန်ချုံး မည်းကြုတ် လျက် မျက်ရည်တပေါက်ပေါက်ကျနေသည်။ ခေါင်းငုံနေသော မြေးကိုကြည့်ရင်း ရီးကျီးဒန့် ရင်ထဲမှာ ဆို့တက်လာ၏။ "မိုက်လိုက်တာ... မိုက်လိုက်တာ" ယူကျုံးမရမြည်တမ်းသံသည် အသစ် ဖြစ်လာ ပြန်၏။
"လူမှာ အမျိုး၊ ကြက်မှာ အရိုးတဲ့။ မျိုးရိုးမကောင်းတဲ့လူကို မေးထူးခေါ်ပြောထက် မပိုပါစေနဲ့လို့ ငါပြောခဲ့ တယ် မဟုတ်လား။ သူ့ဖအေဘက်က ကိုယ် မကောင်းတဲ့လူ ရှိတဲ့အတွက် မျိုးမသန့်ဘူး၊ မအေဘက်က သူခိုးမျိုး၊ ဓားပြမျိုးမို့ အမျိုးယုတ်တဲ့ သူငယ်ကို အရောမ၀င်နဲ့ဆိုတာ နားမထောင်ခဲ့တော့ အခု ထိပြီမ ဟုတ်လား မရွှေစာ၊ ခလုတ်ထိမှ အမိ"တ" ရပြီမဟုတ်လား"
လှအုန်းမယ်မှာ ခေါင်းမဖော်လာပါ။ ရီးကျီးဒန်မှာလည်း နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ၀မ်းနည်းခြင်းတို့မှဖြစ် သော မျက်ရည်ပေါက်များကို သွန်ချနေရာက ဒေါသတကြီး အမြစ်လှန်မိသည်။
"သည်လို အမေရော အဖေပါ ယုတ်တဲ့အမျိုးက မွေးတဲ့သားဟာ ဘယ်လိုလုပ်ပြီး ဘုရားမှန်း၊ တရား မှန်း၊ သံဃာမှန်း၊ ဆရာသမားမိဘမှန်း သိပါ့မတုံး၊ ဘယ်မှာ မအေချင်း၊ နှမချင်း စာနာပါ့မတုံးဟင်၊ မျိုးမ ကောင်းတဲ့ ဖအေ၊ မအေရော ဆုံးမဖို့၊ သွန်သင်ဖို့ သိပါ့မလားဟင် ခွေးမရဲ့၊ အမိုက်မရဲ့"
လှအုန်းမယ် လိုက်ပြေးသူမှာ တစ်ဖက်ရွာမှဖြစ်သည်။ ဘွားအေနှင့် မအေက တတွတ်တွတ်ပြောပါ လျက်က လိုက်ပြေးသည်။ မိဘက ပြန်အအပ်ခံသည်။ ကန်တော့ခံရာသို့ ရီးဆေးရိုးသွားငြား၊ ရီးကျီးဒန် မသွားခဲ့၊ ယခု လင်မယားကွဲသောအခါ "အစက ငါမပြောလား" ရီးကျီးဒန် ပြောအားရှိပြီ။ မိမိရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်သောအခါ ရီးကျီးဒန်တို့ လည်ပင်းကြောထောင်အောင်၊ အမြှုပ်တ စီစီထွက်အောင် ပြောလေပြီ။
"လူမဟုတ်ဘူးဟဲ့ လူမဟုတ်ဘူး။ ငါးပြားစေ့တောင် မမြင်ဖူးတဲ့ဟာတွေက တစ်ကျပ်တန်အနွမ်းကလေး ကိုင်နိုင်လာလို့ လူယောင်ဆောင်နေတာ၊ လူဆိုရင် သူ့ကျေးဇူးကိုသိတယ်။ ငါ့ဆီလာလာပြီး ချေးသွား တဲ့ ဆီတွေ၊ ဆန်တွေ၊ ပြန်ဆပ်တာက နည်းနည်း၊ အမေ့ခံတာက များများ၊ ခံငြင်းတာက အများကြီး။ အဲသည် ဆန်တွေ နဲ့ ဖို့သတ်ရင်တောင် သင်းတို့တစ်မျိုးလုံး မြှုပ်လောက်တယ်။ ခွေးလောက်မှ ကျေးဇူးမ သိတတ်တဲ့ အမျိုးယုတ်တွေ"
ဥသြ... ဥသြ။ ချိုကြည်သော ဥသြသံသည် လေးထပ်ကျောင်း ထန်းတောထဲမှ လွင့်ပျံလာ၏။ အသံသာ နှင့်အတူ လေပြည်လေအေးကလေး သုန်သုန်ဖြူး၏။ သာယာသော အသံ၊ အေးမြသော အတွေ့မှာ သ ဘောကျ စရာကလေးပါ။ သို့ရာတွင် ရီးကျီးဒန် မခံစားနိုင်၊ ဒေါသကို သွန်ချနေမိ၏။
"ကျေးဇူးမသိတဲ့ အနူမျိုး၊ သူခိုး၊ ဓားပြမျိုးကို အခုပစ်ထားပြီးမဟုတ်လားဟင်၊ လင်အထောင်ကောင်းတဲ့ မိန်းမယုတ် ရဲ့"
လှအုန်းမယ် ခေါင်းငုံ့မြဲငုံ့နေသည့်အတွက် အကြောပြိုင်းပြိုင်းထနေသော အရိုးလက်ဝါးကြီးသည် ပါးပြင် နားသို့ဝဲလာ၏။ "ပါးကွဲချင်လို့ ရေငုံနေတာလားဟင်"ဟူသည့် ကျားဟိန်းသံကြီးကလည်း လည်ချောင်း ထဲမှ ခုန်ထွက်လာသေး၏။
"ပစ်... ပစ်တာမဟုတ်ပါဘူး အမေကြီးရဲ့၊ နှင်ချတာ အမေကြီးရဲ့"
လှအုန်းမယ်သည် စကားအဆုံးတွင် ရင်ခွင်တွင်းရှိ ကလေးငယ်နှင့် မျက်နှာချင်း ကပ်လျက် ဟီးခနဲ ငိုချ လိုက်လေ၏။
"နှင်ချလိုက်တယ်၊ ဟုတ်လား"
ရှိုက်ငိုရင်း လှအုန်းမယ် ခေါင်းညိတ်သည်။
"နှင်ချတော့ ညည်းက ဆင်းလာရသလား။ ကျွန်မ အဖေ အမေကို သွားပြောပါ။ သူတို့လာခေါ်မှ ကျွန်မ ဆင်း နိုင်မယ်၊ ညည်း မပြောဘူးလား"
ဖြေစရာမရှိသော အမေးဖြစ်သည်။
"ညည်း မပြောနိုင်ဘူးမဟုတ်လား။ ဘယ်ပြောနိုင်မလဲအေ့၊ ဂုဏ်မရှိ သိက္ခာမရှိတဲ့အလုပ်ကို လုပ်ထားမိ တယ် မဟုတ်လားဟင်၊ ညည်းဟာ ခွေးမဟုတ်ဘူးအေ့။ လူ လူ၊ လူစစ်စစ်က မွေးထားတဲ့လူ၊ မျိုး ကောင်း ရိုးကောင်း က မွေးထားတဲ့ လူအေ့။ ခွေးမဟုတ်ဘူး။ ခွေးများသာ လက်ဖျစ်တီးတဲ့လူနောက်ကို အမြီးတနန့်နန့် နဲ့ လိုက်သွားတာ။ အေး... ညည်းလည်း မိဘဘိုးဘွားမျက်နှာ မထောက်ထား။ ကိုယ့်တန် ဖိုးကို ကိုယ်မသိ၊ ခိုးရာလိုက်ပြေးတာ ဟုတ်လှပြီထင်ပြီး အမြီးတယမ်းယမ်းနဲ့ လိုက်ပြေးတော့ အခု ခွေး မောင်း သလို မောင်းချလိုက်ပြီ မဟုတ်လားဟင်၊ ခွေးနာမရဲ့"
တစ်နှစ်ကျော် "အုံး"ထားခဲ့ရသော ရင်တွင်းက ဒေါသမီးခဲကြီးသည် "၀ုန်း"ခနဲ ထတောက်တော့သည်။ လှအုန်းမယ် ၏ မျက်နှာ၊ ဇက်ပိုးပေါ်သို့ အရိုးလက်ဝါးကြီး အဆက်မပြတ် ကျရောက်၏။
"ကျီးဒန်နော်... ကျီးဒန်"
ရီးဆေးရိုး လှမ်းပြီးသတိပေးသည်။ သို့သော် ဒေါသကို ရီးကျီးဒန်မထိန်းနိုင်၊ မြေးမကို ခြေဖြင့်ကန်သည်။ ဖနောင့်ဖြင့် ပေါက်သည်။ လှအုန်းမယ်က ငုံ့ခံသည်။ သို့တစေ ငုံ့ခံသူမှာ ဘာမျှမဖြစ်။ ဒေါသတကြီးဖြင့် ကန်သူ၊ ဖနောင်ဖြင့် ပေါက်သူသာ အမောဆို့ပြီး ပက်လက်လန်လဲ၏။
ကိုထွန်းရမူ သူ့သမီး၏သတင်းကို ကြားပြီးဖြစ်သည်။ သူ့ယောက္ခမ တွတ်ထိုးနေသံကို မသဲမကွဲကြားသ ဖြင့် ခေါင်းငဲ့အကြည့် တစ်စုံတစ်ယောက်ကို မြင်သည်။ သူ့သမီးထွေး လှအုန်းမယ်ဟု မသဲကွဲငြား သည် ပုံပန်းမှာ သူ့သမီးသာဖြစ်ရမည်ဟု ခန့်မှန်းသည်။ ထို့နောက် နွားတင်းကုပ်အတွက် လုပ်ပေးနေသော ခွဲစရာ ဖောက်စရာ များမပြီးသေးဘဲနှင့် ထွက်သွားခဲ့လေပြီ။ ငဲ့စရာ သမက်မရှိသည့်အတွက် ရီးကျီးဒန် "ပွက်သေး" ကြမ်းသည်။
"မိဘနဲ့ အမေကြီးကို ခြေစုံကန်ထွက်သွားပြီးမှ မျက်နှာပြောင် မျက်နှာမွဲနဲ့ ဘာဖြစ်လို့ပြန်လာတာတုံး၊ နေစရာ မရှိရင် သေလိုက်ပါလား၊ ဧရာဝတီမြစ် ဘယ်လောက်ဝေးတာမှတ်လို့"
အမောပြေသည်နှင့် ၀မ်းခေါင်းသံကြီး ပေါ်လာသည်။
"ညည်းလို ကောင်မမျိုး မရှိတော့မှ အေးလိုက်တာ။ ငါတို့အိမ်မှာရော၊ ညည်းမိဘအိမ်မှာပါ ဆန်ကုန်မြေ လေး အမှိုက်တစ်ပင် လျော့သွားလို့ အေးချမ်းနေတာ။ အခု ဒုက္ခပေးမလို့ ပြန်လာတာမဟုတ်လား"
"သမီး အခု... အခု နောင်တရပါပြီ အမေကြီးရာ"
"ဟာ ဟာ ဟ"
အနှစ်မပါသော ရယ်သံကြီးဖြင့် ရီးကျီးဒန်က လုပ်ရယ် ရယ်၏။
"နောင်အခါမှ တလို့တော့ အလကားပဲ မကြီးစားရေ့၊ ထမင်းတစ်အိုးတောင်မှ အဖြစ်ရှိအောင် မချက် တတ်၊ ဟင်းအိုးတစ်အိုးတောင် အပေါက်အလမ်းတည့်အောင် အတည်တတ်တဲ့မိန်းမ၊ ဘာသွားသုံးမှာ တုံး ဟင်"
ရီးကျီးဒန်သည် ပြောဆိုမြည်တွန်ရင်းက ဆေးလိပ်ခွက်ကို လက်ဖြင့်စမ်း၏။ အကြောစုကြီးနဲ့ အရိုးလက်ဝါး သည် ဆေးလိပ်ဘေးတွင် ပွတ်သပ်ဝေ့၀ဲနေသည်။
"အချက်အပြုတ်မတတ်လို့ နွားစာအစဉ်းခိုင်းနေကော လူရာဝင်သလား။ ဝေးပါသေးရဲ့။ နွားစတစ်ဖက် တစ်ဖက်က တစ်ထောင်လောက်ရှိမှတော့ နွားဝေးလို့ ဆင်တောင်မစားနိုင်ဘူး။ လယ်သမားသားသမီး နွားစာ လောက်မှ မစဉ်းတတ်တော့ ဘာသွားသုံးဦးမှာတုံး"
မှန်တမ်းအခြေအနေသာဖြစ်ပါမူ "ကောက်ရိုးစဉ်းဖတ်ကလေး တစ်ဖက်တလေရှည်သွားတာကို မလိုတ မာ အကျယ်ချဲ့ပြီး တစ်တောင်လို့မပြောပါနဲ့ အမေကြီးရဲ့" ဟု ထ "ပက်"မိမည်။ ယခုသော်ကား ပြောသမျှ ငုံ့ခံရမည့်သူမှာ လှအုန်းမယ်သာ။
"မအေ မအားလို့ အ၀တ်လျှော်ခိုင်းကြည့်၊ သူများလျှော်ရင် ဆယ်ထည်လောက်လျှော်နိုင်တဲံ ဆပ်ပြာ၊ သူလျှော်ရင် သုံးလေးထည်ပဲ။ ချေးပြောင်ရင် တော်သေးရဲ့၊ မလျှော်တာနဲ့အတူတူပဲ။ အိမ်မှုကိစ္စမဟန် လို့ လယ်ထဲယာထဲမှာရော ကောက်စိုက်တတ်ဖို့ဝေးလို့ မြက်မကောက်တတ်၊ မြတ်မရိတ်တတ်၊ နှမ်းမခါ တတ်၊ ဒါဖြင့် ဘာအသုံးကျသေးတုံး။ လင်ထောင်တယ်လေ၊ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ လင်ထောင် သတော့်"
အာခေါင်ကိုခြစ်ပြီး အော်လိုက်ချိန်တွင် အရိုးစု လက်ချောင်းများက မြေဆေးခံခွက်ကို စမ်းမိသွားပြီး ဆေးလိပ်တို ကို ပါးစပ်တွင် ကိုက်လိုက်ပြီး မီးခြစ် ခြစ်ရန် ဟန်ပြင်နေချိန်သည် လှအုန်းမယ်အတွက် အ သက် ရှူချိန်ဖြစ်၏။
ရီးကျီးဒန်သည် ယမ်းခိုးမနံအောင် မီးတောက်ကို ခဏခွာထားပြီးမှ ဆေးလိပ်ကိုညှိသည်။ သုံးလေးဖွာ မရပ်မနား ဖွာသည်။ ခံတွင်းထဲသို့ ဆေးလိပ်မီးခိုး အ၀င်ညီမှ အဖွာရပ်သည့်ခဏလေးတွင် မျက်လုံးအစုံ က နွားတင်းကုပ်အစပ်သို့ ရောက်သွားသည်။ လှုပ်ရှားနေသည့် ကျောမွဲ၊ ကျောပြောင်ကြီး။
ရီးဆေးရိုးသည် ထိုင်လျက်က ထလှုပ်လှုပ်ရွှေ့နေ၏။ ကိုဘညိန်း ထန်းလျှော်သပ်ရာမှ ထွက်သောအ မျှင်များ၊ ကိုထွန်းရ ၀ါးခြမ်းသပ်ရာမှဖြစ်လာသော အကြောများ အမျှင်များကို စုဆောင်းနေသည်။ ဘာ လုပ်ဖို့ပါလိမ့် တွေးရန်မလို၊ မေးရန်မလို။ "ကရွတ်"လုပ်ရန်ဟု ရီးကျီးဒန် သိပြီးဖြစ်သည်။ သူ့မျက်လုံးများ က ထပ်မံလှုပ်ရှားသည်။ တိုင်တွင်ထောင်ထားသော ကရွတ်ခွေ အသစ်ကလေးတွေ။ စင်စစ်အားဖြင့် ထန်းလက်ဝမ်းသားလျှော်ကို ချောမွေ့ရာမှ ထွက်လာသော အမျှင်များသည် အမှိုက်သာဖြစ်၏။ ၀ါးခြမ်း ပြား၏ "ဇောင်း"များ လူကိုမရှစေရန် ချောရသပ်ရသည်။ သည်က ထွက်လာသောအရာမှာလည်း အမှိုက် မျှသာ။ သို့သော် သည်အမှိုက်သည် အသုံးဝင်သော ကဏ္ဍမရှိပါသလော။
ရှိပါသည်။ ဖင်လုံးသော မြေအိုးအချို့၊ ဒန်အိုးအချို့သည် ကရွတ်မခုလျှင် ဖင်မမြဲ လိမ့်လဲသည်။ မြေအိုး များမှာသော်ကား ကရွတ်ခံမှ ဖင်အနာသက်သာသည်။ ကရွတ်ခံမှ အလူးအလိမ်းသက်သာမည်။ သည် ကဲ့သို့သော အမှိုက်ကရွတ်သည် မြေအိုးများနှင့် အလိုက်ဖက်ဆုံး၊ အမှိုက်သော်မျှ လုံးလုံးအသုံးမကျ၊ ပစ်လိုက်ရသည် မရရှိလျှင် လူမှာ မည်သို့ရှိမည်နည်း။ မြေးကလေး လှအုန်းမယ်ကော အသုံးဝင်ကွက် မရရှိသလော။
ရီးကျီးဒန်သည် မြေးမဘက်သို့ လှည့်မကြည့်။ ကရွတ်ခွေ အသစ်များကိုသာ ငေးမောကြည့်နေမိသည်။ တစ်ပြိုင်နက်တည်းဆိုရမည်သို့ပင် လှအုန်းမယ်၏ချွန်ကွက်များ "ပြက်"ခနဲ ပေါ်လာသည်။ ကောက်စိုက် ရာတွင် ဖျင်းသည်နှင့်အမျှ ကောက်ရိတ်ရာတွင် တော်သော လှအုန်းမယ်။ တော်ရုံ ယောက်ျားသားကို ဖြတ်ချန်ထားခဲ့နိုင်သူ။ သည်လှအုန်းမယ်သည် ကောက်ရိတ်ရာတွင် တော်သည့်နည်းတူ ကောက်လှိုင်း "စည်း"ရာတွင်လည်း မည်သည့်မိန်းမသားမျှ လိုက်မမီချေ။
ကိုထွန်းရ၊ မချောစိန်တို့၏ သားသမီးငါးယောက်အနက် အကြီးဆုံးကောင် ကိုကိုကြီးပင် ကောက်ဆွဖြင့် သာ ကောက်"ပေါက်"တတ်သည်။ လှအုန်းမယ်ကား "ထွန်ခြစ်"ကိုသုံးပြီး ခြေဖမိုးဖြင့် ကျွမ်းကျင်စွာ ကောက်ပေါက်တတ်သဖြင့် ရမ်းဘိုကုန်းမှာသာမဟုတ်၊ သည်ရွာတစ်လွှား၌ "ကောက်ပေါက်" အတော် ဆုံးဟု သတ်မှတ်ခံရသူ။ သည်နှယ် သုံး၍ရသော အကွက်များ၊ အချက်များ အာရုံထဲသို့ဝင်လာသဖြင့် ရီးကျီးဒန် ဆက်ပြီး မှိုချိုးမျှစ်ချိုး မပြောလိုတော့ပေ။ ထိုစဉ် "အဲ့"ခနဲ လှအုန်းမယ်ရင်ခွင်ထဲက ကလေးအ သံပေး၏။ ရီးကျီးဒန်က ဖျတ်ခနဲ အကြည့်၊ လှအုန်းမယ်က ပုဆိုးစုတ်ကို အပင့်။
ဝိုင်းဝိုင်းစက်စက်မျက် နှာကလေး။ ကြည်လင်တောက်ရွှဲသော မျက်လုံးကလေးသည် ချက်ချင်းမှိတ်ပစ်၏။ မျက်နှာပေါ်သို့ နေ ရောင်ထိုးနေပေသည်ကိုး။
သည်မျက်နှာဝိုင်းကလေးသည် သူ့အဘိုး ရီးဆေးရိုးနှင့်ပင် တူသလော။ သူ့ဘ ကိုထွန်းရနှင့်ပင် ဆင်သ လော။ မည်သို့ဖြစ်စေ ရီးကျီးဒန့်ရင်ထဲတွင် အေးခနဲဖြစ်သွားရသည်က အမှန်ပင်။
သို့ကြောင့် တစ်ဖက်သို့ မျက်နှာပြန်လွှဲရင်းက "အသုံးမကျတဲ့အဖြစ်များတော့ ကလေးမျက်နှာ နေပူနေ တာတောင် အိမ်ထဲရွှေ့မထိုင်နိုင်ဘူး။ အံ့ပါရဲ့"ဟု ပြောလိုက်သော ရီးကျီးဒန်၏အသံတွင် ဒေါသသံပေါ် သော်ငြား ရင်ထဲတွင်ကား ဒေါသပြယ်နေပြီဟူသည်ကို ရီးကျီးဒန်သာ အသိဆုံးဖြစ်တော့သည်။
ပြီးပါပြီ
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
3 comments:
Thank you so much for sharing, I really enjoyed reading it.
စာလေးတွေလာဖတ်သွားပါတယ် .. စာကောင်းလေးတွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်နော်
အဖေဘက်က အနူမျိုးဆိုပြီး နှိမ်လိုက်တာကတော့ တစ်မျိုးကြီးပဲနော်။ ရီးကျီးဒန် ဆင်းရဲတာ စာမသင်ခဲ့ရတာကို ဂရုဏာသက်မိရာကနေ ဒီဘဝရောက်တာတောင် ငပြူးကပြန်ပြဲနေတော့ မသနားချင်တော့ဘူး။ အမယ်ကြီးနှယ် ကိုယ့်ကိုယ်ကိုယ်လဲ ပြန်ငုံ့ကြည့်ပါဦး။ မာန်ထောင်စရာ ဘာရှိလဲလို့ မေးရမလို ဖြစ်နေပြီ။
Post a Comment