အခန်း ၁၈
အရာရာတိုင်း ပြင်ဖို့မလို
အရာရာတိုင်း ပြင်ဖို့မလို
ကျွန်တော်တို့ ညားကာစ တစ်ခုသော နွေးထွေးသော နေ့တွင် ကျွန်တော်သည် ကာနက်ဂီမယ်လွန် တက္ကသိုလ် သို့ လမ်းလျှောက်သွားသည်။ ဂျေးသည် အိမ်မှာ ကျန်ရစ်သည်။ ကျွန်တော်သည် ဤနေ့ကို ကောင်းကောင်း မှတ်မိနေသည်မှာ ကျွန်တော်တို့ မိသားစုတွင် ဂျေး က ဒရိုင်ဘာတစ်ယောက်တည်းနှင့် ကားနှစ်စီး ကို တိုက်အောင် လုပ်နိုင်သည့်နေ့ ဟူ၍ ကျော်ကြားခဲ့သော နေ့ဖြစ်သောကြောင့် ဖြစ်ပါ၏။
ကျွန်တော်တို့ ၏ ဗင်ကားသေးကလေးသည် ကားဂိုဒေါင်ထဲတွင် ရှိနေ၏။ ကျွန်တော်၏ ဗောက်စ၀က်ဂွန် အမိုးဖွင့်ကားမှာ လမ်းပေါ်တွင်ရှိနေသည်။ ဂျေးသည် လမ်းပေါ်၌ အခြားကားတစ်စီးရှိနေသည်ကို သတိမထားမိဘဲ ဗင်ကားလေးကို ဆွဲထုတ်လိုက်သည်။ ထိုအခါ ဒုန်းဒုန်း ဟူသောအသံများနှင့် တိုက်မိ ကုန်တော့သည်။
နောက်ဖြစ်လာသော ဖြစ်ရပ်များက ဿဓကပြနေသည်မှာလည်း ကျွန်တော်တို့သည် တစ်ခါတရံ အိုင်လ်ဖ် လူစီ ဇာတ်လမ်းထဲမှာလို ဘ၀မှာ နေနေကြရသည့်နှယ် ဖြစ်နေ၏။ ဂျေးသည် ရစ်ကီဘာသာလူးကလပ်က ပြန်လာသောအခါ ဘယ်လိုပြောပြရပါလိမ့်ဟူ၍ တစ်နေ့လုံး တွေးပူနေသည်။
သူသည် ထိုသတင်းကို ပြောပြနိုင်ရန်အတွက် ဘာမှ ပြောစရာမရှိသော အခြေအနေ တစ်ရပ်ကို ဖန်တီး ပြောဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးသည်။ ကားနှစ်စီးစလုံး ကားဂိုဒေါင်ထဲမှာ ရှိနေသည်။ ကားဂိုဒေါင် တံခါးက ပိတ်ထားသည်ဟု ပြောမည်ဟု ဂျေးက စိတ်ကူးထားသည်။ ကျွန်တော် အိမ်ပြန်ရောက်လာသောအခါ ဂျေးသည် မျက်နှာ ခါတိုင်းနှင့်မတူ အချိုးကြီး ချိုနေသည်။ အလုပ်ထဲမှာ ဘယ်လိုလဲ အဆင်ပြေရဲ့ မဟုတ်လား စသည်ဖြင့်မေး၏။ သူသည် ငြိမ့်ညောင်းသော တေးဂီတသံကိုလည်း ဖွင့်လိုက်သည်။ ကျွန်တော် အကြိုက်ဆုံးအစားအစာကိုလည်း စီမံထားသည်။ ဂါဝန်ပါးကိုလည်း ၀တ် ထားသည်။ သူသည် ပြစ်မျိုးမှဲ့မထင်သော ချစ်ဖော်တစ်ယောက်ဟု ဆိုရလောက်လေ အောင် အစွမ်းကုန် ကြိုးစားထားခြင်း ဖြစ်ပါပေသည်။
အလွန်ကောင်းလှသော ညစာစားပြီးလုနီး ရောက်ချိန်တွင်မှ သူကပြောပါသည်။ ရန်ဒီ၊ ကျွန်မမောင့်ကို ပြောစရာ ရှိတယ်၊ ကျွန်မလေ ကားတစ်ီးကို နောက်ကားတစ်စီးနဲ့ တိုက်ပစ်မိတယ်။
ဘယ်လိုဖြစ်တာတုန်းဟု ကျွန်တော်က မေးပါသည်။ ဘာတွေပျက်စီးသွားသည်ဆိုတာကို လည်း ပြောပြ ခိုင်းပါသည်။ အဆိုးရွားဆုံး ပျက်စီးသွားတာကတော့ ကျွန်တော့်အမိုးဖွင့် ကားဖြစ်သည်။ သို့ရာတွင် နှစ်စီး စလုံးမှာ မောင်း၍ ရဆဲဖြစ်သည်ဟု သူကဖြေပါသည်။ ကားဂိုဒေါင်ထဲသွားပြီး ကားတွေကို ကြည့်ချင်လား မောင် ဟုလည်း မေးပါသည်။
မကြည့်တော့ပါဘူး၊ ညစာပြီးအောင်ပဲ စားကြပါစို့ကွာ ဟုကျွန်တော်က ပြောလိုက်သည်။
သူသည် အံ့အားသင့်သွားသည်။ ကျွန်တော်စိတ်မဆိုးပါ။ စိတ်ပူပ်ပုံပင် ပြမိခဲ့သည် မထင်ပါ။ နောက်တော့ သူ သိသွားသည်။ ကျွန်တော် သူ့ကို ဤသို့တုံ့ပြန်ခဲ့နိုင်ခြင်းမှာ ကျွန်တော့်အား မွေးကျွေးစောင့်ရှောက်လာခဲ့ပုံ၊ ပြုပြင် သွန်သင်ပေးခဲ့ပုံပေါ်မှာ အခြေတည်နေပါကလား ဟူ၍ ဖြစ်ပါသည်။
ညစာစားပြီးသောအခါ ကျွန်တော်တို့ ကားများကို သွားကြည့်ကြသည်။ ကျွန်တော်ပခုံး တွန့်ရုံမျှသာ တွန့်ပြ လိုက်သည်။ ဂျေး တစ်နေကုန် စိတ်ပူနေခဲ့ရသမျှသည် ယခုမှ ပြေပျောက်သွားပုံကို ကျွန်တော်မြင်တွေ့ လိုက်ရ ပေသည်။ 'မနက်ဖြန် မနက်ကျတော့ ပြင်ဆင်စရိတ် ဘယ်လောက်ကုန်မယ်ဆိုတာ ခန့်မှန်း ထွက်ကြည့် ပါမယ်' ဟု ဂျေးပြော သည်။
ဂျေးကမူ နည်းနည်းတုန်လှုပ်သွားသည်။ 'ဒီကား အပိန့်အချိုင့်ကြီးနဲ့ လျှောက်ပတ်သွားနေ မှာ လားဟင်' ဟု မေးပါသည်။
'အေးလေ၊ မင်းက ကိုယ့်ရဲ့ အချို့အယူအဆတွေကျတော့ လက်ခံလို့ရမယ်မထင်ဘူး၊ တို့ပိုင်တဲ့ ပစ္စည်း ၀တ္ထု နှစ်ခုစလုံး ပျက်စီးသွားတာကိုောတင် စိတ်မဆိုးဘူးဆိုတဲ့ အပိုင်းကိုတော့ မင်းက လေးစားတန်ဖိုး ထားမှာပေါ့၊ ဒါပေမဲ့ အဲဒါရဲ့ တခြားတစ်ဖက်မှာရှိတဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်က ပစ္စည်းဝတ္ထု၊ တစ်ခုဟာ သူလုပ်ရမည့် အလုပ်တာဝန်ကို လုပ်ဆောင်ပေးနေသမျှ ပြင်စရာမလိုဘူးဆိုတဲ့ အယူအဆဖြစ်တယ်၊ ကားနှစ်စီး စလုံးက မောင်းလိုရနေတာပဲ၊ မောင်းလို့ရရင် မောင်းရုံပဲရှိတာပေါ့ကွာ'ဟု သူ့အား ပြောပြပါသည်။
အခန်း ၁၉ နှစ်သစ်ဇာတ်လမ်း ဆက်ရန်
.
2 comments:
ကျွန်တော့်မိဘများက ကျွန်တော့် အား မွေးကျွေးသွန်သင်ခဲ့သည်မှာ ကားဟူသည် တစ်နေမှာ တစ်နေရာသို့ သယ်ဆောင်ပေးရန် အတွက် မျှသာ ဖြစ်ပါသတဲ့။
အသုံးချရသည့် ပစ္စည်းမျိုးသာ ဖြစ်ပါသတဲ့။ ကားပိုင်သူ၏ လူမှုရေးအဆင့်အတန်းကို ပြသသည့် အရာမျိုး မဟုတ်ပါတဲ့။ အရာရာတိုင်း ပြင်ဖို့လိုသည်မဟုတ်ပါ။ (ခပ်ကြောင်ကြောင်ပေမဲ့ အတွေးသစ်အမြင်သစ်များရသွားပါသည်။)
စာတွေတင်ပေးသော မမနှင့် စာရိုက်ပေးသောညီမလေးများကို အထူး ကျေးဇူးတင်ပါကြောင်း။ အနော်။
မမရေ...ဇတ်သိမ်းပိုင်းလေး စောင့်မျှော်အားပေးနေ ပါ့မယ်။ ညီမလေး အရှုပ်တွေလုပ်နေလို့ စာလာဖတ်တာ နောက်ကျတာ ခွင့်လွတ်နော်...:P:P:P
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
Post a Comment