Wednesday, February 16, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၆)

ဗမာပြည်နယ်နိမိတ်အတွင်းသို့ ခြောက်မိုင်ကျော်ကျော်မျှ ထိုးဖောက်ဝင် ရောက်ပြီး ကြည်လင်အေးမြ သော ရေများ တသွင်သွင်စီးနေသည့် ချောင်းငယ်တခု၏ကမ်းပါးဝယ် စခန်းချသောအချိန်ကား ညနေ ဘက် နေရောင်ပျော့၍ အမှောင်ပျိုးနေပြီဖြစ်သော ခြောက်နာရီအချိန်မျှရှိနေလေပြီ။

ညနေအေးချိန်ဖြစ်ပြီး တောရိပ်တောင်ရိပ်ပင် အုံ့မှိုင်းနေလင့်ကစား မေဂျာဝှိုက်တို့လူစုမှာ ခရီးပြင်းချီ တက်လာခဲ့ကြသူများဖြစ်၍ ချမ်းအေးခြင်းမရှိဘဲ မောပန်းနွမ်းနယ်ခြင်း၊ အိုက်စပ်ပူလောင်ခြင်းဖြင့် ချွေးစို ရွှဲ နေကြသည်။ ကြည်လင်အေးမြသော ချောင်းရေထဲမှာ စည်းစိမ်ခံပြီး ရေစိမ်ချိုးလိုပါသော်လည်း စစ် သားပြီပြီ တာဝန်ကကြီးလေးကြသူများဖြစ်ကြသည်။ ထို့ကြောင့် စခန်းချသည်ဆိုလျှင်ပင် ကင်းစောင့် ခြင်း၊ လက်နက်ပစ္စည်းများကို လုံခြုံအောင်ထားသိုခြင်း၊ ထမင်းချက်ရေခပ် တာဝန်ကိုယူရခြင်း စသည် အလုပ် တွေကို စနစ်တကျလျင်မြန်စွာ ခွဲဝေတာဝန်ယူလိုက်ကြရသည်။ ကင်းစောင့်သူတွေက အချို့မြေ ပြင်ပေါ်မှာ သော်၎င်း၊ အချို့တောင်ကုန်းပေါ်မှာ၎င်း၊ မိမိတို့တာဝန်ကျရာမှာ နေရာယူကြရသည်။

အစားအသောက်အတွက် တာဝန်ယူရသူတို့ကလည်း မိမိတို့လုပ်ရမည့် အလုပ်အတွက် သွက်လက်စွာ ပြင်ဆင် နေကြသည်။ ထမင်းချက်တာဝန်ဟုဆိုသော်လည်း စင်စစ်ထမင်းချက်ရသည်မဟုတ်ပေ။ အေး မြကြည်လင် သော ချောင်းရေကို ခပ်ပြီး ရေနွေးတည် လဘက်ရည်ဖျော်ရမည်ဖြစ်၏။ ပါလာသော ပေါင် မုန့်ခြောက်၊ ငါးသေတ္တာ၊ အသားဘူး၊ ဘီစကွတ်စသည်များကို အများစာအတွက် မျှမျှတတပြင်ဆင်ရ မည်ဖြစ်ပေ သည်။

မေဂျာဝှိုက် သည် ကင်းတွေကို လှည့်လည်စစ်ဆေးပြီး အစားအသောက်တာဝန်ကျနေသူတို့ရှိရာ မီးပုံ ဘက် ကို လျှောက်လာခဲ့၏။ မီးပုံဘေးတွင် ညစာအတွက်ပြင်ဆင်နေသော စစ်သားတစုသည် တစုံတခု သော အရာဝတ္ထု ကို တအံ့တသြခေါင်းချင်းဆိုင်ကာ စုရုံးကြည့်ရှုနေကြသည်ကို တွေ့ရ၏။ သူတို့တတွေ သည် ထိုအရာဝတ္ထု၌ မည်မျှစိတ်ဝင်စားနေကြပါသနည်းဆိုသော် သူတို့အထက်အရာရှိဖြစ်သူ မေဂျာ ၀ှိုက်သူတို့နောက်ပါးရောက်လာသည်ပင် သတိမပြုမိနိုင်အောင်ဖြစ်နေကြသည်။
''ဒါဟာ မိန်းမအသုံးအဆောင်ဘဲဖြစ်ရမယ်''
တယောက်သောမျက်နှာဖြူကပြားစစ်သားက ဆိုသည်။

''တူတော့တူတာဘဲ၊ ဒါပေမဲ့ မင်းတို့ငါတို့အိန္ဒိယမှာနေခဲ့ကြတာ အတော်ကြာကြတယ်ဟုတ်လား၊ အိန္ဒိယတိုင်းရင်းသူတွေ ဒီအ၀တ်မျိုးဝတ်တာမြင်ဘူးကြလား၊ ငါတော့တခါမှ မမြင်ဘူးခဲ့ဘူး''
အခြားမျက်နှာဖြူ ကပြားစစ်သားတယောက်က ဆိုသည်။ ထို့နောက် စိတ်ဝင်စားဟန်ဖြင့် ထိုပစ္စည်းကို ငြိမ်သက်စွာ စိုက်ကြည့်နေသော အိန္ဒိယလူမျိုးစစ်သားကို မျက်နှာဖြူကပြားစစ်သားကမေး၏။
''မင်းတို့တိုင်းရင်းသူတွေ သုံးတတ်တဲ့ပစ္စည်းများလား ကြည့်စမ်းပါအုံး၊ ဒါပေမဲ့ ငါတို့အခုရောက်နေတာ က ဗမာပြည်ထဲမှာနော် ဗမာတွေသုံးတဲ့ပစ္စည်းများဖြစ်နေမလားဘဲ''
အိန္ဒိယ လူမျိုးစစ်သားသည် ထိုပစ္စည်းကို စိုက်ကြည့်ပြီး စဉ်းစဉ်းစားစားဖြေ၏။

''ဒါဟာ ဗမာတွေသုံးတတ်တဲ့ပစ္စည်းမျိုးတော့ မဟုတ်နိုင်ဘူး၊ ဒို့အိန္ဒိယတိုင်းရင်းသားတွေအနေနဲ့လဲ အခု ခေတ်မှာ သုံးတာမတွေ့ရဘူး၊ ဒါပေမဲ့ ငါတခု သတိထားမိတာ တခုတော့ရှိတယ်။ နီပေါလ်နိုင်ငံက အ လွန့်လွန်ကို ရှေးကျတဲ့ ရှေးခေတ်လူတွေ သုံးခဲ့ဘူးတာလို့ထင်တယ်''
''ဘယ်လိုကြောင့် မင်းကထင်လဲ''
စစ်သားတယောက်က မေးသည်။

''ဟိုလေ ဂေါတမ ဗုဒ္ဓနဲ့ပတ်သက်တဲ့ ရှေးဟောင်ပန်းချီကားတချပ်ငါတွေ့ဘူးတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာလောက်ကဖြစ်မလားဘဲ။ နီပေါလ်နိုင်ငံအစွန်အဖျားတော့တခုက ကျောက်ဂူတခုရဲ့နံရံမှာ ရေး ထားတဲ့ ပန်းချီကား ပေါ့၊ အဲဒီကားထဲက မိန်းမတယောက် ပုံမှာခြုံထားတဲ့ ခြုံထည်ပုံသဏ္ဍာန်ဟာ ဒီအ တိုင်းဘဲ၊ အကွက် ဖေါ်ထားတာရော အနားမှာတွန့်ထားတာတွေရော''
ထို စစ်သား စကားမဆုံးမီ-
''မင်းက အဲဒီဂူကို ဘယ်လိုရှာတွေ့ပြီး ဘာတွေလုပ်တာလဲ''
မျက်နှာဖြူစစ်သားတယောက်က မေး၏။

''ငါ့အဖေက နီပေါလ်နိုင်ငံမှာ နေခဲ့ဘူးတယ်။ အဖေက အမဲလိုက်ဝါသနာပါတော့ တော့အနှံ့ရှောက်သွား တာကိုး၊ ငါက အဲဒီအချိန်က အသက်ဆယ့်လေးငါးနှစ်လောက်ရှိနေပြီ၊ အဖေနဲ့ရှောက်လိုက်သွားရင်း တွေ့ခဲ့ဘူးတာ၊ ဂူကလဲ ပြိုပျက်ပြီး ခြုံတွေဖုံးနေပါပြီကွာ၊ ငါ့အသက်ပဲ အခု သုံးဆယ်ကျော်နေပြီဟာ ဒီဂူ ထဲက ငါတွေ့ ခဲ့တဲ့ နံရံဆေးရေးပန်းချီလဲ ပျက်ရောပေါ့။ ငါတွေ့ခဲ့တဲ့အချိန်ကတောင် မှေးမှေးမှိန်မှိန်ဘဲရှိ တော့တာဘဲ''

သူတို့ တတွေစကားဝိုင်း ကောင်းနေကြသည်ကို မေဂျာဝှိုက်က စိတ်ဝင်စားစွာဖြင့် ဆိုတ်ငြိမ်စွာ နား ထောင်ရင်း သူတို့တတွေ ၀ိုင်းကြည့်နေကြသောပစ္စည်းကို ကြည့်လိုက်၏။ ထိုပစ္စည်းကား ရေစိုရွှဲနေ သော ခြုံထည် တခုဖြစ်ဟန်တူသည်။ မီးပုံ၏အလင်းဝယ် ပိုးစုံးကြူးတောက်သလို လင်းလင်းလက်လက် အရောင် ထွက် နေသည်။ မေဂျာဝှိုက်က အသံပေးလိုက်၏။
''မင်းတို့ကြည့်နေတာ ဘာပစ္စည်းလဲဟေ့''

မေဂျာဝှိုက်၏အသံကို ကြားရသောအခါ ဆွေးနွေးပွဲကျင်းပနေသော စစ်သားတစုသည် သူတို့အနေအ ထိုင်ကို ကဗျာကသီပြင်လိုက်ကြ၏။ တယောက်က မျက်နှာဖြူစစ်သားက ထိုပစ္စည်းကို မေဂျာဝှိုက် လက်သို့ တရိုတသေလှမ်းပေးပြီး အစီရင်ခံလိုက်သည်။
''ကျွန်တော်တို့ ရေနွေးတည်ဘို့ ဟိုချောင်းထဲရေဆင်းခပ်တော့ ဒီအ၀တ်မြောလာတာ တွေ့ပါတယ်။ ဒါနဲ့ ဆယ်ယူလာခဲ့ပြီး ထင်မြင်ချက်ပြောနေကြတာပါ''
မေဂျာဝှိုက်က ထိုပစ္စည်းကို လက်ခံယူပြီး ညွှန်ကြားချက်ပေးလိုက်၏။

''အေး... ဒီပစ္စည်းအကြောင်းနောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြပေါ့ကွာ၊ ဟိုမှာ ကင်းစောင့်တာ ၀န်ကျတွေ ညစာ ဆာလှရော့မယ်။ အဆင်သင့်ဖြစ်ပြီးကြရဲ့လား''
''အဆင်သင့်ပါ ဗိုလ်မှူး''
''အေး... စေ့ငှအောင်သွားပို့ပေးလိုက်ကြ၊ ငါ့အတွက် နောက်ဆုံးမှမပေး၊ သွား-သွား-မြန်မြန်ပို့''

မေဂျာဝှိုက်က လူကြီးပြီသစွာ ပြောဆိုညွှန်ကြားလိုက်သည်။ ချက်ပြုတ်ရေး တာဝန်ကျနေသူများက မေဂျာဝှိုက်အမိန့်အတိုင်း ဆောင်ရွက်ရန် မီးပုံနားမှ သည်ပိုး ယူငင်ထွက်ခွါသွားသောအခါ၊ မေဂျာဝှိုက် သည် သူ့လက်ထဲက ပစ္စည်းကို ဖြန့်ကြည့်လိုက်၏။ ထိုပစ္စည်းကား ဆယ်ပေကျော်ကျော်မျှ ရှည်လျားပြီး အနံအကျယ်မှာ ငါးပေနီးပါးရှိသည့် အလွန်ပျော့ပျောင်းနူးညံလှသော  မိန်းမခြုံထည်လိုပစ္စည်းမျိုးဖြစ် သည်။

စိုနေခဲ့သော ရေကခြောက်စပြုနေပြီဖြစ်ရာ၊ မေဂျာဝှိုက်က အသေအချာကြည့်လိုက်၏။ ထို ပစ္စည်းကား ခြုံထည်တခုအမှန်ပင်ဖြစ်သည်။ သို့သော် ယက်ထားသည်မှာ ၀ါဂွမ်းချည်မျှင် ရွှေကွန်ယက် တခုပမာ တူညီပြီးဖေါ်ထားသော ပန်းကွက်တွေသည် စက်မှုထွန်းကား၍ အဆန်းအပြားထွင်လွန်းသော သူတို့ အင်္ဂလန်သူ မျက်နှာဖြူမတွေ စံတင်ထားသည့် နောက်ဆုံးပေါ်ဖက်ရှင်ပန်းကွက်တွေထက် အဆ များစွာ သာ လွန်ပြီး အနုပညာလက်ရာမြောက်လှသည်ကို တွေ့ရသည်။ အနားပတ်လည်မှာ တွန့်ထားပုံ ကလည်း ဆန်းကြယ် လှပလွန်းသည်ဖြစ်ရာ မေဂျာဝှိုက်အနေဖြင့် တပါးသူနားလည်အောင်ပင် ပြန်မ ပြောတတ်ချေ။

အရောင်အဆင်းမှာ ၀င်းမှည့်သော ရွှေရောင်နှင့်တောက်ပသော စိမ်းပြာရောင်ရောယှက်ထားသည်ဖြစ် ရာ၊ ထိုခြုံထည်သည် မည်ကဲ့သို့သော အရာဝတ္ထုကို စက်ဖြင့် ယက်လုပ်လေသလား၊ လက်ဖြင့် ယက် လုပ်လေသလား၊ မေဂျာဝှိုက်အဖို့တွေးတောစဉ်းစားရန် ဉာဏ်မမှီတော့ချေ။ ထူးထူးခြားခြားသတိထားမိ သည့်အချက်ကား၊ ထိုခြုံထည်မှ ထွက်နေသောသင့်ပျံ့ကြိုင်လှိုင်သည့်ရနံ့ပင်ဖြစ်၏။ ထိုရနံ့သည် မေဂျာ ၀ှိုက်သိခဲ့ သတိထားခဲ့သမျှသော ရေမွှေးနံ့ ပန်းနံ့တွေနှင့်လုံးဝမတူဘဲ၊ ယဉ်ယဉ်ကလေးမွှေးပြီး အနံ့ကို ရှူရှိုက်ရသူအဖို့ ရင်ထဲမှာ ပေါ့ပါးကြည်လင်လှသည်။ ထိုရနံ့သည် ရေမွှေးဆွတ်သလို ဆွတ်ထားခြင်း မ ဟုတ်ဘဲ၊ ထိုရွှေကွန်ယက်ကဲ့သို့သော ခြုံထည်၏ပင်ကိုယ်အနံ့ပင်ဖြစ်ကြောင်း မေဂျာဝှိုက်က သတိ ကောင်း ကောင်းသတိ ပြုမိသည်။

မေဂျာဝှိုက်က ခြုံထည်ကို ဆုပ်ကိုင်လိုက်သောအခါ သူ့လက်ထဲတွင် တဆုပ်စာမျှသော အလုံးကလေး ဖြစ်သွားသည်။ လက်ဖြင့်ဆွဲဆန့်သောအခါ မူလရှိရင်း ဆယ်ပေကျော်ထက် အဆများစွာ ရှည်ထွက်လာ သည်။ မေဂျာဝှိုက်အဘို့ အံ့သြ၍မဆုံးတော့ပြီ၊ မေဂျာဝှိုက်သည် သူ့အစီအစဉ်ကို ခိုင်မာစွာ ဆုံးဖြတ် လိုက်၏။ ထိုအစီအစဉ်ကား...
ဤခြုံထည်သည် ချောင်းငယ်အတိုင်း မြောလာသည်ဖြစ်ရာ၊ ချောင်းဖျားဘက်သို့လိုက်လျှင် ခြုံထည်ရှင် ကိုသော်၎င်း၊ ခြုံထည်နှင့်ပတ်သက်သော သဲလွန်စကိုသော်၎င်း၊ တွေ့ရမြင်ရပေမည်။ သူ့တာဝန်အရ ဗမာပြည်ထဲရောက်နေပြီဖြစ်၍ ကူညီမည့် စစ်တပ်အဆက်အသွယ်ကိုရှာရင် တချက်ခုတ် နှစ်ချက်ပြတ် အလုပ်ကို လုပ်ရန်ပင်ဖြစ်သည်။

မေဂျာဝှိုက်က ထူးဆန်းသောခြုံထည်ကို ဘောင်းဘီအိတ်ထဲသေချာစွာ ထိုးထည့်ထားလိုက်၏။ ထို့နောက် စစ်သားတယောက်ပြင်ပေးသော ညစာ လဘက်ရည် ပေါင်မုန့်ခြောက် သိုးသားဘူးကို ဆာ ဆာဖြင့် စားသောက်နေရင်းမှ ခြုံထည်ပိုင်ရှင်သည် မြင်သူငေးအောင် ချောမွေ့လှပသော မိန်းမပျိုတ ယောက်ဖြစ်လေမည်လား မည်သည့်လူမျိုးဖြစ်မည်နည်းဟု မှန်းဆတွေးတောမြင်ယောင်နေလေသည်။
ထူးဆန်သောခြုံထည်ကို စိတ်ဝင်စားစွာ တွေးတောရင်းဖြင့် မေဂျာဝှိုက်အိပ်ပျော်သွားခဲ့၏။ မည်မျှကြာ အာင် အိပ်ပျော်သွားသည်မသိ သူ့နားထဲတွင်
''ဗိုလ်မှူး ဗိုလ်မှူး''

ဟူသော ခေါ်သံက အဆက်မပြတ်ဝင်လာသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြင့် လေးလံသော မျက်ခွံ ကို အားယူဖွင့်ကြည့်လိုက်သည်။ အနည်းငယ်မျှသော တောက်ပနေတော့သည့် မီးပုံမှ မီးအလင်းရောင် တွင် သူ့အိပ်ရာခြင်းရင်း၌ ရပ်နေသော သူ့လက်အောက်မှ လက်ဖတင်နင် စစ်ဗိုလ်ကလေးကို တွေ့ ရသည်။
''ငါ့ကို နှိုးနေတာလား လက်ဖတင်နင်''
မေဂျာဝှိုက်က မေးသည်။
''ဟုတ်ပါတယ် ဗိုလ်မှူး''

လက်ဖတင်နင်ကဖြေ၏။ ဗိုလ်ကလေး၏မျက်နှာအမူအရာကား ရန်သူအရိပ်အခြေတွေ့၍ စိုးရိမ်သော ဟန်မူရာမျိုးမဟုတ်ဘဲ ထူးဆန်းသည့်အရာကိုတွေ့၍ အံ့သြသည့်အမူအရာမျိုးဖြစ်သည်။
''ထူးဆန်းတဲ့အရာကို ကင်းစောင့်တွေရော ကျွန်တော်ရော အားလုံးတွေ့ကြရတယ်။ ဘယ်လိုလူက ဘာအချက်ပြတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့သဘောမပေါက်နိုင်ဘူး။ ဒါကြောင့် ဗိုလ်မှူးကို လာနှိုးရ တာပါ၊ ဟောဟိုမှာ ကြည့်ပါ ဗိုလ်မှူး''

လက်ဖတင်နင်က ပြောပြောဆိုဆိုနှင့် သူတို့တတွေ တပ်စခန်းချထားသည့် နေရာမှမြောက်စူးစူးဆီသို့ လက်ညှိုးညွှန်ပြသည်။ မေဂျာဝှိုက်က ထိုင်နေရာမှ လျင်မြန်စွာ ခုန်ထပြီး လက်ဖတင်နင်ညွှန်ပြရာသို့ ကြည့်လိုက်၏။ တွေ့ရသောမြင်ကွင်းကြောင့် မေဂျာဝှိုက်အဖို့များစွာ အံ့သြသွားလေသည်။

မှုံရီမှုံမွှားသာနေသော လအကွေးကလေးနှင့် ကြယ်ရောင်တို့၏ မှောင်မှိုင်းမှိုင်းမျှသော အလင်းရောင် အောက်ဝယ်မြင့်မားသော တောင်ကြီးက ညို့ညို့မှိုင်းမှိုင်းကြီးဖြစ်နေသည်။ ထိုတောင်ထိပ်ထက်ဝယ် ရောင်စုံ ၀င်းလက်ပြိုးပြိုးပြက်နေသော ရောင်ခြည်များက ညအမှောင်တွင် အံ့မခန်းဘွယ် ဆန်းကြယ်စွာ တွေ့နေ ရသည်။

''ဒီတောင်မြင့်မြင့်ကြီးက ဒို့ဒီနေရာမှာ ရောက်ကာစ ညနေကဘဲ ငါသတိထားခဲ့မိတယ်။ ဒို့စခန်းချတဲ့နေ ရာကဆိုရင် ညနေက ငါ့စိတ်မှန်းမှာ မိုင်သုံးဆယ်ကျော်လောက်တော့ အနည်းဆုံးဝေးကွာမှာဘဲလို့ မှန်း ခဲ့မိတာဘဲ။ ညနေက ဒို့တွေ့ရတာကတော့ ငါ့မှန်ပြောင်းထဲအမြင်မှာ ဘာမှထူးထူးခြားခြားမရှိတဲ့ သာ မန်တောင်ကြီးတခုပါဘဲကွာ၊ အခုဒီဝင်းဝင်းပြောင်ပြောင်အရောင်တွေက ဘယ်လိုပေါ်လာပါလိမ့်''
မေဂျာဝှိုက်က ပြောရင်း သူ့လက်ပတ်နာရီကို ငုံ့ကြည့်၏။ ညကြည့်လက်ပတ်နာရီက သန်းခေါင်ကျော်ပြီး ၍ တနာရီပင် ထိုးပြီးနေလေပြီ။

ဆက်ရန်
.

No comments: