အေ့ဒ်(စ်)ရောဂါရရင်လည်း လူတွေက် ရှက်ပြီး အစိုးရက အလကားပေးတဲ့ ဆေးတွေကို သွားမယူဘူး၊ အခြေအနေ ဆိုး မှ ဆေးရုံသွားတယ်။ ဘယ်သူမှပြန်ပေါ်မလာကြတော့ဘူး။ အဲဒီလို အသိပညာမဲ့လွန်းလို့ပဲ အာဖရိက ဟာ အေ့ဒ်(စ်)နဲ့ သေရတဲ့ လူဦးရေအများဆုံး ဒေသ ဖြစ်ခဲ့ရတယ်။
တစ်နေ့မှာ ၀င်ဘီက ကျန်းမာရေးဝန်ထမ်းတွေ ရောက်လာတယ်။ ရွာသားတွေကို HIV နဲ့ AIDS ပညာပေး ရေး အတွက် လူငယ်အဖွဲ့ တစ်ဖွဲ့ ဖွဲ့တယ်။ သင်တန်းပေးတယ်။ ကျွန်တော် နဲ့အတူ ဂျက်ဖရီရော၊ ဂီးလ်ဘတ် ပါ အသင်းဝင်ပြီး သင်တန်းတက်ကြတယ်။ ကျွန်တော်တို့ အရွယ်တွေ အများကြီး ပါပဲ။ ကျွန်တော့်လို ကျောင်းဆက် မနေနိုင်တဲ့ ရွယ်တူတွေလည်း ပါတယ်။ သင်တန်းမှာ ကျွန်တော်ပျော်နေတယ်။ ကျောင်းတက် နေရသလို စိတ်ထဲ ထင်နေတယ်။
ဆရာဝန်တွေပါ ရောက်လာပြီး ဆေးခန်းဖွင့်တယ်။ ကျွန်တော်တို့လူငယ်တွေ တက်တက်ကြွကြွ ရှိနေတာ တွေ့ရလို့ ဆရာဝန်တွေ အားတက်နေကြတယ်။ ကျွန်တော်ကို လည်းသူတို့ခင်ကြတယ်။ တစ်နေ့မှာ ကျွန်တော့ ပြဇာတ် ကို သူတို့က တိုက်တွန်းတယ်။
အားတိုင်း ကျွန်တော် ကြိုးစားပြီးရေးတယ်။ ကျွန်တော့ပြဇာတ်ကို 'အဖုံးကြည့်ပြီး စာအုပ်ကို မဆုံးဖြတ်ပါနဲ့' လို့ နာမည်တတ်လိုက်တယ်။
နောက်နှစ်ပတ်ကြာတော့ ပြဇတ်ကို ဈေးရုံရှေ့မှာ ကဖို့ လုပ်ကြတယ်။ ကျွန်တော်နဲ့ ဂီးလ်ဘတ်က ပိစတာ တွေ လိုက်ကပ်တယ်။ လူမျိုးစု အကြီးအကဲ အသစ်ကိုလည်း ကျွန်တော်တို့ သွားစည်းရုံးတယ်။ လူစု ပေးဖို့လေ။ သူကဂီးလ်ဘတ်ရဲ့ ညီအစ်ကိုဝမ်းကွဲ တစ်ယောက်ပဲ။
ကမယ့်မနက်မှာ ဇာတ်တိုက်ထားတဲ့ ကျွန်တော်တို့တစ်တွေ ဇာတ်ရုံကို သွားရင်း လမ်းမှာ အော်သွားတယ်။ လာကြ လာကြ HIV ပြဇာတ်ကို လာကြည့်ကြ၊ ရယ်စရာအခန်းတွေ လည်းပါမယ်။
ဇာတ်လမ်း က ဒီလို။ မြို့တော်လီလွန်းဂွေမှာ လင်မယား နှစ်ယောက်ရှိတယ်။ (သူငယ်ချင်းနှစ်ယောက်ကို မင်းသား မင်းသမီး နေရာမှာ သရုပ်ဆောင်ခိုင်းတယ်။ မင်းသားက ခရစ်တိုဖာ၊ မင်းသမီးက မက်စီ)၊ ယောကျာ်းလေး က မိန်းမကို ပြောင်းစိုက်ဖို့ တောကို လွှတ်လိုက်တယ်။ ပင်ပန်းလွန်းတော့ အပူဒဏ် မခံနိုင် တဲ့ မိန်းမဟာ တစ်နေ့တခြား ပိန်လာတယ်။ မြို့ကို ပြန်သွားတော့ ယောကျာ်းလုပ်တဲ့လူက ဒေါသတကြီးနဲ့ မေးတယ်။
'နင် ဘာဖြစ်လာတာလဲ'
'ကျွန်မ အလုပ်ကြမ်းနဲ့ နေပူဒဏ်ကို မခံနိုင်ဘူး'
' နင်ငါ့ကို ညာတာ၊ နင်တခြားလူတွေနဲ့ အတူတူအိပ်လို့ အေ့ဒ်(စ်) ရောဂါရလာတာ မဟုတ်လား'
မိန်းမ က ဒီရောဂါအကြောင်း ဘာမှန်းမသိဘူး၊ သူတောမှာ ရောက်နေတုန်း ယောက်ျားက အရက်သောက် ပြီး အပေါ်အပါး လိုက်နေတယ်။
မိန်းမ က ဘယ်ယောက်ျားနဲ့မှ မဖောက်ပြားရပါကြောင်း ရှင်းပြပေမယ့် ယောက်ျားက လက်မခံဘူး။
'သွား ခု တောပြန်၊ ကြိုက်တာလုပ်၊ ငါ့အိမ်ပေါ်က ဆင်း' ဆိုပြီးမောင်းချတယ်။
လင်မယား ရန်ဖြစ်နေတုန်းမှာ ဧည့်သည်ရောက်လာတယ်။ (အဲဒီဧည့်သည်က ကျွန်တော်ပေါ့)
ဧည့်သည် က ၀င်ဖျန်ဖြေတယ်။
ဘယ်လို ဖြစ်ကြတာလဲဗျာ၊ ကျွန်တော့်ကို ပြောပါဦး
မိန်းမ ကို ပြောင်းစိုက်ဖို့ တောလွှတ်လိုက်တယ်၊ ကြည့်ပါဦးကွာ၊ ပမ္မဌာန်းရုပ်ပေါက်ပြီး ပြန်လာတယ်။ အလုပ် ပင်ပန်း လွန်းလို့၊ နေပူလွန်းလို့ တဲ့။ ငါက အပြတ်ပြောလိုက်တယ်၊ နင် အေ့ဒ်(စ်) ရောဂါ ရလာတာလို့။
အဲဒီမှာ ကျွန်တော် (ဧည့်သည်) က ၀င်ရှင်းပြတယ်။
'ဒီလို ရှိပါတယ်ဗျာ၊ လူတစ်ယောက်မှာ အေ့ဒ်(စ်)ရှိမရှိဆိုတာ ဒီအတိုင်းကြည့်ပြောလို့ မရဘူး။ ပိန်တိုင်း အေ့ဒ်(စ်) မဟုတ်ပဘူး။ အာဟာရ ချို့တဲ့လို့၊ အဆုတ်ရောဂါရှိလို့လည်း ဖြစ်နိုင်တာပါပဲ၊ ပိန်ရခြင်း အကြောင်း တွေ အများကြီးပါ။ အစိုးရက ဖွင့်ထားတဲ့ဆေးခန်းမှာ သွားစစ်ကြည့်တာဟာ အသေအချာဆုံးပါပဲ'
ဟုတ်ပြီ၊ ဒါဆိုလာ၊ သွားစစ်မယ်၊ ဒါမှရှင်းမယ်။
ဆေးခန်းရောက်တော့ သူ့မိန်းမကို မသင်္ကာလို့ စစ်ပေးပါလို့ ဆရာဝန်(ဂီးဘတ်) ကိုပြောတယ်။ ဆရာဝန်က နှစ်ယောက် စလုံး စစ်ရမယ်ဆိုပြီးစစ်တော့ ယောကျာ်းမှာ ပိုးတွေ့ပြီး မိန်းမမှာ မတွေ့ဘူး။
အဲဒီ မှာ ယောက်ျားက မကျေမနပ်ဖြစ်ပြီး ဟာ မဖြစ်နိုင်တာပဲ၊ ခင်ဗျား၊ ကျွန်တော့်ကို လိမ်တာ။
ခင်ဗျား ကို ကျွန်တော် မလိမ်ပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ခင်ဗျားဘ၀ မဆုံးပါဘူး၊ စည်းကမ်းချက် နည်းနည်း ပါးပါးကို လိုက်နာပြီး နေသွားရင် ခင်ဗျားအသက်ရှင်နိုင်ပါတယ်။
အဲဒီတော့ မှ မိန်းမက ကြောက်လာပြီး
ကျွန်မ ရှင်နဲ့ မနေရဲတော့ဘူး၊ ရှင်ပြောတဲ့အတိုင်း ကျွန်မတောမှာ ပြန်နေတော့မယ်။
ဆရာဝန် က ဒါလည်း မဟုတ်သေးဘူး၊ ခင်ဗျားတို့ အတူနေလို့ ရပါတယ်၊ အဲဆောင်ရန် ရှောင်ရန် ကလေးကိုတော့ သတိထားရမယ်ပေါ့။
ဒီတော့ မှ မိန်းမက သက်ပြင်းချပြီး ယောက်ျားကို ဖက်တယ်။
ဟုတ်လား၊ ဒါဆို ကျွန်မ ယောက်ျားနဲ့ တစ်သက်လုံး မခွဲတော့ဘူး။ သေတဲ့အထိ အတူတူ နေမယ်။
ပြဇာတ်ပြီးတော့ လက်ခုပ်သြဘာသံတွေ ဆူညံသွားပါတယ်။ ကျွန်တော်တို့ ပြဇာတ်တို ကလေးဟာ ဘာမှ မဟုတ်ပေမယ့် လူတွေ စစ်ရဆေးရမှန်း သိလာကြတယ်။ နတ်တွေ စုန်းတွေ ယုံတဲ့လူတွေလည်း ဆေးခန်းကို ရောက်လာကြတယ်။
ကျွန်တော်လည်း ဇာတ်ဆရာအဖြစ်နဲ့ လူချစ်လူခင် ပိုများလာပါတယ်။ ၀င်ဘီ မူလတန်း ကျောင်းဆရာက သူ့ ကျောင်းမှာ သိပ္ပံကလပ်တစ်ခု ဖွင့်ဖို့ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ သူကလ်ေရဟတ်ကို သဘောကျ နေတဲ့ ကျွန်တော့် ပရိသတ်လေ။ သူ့ကျောင်းဝင်းထဲမှာ တစ်ခု ဆောက်ချင်တယ်လို့လည်း ပြောပါတယ်။
မင်း ရဲ့ သိပ္ပံပညာကို ကလေးတွေ သိပ်သဘောကျနေကြတယ်ကွ၊ အားလည်းကျ နေကြတယ်။
ဟုတ်ကဲ့၊ လုပ်ကြတာပေါ့ ဆရာ။
ကျောင်းထဲမှာ ကျွန်တော်ဆောက်တဲ့ လေရဟတ်က ခပ်သေးသေးပါ။ ကျွန်တော် စ စမ်းဆောက်တဲ့ အရွယ် လောက်ပါပဲ။ ကြိုးနဲ့ ရေဒီယို ဆက်ပြီး အသံထွက်လာတဲ့နေ့က ကလေးတွေ ဆူညံသွားပါတယ်။ သီချင်း လာနေချိန် ဆိုတော့ သူတို့ အကြိုက်ပေါ့။
နောက်ပိုင်းမှာ ဆရာကြီးက ကလေးတွေကို သီချင်းနားထောင်ခွင့်မပေးပါဘူး၊ ဒါပေမဲ့ ကလေးမိဘ တွေ လာပြီး ဖုန်းဘတ်ထရီ အားသွင်းရင်တော့ အချိန်မရွေး လုပ်ပေးပါတယ်။
တနင်္လာနေ့တိုင်း ကလေးတွေကို အခြေခံသိပံ္ပအကြောင်း ပြောပြပါတယ်။ အသစ်ထွင်ဖို့ ဘယ်လို အရေးကြီးကြောင်း ပြောပြပါတယ်။ ဥပမာ မှင်ကို မီးသွေးနဲ့ ပထမဦးဆုံး လုပ်ရတဲ့ အကြောင်းမျိုးပေါ့။ ပြီးတော့ တယ်လီဖုန်း အကြောင်းပြောရင်း အပ်ချည်ကြိုးနဲ့ နို့ဆီခွက်သုံးပြီး သရုပ်ပြပါတယ်။ စာအုပ်ထဲမှာ တွေ့တဲ့နည်းပါ။
သိပ္ပံ ကို အခြေခံပြီး တို့တစ်တွေ အများကြီး တီထွင်နိုင်တယ်၊ အသစ်အဆန်းတွေ လုပ်နိုင်တယ်၊ အဲဒါမှ အခြေအနေ တွေ တိုးတက်လာမယ်၊ အဲဒီလိုလုပ်နိုင်ရင် မာလာဝီ တိုးတက်လာမယ်။
လေရဟတ်ကို သဘောကျပြီး ကလေးတွေ သူတို့အိမ်မှာ ကစားစရာ လေရဟတ်ကလေး တွေ ဆောက်ကြတာ တွေ့ရတယ်။ အဲဒီ ကစားစရာလေးတွေသာ တကယ့်လေရဟတ်တွေ ဖြစ်လိုက်ရင် ကျွန်တော် တို့ တောင်ကြားရွာ တစ်ခုလုံး လင်းထိန်နေမှာပဲလို့ ကျွန်တော် တွေးကြည့်နေမိပါတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်ကူး ဟာ အရူးတစ်ယောက်ရဲ့ အိပ်မက်မျိုး ဖြစ်နေပါတယ်။

အခန်း ၁၄
၂၀၀၆ ခုနှစ် နိုဝင်ဘာလ အစောပိုင်းမှာ မာလာဝီဆရာဖြစ်သင် ကောလိပ်က အဖွဲ့တစ်ဖွဲ့ ၀င်ဘီမူလတန်း ကျောင်း ကို စစ်ဆေးဖို့ ရောက်လာပါတယ်။ အဲဒီမှာ ကျောင်းဝင်းထဲက လေရဟတ်ကို သူတို့မြင်သွားပြီး စာကြည့်တိုက်မှူး မစ္စက်ဆီကိုလိုကို ဘယ်သူဆောက်တာလဲမေးပါတယ်။
ဆက်ရန်
.
No comments:
Post a Comment