Wednesday, February 16, 2011

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၂၈)

တင်းထားပေမယ့် ဂီးလ်ဘတ်တစ်ယောက် စိတ်အား အတော် ငယ်နေပုံရပါတယ်။ ကျွန်တော်တို့ အားပေး ပေမယ့် သိပ်ခရီးမရောက်သလိုပါပဲ။
အသုဘအခမ်းအနားကို မူလတန်းကျောင်းရှေ့ ကွက်လပ်မှာ မဏ္ဍပ်ထိုးပြီး ကျင်းပပါတယ်။ ရွာနီးချုပ်စပ်က အခြား လူမျိုးစု အကြီးအကဲတွေ၊ အစိုးရအရာရှိတွေ အသုဘရှု ရောက်လာကြပါတယ်။ ၀င်ဘီတစ်ဝိုက်က ဗလီ ဆရာတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေလည်း ရောက်လာကြပါတယ်။

ရိုးရာဓလေ့အတိုင်း ဗုံတိုတွေတီးပြီး မရဏကချေသည် လူငါးဆယ်လောက်က နွားခေါင်းပုံသဏ္ဍာန် မျက်နှာဖုံးတွေ စွပ်ပြီး သစ်သားခေါင်းပတ်ပတ်လည်မှာ လှည့်ပတ်ခုန်ပေါက်ပြီး ငိုကြတယ်။ သူတို့တစ်ကိုယ် လုံး သိမ့်သိမ့်တုန်ပြီး ကကြခုန်ကြတယ်။ ကိုယ်ကို မြေကြီးနဲ့ ထိလုမတတ် ပြိုင်တူ ကုန်းပြီး ခြေထောက်ကို ဆောင့်ရင်း လက်တွေနဲ့ မြေကြီးကို တံမြက်စည်း လှည်းကြတယ်။ သူတို့ရဲ့ အကြီးအကဲကို ကမ္ဘာမြေကြီးကို ပို့တော့မယ် ဆိုတဲ့ အဓိပ္ပာယ်။

သည်ပွဲပြီးမှ အလောင်းကို လူတွေတန်းစီးပြီး ဘုရားကျောင်းကို သယ်သွားကြတယ်။ အန်ကယ်ဂျွန်တုန်း ကလိုပဲ တွင်းတူးထားတယ်။ ခေါင်းကို မြေမချခင် ပန်းကုံးတွေ ချကြတယ်။ ဆုတွေ တောင်းကြတယ်။ ကာကီယူနီဖောင်းဝတ် မစ္စတာငွါတာက သေနတ်တစ်ချက် မိုးပေါ်ထောင်ဖောက်လိုက်တယ်။ သူက အကြီး အကဲရဲ့ ဆက်သား။ အကြီးအကဲရဲ့ ခေါင်းတလား မြေချတော့ အားလုံး ၀မ်းနည်းပမ်းနည်း ငိုကြွေးကြတယ်။

ကျွန်တော်တို့ရဲ့ လူမျိုးအကြီးအကဲ ဆုံးပြီးတာနဲ့ ကျွန်တော်တို့ တိုင်းပြည် သရောကြီးခိုင်းပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကံကောင်းထောက်မစွာနဲ့ နိုင်ငံရေး ရာသီဥတု ပြောင်းလာတယ်။ ၂၀၀၄ခုနှစ် မေလမှာ သမ္မတမူလူဇီကို ဖြတ်ချပြီး ရွေးကောက်ပွဲလုပ်ပေးဖို့ တိုင်းပြည်က အုံကြွတောင်းဆိုကြတယ်။ ပြီးတော့ ဘင်ဂူဝါမူသာရီကာကို သမ္မတ မြှောက်လိုက်ကြတယ်။ မူသာရီကာက တိုင်းပြည်မှာ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်။ အမေရိကန်မှာ စီးပွားရေးပါရဂူဘွဲ့ ရခဲ့တဲ့လူ။ ကုလသမဂ္ဂမှာ အဆင့်မြင့် ရာထူးရထားတဲ့လူ။

သူ အာဏာရလာလာချင်း တောဆင်းပြီး တောင်သူ လယ်သမားတွေအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေး မယ်လို့ ကတိပေးတယ်။ ပြောတဲ့အတိုင်း စိုက်ပျိုးရာသီမှာ ဓာတ်မြေသြဇာတွေ ထုတ်ပေးတယ်။ ကျွန်တော် တို့ မိသားစု ဓာတ်မြေသြဇာမ၀ယ်နိုင်တာ သုံးနှစ်ရှိပြီ။ အစိုးရဆီက ၀ယ်ခွင့်ရရင် တစ်အိတ် ကိုးရာ့ ငါးဆယ် ပဲ ပေးရတယ်။ အပြင်မှာ လေးထောင့်။ တစ်အိမ်ထောင်အတွက် ကူပွန်လေးခုရတယ်။ စီမံချက် ကောင်းပေမယ့် တိုင်းပြည်မှာ အရိုးစွဲနေတဲ့ ခြစားမှုကတော့ ရှိနေမြဲပါပဲ။ ကူပွန်တွေကို အရာရှိတွေ၊ အမှုထမ်း တွေက တစ်ဆင့် ဝေတော့ သတ်မှတ်ဈေးထက် ပိုပေးရတာပါပဲ။
ဝင်ဘီ မှာ သွားထုတ်ရတယ်။ ထုံးစံအတိုင်း လူတန်းက အရှည်ကြီး၊ အဖေက နှစ်အိတ်ထုတ်ပြီး ပြန်သွားနှင့် တယ်။ ကျွန်တော့်အလှည့်ရောက်တော့ သက်ဆိုင်ရာတွေက အလှည့်ကျော်ပြီး သူတို့ဆွေမျိုးတွေ ထုတ်ပေး တယ်။ ပြီးလည်းပြီးရော ဂိုဒေါင်ကို ပိတ်ပစ်လိုက်တယ်။ လယ်သမားတွေ ဒေါသထွက်ကြရောပေါ့။

ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ ကျွန်တော်က ပြေးပြီး ပြတင်းပေါက်ကနေအထဲ လှမ်းကြည့်တာပေါ့။ ဘာသဘော လဲလို့။ အဲဒီမှာ လုံခြုံရေး တစ်ယောက်က ကျွန်တော့်ကို နောက်ကနေပြီး ရေပိုက်လုံးနဲ့ ရိုက် တယ်။

"ဟေ့ မျောက်လောင်းတွေ၊ ဘာလုပ်တာလဲ၊ ထွက်သွား" ဆိုပြီး မောင်းထုတ်တယ်။ ကျွန်တော်က သူ့လက်ထဲက ပိုက်လုံးကို ဆွဲလုတယ်။ မရဘူး၊ ကျွန်တော့်ကို တရွှမ်းရွှမ်း ထပ်ရိုက်တယ်။ ကျွန်တော် ထွက်ပြေးရတော့တာပေါ့။ ကျွန်တော့်အနားက ချာတိတ်တွေလည်း အရိုက်ခံရတယ်။ ကျွန်တော် သူ့ကို ခံချ ချင်တယ်။ ဒါပေမဲ့ ဗလချင်းကကွာတော့ အံခဲပြီး ကျွန်တော် အော်ပြောလိုက်တယ်။
"ကျွန်တော့်အဖေ ပြန်သွားတာ ခင်ဗျား ကံကောင်းတယ် မှတ်ပါ "

နောက်နေ့မှာ ကျွန်တော်တို့ နှစ်အိမ်ထပ် ရပါတယ်။ ပထမပိုင်းမှာ မိုးက ပုံမှန်အတိုင်း ရွာလို့၊ ပုံမှန်အတိုင်း ကျွန်တော်တို့ စိုက်နိုင်ခဲ့ပါတယ်။
 ဇန်န၀ါရီလထဲမှာ အပင်ပေါက်ကလေးတွေ ခြေချင်းဝတ်လောက်အထိ တက်နေပါပြီ။ မိုးမှန်ပြီး မြေသြဇာ တန်ခိုးကြောင့် ကွင်းပြင်တစ်ခုလုံး စိမ်းစိုစပြုလာပါပြီ။ ဒါပေမဲ့ အပင်တွေ ကျွန်တော့်အဖေရဲ့ ဒူးလောက် အရောက်မှာ မိုးက ရုတ်ချည်း ရပ်သွားပါတော့တယ်။ မိုးလင်းပြီးဟေ့ဆိုတာနဲ့ နေက အညှိုးကြီးကြီးနဲ့ ရက်ရက်စက်စက် ပူတော့တာပဲ။ မကြာပါဘူး။ အရွက်ကလေးတွေ လိမ်တွန့်ပြီး ခြောက်စ ပြုလာပါတော့ တယ်။

"နောက်နှစ်တော့ မလွယ်ပါဘး ထင်တယ်"
အဖေက နိမိတ်ဖတ်ပါတယ်။
"ဒီတစ်ခါ ဆိုရင်တော့ ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူး ထင်တယ် အဖေ"
ဖေဖော်ဝါရီလထဲမှာ မိုးနည်းနည်း ပြန်ရွာပါတယ်။ ဒါပေမဲ့ အပင်တွေ ပုံမှန် ပြန်ရောက်မလာနိုင်တော့ပါဘူး။ ရိတ်သိမ်းရာသီမှာလည်း အခြေအနေ မကောင်းနိုင်တော့ပါဘူး။ အစိုးရက တစ်ခုခု လုပ်ပေးမယ်လို့ ကြေငြာ ပါတယ်။ လူတွေကတော့ စိတ်လည်းဆိုး၊ ကြောက်လည်း ကြောက်နေကြပါတယ်။

၂၀၀၂ခုနှစ် အငတ်ဘေးတုန်းက ကျွန်တော်တို့တစ်တွေ မူလူဇီအစိုးရကို ဒေါသထွက်ခဲ့ကြတယ်။ အရံရိက္ခာ တွေကို နိုင်ငံခြားထုတ်ရောင်းလို့ လူထုက ဒေါသထွက်ခဲ့တာ။ ဒီတစ်ခါတော့ တစ်မျိုး၊ လူတွေက ရာသီဥတု ဖောက်ပြန်တာကို မပြောဘဲ အယူသည်းမှုတွေ ရှေးတန်းတင်လာကြတယ်။

ကျွန်တော်တို့ တိုင်းပြည်က ရှေ့မှာပြောခဲ့သလို စုန်းတွေ၊ နတ်တွေ၊ တစ္ဆေတွေကို သိပ်ယုံတဲ့ တိုင်းပြည်ပါ။ လူတွေ ချောက်ချောက်ချားချား ဖြစ်နေချိန်မှာ အဲဒီ မဟုတ်ကဟုတ်က အဖြစ်တွေက ဆက်တိုက်ပေါ် လာနေတယ်။ ပြီးခဲ့တဲ့ ငတ်ဘေးတုန်းကလည်း အလားတူ သတင်းတွေ ဖြစ်ခဲ့သေးတယ်။ မာလာဝီ တောင်ပိုင်းကလာတဲ့ သတင်းပါ။ အစိုးရက သွေးစုတ်ဖုတ်ကောင်တွေမွေးပြီး လူတွေရဲ့သွေးတွေကို ညညမှာ လိုက်စုတ်ခိုင်းတယ်တဲ့။

ပြီးတော့ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေကို ရောင်းစားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားပြီး ဆူဆူပူပူတွေ ဖြစ်လာတယ်။ အဘိုးကြီး တစ်ယောက်ကို သေတဲ့အထိ ကျောက်ခဲနဲ့ ၀ိုင်းပေါက်ကြတယ်။ ခရစ်ယာန်ဘုန်းကြီးသုံးပါး အရိုက်ခံရတယ်။ နောက်ဆုံးမှာ သွေးစုတ် ဖုတ်ကောင်တွေ သူတို့ မွေးမထားကြောင်း အစိုးရက ကြေညာချက် ထုတ်ပေးရတယ်။ ဒါပေမဲ့ အဲဒီ ကောလဟာလတွေ ငြိမ်မသွားဘူး။ နောက်တော့ သမ္မတကိုယ်တိုင် မိန့်ခွန်းပြောယူရတယ်။

    'ဘယ်အစိုးရမှ သူ့တိုင်းသူပြည်သားတွေရဲ့ သွေးကို စုတ်ဖို့ သွေးစုတ်ဖုတ်ကောင် မမွေးကြပါဘူး။ ဒါ သက်သက် အစိုးရ အကြည်ညိုပျက်အောင်လုပ်တဲ့ သတင်းပါ'
    အလားတူ သတင်းတွေ ထွက်လာပြန်ပါသည်။ ဒိုဝါမှာ ထူးဆန်းတဲ့ သတ္တ၀ါကြီးတစ်ကောင် ပေါ်နေတယ်တဲ့။ ရွာတွေထဲဝင်ပြီး သတ်ဖြတ် ဖျက်ဆီးနေတယ်တဲ့။ တစ်ချို့က ပြောတယ်။ ခွေးတူဝက်တူ ကောင်မျိုးကြီးတဲ့။ တချို့က တောခွေးမျက်နှာနဲ့ ခြင်္သေ့ကြီးတဲ့။ တစ်ညတည်း ရွာသားသုံးယောက်ကို ကိုက်သတ်လိုက်သတဲ့။ ဆယ့်ခြောက်ယောက်ကို ခြေတွေ လက်တွေ ကိုက်ဖြတ်သွားတယ်တဲ့။

    ဒီလို သတင်းဆိုးတွေကြောင့် ရွာသားတွေ အိမ်ထဲမှာ မနေရဲတော့ဘဲ တောထဲ ထွက်ပြေးကြတယ်။ အဲဒီတော့မှ တောတိရစ္ဆာန်မျိုးစုံရဲ့ ဘေးနဲ့ တိုးတော့တာ။
    နောက်ဆုံး အဲဒီရွာကို ရဲက ၀င်ထိန်းပေးရတဲ့အထိ ဖြစ်သွားတယ်။ ရဲတွေက အဲဒီ ဘာမှန်းမသိတဲ့ သတ္တ၀ါကြီးကို ချောင်းပစ်ကြတယ်တဲ့။ သတင်းစာတွေထဲမှာ သတင်းပါလာပြန်ပါတယ်။ ရဲက တစ်ချက် ပစ်ရင် အဲဒီသတ္တ၀ါကြီးဟာ သုံးကောင်ဖြစ်သွားပြီး တောထဲကို ထွက်ပြေး ပျောက်ကွယ်သွားတယ်တဲ့။

    တစ်နေ့မှာ တောရွာအပြင်မှာ ခွေးတစ်ကောင် သေနတ်ဒဏ်ရာနဲ့ သေနေတာ တွေ့ကြရတယ်တဲ့။ ဒီတော့မှာ ရွာသားတွေ အိမ်ပြန်အိပ်ရဲကြတာပါ။ ဇာတ်လမ်းက ဒီမှာ မဆုံးသေးဘူး။ ရွာက လူကြီးတွေ အဲဒီခွေးကို မြေမမြှုပ်ခင် မီးရှို့တော့ လုံးဝ မီးမစွဲဘူးတဲ့။

    ဒီကိစ္စပြီးတော့ နောက်သတ္တ၀ါတစ်ကောင် ပေါ်လာပြန်တယ်တဲ့။ ဒီသတ္တ၀ါက မှော်အတတ်နဲ့ ဖန်ဆင်းထားတဲ့ သတ္တ၀ါတဲ့။ လူတစ်ယောက်ဟာ မှော်ဆရာတစ်ဦးဆီက လျှပ်စီးနဲ့ မိုးကြိုးတွေ ၀ယ်သတဲ့။ ငွေပေးရမယ့် အချိန်မှာ မပေးလို့ မှော်ဆရာက ဒီရွာကို ဒဏ်ခတ်တာတဲ့။ အဲဒီလူရဲ့ မိသားစုတွေတင် မကဘူး၊ တစ်ဆွေလုံး တစ်မျိုးလုံး ကိုက်သတ်ခံရတယ်တဲ့။
    အဲဒီလို အယူသည်းမှုတွေ၊ မှော်ကဝေသတင်းတွေက ကျွန်တော်တို့ ရွာဘက်ကို တဖြည်းဖြည်း ရောက်လာတယ်။
*
လူတွေ တစ်နေ့တခြား အထိတ်တလန့် ဖြစ်လာကြတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်ထဲ ၀င်လာတယ်။ ပြောင်းတွေ သိပ်မအောင်ဘူး၊ မိုးကို မျှော်ကြရပြန်တယ်။
    တစ်နေ့မှာ မိုးတွေ ညို့လာတော့ လူတွေ ဆွေ့ဆွေ့ခုန် ၀မ်းသာနေကြတာပေါ့။ ရွာတော့မယ့် ဆဲဆဲမှာ မိုးသားတွေ လွင့်သွားပြီ လေတွေတိုက်လာတယ်။
    အဲဒီမှာ အယူသည်းမှုဟာ မထင်ဘဲနဲ့ ကျွန်တော့ဘက် လှည့်လာတယ်။ မွှတ်နေအောင်လည်နေတဲ့ ပန်ကာရွက်ကြီးကို ကြည့်ပြီး လူတွေ လက်ညှိုးထိုး ပြောနေကြတယ်။
    'ကြည့်စမ်း၊ အဲဒီ လေရဟတ်ကြီးက မိုးကို မောင်းထုတ်ပစ်လိုက်တာ၊ ဒါကြီးဟာ မကောင်းဆိုးဝါးပဲ'

    'ဒါဟာ စုန်းမျှော်စင်ကြီးပဲ။ ဒါကြီးက စုန်းတွေကို ခေါ်နေတာ။ ဟုတ်တယ်၊ ဒီကောင်လေးကြောင့် ရွာထဲကို စုန်းတွေ၊ တစ္ဆေတွေ ရောက်လာလိမ့်မယ်'
    ကျွန်တော်က အော်ပြီး ပြန်ပြောပါတယ်။
    'မဟုတ်ဘူး၊ မိုးခေါင်တာ တစ်နိုင်ငံလုံးမှာ ခေါင်နေတာ၊ ကျွန်တော့ လေရဟတ်နဲ့ ဘာမှ မဆိုင်ဘူး'
    'မဟုတ်ဘူး၊ ငါတို့ မျက်မြင်ကိုယ်တွေ့ပဲ'

    ဒုက္ခပါပဲ။ ကျွန်တော် ကြောက်လာတယ်။ ဒီလူသိုက်က မဟုတ်တရုတ်တွေ လျှောက်ပြောပြီး ကျွန်တော့် လေရဟတ်ကို လာဖျက်မှဖြင့်။ နောက်တစ်ပတ်လုံးလုံး ကျွန်တော် အပြင်မထွက်ဘဲ အိမ်ထဲမှာ ကုပ် နေပါတယ်။ တော်ပါသေးရဲ့။ လေငြိမ်နေတော့ ပန်ကာရွက်တွေ မလည်တော့ဘူး၊ ဒါကြောင့် ရွာသားတွေရဲ့ အာရုံ ကျွန်တော့်ဆီ ရောက်မလာတော့ဘူး။
    ဒါပေမဲ့ ဂီးလ်ဘတ်ကို လာမေးတဲ့လူက မေးတယ်။

    'ကျွန်တော်ဟာ စုန်းလားပေါ့၊ ဒီလေရဟတ်ကြီးကြောင့် မိုးခေါင်တယ်ဆိုတာ ဟုတ်လားပေါ့။ ဒီတော့မှ ဂီးလ်ဘတ်က မဟုတ်ကြောင်း၊ သိပ္ပံပညာနဲ့ တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဒီလုပ်ငန်းထဲမှာ သူပါ ပါကြောင်း ရှင်းပြရတယ်တဲ့လေ။ ဒီတော့မှ သူတို့ ကျေနပ်သွားကြတာတဲ့'

    လူတော်များများက ကျွန်တော့ လေရဟတ်အကြောင်း သိကြပါတယ်။ သူတို့ တယ်လီဖုန်းတွေ ကျွန်တော့်ဆီမှာ လာအားသွင်းနေကြတာ မဟုတ်လား။ ကျွန်တော်တို့အားလုံး ကံကောင်းကြပါတယ်။ မကြာခင်အတွင်း အစိုးရကရော၊ ကယ်ဆယ်ရေးအေဂျင်စီတွေကပါ ရွာအထိ ရိက္ခာတွေ လာဝေလို့ သရောကြီးခိုင်းမယ့်ဘေးက ကျွန်တော်တို့ လွတ်ကင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ စုန်းတစ္ဆေ၊ ကဝေမန္တန်တွေကို ယုံလွန်းတာ အတွက်တော့ ကျွန်တော် စိတ်အပျက်ကြီး ပျက်နေမိပါတော့တယ်။
*
    HIV နဲ့ AIDS ဝေဒနာကိုလည်း ပြုစားတာလို့ ပြောနေကြပြန်ပါပြီ။ အဲဒီ နှစ်ပိုင်းမှာ မာလာဝီ ၁၀၀ မှာ ၂၀ လောက် အဲဒီရောဂါ ရနေကြပါပြီ။ တစ်နှစ်တစ်နှစ် ထောင်နဲ့ချီသေနေပါတယ်။ အဲဒီ အထဲမှာ ကျောင်းဆရာတွေ အများကြီးပါတယ်။ နောက်ပိုင်းမှာ ကျောင်းသားတွေပါ ပါလာတယ်။ ၂၀၀၈ ခုနှစ် ရောက်တော့ တိုင်းပြည်ရဲ့ နာမည်ကျော် အဆိုတော်တွေ ပါသွားတယ်။ ဂီတပညာရှင်တွေ ပါသွားတယ်။ တိုင်းပြည်ရဲ့ ရတနာတွေ ဆုံးရှုံးခြင်းပါပဲ။

    လူတွေ ဒီရောဂါနဲ့ အများအပြား သေရခြင်းအကြောင်းက ပညာမဲ့တာရယ်၊ အယူသည်းတာရယ် ကြောင့်ပါပဲ။ လူတွေက အဲဒီရောဂါဖြစ်လာရင် ဆေးခန်းမသွားဘဲ ဗိန္ဓောဆရာတွေဆီသွားပြီး ဆေးမြီးတို တွေနဲ့ ကုကြတယ်။ ဘယ်လို ကာကွယ်ရမှန်း ဘယ်လို ရှောင်ကျဉ်ရမှန်းမသိကြဘူး၊ တချို့က နတ်ဆရာ တွေဆီ သွားပြီး ကုသကြပါတယ်။

    'ဘာမှမဟုတ်ဘူး၊ ဒါ ပြုစားခံထားရတာ' ဆိုပြီး ရေမန်းတွေ တိုက်တော့တာပဲ။ ၀မ်းရောဂါဖြစ်တဲ့လူကို နတ်ဆရာက 'အဲဒါ ဗိုက်ထဲမှာ ပက်ကျိဝင်နေတာ'လို့ ပြောတယ်။
    လူနာက
    'ဗျာ့ ပက်ကျိ ဟုတ်လား' လို့ ပြန်ပေးရင် သူက ဖြေတယ်။
    'ဟုတ်တယ်လေ၊ ဗိုက်ထဲမှာ ရစ်ရစ်ပြီး နာတာမဟုတ်လား'
    'ဟုတ်ပါတယ် ဆရာရယ်၊ ဟုတ်ပါတယ်' လို့ ပြောရင် နတ်ဆရာက

    'ဒါပဲပေါ့၊ အဲဒီကောင်ကို ထုတ်ပစ်ရမှာပေါ့'
    'ဆရာရယ်၊ သေရပါတော့မယ်၊ မြန်မြန်ထုတ်ပေးပါ'
    အဲဒီအခါမှာ နတ်ဆရာက သူ့အိတ်ထဲက အမြစ်တွေ ထုတ်ယူပြီး ဗိုက်ပေါ်တင်တယ် ပြီးတော့ မန်းဟယ်၊ မှုတ်ဟယ်လုပ်ပြီး
    'ခရုသေသွားပြီ၊ သက်သာသွားတယ် မဟုတ်လား'
    'ဟုတ်တယ်ဆရာ၊ သက်သာတယ် ထင်ပါတယ်'
    'အိုး သက်သာရမှာပေါ့၊ သုံးထောင်ကျတယ်'

ဆက်ရန်
.

No comments: