Sunday, September 19, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကားတို့ညီအကို) အတွဲ (၃) အပိုင်း (၁၄)

မောင်ဆေးရိုး သည် စာကြည့်တိုက်တည်ရှိရာ ဓမ္မာရုံသို့ တစ်ချက်လှမ်းကြည့်စဉ် ထွန်သွားချွန်သည့် နေရာ မှ အဲသံများကိုလည်း သဲ့သဲ့ကြားနေရသည်။
" အပျိုသယ် လယ်ထဲက နီမွဲတဲ့ ရွှေလိပ်ညို ဖမ်းတွေ့သကို၊ ခြေလက်ကယ်တို ရွှေလိပ်ညို မောင် မငြင်းနဲ့ မီးဖို ထဲဆင်း "

ထွန်သွားသသည့်နေရာသို့ မိန်းကလေးတွေ ရောက်နေလောက်ပြီဟု မောင်ဆေးရိုး ခန့်မှန်းသည်။ တေးဆိုသံမှာ မိန်းမသံနှင့်တူသည်။ တေးသံအဆုံးတွင်ုလည်း ဝေါခနဲ ရယ်မောသံကြီး ကြားရသည်။
သို့သော် အမေမှာသောကိစ္စ မပြီးပြတ်သေး။ ထန်းတောထဲဝင်ခဲ့သည်။ ချိုးကူသံ၊ ခါတွန်သံများကို နာခံလျက် ထန်းတက်နေသူများ၊ မြူအိုးကောက်သူများ အပြေးအလွှားလုပ်နေကြသည်။ မောင်ဆေးရိုးမူ အိမ်သို့ အမြန်ပြန်ရောက်ချင်သဖြင့် အသော့နှင်သည်။

အုတ်လှေကားဘေးတွင် ဆွမ်းခံထွက်ရန် တာစူနေသော ကလေးများကို မြင်ရသည်။ သူတို့အား ရှေ့ဆောင်မည့် ရှေ့ဆောင်သပိတ်ကို စောင့်နေကြခြင်းဖြစ်ဖွယ်ရှိသည်။
" ကလေးတွေ၊ ဘုန်းကြီးရှိလား "
" ရှိတယ်၊ တောင်ဘက်ဆောင်မှာ "
" ဟို အရှေ့ဘက်လှေကားက တက်နော် "

အုတ်လှေကားတပ်ဆင်ထားသော ကျောင်းဆောင်၏ အရှေ့ဘက်တွင် သစ်သားပွတ်လုံးလှေကားတပ် ကျောင်းတစ်ဆောင်ရှိသေးသည်။ အရှေ့ဘက်ဆောင်ဟုခေါ်၏။ ထိုကျောင်းပေါ်တွင် ကြမ်းပြင် အကျယ် နှင့် တိုင်းပြီး တိုင်တွေပါ ငုံလျက် ရက်လုပ်ထားသော "ခန်းလုံး ပြည့်" ထန်းကြောဖျာရှိသည်။
မောင်ဆေးရိုးသည် ထိုဖျာကြီးကို ခင်မင်ယုယစွာ ငုံ့ကြည့်၏။ ငယ်ပေါင်းသူငယ်ချင်းပေကိုး။

ခန်းလုံးပြည့် ထန်းကြောဖျာကြီးကို ဖြတ်ကျော်လာပြီးနောက် "ကဲလား"များ အပြည့်တပ်ထားသော တောင်ဘက်နံရံသို့ရောက်သည်။ သို့သော် "ကဲလား" မူ တစ်ပေါက်တည်းသာဖွင့်ထား၏။ တစ်ပေါက် တည်း မှာလည်း အပြည့်မဖွင့်။ ကဲလား ထောက်လျှိုလျက် ဟရုံသာ ဟထား၏။ ကဲလား ပေါက်အောက်မှ ငုံ့ထွက် လိုက်သောအခါ မောင်ဆေးရိုး၏ မျက်လုံးရွှေရောင်ဝင်း၏။ ကျောင်းသား ညွှန်လိုက်သော တောင်ဆောင် မှ ရွှေရောင်များဟပ်ခြင်းဖြစ်သည်။ ရွှေရေးဆောင်သည် ရွှေရောင် သစ်လွင် ၀င်းပနေသည့် နည်းတူ ပတ်ရံထားသည့် ရုပ်စုံတွေမှာလည်း သစ်လွင်နေဆဲရှိသေး၏။

" ဟဲ့ နင်ဘယ်သူတုံး "
" ဆေးရိုးပါ ဘုရား "
ဝတ်ချ၍မပြီးမီ ထွက်ပေါ်လာသောအသံကြောင့် ရှေ့သို့ လေးဖက်ထောက် တိုးသွားရင်း ဖြေရသည်။
" ငကျန်ကြီး မယ်ကြွယ်စိုးရဲ့ သားထင်ပါရဲ့ "
" မှန်ပါဘုရား "
" အနို့၊ ငထွန်းကား မိန်းမကော ထောင်ကလွတ်ပြီလား "
" ပုလိပ်နဲ့ ပေါင်းထားတဲ့အတွက် ထောင်မကျပါဘုရား။ အဖမ်းခံရတော့မယ့်အချိန်ကျရင် ထွက်ပြေး ပါတယ်ဘုရား "

ဆရာတော် မေးသော ငထွန်းကား၏မိန်းမမှာ မောင်ဆေးရိုး၏ မရီး မယ်ငြိမ်းစည်ဖြစ်သည်။ မယ်ငြိမ်းစည် သည် တောတွင်ရွာနှင့် မြင်းခေါင်းရွာကြားရှိ "ရွှေတစ်ဆုပ်" ရွာသူဖြစ်သည်။ ငထွန်းကား၊ ငဆေးရိုး၊ မိမယ်မျှင် မောင်နှမသုံးယောက် ရိုးသားအေးဆေးသည်နှင့်အမျှ မယ်ငြိမ်းစည်ဆန်းပြားသည်။ ယောက္ခမ အရိပ်တွင် ခိုလှုံနေရစဉ် မလွတ်လပ်သဖြင့် လင်ကို ဖြား ယောင်းသည်။ ရွာတောင်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်သောအခါ အရက်ချက်သည်။ ငထွန်းကာ၏ အိမ်တွင် အရက်သောက်သူများ တရုန်းရုန်းရှိသည်။ ထိုရုန်းရုန်းထဲတွင် ပုလိပ်ပါသည်။ မယ်ငြိမ်းစည်သည် ပုလိပ်တစ်ယောက်နှင့် ရှင်းလင်း။ ရွာထဲက ဦးဘမှန်၏အိမ် ဓားပြတိုက်ရာတွင် လက်ထောက်ချသူ။ တစ်ရွာလုံးသာမက တစ်နယ် လုံး ဥက္ကောဋေကျဖြစ်ရသော မယ်ငြိမ်းစည်ပါပေ။ ထိုမျှထင်ရှားသောကြောင့် ဘုန်းတော်ကြီးက မေးခြင်း ဖြစ်သည်။

" လယ်တွေ သည်နှစ် ဘယ်လိုနေသတုံးဟဲ့ "
" ကောင်းပါတယ်ဘုရား "
" အေး အေး၊ ဒါထက် နင် အခုလာတာ ဘာကိစ္စလဲ "
" အမေက ဘုရားကိုးဆူ ကျောင်းဆောင်ကောင်းသေးလား၊ ရဟန္တာတွေ အစုံအစေ့ရှိသေးလား အကြည့်ခိုင်းလို့ဘုရား "
" ဘာလုပ်ဖို့တုံး "

" ဘုရားကိုးဆူ ကပ်ချင်လို့များလား မသိပါဘူးဘုရာ့။ သူခိုင်းတာကို ဘာလုပ်မလို့လဲ မမေးရဲဘူးဘုရား။ တစ်ခါ တစ်ခါ စိတ်ကလက်တစ်ဆစ် ဘုရာ့ "
ဆရာတော် သည် ပြုံး၏။ ခေါင်းညိတ်၏။ တစ်အောင့်မျှ ငြိမ်နေပြီးမှ လည်ပင်းရှည်ပြီးခေါ်၏။
" ဟဲ့ ကပ္ပိယ "
ကပ္ပိယကြီး ရောက်မလာပါ။
" ကပ္ပိယကြီး ရွာထဲသွားပါတယ်ဘုရား "
ဖြေသံနှင့်အတူ ဖိုးသူတော်အငယ် ရောက်လာသည်။

" ဟဲ့ သူတော်၊ သူတော်အကြီး ဘယ်သွားသတုံး "
" ထန်းစုမသွင်းသေးလို့ သတိပေးချေဦးမယ်၊ ပြောသွားပါတယ် ဘုရား "
" ဟဲ့ နင် ဘုရားကိုးဆူသိရဲ့လား "
" သံ၊ ဂုံ၊ ပ၊ မ၊ ယျ၊ ငါးဆူပဲ ရှိပါတယ်။ ဘယ်က လေးဆူတိုးပြီး ကိုးဆူဖြစ်ရတာလဲဘုရား"
ဘုန်းတော်ကြီးက နံရံတွင် ထောင်ထားသော ကြိမ်နီကြီးဖြင့် ကြမ်းပြင်ကိုရိုက်ပြီး ဟန့်တားသည်။

" ဟောသည်ဒကာနဲ့ လိုက်သွား။ ကျက်သရေခန်း အ၀င်ဝမှာ ဘုရားကိုးဆူခုံ ရှိတယ်။ သည်ကို ထုတ်ခဲ့ "
ဇေတ၀န် ဆောင်မှာ သဲနှင့်ရုပ်ရှင်ဖြစ်၏။ ဇေတ၀န်ဆောင်ထဲမှာပင်ရှိသော ကိုးဆူကျောင်းဆောင်မှာ လည်း ဖုန်အလိမ်းလိမ်းပင်။ မြတ်စွာဘုရား ဆင်းတုတော်ကြီးနှင့် ရဟန္တာရုပ်တုတော်များမှာ နေရာ တကျမရှိချေ။ မောင်ဆေးရိုးသည် သင်္ကန်းစုတ်ဖြင့် ဖုန်များကို သုတ်သင်ပြီးမှ ဆရာတော်၏ မှန်စီ ရွှေချ ဘုရားရှေ့သို့ သယ်ယူလာ၏။ မှန်စီရွှေချ ဘုရားကိုးဆူကျောင်းဆောင်မှာ အလျားတစ်လံ အနံ တစ်လံခန့် ရှိသည်။ အလယ်တည့်တည့်တွင် ပလ္လင်နှင့် တံကဲရှိသည်။

မောင်ဆေးရိုးသည် မြတ်စွာဘုရားကို ပလ္လင်ပေါ်ပင့်သည်။ သူသည် ဤမျှသာသိ၏။ သည့်ထက်ပိုပြီး မသိ။ မည်သည့်ရဟန္တာ၊ မည်သည့်မျက်နှာ၊ မည်သည့်ထောင့် စသည်များ။
" မြတ်စွာဘုရားနဲ့ ပလ္လင်တံကဲကို အရှေ့ဘက် မျက်နှာပြုထား "
မောင်ဆေးရိုးသည် ဆရာတော် အမိန့်ရှိသည့်အတိုင်း ဆောင်ရွက်သည်။
" ရဟန္တာရုပ်တွေမှာ စာပါတယ်ကွ ဖတ်စမ်း "
" သာရိပုတ္တရာ၊ မဟာမောဂ္ဂလန်၊ အာနန္ဒာ၊ အရှင်ကောဏ္ဍည၊ ဂ၀မ္ပတိ၊ ဥပါလိ၊ အရှင်ရေ၀တ၊ အရှင်ရာဟုလာပါတဲ့ဘုရား "
" အေး ကျောင်းဆောင်ပေါ်မှာလည်း စာတွေ ရေးထားလေရဲ့။ သူ့စာနဲ့သူ နေရာထားပေတော့ "

မောင်ဆေးရိုးသည် ကျောင်းဆောင်ကြမ်းပြင်ကို ကြည့်ချေ၊ ရုပ်တုတော်များ၏ ဖင်ကို ကြည့်ချေဖြင့် တိုက်ဆိုင်ကာ နေရာချသည်။ ဆရာတော်၏ စိတ်တွင် ကြာညောင်းလွန်းသည်ထင်၏။
" အခု မင်းလက်ထဲ ကိုင်ထားသော ဘယ်ကိုယ်တော်တုံး "
" အရှင်ရာဟုလာပါ ဘုရား "
" ရာဟုလာဆိုရင် အရှေ့မြောက်ထောင့်မှာကြည့် "
" တွေ့ပါပြီဘုရား "
" နောက်တစ်ရုပ်ကကော "
" အရှင်မဟာမောဂ္ဂလန်ပါဘုရား "

" မြတ်စွာဘုရားရဲ့ လက်ဝဲဘက်မှာ ရှင်မောဂ္ဂလန်၊ ညာဘက်မှာ ရှင်သာရိပုတ္တရာတို့ကိုထားဖို့ စာရေးထားပါတယ်ကွာ "
" မှန်ပါ၊ တွေ့ပါပြီဘုရား "
မောင်ဆေးရိုးသည် ဤသို့ဖြင့် ကြမ်းပြင်ကို ကြည့်ချေ။ အရုပ်၏ အောက်ဘက်မျက်နှာပြင်ကို ကြည့် ချေဖြင့် တိုက်ဆိုင်ကာ နေရာချထားသည်။ များမကြာမီ ရဟန္တာရုပ်တုတော်များကို နေရာချထားပြီး ဖြစ်သွားသည်။
" ဟေ့ ပြီးပြီလား မှန်ရဲ့လား "
ခဏတစ်ဖြုတ် ထသွားသော ဆရာတော် ပြန်ရောက်လာသည်။

" ပြီးပါပြီဘုရား။ မှန် မမှန်ကတော့ သူ့စာအတိုင်းပဲဘုရား "
" လုပ်စမ်းကွာ။ ရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ ဘွဲ့တော်နဲ့ နေရာကို တွဲပြီးတော့ပေါ့ "
" မြတ်စွာဘုရားက အရှေ့ဘက်ကို မျက်နှာကပုပါတယ်ဘုရား "
" အေး၊ ၀ဲယာက ရှင်မောဂ္ဂလန်နဲ့ ရှင်သာရိပုတ္တရာ။ ရှေ့နဲ့နောက်ကကောကွာ "
" မြတ်စွာဘုရားရဲ့ ရှေ့တော်တည့်တည့်မှာ အရှင်ကောဏ္ဍည၊ နောက်တည့်တည့်မှာ အရှင်အာနန္ဒပါ ဘုရား"
" ဟုတ်သကွ၊ ဆက်ပါဦး "

" အနောက်မြောက်ထောင့်မှာ အရှင်ဂ၀မ္ပတိ၊ အနောက်တောင်ထောင့်မှာ အရှင်ဥပါလိပါဘုရား "
" ပြီးတော့ ဘာတွေကျန်သေးသတုံး "
" အရှင်ရေ၀တနဲ့ အရှင်ရာဟုလာ ကျန်သေးဘုရာ့။ အရှင်ရာဟုလာက အရှေ့မြောက်ထောင့်"
" အေး ဘုရားကိုးဆူ ကပ်လှူပူဇော်တဲ့အခါ အဲသည်အတိုင်း နေရာမှန်အောင် ချထားရမယ်။ ကိုးဆူ ဆရာတွေကို အားမကိုးနဲ့နော်၊ သူတို့လည်း သိချင်မှသိတာ "
ထိုနေ့က မောင်ဆေးရိုးနှင့် ဖိုးသူတော် အငယ်တို့သည် ဘုရားကိုးဆူခုံကို ဇေတ၀န်ကျောင်းဆောင် သို့ ပြန်ပို့ရသည်။ သို့ရာတွင် မောင်ဆေးရိုး၏ အမေသည် " ဘုရားကိုးဆူ ပြည့်စုံကောင်းမွန်ကြောင်း" သိကတည်းက ဘုရားကိုးဆူဆွမ်းကပ်သော ကိုးဆူဆရာကို စတင်စုံ စမ်းသည်။ မည်သည့်ကိုးဆူဆရာ တော်သနည်း။

ကိုးဆူဆရာမှာ စာရရုံဖြင့် မပြီးသေးပေ။ အသံကောင်းရသည်။ အသားနားကြီး အရည်မွန်ကြီး မဟုတ် သည့် တိုင်အောင် သင့်တင့်မှုရှိရမည်။ ထို့ပြင် ကိုးဆူဆရာသည် ထီးနှင့် တံခွန် ကုက္ကား မုလေးပွား ကြက်လျှာတိုင် တို့ကို သပ်ရပ်လှပစွာ ညှပ်တတ်ရသည်။ အလှူ့ရှင်၏ ကိုယ်စား ဆောင်ရွက်ရမည့် အစီအရင် များကို ခန့်ခွဲတတ်ရမည်။ အာဝဇ္ဇန်းလည်း ကောင်းရမည်။
" ကျောက်ခဲကုန်းက ကိုးဆူဆရာ တော်သတဲ့ "
မောင်ဆေးရိုး ကျောက်ခဲကုန်းက ပြန်ရောက်၍မျှ ဖင်မနွေးတတ်သေး။ ခါပြည့်ရွာသို့ ပြေးရပြန်သည်။

နောင်သော်အခါ မောင်ဆေးရိုးတစ်ယောက်တည်းဖြင့် မပြီးတော့။ ယောက်ဖဖြစ်သူ မောင်မောင် အေးပါ ၀င်ကူရသည်။ မောင်မောင်အေး ချောင်းကောက်သို့ပြေးစဉ် ပန်းထိမ်ကုန်းသို့ မောင်ဆေးရိုး လာရ၏။ သုံးလမျှ ကြာမြင့်သောအခါ မောင်ဆေးရိုး ငြီးငွေ့လာသည်။
" မိုးသံလေသံကြားပြီး အမေရေ့။ မလုပ်ရှင်းရှင်း၊ လုပ်ရှင်းရှင်းလုပ်။ တကတည်း ခတ်ကွင်းကြီး ပြင်နေတာနဲ့ ရွာသစ်ကြီး လွန်သွားပြီ"
စင်စစ်သော်ကား မယ်ကြွယ်စိုးသည် ငွေနှမြောသဖြင့် ချီတုံချတုံ လုပ်နေခြင်းဖြစ်၏။ သို့ရာတွင် သမက်ပါ သိသွားပြီဖြစ်သည့်အတွက် ကျောက်ခဲကုန်းမှ ကိုးဆူဆရာကို ရက်သတ်ကာ စရန်ပေးလိုက်လေ၏။ မိကျီးဒန် သည် အိမ်တံခါးကိုပိတ်ပြီး ယောက္ခမအိမ်သို့ ပြောင်းလာခဲ့၏။ သူ့ ယောက်မမှာ ကိုင်းထဲမှ ရောက်မလာ သေးချေ။ ဘုရားကိုးဆူ ဆွမ်းကပ်ဟု ဆိုသော်ငြား ၀န်းကျင်ပတ်ချာ ဆယ်ရွာခန့်ကို ဖိတ် ထားသည်။ လက်ဖက်၊ ချင်းသုပ်၊ ရေနွေးကြမ်း၊ ဆေးလိပ်ဖြင့် ဧည့်ခံမည်ဆိုစေကာမူ မယ်ကြွယ်စိုး တစ်ယောက် တည်း ဖင်မနိုင် ခေါင်းမနိုင်ဖြစ်မည်။

အလှူအိမ်သို့ မိကျီးဒန်ပြောင်းသွားသဖြင့် ဒေါ်ရွှေအိမ်လည်း မြေးကိုပွေ့လျက် လိုက်ပါလာရသည်။ မြေးမ မိချောစိန်သည် နှစ်နှစ်ခွဲမျှ ရှိပြီဖြစ်ငြား မအေနှင့် မခွဲနိုင်။ ဘွားအေကိုလည်း မျက်စိအောက်က အပျောက်မခံ။ ခြောက်သွေ့တိတ်ဆိတ်နေသော ဦးကျန်ကြီး၊ မယ်ကြွယ်စိုးတို့၏ အိမ်မှာ ချောစိန် ရောက်လာသည်နှင့်တစ်ပြိုင်နက်တည်း အသံဗလံများဖြင့် စိုပြည်လာလေတော့၏။
မောင်ဆေးရိုးမှာ လယ်ပြင်သို့လည်း မသွားဘဲနေ၍ မရပေ။ တစ်ဖန် လယ်ပြင်မှာချည်း နေကုန်နေ ခန်းနေ၍လည်း မဖြစ်ပေ။ ကိုးဆူဆရာ ညွှန်ကြားသော ထင်းအမျိုးအစား ရှာဖွေခြင်း၊ အဆောင် အယောင်များ ပြင်ဆင်ခြင်း၊ ငှက်ပျောတုံး ရှာဖွေခြင်းတို့ဖြစ်သည်။
ဆွမ်းကပ် အကြိုနေ့ဖြစ်သည်။

ကိုးဆူဆရာသည် မွန်းတိမ်းချိန်လောက်ကတည်းက နတ်ကြီး ငါးပါးနှင့် ကြေးစည်ထုပ်ကို ကျောပိုးလျက် ရောက် နေပြီ။ သူသည် ဆွမ်းချက်မည့်နေရာကို မြင်မြင် ထင်ထင် စစ်ဆေးသည်။ ရိုင် ကာထားခြင်း ရှိ မရှိ၊ ဗိတာန် ကြက်ထား မထား၊ ဆွမ်းချက်မည့်အိုးနှင့် ဆွမ်းချက်မည့် ဖိုခုံလောက်။

ချူသံတချွင်ချွင်ဖြင့် လှည်းယဉ်တစ်စီး ရောက်လာသည်။ လှည်းယဉ်ပျေးမှ ဆင်းလာသူမှာ ဒေါ်မယ်ကြော့။ အလှူ့ရှင် ဦးကျန်ကြီး၊ မယ်ကြွယ်စိုးနှင့် မရင်းနှီးသော်ငြား ခမည်းခမက် မယ်ရွှေ အိမ်၏ အစ်မအရင်းခေါက်ခေါက်။ သူ့အား ဖိတ်ကြားသူမှာ ကျီးဒန်ဖြစ်သည်။ တမင်ဖိတ်ကြားခြင်း ဖြစ်သည်။ မိကျီးဒန်သည် ကျေနပ်စွာ ပြုံးပြီး လက်ကောက်တွေ ထုတ်ဝတ်သည်။ ဆွဲကြိုး၊ လက်စွပ် တွေ ထုတ်ဆင်သည်။ လက်ဖက်ပွဲနှင့် ချင်းသုပ်ပွဲကို သူကိုယ်တိုင် သယ်ယူလာသည်။

" မိကြီး သုံးဆောင်ပါဦး "
မယ်ရွှေအိမ် သည်လည်း အစ်မထံသို့ ထသာလာငြား မမယ်ကြော့ကို စိတ်မ၀င်စား။ သူသည် မိကျီးဒန် ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေ၏။
ချွေးသံအရွှဲသားဖြင့် အိမ်ပေါ်သို့ မောင်ဆေးရိုးတက်လာ၏။ မိကျီးဒန်က သွားဆွဲ၏။ မောင်ဆေးရိုး ခမျာမှာ ပြူးတိ ပြူးကြောင်ဖြင့် ပါလာ၏။
" မိကြီး မိကြီး၊ အဲဒါ ကျုပ်အိမ်သားလေ "

" ကျွန်မသားပါရှင် "
အုလှူ့ဒါယိကာမ မယ်ကြွယ်စိုးက ၀င်ပြီး ထောက်သည်။
" အိပ်မက်ရာမက် မကောင်းလို့ ဂြိုဟ်ပြေနံပြေ ဘုရားကိုးဆူကပ်ပါတယ်။ ကလေးတွေက သူတို့ ဖိတ်ချင်ရာ လျှောက်ဖိတ်တာကိုး။ မြေးရှင်ပြုအလှူလောက်တော့ သွားပြီထင်တာပဲ "
" လုပ်ပြီးခါမှ ညည်းမနေနဲ့။ လာလာသမျှလူတွေကို အလှူပေးတယ်၊ ဒါနပြုတယ် သဘောထားပါဗျာ။ စိတ်ထားတတ်ရင် မြတ်သတဲ့ ကျေင်းအစ်မရဲ့ "
ငှက်ပျောဖတ်များကို မောင်းချဓားတစ်လက်ဖြင့် အသက်သွင်းနေသော ကိုးဆူဆရာက လှမ်းပြီး တရားဟောသည်။ သူသည် သူအာဝဇ္ဇန်းရွှင်ကြောင်း ကြော်ငြာလိုသော်ငြား မိကျီးဒန်၏ မျက်စောင်း လက်ခနဲကို မြင်လိုက်ရသဖြင့် ပါးစပ်ပိတ်သွား၏။

မမယ်ကြော့နည်းတူ၊ လှည်းဖြင့်လာကြသူများတွင် မောင်မောင်အေး၏ မိတ်များလည်း ပါဝင်၏။ သူ့ကျောင်းသားများ၏ မိဘများမှာလည်း ကိုင်းသမားများပင်ဖြစ်ကြ၏။ သူတို့သည် ရှင်ပြုအလှူများတင် တရားပွဲ လှူသကဲ့သို့ ယခုလည်း ပဲတွေ၊ ငရုတ်သီးတွေ ယူလာကြ၏။

" ဟဲ့ မောင်မောင်အေး လာစမ်း။ ဒါဟာ ရဟန်းခံ ရှင်ပြု မဟုတ်ဘူးဟဲ့။ သည်အကူပစ္စည်းတွေ ပြန်ပေး လိုက်ပါ "
မယ်ကြွယ်စိန်သည် သမက်အား ကွယ်ရာထောင့်ရာသို့ခေါ်ပြီးပြော၏။ မောင်မောင်အေးအဖြေကား ထိုင်ပြီး ရှိခိုးခြင်းပေတည်း။
" ကျွန်တော် ရှက်ရှက်နဲ့ ၀န်ခံရရင် ဘုရားကိုးဆူဆွမ်းကပ်တာကို ရဟန်းခံရှင်ပြုလို အလှူမျိုး ထင် နေတာ အရီးရဲ့ "
မယ်ကြွယ်စိုး အသက်ရှူမ၀ဟန်ဖြင့် ညည်းတွားရှာ၏။

" ငါပြောတာက သည်ပစ္စည်းတွေ ပြန်ပေးဖို့ "
မောင်မောင်အေး ထိုင်ပြီး ရှိခိုးရာက " အဲဒါတော့ တောင်းပန်ပါရစေ ဒေါ်ဒေါ်ရယ်" ဟု ဆိုသည်။ ထို့နောက် ထပ်မံပြီး ရှင်းပြပြန်သည်။
" သူတို့ယူလာတဲ့ အလှူပစ္စည်းတွေ ပြန်ပေးရင် မျက်နှာပျက်တာပဲ အဖတ်တင်မယ်။ လက်ခံမှာ မဟုတ်လို့ပါ ဒေါ်ဒေါ်ရယ် "
ကိုင်းထဲသား တွေ ယူဆောင်လာသော ပစ္စည်းတွေကြောင့် မယ်ကြွယ်စိုး ကတိကအောက်ဖြစ်ငြား ကျီးဒန် မူ ရွှင်ပျနေ၏။

ဆက်ရန်
.

1 comment:

Anonymous said...

Thanks.

Ray