အချိန်အားဖြင့် ဆယ်စက္ကန့်အတွင်း ရန်သူ ငါးဦးအနက် လေးဦးကို ချေမှုန်းတိုက်နိုင်သည်မှာ အားရဖွယ် ကောင်း သော်လည်း အရေးအကြီးဆုံး ကြောက်စရာအကောင်းဆုံး တစ်ယောက်က ကျန် နေသေး သည်။
ထိုလူကား အရပ်မြင်မြင့်နှင့် ရိုနာအမျိုးသားပင်တည်း။
သူသည် ခရိတ် မမြင်နိုင်သော တစ်နေရာတွင် အကာအကွယ်ယူကာ ပုန်းအောင်းပြီး အလစ်ချောင်း နေကြောင်း ထင်ရှားပေးသည်။ သူကိုယ်တိုင်ကတော့ ခရိတ်၏ နေရာကို ခန့်မှန်း၍ရမည် ဖြစ်သည်။ ခရိတ်၏ သေနတ်မှ ကျည်ဆန်များထွက်ပုံကို ကြည့်ပြီး ခန့်မှန်းတွက်ကြည့်ပြီးသားဖြစ်ပေသည်။
ခရိတ်သည် ဆယ်လီအား ဂရောင်းရှိ (တာလပတ်)ဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်၍ ငြိမ်ငြိမ်နေရန် ညွှန်ကြားလိုက် ပြီးနောက် ကျန်လက်ပစ်ဗုံးသုံးလုံးမှ ၀ါယာကြိုးစများကို တအားဆွဲ၍ ဖောက်ခွဲ လိုက် လေသည်။
ဗုံးးသုံးလုံး တစ်ပြိုင်နက် ပေါက်ကွဲ၍ မြည်သော အသံက နားကွဲလုမတ်ကျယ်လောင်လှပေသည်။ ဗုံးပေါက်ကွဲ ၍ မီးခိုးများ ဖုန်းများထနေသည့်ကြားမှ ခရိတ်သည် လျင်မြန်စွာလှုပ်ရှားလိုက်သည်။
သူသည် လျင်မြန်စွာ ရှေ့သို့ တိုးသွားပြီးနောက် လက်ယာဘက်သို့ ခြေလှမ်းသုံးဆယ်ခန့် ပြေးသွားကာ သူ၏ ကိုယ်ကို မြေပြင်တွင် လှိမ့်လိုက်ပြီးမှ အသာစောင့်ကြည့်နေလေသည်။
သူ၏ အေကေ ၄၇ရိုင်ဖယ်သေနတ်ကိုလည်း ကျည်ဆန်သစ် တစ်ကက်ထိုးထားလိုက်သည်။ သူ၏ မျက်လုံးများ က စောစောကပျောက်ကွယ်သည့်နေရာသို့ အာရုံစိုက်ကြည့်နေလေသည်။
အရုဏ် တတ်လာပြီဖြစ်၍ အလင်းရောင် တဖြည်းဖြည်း များလာပြီး ဖြစ်သည်။ မြေကမူအကွယ်မှ လက်ဝဲဘက် သို့ တွားသွားပြီးမှ မတ်တတ်ထလိုက်သည်။
ခရိတ်သည် သူ၏ အေကေ၄၇သေနတ်ပြောင်းကို ထိုလူဘက်သို့လှည့်၍ ချိန်လိုက်သည်။ သို့သော် သူသည် မိမိ၏ နေရာကို ရန်သူကသိသွားမည်စိုး၍ ချက်ချင်းမပစ်သေးဘဲ ခေတ္တစောင့်နေလိုက်သည်။
ရှိုနာ အမျိုးသား သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြန်သည်။
လူချင်းခြေလှမ်းငါးဆယ်ခန့် ကွာဝေးနေလေရာ ခရိတ်သည် ထိုလူရှိမည်ထင်သော နေရာဘက်သို့ ဖြည်းဖြည်း ချင်း ၀ပ်တွား၍ သွားပြန်လေသည်။
သူ၏ လှုပ်ရှားသုံးကို ရန်သူကြားသွားမည်စိုးသဖြင့် တီကောင်များ သွားသလိုမသိမသာ ဖြည်းဖြည်း ချင်းတိုး သွားလေသည်။
သူ၏ စိတ်ထဲတွင် ရှိုနာသည် မိမိကဲ့သို့ပင် တစ်ဖက်မှ ၀ပ်တွား၍ ဆယ်လီရှိရာသို့သွားရန် ကြိုးစားလိမ့်မည်ဟု သံသယ ဖြစ်နေမိသည်။
မကြာမီ ဆယ်လီ၏ ငယ်ငံပါအောင် ဟစ်အော်သံကို ကြားလိုက်ရသည်။
ခရိတ်သည် အကြီးအကျယ် စိုးရိမ်တုန်လှုပ်လျက် ထကြည့်လိုက်ရာ ဆယ်လီနှင့် ရှိုနာအမျိုးသားတို့ နှစ်ဦး စလုံးကို မြင်ရလေသည်။
ရှိုနာအမျိုးသားက အတင်းဖမ်းချုပ်ထားသည်ကို ဆယ်လီက အစွမ်းကုန်ကြိုးစားရုန်းကန်နေလေသည်။ ရှိုနာ သည် ဆယ်လီ၏ ဆံပင်ကို ဆွဲဆုပ်ကိုင်းထားလိုက်ပြန်သည်။ ခွန်းအားဗလချင်း မမျှသဖြင့် ဆယ်လီ မှာ မည်သို့မှာ ရုန်းကန်ခြင်းငှာ မတတ်နိုင်ရှာချေ။
ခရိတ်သည် တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ ယင်းလှုပ်ရှားမှုမှာ စဉ်းစားချိန်ဆပြီးမှ လှုပ်ရှားခြငိး မဟုတ်။ ဆယ်လီခံစားနေရပုံကို မြင်၍ ဘာမျှ မစဉ်းစားနိုင်ဘဲအတင်း ပြေးဝင်သွားခြင်း ဖြစ်လေသည်။
သူ၏ လက်တစ်ဖက်က အေကေ၄၇ ရိုင်ဖယ်သေနတ်ကို တုတ်လက်နက်သဖွယ်ကိုင်၍ လွှဲရိုက်ရန် ပြင်ဆင် လိုက်လေသည်။
ထိုအခိုက် ရှိုနာအမျိုးသားသည် ခရိတ်အားလှမ်းမြင်ပြီး ဆယ်လီအား ရုတ်တရက် လွတ်လိုက်လေသည်။ ဆယ်လီ ခမျာ ယိမ်းယိုင်လျက် နောက်ပြန်လဲကျသွားရှာသည်။
အနီးသို့ ရောက်သည်နှင့် ရိုင်ဖယ်သေနတ်ဖြင့် တအားလွှဲရိုက်လိုက်ရာ ရိုနာအမျိုးသားက လျင်မြန် ဖျက်လတ် စွာ တိမ်းရှောင်လိုက်သည်။
ဤတွှင် ခရိတ်သည် ထိုလူ၏ နံရိုးများရှိရာသို့ ပခုံးဖြင့် တအားပစ်တိုက်လိုက်ပြန်သည်။ ထိုအချိန်၌ ရိုင်ဖယ် သေနတ်သည် သူ၏ လက်မှလွတ်ထွက်ကျသွားလေသည်။ ခရိတ်သည် လူချင်းပူး၍ သတ်ရန် ကြိုးစားပြန်လေ သည်။
နှစ်ယောက်ချင်း ပူးကက်တိုက်ခိုက်ရာတွင် ရိုင်ဖယ်သေနတ်သည် အသုံးမ၀င်တော့သဖြင့် ရိုနာအမျိုးသား ကလည်း သူ၏ သေနတ်ကို လွှတ်ချလိုက်လေသည်။
ရှိုနာအမျိုးသားသည် ခွန်းအားဗလကောင်းသဖြင့် မိမိကယှဉ်ပြိုင်သတ်ပုတ်ရန် မလွယ်ကူကြောင်း ခရိတ် အနေဖြင့် လူချင်းပူးမိသည်နှင့် ချက်ချင်း ရိပ်မိလေသည်။ ထို့ကြောင့် မိမိက ဥာဏ်ကိုသုံး၍ တိုက်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ရှိုနာအမျိုးသားသည် သူ၏ သန်မာထွားကျိုင်းသော လက်တစ်ဖက်ဖြင့် ခရိတ်လည်းပင်းကို လှမ်းဖမ်းဆုပ် ကိုင်လျက် ဆွဲလိုက်သည်။ ခရိတ်ကမူ လုံးဝရုန်းကန်ခြင်း မပြုဘဲ ထိုလူဆွဲရာဘက်သို့ အလိုက်သင့် အလျှော့ ပေးလိုက်လေသည်။
ရှိုနာအမျိုးသားသည် ခရိတ် ရုန်းကန်မည်အထင်ဖြင့် တအားဖမ်းဆွဲခြင်းဖြစ်ရာ ယခုတော့ ခရိတ်၏ အလိုက် သင့်ပါလာမူကြောင့် အရှိန်လွန်ကာ နှစ်ယောက်စလုံးမြေကြီးပေါ်သို့ လဲကျသွားလေသည်။
လဲအကျတွင် ခရိတ်သည် သူ၏ သစ်သားခြေတုဖြင့် ရှိုနာအမျိုးသားအား တအားကန်လိုက်သေးသည်။ သို့သော် မထိဘဲ လွဲချော်သွားသည်။
ရှိုနာကလည်း ခရိတ်အား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလေသည်။ နှစ်ယောက်သား ရင်ဘက်ချင်းထိကပ် လျက် လုံးထွေးနေသဖြင့် လက်သီးဖြင့်ထိုးရန်လည်း မလွယ်ကူဘဲ ဖြစ်နေလေသည်။
တစ်ကြိမ် တွင် ရှိုနာအမျိုးသားသည် ခရိတ်၏ မျက်နှာကို ပါးစပ်ဖြင့်ကိုက်ရန် ကြိုးစားသေးသည်။ အကယ်၍သာ သူ၏သွားဖြင့် ခရိတ်၏နှာခေါင်း သို့မဟုတ် နားရွက်ကိုကိုက်မိပါက အသားပြတ် ထွက်အောင် ကိုက်မည်ဖြစ် ကြောင်း ခရိတ်သိသဖြင့် သူ၏ မျက်နှကို အတင်းလွှဲရှောင်နေလိုက်ရသည်။
အာဖရိကတိုက်အချင်းချင်း အရက်မူးပြီး ရန်ဖြစ်သည့်အခါ လူချင်းပူးသတ်ရင်း တစ်ယောက်ကို တစ်ယောက် နားရွက်၊နှာခေါင်းများ ပြတ်အောင် ကိုက်တတ်ပုံကို ခရိတ်သည် ယခင်ကပင် မြင်ဖူးခဲ့ လေသည်။
ခရိတ်သည် တိုက်ခိုက်နည်းတစ်မျိုး ပြောင်းလျက် သူ၏ နဖူးဖြင့် ရိုနာ၏ ပါးစပ်ကို အတင်းပြေး ဆောင့်လိုက် သည်။ အရှိန်းပြင်စွာ တအား ဆောင့်လိုက်ခြင်းကြောင့် ရှိုနာအမျိုးသား၏ သွားတစ်ချောင်း ကျွတ်ထွက်သွားကာ သွေးများ ယိုစီးထွက်လာလေသည်။
ခရိတ်ကလည်း အားတတ်လာလျက် နောက်တစ်ကြိမ် ဦးခေါင်းဖြင့် ဆောင့်ရန်ပြင်ဆင်လိုက်ရာ ရှိုနာအမျိုးသား သည် အတင်းရုန်းကန်လျက် မျက်နှာကို လွှဲထားလိုက်သည်။ တစ်ချိန်တည်းမှပင် သူ၏ ခါးမှ ဓားအိမ်ဖြင့် ထည့် ထားသော စစ်တပ်သုံးဓားမြှောင်ကို ဆွဲထုတ်ယူလိုက်သည်။
ခရိတ်ကလည်း စိုးရိမ်လာလျက် ဓားကိုင်ထားသော ရှိုနာလူမျိုး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ် ကိုင်ထားရန် ကြိုးစားလေသည်။ လူချင်းပူးလျက်ပင် ရှိသေးသဖြင့် နှစ်ယောက်သား မြေပြင်တွင် လိမ့်နေ ကြရာ ခဏမျှကြာ လျှင် ရှိုနာအမျိုးသားက် ခရိတ်၏ ကိုယ်ပေါ်သို့ ခွစီးလျက် ဖြစ်သွားသည်။ ခရိတ်မှာ မြေပြင်တွင် ပက်လက်ဖြစ် နေလေသည်။
ရှိုနာအမျိုးသားသည် ဓားမြှောင်ကို ညာဘက်လက်တွင် ကိုင်လျက် ခရိတ်၏ လည်မျိုတည့်တည့်သို့ ထိုးစိုက်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ခရိတ်လည်း ကာကွယ်တားဆီးရန် လက်တစ်ဖက်ဖြင့် ရှိုနာ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုလူ၏ တံတောင်ဆစ်ကို ဖမ်းကိုင်ချုပ်ရန် ကြိုးစားသည်။
သို့သော် ရှိုနာက အလွန်ခွန်အားဗလကောင်းသဖြင့် တားဆီးခြင်းငှာ မတတ်နိုင်ဘဲ ဓားမြှောင်ကသာ ခရိတ်၏ လည်ပင်ဆီသို့ တဖြည်းဖြည်း နီးကပ်လာလေသည်။ ထို့ပြင် ရှိုနာအမျိုးသားသည် သူ၏ ခြေနှစ်ဖက်ဖြင့် ခရိတ်၏ ခြေထောက် လုံးဝမလှုပ်ရှားနိုင်အောင် တအားဖိအားလေသည်။
ဓားမြှောင် သည် ခရိတ်၏ လည်ပင်းဆီသို့ ဆက်လက်ကျလာသည်။ ဓားမြှောင်နှင့်အတူ ရှိုနာ အမျိုးသား ၏ မျက်နှာလည်း ကက်လာကာ သွားတစ်ချောင်းကျိုး၍ သွေးများ ဖုံးလွှမ်းပေကျံလျက် ရှိသည်ကို အနီးကပ် မြင်နေ ရလေသည်။
ဓားမြှောင်သွားသည် အလွန်းနီးကပ်လျက်ရှိလေပြီ။
ခရိတ်သည် ရှိသမျှ အင်အားကို ဖျစ်ညှစ်ထုတ်လျက် ရုန်းထွက်ရန် ကြိုးစားပြန်သည်။ ဓားမြှောင်သွားသည် တစ်စက္ကန့် မျှ ရပ်တန့်သွားသလို ဖြစ်သွားသော်လည်း ဆက်လက်ကျလာသော ခရိတ် လည်ပင်းရိုး နေရာသို့ စတင်ထိလာသည်။ ဆရာဝန်က ဆေးထိုးအပ်ဖြင့် ထိုးလိုက်သကဲ့သို့ စစ်ခနဲ နာကျင်ခြင်း ဝေဒနာ ခံစားလိုက် ရသည်။
ရှိုနာ အမျိုးသားက သူ၏ ခန္ဓာကိုယ် ခွန်းအားပြည့်အ၀သုံးလျက် အပြီးသတ်ထိုးစိုက်ချရန် အားယူု နေချိန် တွင် ခရိတ်သည် ပြင်းစွာ တုန်လှုပ်ချောက်ချားနေမိလေသည်။ မိမိအနေဖြင့် မည်သို့မှ မတတ်နိုင် တော့ ကြောင်း သိနေ၍ တုန်လှုပ်ချောက်ချားမိခြင်းပင် ဖြစ်သည်။
ထိုအခိုက် အလွန်ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုကို ခရိတ်က မြင်ရလေသည်။
ရှိုနာအမျိုးသား၏ ဦးခေါင်းသည် အံ့သြစရာ ကောင်းလောက်အောင် ရုတ်တရက် ပြောင်းလဲ သွားလေသည်။ ရော်ဘာအရုပ်ကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ ဦးခေါင်းတစ်ခုလုံး ပွင့်ထွက် သွားကာ ရှိုနာအမျိုးသား၏ ခန္ဓာကိုယ်ကြီးလည်း အင်းအားလုံးဝမရှိတော့ဘဲ ပျော့ခွေ လဲကျ သွားသည်။ ခရိတ်၏ ကိုယ်ပေါ်မှ လိမ့်ထွက်ကျ သွားလေသည်။
ခရိတ် ၏ နားထဲတွင်ကား သေနတ်သံတစ်ချက် သဲ့သဲ့မျှ ကြားလိုက်မိသည်။
ခရိတ်လည်း ကပျာကယာထပြီး ကြည့်လိုက်ရာ ပေအနည်းငယ်မျှသာ ကွာဝေးသော နေရာ၌ ဒူးထောက်ထိုင် နေသူဆယ်လီအား မြင်ရလေသည်။
သူမသည် ထိုကာရက်ဗ် ပစ္စတိုသေနတ်ကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ထားလျက် သေနတ်ပြောင်းဝက ကျည်ဆန် ထွက်သွားသည့် အရှိန်ကြောင့် မိုးပေါ်ထောင်လျက်ပင် ရှိနေသေးသည်။
သူမသည် ပစ္စတိုပြောင်းဝကို ရှိနာအမျိုးသား၏ နားထင်တွင် ကပ်တေ့၍ ပစ်လိုက်ဟန် တူပေသည်။
"ကျွန်မ ကျွန်မ သူ့ကိုပစ်သတ်လိုက်ပြီရှင့်"
ဆယ်လီသည် ဤသို့ ပြောလိုက်ချိန်၌ သူမ၏ မျက်နှာမှာ တုန်လှုပ်ချောက်ချားနေပုံ ရလေသည်။
"ဒါဟာ ဘုရားသခင်ကို ကျေးဇူးတင်စရာပဲကွဲ့"
ခရိတ်က ပြောရင်းသူ၏ လည်ပင်း၌ ဓားဖျားနှင့်ထိ၍ သွေးစိုကနေသည်ကို ရှပ်အကျီကော်လာဖြင့် သုတ်လိုက်သည်။
"ကျွန်မ အရင်က ဘာကိုမှ မသတ်ခဲ့ဖူးပါဘူး။ ယုန်တစ်ကောင်၊ ငါးတစ်ကောင်တောင် မသတ်ခဲ့ဘူးရှင့်"
ပြောပြော ဆိုဆို သူမသည် ပစ္စတိုသေနတ်ကို ပစ်ချလိုက်သည်။
ခရိတ်က နှစ်သိမ့်အားပေးသည့်အနေဖြင့် သူမ၏ ကိုယ်ကိုပွေ့ဖက်ထားလိုက်ရာ သူ့ခမျာ စိတ်လှုပ်ရှား မှုကြောင့် အသားများ ဆတ်ဆတ်တုန်နေရှာသည်ကို သတိပြုမိလေသည်။
"ကျွန်မ ကို ဒီနေရာက ခေါ်သွားစမ်းပါရှင်။ ဒီမှာဆိုရင် ကျွန်မနှာခေါင်းက သွေးနံ့တွေ ရနေတယ်။ တခြား တစ်နေ ရာရာကို ခေါ်သွားပတော့"
"အေးပါ၊ ခေါ်သွားပါ့မယ်"
ခရိတ်က သူမအား ကူညီ၍ ထူပေးလိုက်ပြီး--------
"လာ.....ဒီဘက်ကို သွားကြမယ်"ဟု ပြောကာ သူကပင် ရှေ့ဆောင်၍ ခေါ်သွားလေသည်။
သူတို့သည် သုံးနာရီခန့် လျှောက်သွားကြပြီးနောက် ခရိတ်သည် ရေလက်ကျန်အနည်းငယ်သောက်ရန် ခေတ္တရက်လိုက်သည်။
သည်တော့မှ သူ၏ ပေါ့လျော့မှုကို သတိရပြီး စိတ်ပျက်သွားမိပြန်သည်။ သေဆုံးနေသော ရိုနာအမျိုးသား၏ ကိုယ်မှ ရေဘူးများကို ဖြုတ်ယူခဲ့ရန်မေ့လျော့ခဲ့ခြင်းသည် သူ၏အမှားပင် ဖြစ်သည်ဟု ယခုမှပင် ဆင်ခြင်သုံးသပ်မိလေသည်။
ရေဘူ့းတွေသာ ယူလာခဲ့မိရင် ကောင်းလေစွဟုတွေးရင်း ခရိတ်သည် နောက်သို့ ပြန်လှည့်ကြည့် မိလေသည် တစ်ခေါက်ပြန်သွား၍ ယူရန်ကလည်း ဆယ်လီကို ဤနေရာတွင်ထား၍ ပြန်သွားမည်ဆိုပါက အချိန်အနည်းဆုံး လေးနာရီခန့်ကြာမည်ဖြစ်သည်။ ထိုအတောအတွင်း တတိယတပ်မဟာမှ အခြား ကင်းလှည့်တပ်ဖွဲ့များ ရောက်လာနိုင်ပေသည်။
သူ၏ လက်မှ ရေဘူးကိုချိန်ဆကြည့်ရာ ရေက လေးပုံတစ်ပုံမျှသာ ကျန်တော့ကြောင်း ခန့်မှန်း မိလေသည်။ ထိုရေနှင့်ဆိုလျှင် တစ်နေကုန်အတွက်ပင် လုံလောက်မည်မဟုတ်ချေ။
ခရိတ်သည် ရှေ့ဆက်မသွားဘဲ သူဆက်လုပ်ရမည့် ဆုံးဖြတ်ချက်က အလိုအလျောက် ဖြစ်ပေါ် လာလေ သည်။
မြောက်ဘင် ကောင်းကင်ဆီမှ အင်ဂျင်စက်တစ်လုံးတပ် လေယာဉ်တစ်စင်း၏ စက်သံ ရုတ်တရက် ကြားရလေ သည်။ ခရိတ်သည် စိုးရိမ်ကြီးစွာဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။
"ငါတို့ကို လိုက်ရှာတဲ့ ရန်သူစစ်လေယဖြစ်မှပဲ"
ခရိတ်က ဆယ်လီအား ပြောလိုက်ချိန်တွင် လေယာဉ်စက်သံသည် ပို၍ကျယ်လောလာလေသည်။
လေယာဉ်သည် ထင်သည်ထက် ပို၍ နီးကပ်လာနေပြီဟု တွေးမိလျက် ဆယ်လီအား မြေပြင်တွင် လှဲအိပ် စေကာ တာလတ်ဖြင့် သူမ၏ ကိုယ်ကို ဖုံးအုပ်ထားလိုက်သည်။
လေယာဉ် စက်သံသည် ပို၍ပင် ကျယ်လောင်လာပြီ ဖြစ်သည်။
လေယာဉ်ကိုပင် မြင်ရလေပြီ။
လေယာဉ်မှူးသည် မိမိတို့ရှိရာသို့ တိုက်ရိုက် ဦးတည်မောင်းနှင်းပျံသန်းလာသည်ဟု ထင်ရလေသည်။
ဆယ်လီသည် တာလပတ်ကို အသာလှစ်၍ မော့ကြည့်လိုက်ပြီး -
"လေယာဉ်ကတော့ ပိုက်ပါ အမျိုးအစားပဲရှင့်"ဟု ခပ်တိုးတိုးပြောလိုက်သည်။
ခရိတ်လည်း သေချာစွာလှမ်းကြည့်လိုက်ရာ လေယာဉ်ကိုယ်ထည်တွင် ဇင်ဘာတွေနိုင်ငံ လေတပ်၏ အမှတ် အသားမျာပါရှိသည်ကို သတိပြုမိလေသည်။
လေယာဉ်မောင်းသူ (လေယာဉ်မှူး)က မျက်နှာဖြူ လူမျိုးတစ်ဦး ဖြစ်ပုံရသော်လည်း သူ၏ လက်ယာ ဘက်ဘေး မှ ထိုင်ခုံတွင် အာဖရိက တိုင်းရင်းသား လူမည်းတစ်ဦးထိုင်လိုက်လာသည်ကို မြင်ရလေသည်။
ထိုလူမည်း၏ ဦးထုပ်က တတိယ တပ်မဟာ၏ တံဆိပ်ပါသော အနီရောင်ဦးထုပန်ဖြစ်နေ၍ မည်မျှ အန္တရာယ် ကြီးမားကြောင်း သိသာထင်ရှားနေပြီ ဖြစ်သည်။
လေယာဉ်ပေါ်မှ လူမည်းအရာရှိသည် ရေဒီယိုဆက်သွယ်ရေးစက်မှ စကားပြောခွက် (မိုက်ကရိုဖုန်း)ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ပါးစပ်နားတွင် တေ့ထားသဖြင့် တစ်စုံတစ်ယောက်နှင့် ဆက်သွယ် စကားပြောနေ ကြောင်း သိသာလေသည်။
ကံအားလျော်စွာ လေယာဉ်သည် ခရိတ်တို့အား မြင်ပုံမရဘဲ ဖြတ်ကျော်မောင်းထွက်သွားလေသည်။ အင်ဂျင် စက်သံသည်လည်း တဖြည်းဖြည်း ဝေးသွားသည်။
"ဘယ့်နှယ်လဲကွဲ့၊ မင်း ဆက်ပြီး လျှောက်နိုင်ပါမလား"
ခရိတ်က မေးလိုက်ရာ ဆယ်လီသည် ခေါင်းညိတ်ပြရှာသည်။
"အခု ငါတို့ဟာ ဘော့ဆွာနာနိုင်ငံထဲ ရောက်နေလောက်ပြီကွဲ့။ နယ်စပ်လမ်းကတော့ သိပ်ဝေးဟန် မတူဘူး၊ တကယ်လို့သာ ဘော့ဆွာနာနိုင်ငံရဲ့ နယ်စပ် ရဲကင်းလှည့်ဖွဲ့တစ်ဖွဲ့နဲ့ ငါတို့ တွေ့လိုက်ရရင် သိပ်ကောင်းမှာ ပဲ"
ခရိတ်က သူ၏ စိတ်ထဲမှ တောင့်တမိသည့်အတိုင်း ပြောလိုက်သည်။
အခန်း (၂၆) ဆက်ရန်
.

2 comments:
Thanks.
Ray
ကျေးဇူး အများကြီး တင်ပါတယ်
ဒီအပိုင်းလေး ကိုလည်း ဖတ်သွားပါပြီ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment