Monday, June 28, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၁၃)

မနက်(၇)နာရီကို လေယာဉ်ကွင်းသို့ အရောက်သွားနိုင်ရန် မနက်စောစော ၄-နာရီခန့်ကထ၍ ပြင် ဆင်ပြီး ဟိုတယ်အောက်ထပ်သို့ဆင်းခဲ့ကြရာ အချို့ ခရီးသွားများလည်း တဖျောက်ဖျောက်နှင့် အောက်သို့ ဆင်းလာ ကြသည်။

လူစုံသလောက် ရှိသောအခါ ထမင်းစားခန်းကြီးတွင် အသင့်ပြင်ဆင်ထားသော မနက် လဘက် ရည်စားပွဲသို့ ၀င်သောက်ကြပြီးနောက်၊ လေဆိပ်သို့ လေယာဉ်ကုမ္ပဏီမှ လာကြိုသော ကားများဖြင့် လိုက်ခဲ့ကြပါသည်။

လေဆိပ်သို့ ရောက်သောအခါ ခရီးသွားများထုံးစံဝတ္တရားကိုပြုကြပြီး အမည်စာရင်းအတိုင်း လေယာဉ်ပျံ ပေါ်သို့ တက်ကြရပါသည။ မနေ့က ထားခဲ့သော အနွေးထည်များလည်း ထိုင်ခုံတွင် နေရာမပျက်ပင်ရှိသည်။ အချို့ ခရီးသည်များမှာ မသုံးနိုင်၍ ပိုလာသော မနီလာငွေစနှင့် ဒေါ်လာကို ပြန်လဲခဲ့ကြရသည်။

နောက်ဆုံး ခရီးဆက်ရန် စက်နှိုးသောအခါ စက်ကို မကြိုက်၍ ပြင်ဆင်လိုသဖြင့် နာရီဝက်ခန့် စောင့်ရန် လေကြောင်း ကပ္ပတိန်ကပြော၍ အောက်သို့ ခဏ ပြန်ဆင်းလာကြရပြန်သည်။
စက်ပြင်ဆင်မှု ကိစ္စ ပြီးစီးသောအခါ ခရီးသည်များပြန်တက်ကြပြန်သည်။ စက်နှိုးပြန်သည်၊ လေယာဉ်ကို ဘီးမလှိမ့် သေးဘဲ စက်ကို နာရီဝက်ခန့်နှိုးထားပြီးမှ ကောင်းကင်သို့ ပျံတက်ခဲ့သည်။ ခုမှဘဲ ထွက်ဖြစ် တော့သည်ဟု ခရီးသည်တို့ စိတ်ချသွားသည်။ သို့ရာတွင် ဟောင်ကောင် ရောက် ပါက ရာသီဥတု ကြည်လင်ခြင်း မရှိခိုက်နှင့် ကြုံ၍မနေပါစေနှင့်ဟု ဆုတောင်းရတော့သည်။

လေယာဉ်သည် ယခင်လာလမ်းအတိုင်း မနီလာမြို့ပေါ်နှင့် ပင်လယ်ကွေ့ကြီးများကိုဖြတ်ခါ ဖိလိပိုင် ကျွန်း ကုန်းလမ်း တလျှောက်မှ တောတွေ တောင်တွေကို ဖြတ်ကျော်နေသည်။ နာရီဝက်မျှကြာ အောင် တောတောင် တွေပေါ်မှ သွားနေစသ် ပန်ကာနှင့် စက်လေးလုံးရှိသည့်အန် ပန်ကာတလုံး စက်ပျက်၍ ရပ်သွား ပြန်သည်၊ သို့ကြောင့် လေယာသ်ကို ပြန်ကွေ့ကာ မနီလာလေဆိပ်သို့ လှည့် လာခဲ့ရပြန် တော့သည်။

လေဆိပ်သို့ ဆင်းမိကြသောအခါ ယခင်နည်းအတိုင်း လေကြောင်း ကပ္ပတိန်ထွက်လာပြီး ခရီးသည် လူကြီးမ၊ လူကြီးမင်း တို့အတွက် မနေ့ကဟိုတယ်မှာ ထပ်မံပို့ပါမည်။ လေယာဉ်စက်ကို ယနေ့ တနေ့လုံး ပြင်ဆင်၍ ထားပါမည်၊ နက်ဖြန်သည် အချိန် လေဆိပ်အရောက် လာကြရန် ပြောပြပြီး ဟိုတယ်သို့ ပြန်ပို့ပါသည်။
နှုတ်ဆက်ပြီး မှ ထွက်လာခဲ့သော ဟိုတယ်မန်နေဂျာနှင့် အလုပ်သမားတစုတို့က ခရီးသယ်ကားကြီး ပြန်ရောက် လာသောအခါ ရယ်မော ဆီးကြိုပြီး မနေ့က နေသွားသော ကိုယ့်အခန်းသော့များ ပြန်ပေး အခန်း အရောက် လိုက်ပို့ကြပြန်သည်။

သို့နှင့် ထိုနေ့ တနေ့နှင့်တည မနီလာမြို့ဘေး ဗြူးဟိုတယ်မှာ နောက်ထပ်နရပြန်သည်၊ ခရီးသည် များ မှာလည်း ဂျပန်တရုပ်၊ အင်္ဂလိပ်၊ အမေရိကန်၊ အိန္ဒိယ ၊ မြန်မာ၊ ဖိလိပိုင် စသဖြင့် လူမျိုး အတော်စုံ၍ နေပါသည်။ စုံသလောက်လည်း တယောက်နှင့်တယောက် တဦးနှင့်တဦး အတူး ချစ်ကျွမ်းဝင်လျက် ခရီးသွားဘက် မိတ်ဆွေများဖြစ်၍ နေပါတော့သည်။
ဤအထဲတွင် အိန္ဒိယ လူမျိုး ပါကစ္စတန်က ခရီးသည်တဦးမှာ အထူး စကားလုံးကြွယ် နှုတ်ဆော့ လာ၍ ပျော်စရာအပြောတတ်ဆုံး၊ ပျက်လုံး အထုတ်တတ်ဆုံးဖြစ်၍ သူ့ကိုဘဲ တအုံးအုံးနှင့် ပွဲကျ နေကြရ တော့သည်။ သူဟာဖြင့် ဒီခရီးအကြားမှာ အငြိမ့်လူပျက်တယောက်ကဲ့သို့ ရှိတော့သည်။

ဟိုတယ်အခန်းထဲ ပြန်ရောက်သောအခါ မသွားဖြစ်ကြောင်းကို မစ္စတာဝူးအား အကြောင်းကြား လိုက်သဖြင့် ရောက်လာသည်၊ သူ့လက်မှာတော့ မနီလာ ဘူးလက်တင်သတင်းစာတစောင် ကိုင်လျက် သတင်းစာ တနေရာ ညွှန်ပြ၍ ကြည့်ရာ... ယမန်နေ့က ဧည့်ခံပွဲသတင်းအပြင် မြန်မာစာ ရေး ဆရာမတယာက်  မနီလာ သို့ မရည်ရွယ်ဘဲ ရောက်လာကြောင်းနှင့် ယနေ့ပြန်လည်ထွက်ခွာ သွားမည့် သတင်းဖြစ်ပါသည်။

သူက ဒီနေ့တနေ့ လျှောက်လည်ရပြန် သေးတာပေါ့ဟု အားရ၀မ်းသာပြောပြီး သတင်းစာရပ်ကွက် များ အခြားရောက်သင့်ရောက်ထိုက် ကြည့်သင့်ကြည့်ထိုက်သော နေရာများကို လိုကလံပြသ ကျွေးမွေး ဧည့်ခံခြင်း ပြုပြန်သည်။

နောက်တနေ့မနက်တွင်လည်း မနေ့ကကဲ့သို့ စောစောအောက်ဆင်း လဘက်ရည်သောက်ပြီး လေဆိပ် အရောက် လာခဲ့ကြရာ ယမန်နေ့ကလေယာဉ်ကို လုံးဝ အသုံးမပြုဘဲ လေယာသ်အသစ် တစင်းတွင် ပစ္စည်း များ ပြောင်းရွှ့တင်ထားကြောင်း လေယာဉ်ပေါ်ရောက်မှ သိရသဖြင့် ပို၍ စိတ်ချ သွားမိသည်။
သို့ နှင့် ထိုနေ့အဘို့ ဟောင်ကောင်ကို ချောချောမောမော မောင်းနှင်ပျံသန်းလာနိုင်ခဲ့လေတော့ သည်။
............................

ဟောင်ကောင်


မနီလာမှ ချောမောစွာထွက်လာပြီး နောက်ဟောင်ကောင်နယ်နိမိတ်ပေါ်သို့ လေယာဉ်ဖြတ်ကျော် နေမိပါပြီ။ ပင်လယ်ရေအောက်မှ ထိုးဖေါက်ထွက်လာသော ကျောက်တောင်ပေါင်းများစွာက ဟိုမှာ တချို့၊ သည်မှာတချို့၊ ကျွန်းငယ်ကလေးတွေဖြစ်ဖြင့် နေရာအနှံ့အပြား တည်ရှိလျက်ရှိသည်ကို တွေ့ရလေသည်။
ကျွန်းငယ်များအကြားတွင် ရွက်ဖွင့်ထားသာ တံငါလှေကြီးငယ်များသည် ရေပြင်တွင် ပန်းပေါက် ပေါက်ကို ဆုတ်ကျဲထားသကဲ့သို့ များပြားစွာ တွေ့ရပါသေးသည်။

သို့နှင့် တောင်စဉ်တောင်တန်းကြီးတွေ ရံဝိုင်းနေသော လေယာဉ်ကွင်းကို ကျဆင်းနိုင်ရန် ရစ်ဝဲပျံ သန်းလျက် ရှိနေစဉ် တောင်ပေါ်တောင်နံရံ တောင်ေတြောင်အောက်နှင့်တကွ၊ ပင်လယ်ကွေ့ ရေ စပ်အထိ ပြွက်သိပ် ညပ်စေ့ နေသော တိုက်တာအဆောက်အဦးများကို ရာသီဥတု ကြည်လင်နေ သည်ဖြစ်သည့်အားလျော်စွာ ထင်ရှား ပြတ်သားစွာ တွေ့မြင်ရပါသည်။

ရေစပ်နှင့် ကျောက်သား တောင်နံရံပေါ်တွင် တည်ဆောက်ထားသော ဟောင်ကောင်မြို့ကြီးကား စည်ကား လှပါသည်။ တရုပ်လူမျိုးများနေထိုင်ရာ ရပ်ကွက်တွင် သူတို့ ထုံးစံဒုတ်ထိုး အ၀တ်လှန်း စံနစ်အတိုင်း အိမ်ပေါက် တိုင်း မှ ပြူထွက်နေသော ၀ါးလုံးနှင့်ထိုး၍ အ၀တ်လှန်းကြသည်မှာ အိမ် ပေါက်စေ့ တံခွန် ကုက္ကား တွေ စိုက်ထူထားသလို လွှားတလူလူဝေနေသည်ကို မြင်ရပါသည်။
လေဆိပ်တွင် ၃-ရက်ဆက်၍ ကြိုနေရှာကြသော ပင်းအေရှားသတင်းစာကိုယ်စားလည် မစ္စတာ ရောဘတ်ဆန်း တို့ ဇနီးမောင်နှံနှင့် သတင်းစာဆရာတရုပ်အမျိုးသားလူငယ်တဦးကို တွေ့ရပါသည်။
သူတို့က ဖော်ရွေခင်မင်စွာ နှုတ်ခွန်းဆက်ကြိုဆိုခြင်းကိစ္စပြီးလျှင် လေဆိပ်မှ ပစ္စည်းသေတ္တာများ အပ်ထား ခဲ့ပြီး မြို့တွင်းရှိ လေယာသ်များ အလုပ်ရုံသို့သွားကြရသည်။ ဟောင်ကောင်မှ ဘီအိုအေစီ လေကြောင်း ခရီး နှင့် ကူးပြောင်းစီး၍ ရန်ကုန်ပြန်ရန် မူလအစီအစဉ်အတိုင်း ရက်ချိန်းပေးခဲ့ရပါသည်။

မစ္စတာရောဘတ်ဆန်းတို့ ဇနီးမောင်နှံမှာ တရုပ်လူငယ်များဖြစ်၍ ခေတ်ပညာတတ်များပီပီ ဇနီးမောင်နှံ ရှေ့သွားနောက်လိုက်ညီလှသည်။ အင်္ဂလိပ်လို သွက်လက်သလောက် ဗမာလို လုံးဝ မတတ်ကြပါ။ မစ္စစ် ရောဘတ်ဆန်း မှာ ရှံဟိုင်းမြို့သူဖြစ်၍ သူ့မိဘဆွေမျိုးများမှာ ရှံဟိုင်းမြို့တွင်းရှိ နေကြပါသည်။
လေယာဉ်ပျံကွင်း ရှိသော ရပ်ကွက်မှာ ဟောင်ကောင်နှင့် ပင်လယ်ကေ့၊ သို့မဟုတ် အိုင်ကြီးတခု ခြားလျက် ရှိသည်။ တဖက်နှင့်တဖက် လူရောကားပါ ကူးသန်းသွားလာစရာကူတို့ ပေါင်းများစွာ ကူးသန်း ပေးနေ ကြပါသည်။

ကားစီးရင်း လူရောကားပါ ကူးတို့သင်္ဘောနှင့် ကူးနိုင်သည်။ ကုန်တင်ကားကြီးများကိုလည်း ကူးပေး သည်။ လူစီး ကူတို့သင်္ဘောများမှာလည်း မိနစ်ပိုင်းလောက်မပြတ် ပြည့်သိပ်စွာ ကူးသန်းသွားလာ လုပ်ကိုင် လျက်ရှိ ပါသည်။
မစ္စတာရောဘတ်ဆန်းတို့က အသင့်ငှားထားသော ဟော်တယ်မှာ ဟောင်ကောင်ဘက်တွင်ရှိသဖြင့် လူစီးကူတို့နှင့်ကူးခဲ့ရသည်။ ကူးတို့မှတဆင့် ကားနှင့် ဟော်တယ်အရောက် သွားကြရပါသည်။ ဟောင်ကောင် မြို့မှာ ကြီးကျယ်စည်ကားသလောက် သပ်ရပ်သန့်ရှင်းပါသည်။

တရုပ်လူမျိုး တွေ နေသောမြို့မဟုတ်သလို အနောက်နိုင်ငံရှိ မြို့တမြို့မှ လမ်းများကဲ့သို့ အမှိုက် သရိုက်မရှိ၊ ဘယ်နေရာ ကြည့်ကြည့် သန့်ရှင်းသန့်ပြန့်စွာ ရှိနေသည်က များပါသည်။ သို့ရာတွင် လမ်းပေးတွင် သွားလာ နေသော လူဦးရေကား ... ခြ ပုရွက်ဆိတ်ကဲ့သို့ မြောက်များလှပါသည်။ အထမ်းအပိုးတွေနှင့် တရုပ်ပီပီ သွားလာ လှုပ်ရှားလျက်ရှိသူတွေ၊ တကောက်ကောက် နောက်မှ လိုက်၍ ပိုက်ဆံတောင်းသူတွေကလည်း အများအပြား၊ နှစ်ထပ်ဓါတ်ရထားတွေမှာလည်း လူအပြည့် မြို့နေမြို့ထားမှာ ကျောက်တောင်ခြေ က ရေစပ် အထိ ရှည်လျားသော လမ်းကြီးသုံး သွယ်သာရှိပါသည်။ ကျဉ်းမြောင်းသော မြေနေရာကြောင့် တောင်နေရာ တွေကို လှီးဖြိုကာ မြို့တည် ထားရပါသည်။

တောင်ထိပ်မှ တောင်အောက်အထိ တောင်နံရံမှတိုက်တာ အိမ်ယာ အဆောက်အဦးကြီးငယ်တွေ ဆောက်လုပ် နေထိုင်ရသည်။ တောင်ကမ္ဘားရံတွေမှာ လမ်းတွေ ကွေ့ကွေကကောက်ကောက် ဖောက်ထား ပြီး ကား၊ ရထား၊ ဥဒဟို စည်ကားစွာ ကူးသန်းသွားလာလျက်ရှိသည်။

တောင်ပေါ်သို့ ဇောက်ထိုးဆင်းတက်ပေးသော ကြိုးဆွဲဓါတ်ရထား၊ ဂေဗလ်ကားရှိ၍ ၎င်းဖြင့် တောင်ပေါ်မှ တောင်အောက် သို့ ကူးသန်းသွားလာမှု လွယ်ကူအောင် ပြုလုပ်ပေးထားပါသည်။
တောင်ပေါ် မှ နေကြည့်လျှင် ပင်လယ်ကြီးဘက်မှ တံငါလှေများ ပင်လယ်ကွေ့အတွင်းမှ လှေကူးတို့ ကြီးငယ် တို့ လှုပ်ရှားသွားလာနေသည်များကို၎င်း၊ လေယာဉ်ပျံတွေပဇင်းပျံသလို ခဏခဏ၀ဲပျံ ကျ တက်နေသော လေယာဉ်ပျံကွင်းကို၎င်း၊ ဟောင်ကောင် တမြို့လုံး၏ ရှုမြင်ကွင်းကို၎င်း၊ တောင်ပေါ် လမ်းများ၏ သာယာမှု စသော အရပ်ရပ် ရှုမြင်ကွင်းများမှာ အလွန် ကြည့်မြင် ရှုခင်း သာယာ လှပ လျက်ရှိပါတော့သည်။

ကုန်ဆိုင်ကြီး တိုက်ဆိုင်ကြီးများလည်း လမ်းဝဲဘက်တချက်တွင် ပြည့်နှက်လျက် ၀ယ်သူတွေ တိုးတိုး ခွေ့ခွေ့ ကြိတ်ကြိတ်တိုးလျက်ရှိသည်။ ဟောင်ကောင်နှင့် စင်္ကာပူမှာ ရောင်းဝယ်မှု အကောက်အခွန်လွတ်ဈေး ပေါသည် ဆိုပြီး ဗမာပြည်ကလည်း အတော်ပင် အ၀ယ်အချမ်း လာတတ်ကြသည်။

အချို့လည်း တခြားကိစ္စကို အမည်တခုခုတတ်၍ ရွှကုန်ခိုးကူးတတ်ကြသည်။ လွတ်ခဲ့သည့်အခါ လည်းမြတ်၊ မိတဲ့ အခါလည်း ရှုံးသည်ဟု ပြောကြပါသည်။
ထို့ကြောင့်ဘဲ ထင်ပါရဲ့ လေဆိပ်၊ ရေဆိပ်တို့မှာ မသင်္ကာဘွယ် ခရီးသည်များအား သစ်ရွက် တချပ် ဆယ်ထပ်လှန်ကာ အဖန်ဖန်အခါခါ လှန်လှော် ရှာဖွေခြင်းပြုကြသည်။
ဂျပန်က ထွက်လာစဉ်ကအတိုင်း ပစ္စည်းသေတ္တာများကို တည်းခိုရာ ဟိုတယ်သို့မယူဘဲ မနီလာမှာ ကဲ့သို့ ယခု လည်း ဟောင်ကောင်လေဆိပ်တွင် အပ်ထားခဲ့သောကြောင့် ရှာဖွေခံရခြင်းမရှိတော့ပေ။
တည်းခိုသည့် ဟိုတယ်သို့ ရောက်သောအခါ လက်ဆွဲသေတ္တာကလေး အခန်းထဲ ပစ်သွင်းခဲ့ပြီး နေ့ လည်စာ ကျွေးမွေးရန် စီစဉ်ထားကြသည့်အတိုင်း မစ္စတာရောဘတ်ဆန်းတို့ ဇနီးမောင်နှံခေါ်ဆောင် ရာ တရုပ် ဟိုတယ်ကြီး တခုသို့ လိုက်သွားရပြန်ပါသည်။

ဟောင်ကောင်၏ ရာသီဥတုမှာလည်း အအေးလွန်ကဲ၍ လောင်းကုတ်ရှည်ကြီးကိုသာ တ၀တ်တည်း ၀တ်ထား ရပါတော့သည။
ဟိုတယ် ထမင်းစားခန်းထဲမှာတော့ အနွေးငွေ့ပေးထားသောကြောင့် အင်္ကျီရှည်ကြီးချွတ်၍ လွတ်လပ် ပေါ့ပါး စွာ စားနိုင်ပါသေးသည်။ တရုပ်အစာ အစားမျိုးစုံ၊ ပင်လယ်ငါးမျိုးစုံ ကျွေးမွေးရာတွင်ပါသည်။
သို့သော် မြန်မာပြည်က တရုပ်အစာ အစားတွေလို အစပ်တည့်သည်လို့မထင်ပါ။ စားမှုသောက်မှု ပြီးတော့ တမြို့လုံး လျှောက်ပြ၊ ကုန်တိုက်တွေလျှောက်ဝင်၊ ၀ယ်ချင်တာကလေး နည်းနည်းပါးပါး ၀ယ်ရင်း အချိန် အတော်ကြာ ကုန်သွားပါသည်။

ညနပိုင်းမှာ တောင်ပေါ်ပိုင်းသို့ လျှောက်ကြည့်၊ ရှုမျှော်ခင်းတွေလိုက်ပြ၊ ဓာတ်ပုံတွေရိုက်၊ ထိုမှတပါး ' ဂေဗလ်ကာ 'ခေါ်တဲ့ ကြိုးဆွဲဓာတ်ရထားကိုစီးလျက် တောင်ထိပ်ရှုမျှော်ခင်းတခုသို့ တက်ကြပြန် ပါသည်။

ညဘက်မှ ညစာဘိတ်တဲ့ဆီ သွားစရာကိစ္စရှိပြန်သေးလို့ ဟိုတယ်မှာ ခဏနားကြသည်။ ညဦးပိုင်း ရေဒီယို လည်း လာနေသည်။ သူတို့ဆီမှာ တယ်ဟုတ်ပါကလား။ မနက်ဖြန် မြင်းပွဲဆိုလျှင် ညဦးပိုင်း ရေဒီယိုက မြင်း အစီအစဉ် စီးမည့် ဂျော်ကီ နိုင်ကောင် တစ် စသည်တို့ကိုကြော်ငြာပေးနိုင်သည့် ကြေ ငြာချက်လည်းပြီးရော မြင်းပြေးတဲ့ ခွာသံ ဆိုင်းကလေးနောက်ပိုင်းကဖွင့်၍ စခမ်း သိမ်းလိုက်တော့ သည်။
မြင်းပွဲအချိန်ကလည်း ကြောက်စရာဘဲ၊ မနက် ၇ နာရီက စလိုက်သည်မှာ ညနေ ၆ နာရီမှပြီးသတဲ့။ မြင်းပြိုင်ကွင်း ကိုလည်း မြေနေရာမရှိလေတော့ တောင်ကမ္ဘားရံပေါ်မှ ခုတ်ထွင်းမြေညှိပြီး မြင်းကွင်း ကြီး ဖြစ်အောင် ဖန်တီးထားရသည်ဟု ပြောပါသည်။

မနက်စောစော တောင်ခါးပန်း လမ်းကွေ့ပေါ်တွင် ပုပုရွရွ ချီတက်နေကြတဲ့ လူထုကြီးတရပ်ကို တွေ့ မြင်သော အါ ဒါတွေဟာ ဧကန္တ မြင်းပွဲသွားလူထုနှင့်ဘဲ တူတယ်လို့ ဟော်တယ်ပြူတင်း ပေါက်မှ ကြည့်ပြီး ထင်ကြေး ပေးမိသည်။
ဒီအတိုင်းဘဲဟုတ်နေကြောင်း မစ္စစ်ရောဘတ်ဆန်း လာတော့သိရပါသည်။ သူကလည်း ရောက်ဘူး အောင် သွားကြည့်ပါအုံးလို့ ဖိတ်မန္တကပြုသည်။ ပြန်မည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် မကြည့်တော့ ပါဟု တောင်းပန် ခဲ့ရပါသည်။

ဟောင်ကောင်မြို့မှာ အင်္ဂလိပ်လူမျိုးတို့၏ လက်အောက်တွင် နှစ်ပရိစ္ဆေဒအတော်ကြာခဲ့ပြီဖြစ်၍ ဤမျှ အနေအထိုင်မြို့နေမြို့ခင်း သန့်ရှင်းသပ်ရပ်မှု ရှိကြသည်ဟု ယူဆမိသည်။ တမြို့လုံးရှိ ရှုမျှော် ခင်းအရပ်ရပ်တို့သည် အလှပြင်ထားသော မိန်းမပျို၏ မျက်နှာလို ကြော့ကြော့ရှင်းရှင်း ပပ၀င်းဝင်း ဖြစ်နေ ပါသည်။

ကားမောင်းသူတို့မှာလည်း အတော်ပင် အဆင့်အတန်း မြင်ပုံရပါသည်။ ဤမျှ တောင်ဆင်း တောင်တက် ကြောက်မက် စဖွယ် ကွေ့ကွေ့ ကောက်ကောက် တောင်ကမ္ဘားစောက်တို့၏ နံပါး၌ ဖောက်လုပ်ထားသော လမ်း များတွင် ရေအလျှင် သွင်သွင်စီးသလို ကားချင်းအဆက်မပြတ် တိမ်း ရှောင်မောင်းနှင် နေသည့် တိုင်အောင်  မတော်တဆထိခိုက်မှုများမှာ ကားဦးရေနှင့်စာလျှင် လွန်စွာ နည်းပါးလှသည်ဟု သိရသော ကြောင့်ဖြစ်ပါသည်။

မတ်မတ်ဖြောင့်ဖြောင့်ကြီးတက်၍ စောက်ထိုးပြန်ဆင်းရသော ကြောက်စရာ ကောင်းလှသည့် ကြိုးဆွဲ ဓါတ်ရထားသည်ပင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၊ အတွင်းက နှစ်ကြိမ်သာ ကြိုးပြတ်ကျဘူး သည်ဟု သိရ ပါသည်။
ကြိုးပြတ်စေကာမူလည်း လမ်းခုလတ်ရထားရပ်ရာ စခမ်းများတွင် အတားအဆီးသဖွယ်ထားခြင်း၊ ရထားတွင် အားကောင်းသော ဘရိတ်များပါရှိခြင်းတို့ကြောင့် ရထားစီးသူတို့ လိန့်လိန့်လဲလဲမဖြစ် ကြဘဲ ထိခိုက်ပွန်းပဲ့သူ အနည်းငယ် သာရှိကြောင်းသိရပါသည်။

အားလုံး ခြုံကြည့်လျှင်တမြို့လုံးအပျက်အစီးမရှိ အသစ်တိုးတက်နေသော အဆောက်အဦးတွေ ကိုသာ တွေ့ရပါသည်။ စစ်ဘေးစစ်ဒဏ်ကို သူတို့ မခံလိုက်ကြရ။ ဂျပန် ဗုန်းဒဏ်မထိ၍ မည်သည့် အဆောက်အဦး မျှ ပြိုကွဲပျက်စီးခြင်းမရှိခဲ့သည်မှာ စောစောစီးစီး ဆရင်ဒါ လုပ်၍ ဂျပန်ကို အေးအေး လူလူ လက်မြှောက် အရှုံး ပေးခဲ့သောကြောင့် ဖြစ်ပါသည်။
သို့ရာတွင် အဆောက်အဦးတွေ ဖြိုခွဲဖျက်ဆီးခြင်းမခံရသည့်တိုင်အောင် ပစ္စည်းများကိုတော့ အဆီအသား မှ စ၍ အမြီးနှင့် အကြေးခွံ အထိ အ၀ါးမခံရဘဲ ရှိမည်မဟုတ်ဟု ယုံကြည်မိသည်။ စီးပွားရေးအင်အားကို အသစ် ထပ်မံ ထူထောင်ထားရခြင်းဖြစ်ပေလိမ့်မည်။

သို့ကြောင့် အမျှင်မပြတ်၊ အလျင်မပြတ်၊ အရောင်းကြီး အ၀ယ်ကြီး ဆိုင်ကန္နားအသီးသီးကုန်တိုက် ကြီး အရှိုရှိုတွင် ဥဒဟိုဝင်ထွက်နေသော လူထုပရိသတ်တို့မှာ ၀င်လာမစဲ...၊ တသဲသဲ ရှိနေ လေ သည်။
ဝယ်ချင်ခြမ်းချင် စရာ အသုံးအဆောင်များမှာ ပေါလိုက်သည့်ဖြစ်ခြင်း။ ရောင်းခွန်ဝယခွန် ဟိုအခွန် သည်အခွန် တွေက ကမ္ဘာအရပ်ရပ်မှာ ဘီလူးစီးသလို ဂုတ်ခွစီးနေစေကာမူ သူတို့ မြို့မှာတော့ သက်သာရာ ရလေသည်။

နောက်တနေ့ မှာ စနေနေ့ဖြစ်၍မနက် ၁၁ ...နာရီ ရန်ကုန်သို့ ပြန်ရမည့်ရက် ဖြစ်သောကြောင့် စောစော ထရမည်ဖြစ်သဖြင့် ညစာတည်ခင်းကျွေးမွေးသော နာမည်ကျော် တရုပ်ဟော်တယ်ကြီးမှ ၁၁...နာရီ လောက်တွင် ပြန်ခဲ့ကြသည်။

တည်းခိုရာ ဟော်တယ်ရောက်လျှင် မနီလာမှ မစ္စတာဝူး မနက်န် ရောက်လာမည်ဖြစ်ကြောင်း သံကြိုး ရသည်။ ၀ူးအတွက် ဟော်တယ်အခန်းမရနိုင်တော့သဖြင့် သည်အခန်းကိုပင် လွှဲပြောင်းပေး ခဲ့မည်ဟု ဟော်တယ် မန်နေဂျာ ကို မစ္စတာရော ဘတ်ဆန်းမှတဆင့် ပြောထားလိုက်ပါသည်။
မနက်လင်းသော အခါ လေဆိပ်မသွားခင် မြို့တည်းဈေးတန်းသို့သွားရန်ရှိသော်လည်း မနီလာမှ နောက်ထပ် ရောက်လာမည့်မစ္စတာ ၀ူးနှင့်အတူ နေ့လည်စာ စားရန် ဘိတ်ကြားချက်ကို လက်ခံ ထားပြီး ဖြစ်သောကြောင့် ပြင်ပသို့ ဝေးဝေးလန်လန် မသွားတော့ဘဲ အနီးတ၀ိုက်တွင်သာ လျှောက်၍ လည်ပတ် ပါသည်။

ဟောင်ကောင်တွင် ၀ယ်လိုရာဝယ်သုံးလိုရာသုံးရန် လဲလှယ်ထားသော ဟောင်ကောင်ငွေဒင်္ဂါးများ ကလည်း သုံးလို့ ၀ယ်လို့မကုန်သေးသဖြင့် ဒါတွေကုန်အောင် သုံးပစ်ဘို့ ကိစ္စကရှိသေးသည်။ သို့နှင့် ဓါတ်ပုံ ပစ္စည်း မျက်မှန်၊ မှန်ပြောင်း၊ ဖဲစ... စသော ဗမာပြည်မှာ မရှိရှားပါးသော ပစ္စည်းကလေးများ လျှောက်ဝယ် ပြန်ရာလည်း ၀ယ်ချိန်များများမရသဖြင့် ဟောင်ကောင် စက္ကူနည်း ကျန်နေပြန်သေးသည်။
ဒီငွေစ များကို ဗမာပြည်သို့ ယူလာရန် တန်ဘိုးမရှိ၊ ဘယ်လိုလုပ်ရမည်မသိဖြစ်လျက်နှင့်ပင် ဟော်တယ်သို့ ပြန်ခဲ့ရင်း... မြင်းပြိုင်ကွင်းကို တောင်ပေးလမ်းမှ လှမ်းကြည့်၍ ဓါတ်ပုံရိုက်ခဲ့ရသေး သည်။ မြင်းပွဲကို အင်တိုက် အားတိုက် သွားနေသော လူထုကြီးကလည်း ကြီးမားပါဘိသည်။ ထိုနေ့မှာ စနေနေ့ဖြစ်သည်။

ကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသူကျောင်းသားအများအပြားသည် ကိုယ်လက်ကြံ့ခိုင်ရေးကို အထူးလေးစား လေ့လာကြသည်။ တောင်နံရံတွင် ပြုပြင်ထားသော ကစားကွင်းကြီးများတွင် ကျောင်းသူ ကျောင်းသားတွေ၏ ပြေးခုန်ကစားပွဲတွေနှင့် နှင်နှင် ဖြစ်နေသည်ကို တွေ့ရပါသည်။

တည်းခိုရာဟော်တယ်သို့ ပြန်ရောက်လျှင် မနီလာရောက် မစ္စတာဝူးနှင့် မစ္စတာရောဘတ်ဆန်းတို့ ဇနီး မောင်နှံကို နေ့စာ စားဘိတ်ကြားရာသို့ သွားရန် ကြိုဆို နေနှင့်ကြသဖြင့် သူတို့နှင့်အတူ ဘိတ်ကြား ရာသို့ လိုက်ပြီး လေဆိပ်သို့ တန်းသွားရမည်ဖြစ်သောကြောင့် လက်ဆွဲအိတ်ငယ်ကို အခန်းစေ သူငယ်ကလေးကို ချခိုင်း၍ ကားပေါ်စေလျက် သူတို့ခေါ်ရာ ဆက်လက်လိုက်သွားရပါ သည်။
ဘိတ်ကြား ထားသော ဟော်တယ်သို့ ရောက်သောအခါ သတင်းစာဆရာအချို့ စောင့်နေကြသည်။

သီးသန့်မှာထားသော အခန်းတခုသို့ ခေါ်သွားပြီး ဟောင်ကောင်မြို့က အကောင်းဆုံးအစာတွေကို ရွေမှာပြီး ကျွေးမွေး ရှာကြသော်လည်း အချိန်စောလွန်းသဖြင့် တကြောင်း၊ စားရသောအစာတွေက လည်း အမယ်များ လှသဖြင့် တကြောင်း၊ ကောင်းစွာ မစားနိုင်တော့ဘဲ စကားတပြောပြောနှင့်သာ အချိန်ကုန်ခဲ့ပါသည်။ သည်လူစု ထဲမှာ ၀ူးတယောက်ထဲသာ မြိန်ရေရှက်ရေစားခဲ့သည်။

လေဆိပ်သို့သွားရန်လည်း အချိန်ကနီးကပ်နေပြီ။ စကားအမျှင်ကလည်း မပြတ်နိုင်ကြ။ သွားရမှာက ဟိုဘက်ကမ်းကို တဆင့်ကူးရဦးမည်ဖြစ်၍ ရောဘတ်ဆန်း ကတော်က လောပေးမှ စကားစဖြတ်၍ ထ လာကြရသည်။ ကားနှစ်စီးနှင့် ကမ်းနားဆိပ်ကိုရောက်ကြသောအါ ကားရော လူပါ တပါတညးတင်ပို့သော ကူးတို့ သင်္ဘောပေါ်ရောက်ကြသည်။ မိနစ် ၂၀ ... ခန့်ကြာအောင် ကူးလာ ကြရသည်။
တဘက်ကမ်း သို့ ကားကူးတို့သဘောဆိုက်သောအခါ ၀ူးမှာ ဟောက်၍ပင် အိပ်လျက် ပါလာသည်။ လေဆိပ် ရောက်ခါ မှ သူ့ကိုနှိုးယူရသည်။ လေဆိပ်တွင် ပစ္စည်းသယ်ယူသူ တရုပ်အမျိုးသားတဦးမှာ ဗမာမြင်ရုံနှင့် လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်လာသည်။ ပီသပြတ်သားပြီး လေယူလေသိမ်း အညာ ဗမာဆန်ဆန်ပင် ပြောနိုင် သဖြင့် အံ့သြစွာ မေးမိသည်။

' ကျွန်တော် ၁၄ ... နှစ်သားက ဗမာပြည်မှာ နေလာတာ၊ ယခု အသက်(၄၀)ကျော်မှ ပြန်လာရသည်။ ဒီမှာ မပျော်ပါ၊ ဗမာပြည်ကိုဘဲ ပြန်ချင်ပါသည်။ ဒါကြောင့် ဗမာမြင်လျှင် အင်မတန် ၀မ်းသာမိသည် ' ဟု ပြောသည်။ ' ပြန်ချင်လျှင် ပြန်နေပါလား ' ဟု ဆိုသောအခါ...၊ ' ကြိုးစားနေ တာပါဘဲ ... ခင်ဗျာ။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်က ခက်ခဲနေတယ် ' ဟု ညည်းညည်းညူညူ ပြောလိုက်ရှာသည်။
လေယာဉ် ထွက်ချိန်နီး၍ အမည်များခေါ်မှ လိုက်ပို့ကြသော မိတ်ဆွေများတစုလည်း နှုတ်ဆက်ကာ ပြန်သွား ကြသည်။

အတွင်းဘက်ရောက်လျှင် လေယာဉ်ပေါ်သို့ တက်စေရန်ဖြစ်သော်လည်း လေ ကြောင်းကပ္ပတိန်က လေတိုက်ပုံ မကြိုက်သေး၍ လေယာဉ်မထွက်နိုင်သေးသဖြင့် ၁၅ မိနစ်ခန့် ဆိုင်းရန် ပြောထား၍ စောင့်ရ သေးသည်။ အချိန်စေ့သောအခါ လေယာဉ်ပျံပေါ်ကို ရောက်ကြ သည်။ ထုံးစံအတိုင်း ပန်ကာလည်၊ ဘီးလှိမ့် ပြီး တက်ရန် အားယူနေရာမှ လေတိုက်ပုံ မကြိုက်ပြန် သေးဆိုပြီး လေဆိပ်ရုံးရှေ့ ပြန်လှိမ့်လာကာ ခရီးသည် တို့ကို အောက်မှာပင် လဘက်ရည်များ တိုက်ကျွေး၍ စောင့်ဆိုင်းထားပြန်သည်။

အော် ... ဟောင်ကောင်လေဆိပ်ကား လေယာဉ်ပျံ အကြီးစားများအဘို့ အဆင်းခက်၊ အတက်ခက် ရှိတဲ့ လေဆိပ် ပါပေဘဲ။ ဘီအိုအေ စီ ပီ အေ အေ စသော လေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ ကလည်း ခရီးသည်တို့၏ လုံခြုံသက်သာမှုကို အထူးဂရုပြုကြပါပေသည်ဟု တွေးမိ သည်။

သို့နှင့် နှစ်နာရီခန့်ရှိမှ လေယာဉ်ကို စိတ်ချလက်ချ ထွက်လာခဲ့ရသည်။ သည်အခါမှ ချောချော မောမော ဗမာပြည် ပြန်ရတော့မည်ဟု စိတ်တက်ကြွမိသည်။ ည ၉ ...နာရီတွင် ယိုးဒယားပြည် ဘန်ကောက် လေယာဉ်ကွင်းတွင် ခရီးသည်တို့ကို ညစာ ကျွေးမွေးပါသည်။ ဘန်ကောက်လေဆိပ် အဆောက်အဦးနှင့် အသုံးအဆောင်ပစ္စည်းတို့မှာ သစ်လွင်၍ နောက်ဆုံးပုံစံသစ်နှင့် ခေတ်ဆန်လှ သည်။ သားနားသန့်ပြန့် လှသည်။ သို့ရာတွင် ပူစပ်စပ်ရာသီဥတုနှင့် မကြာခဏလာ၍ နှုတ်ဆက် ကိုက်ခဲလာသော ခြင်သတ္တ၀ါ တို့ကြောင့် အသားကို တကုတ် ထည်း ကုတ်နေရသည်။

၎...၅...လ ခြင်ကိုက်ခြင်း၊ ပူအိုက်ခြင်းတို့နှင့် ကင်းဝေး၍ မေ့လျော့နေခဲ့ရာတွင် သည်တခါမှ ဒုံရင်း ပြန်ဆိုက် ရမည်မို့ အိမ်နီးချင်းယိုးဒယားကစ၍ ဦးရွှေခြင်တို့က ပွဲဦးထွက် နှုတ်ဆက်ပြလိုက်လေ သည်။
.........................
ဆက်ရန်
.

1 comment:

bobo said...

Ama,

I haven't found these letters since Manila trip in Daw Daw Khin's book I got. Interesting.