Friday, June 11, 2010

ပန်းသတင်း (ဂျွန် ၁၁)

ကြောင်ကတိုးလော ငချိပ်လော
ဆင်ဖြူကျွန်းအောင်သိန်း

 
 
 
တတူတူ ဖြင့် ဂဒိုး(ကျွဲချို)မှုတ်သံများသည် မှောင်တရီ အရုဏ်ဦးကို ဖောက်ထွင်းလာသောအခါ ရီးကျီးဒန်၏ နှာဝ၌ ကောက်ညှင်း ငချိပ်ပေါင်း ရနံ့သည် သင်းဝေ့လာလေ၏။ မိုးလည်းမမည်၊ နှင်းမဟုတ်၊ မြူလည်း မခေါ်နိုင်သော မှိုင်းမှိုင်းရီရီ ဆိုင်းဆိုင်းတွဲ့တွဲ့ ဖွဲ့အုံနေသောအရာများသည် ကိုးခွင်ပတ်ကုံး ရင်ဆင်နေ၏။ မြောက်လေ တစ်ချက်နော့လျှင် အေးစိမ့်သယောင် ဖြစ်ပြီးသွားပြီးနောက် အိုက်စပ်နေပြန်လေ၏ မည်သို့ ဆိုစေ ဆောင်းဦးသည် ရမ်းဘိုကုန်းရွာတံခါးဝသို့ ရောက်လာနေပြီ ဖျတ်ခနဲ လန့်အနိုးတွင် ရီးကျီးဒန် နားစွင့်၏။

စက်မှုလယ်ယာ (ထွန်စက်စခန်း)မှ နာရီသံချောင်း ခေါက်သံတည်း ကြားရမည်လော၊ မြင်းခွာသံတည်း ကြားရမည် လော နားစွင့်ခြင်းဖြစ်သည်။
မြင်းခွာသံသည် တောင်ဘက်တာလမ်းပေါ်တါင် မောင်းနှင်သွားသော မြင်းရထားမှ မြင်းခွာသံဖြစ်၏။ သို့သော် မြင်းခွာသံမကြားရ တဖြုန်းဖြုန်းတောင်ပံခတ်သံနှင့်အတူ ကြက်တွန်သံ ပေါ်လာသည်။ သံချောင်း ခေါက်ပြီး မှ နိုးလာသောကြောင့် မကြားရခြင်းဖြစ်မည်။ ထိုစဉ်တွင် ဂဒိုးသံကို 'တူတူ တူတူ'ကြားရ၏။ 'အို… သာယာလိုက်တာ' ရင်ထဲကခံစားရ၏။ မီးရောင်သာရှိလျှင် ရီးကျီးဒန်၏ တွင်းချိုင့်ဖြစ်နေသော မျက်လုံးအစုံ တောက်ရွှန်းလာသည်ကို မြင်နိုင်မည်။ နှမ်းရိုးပုံအလား တွန့်ရွမှည့်ပျော်နေသည့် ပါးရေတွန့်များ ပြေပြန့်ပြီး နုပျို လာသည်ကို မြင်သာမည်။

လယ်ပြင်ဆင်းမည့် လယ်ယာအလုပ်သမားတို့အတွက် လူစုဝေးရန် အချက်ပေးသံများ၊ သွားကြစို့ ဆော်သြသံ များဖြစ်သည်။ ကောက်စိုက်မတို့အတွက် တထိုထိုဖြင့် သာယာသော မောင်းကလေးသံ၊ ပျိုးနုတ်သမားတို့အတွက် ကောက်ရိတ်သူများ ဖြစ်လာကြပြန်၏။ ထိုအခါတွင် လူစုရန် အချက် ပေးသော အရာမှာ ဂဒိုးမှုတ်သံပင်ဖြစ်ပြန်သတည်း။ သို့ကြောင့် ဂဒိုးမှုတ်သံသဲ့သဲ့ကို ကြားကာခဏတွင် ရီးကျီးဒန်မှာ ငယ်ရုပ်ဆင် လာရခြင်း ဖြစ်ပေသည်။

သြော်…..ရေထဲ ရွှံ့ထဲမှာ အပင်ပန်းခံခဲ့ရသမျှ အကျိုးခံစားကြရတော့မှာပါတကား။
သည်အတွေးကြောင့် ရီးကျီးဒန်မှာ ရွှင်လန်းနုငယ်လာရခြင်းဖြစ်ပေမည်။ ထိုအခါတွင် အနီးအနား၌ ထောက်ကူပစ္စည်းမရှိပါဘဲလျက် ရီးကျီးဒန်မှာ ရွှင်လန်းနုငယ်လာရခြင်း ဖြစ်ပေမည်။ ထိုအခါတွင် အနီး အနား ၌ ထောက်ကူပစ္စည်းမရှိပါဘဲလျက် ရီးကျီးဒန်မှာ ငချိပ်ပေါင်းနံ့ ရလာခဲ့လေသည်။ အသိအာရုံသည် ညိုနီနီ ငချိပ် ကောက်ညှင်းစေ့များတွင် မွေ့လျော်ချေပြီ။ ငချိပ်ပေါင်းကို လက်ငါးချောင်းဖြင့် ဆုပ်ကာ ဆုပ်ကာ နှမ်းဆီပန်းကန်ထဲသို့ နှစ်လိုက်ရသော အရသာကလည်း တမ်းတချင်စဖွယ် လက်ချောင်းများတွင် စီးဝင်လာ၏ ငချိပ်စေ့များတွင် ဟိုတစ်ပွင့် သည်တစ်ပွင့် ကပ်ပါလာသော ဆားပွင့်များ ပြွတ်သိပ်ကာ တို့ထား သော နှမ်းထောင်း။

တမ်းတစိတ်ညသည် တစ်ချက် လွန့်လူး၏။ ရီးကျီးဒန့်ပါးစောင်မှ သွားရည်ယိုကျလာ၏။
ကျီးကန်းအော်သံ များ ခေါင်းပေါ်မှဖြတ်သန်းသွားသည်။ တံခါးဖွင့်မကြည့်ဘဲနှင့် ရောင်ဖြူလာပြီး ရီးကျီးဒန် သိသည်။ သို့အတွက် လူးလဲထကာ စောင်ခေါက်သည်။ ခေါင်းအုံးပေးတင်သသည်။ ပြီးစီးသော် ခေါင်းအုံး နှင့် စောင်ခေါက်ကို 'ဆိုင်း'ထဲသို့ ထည့်သည်။  ဆိုင်းမှာ ရေထမ်းရာတွင် အသုံးပြုသော ဆိုင်းပေါင်လေးခု၊ ဆိုင်းတံ လေးခု ပါသည့်ဆိုင်းမျိုးပင်ဖြစ်၏။  သည်နှယ်မထား၍မဖြစ်။ မြေးတွေက အချိန်မရွေး ရောက်လာ နိုင်သည် ဘွားအေက ခွေးကတက်တွင် ပြောဆိုငေါက်ငမ်းနေဆဲ၌ အိမ်ပေါ်ရောက်သူက ရောက်သွားမည်။ ခေါင်းရင်းပဲ၊ ခေါင်းအုံးပဲ မသိတက်မည်၊ ကျော်လွှားမည်၊ နင်းမည်။ မသိတတ်ရန်ကော ရိုင်းစိုင်းရန်ကော ခေါက်သော်ရိုက်သော ခေါင်းကိုပွတ်ရုံမျှဖြင့် ပြီးမည်။ ရိုက်ရ ခေါက်ရသူမှာသော်ကား လက်ဆစ်လက်ဝါး နာလျက် ကျန်ခဲ့သည်။

သို့ကြောင့် ခေါင်းအုံးနှင့် စောင်ကိုထုပ်ဝါး၌ တန်းလန်းဆွဲထားသောဆိုင်းတွင် ထည့်သည်။ အိမ်ရှေ့ ကပြင်ဘက်သို့ လှမ်းလာရင်းက ဆံပင်ကို ဖြီးသင်သည်။ တံခါးဖွင့်လိုက်သောအခါ မှိုင်းရီ ဝေသီ သော နံနက်ခင်းက အေးမြစွာ အရောဝင်သည်။ 'ဘာလိုလို နဲ့ ဆောင်းဝင်တော့မှာပါကလား'

အိမ်ကပြင်အစပ်တွင် လေးစင်တိုင်ဖြင့် မြေအိုးလေးလုံးတည်ထားသည်။ ရေမှုတ်မှောက် ထားသော အိုးထဲသို့ရေမှုတ်ကို ထိုးခပ်သည်။ ရေကားမပါ။ အိုးဖင်နှင့် ရေမှုတ်နှင့် ဆောင့်မိသံကို ဒေါင်ခနဲကြားရ၏။ နောက်တစ်လုံးသို့ ရေမှုတ်ရွှေ့ပြန်သည်။ အိုးလေးလုံး စေ့စုံငြား အုန်းရေမှုတ် ထဲတွင် ရေတစ်စက်မျှ မပါ။ ဒေါသစိတ် သည် ထောင်းခနဲအထ စိုးရိမ်စိတ်က ချက်ချင်း 'ကုပ်'နှိပ်လိုက်သည် ။ တော်ပါသေးရဲ့၊ တော်ပါ သေးရဲ့။ အဘိုးကြီးနိုးလို့ မျက်နှာသစ်ဖို့ ရေမရှိရင်၊ အင်း….ကြည်ကြည်သာသာနဲ့ နိုးလာရင် တော်ပါရဲ့။ မကြည် မသာ နဲ့များ နိုးလာတုန်းနဲ့ဆုံရင် ရေအိုးတွေကို ရိုက်ခဲချေရဲ့။

သောကသည် ခွန်းအားကိုလည်း ဖြစ်စေရကား၊ ရီးကျီးဒန်မှာ ပုဆိုးစုတ်ကို ပခုံးတွင်တင်၊ ရေမှုတ်တစ်ဖက် ရေအိုး တစ်ဖက် ဆွဲလျက် ချောင်းထဲသို့ ဆင်းခဲ့မိလေ၏။
ချောင်းတပြင်လုံး ပိန်းပိန်းပိတ်၍ မှောင်နေသည်။ ရွာထဲမှာ မလင်းချင်းမီက ကြိုတင်လင်းနေကျ ချောင်းပြင်ကြီးသည် ကိုင်၍ ဖမ်း၍ရလုလု ထူထဲသော နှင်းမြူထုအောက်၌ ပိန်းပိတ်လျက် ငြိမ်သက်နေ၏။ ဟိုဘက် ရေစီးကြောင်းဘက်မှ သိုးသိုးသွက်သွက် ရေသံကလေးသာ မရှိလျှင် ချောင်းပြင်ကြီးသည် ပကတိ အသေကောင်။ ရေစီးကြောင်း၏ သည်ဘက်တါင် ခြေနင်း၍ မကောင်းသေး။ သဲကနုသည်၊ ရေခပ်လမ်းကြောင်း က ရေထွက်နေသည်။ သို့ကြောင့် အားလူးသမားတို့၏ ရန်မှကင်းနေ၏။ ရေစီး ကြောင်း ၏ ဟိုဘက်တွင်မှ အာလူးစိုက်မည့်သူမျာ ထွန်ကြယက်ကြ မြေဆွေးချ နွားချေးချထားကြ၏။  အောက်ခံ အစို နှင့်တွေ့သော နွားချေးမြေဆွေးနံ့သည် လွင့်လူးလာ၏။ အေးသန့်သည့် နံနက် 'လေအလှ' ပျက်ပြီ။

ရီးကျီးဒန်သည် လက်ယက်တွင်း သုံးတွင်း၏ အလယ်တွင် ထိုင်၏။ တွင်းများတွင် ရေပြည့်နေ၏။ မှောင်ပါလျက် ပြောင်ပြောင်လက်လက် မြင်ရ၏။ ရေအသင့်ရှိငြား ရီးကျီးဒန် မသတီပါ။ ခြေရင်းဘက်မှ စိမ့်သော ရေမို့ ပက်ထုတ်ပစ်သည်။ ကုန်သလောင့်ရှိမှ  တစ်အောင့်စောင့်ပြီး ခပ်ယူသည်။ နွားချေး ဆွေးနံ့နှင့် မြေဆွေးနံ့ အနံ့ရပ်သွား၏ လေသည် ချက်ချင်းသန့်ရှင်းလာ၏ ရေအိုးကို ခေါင်းပေါ်သို့ ပင့်တင်ချိန်တွင် ရီးကျီးဒန်မှာ နှာခေါင်းကို ရှုံ့ချည်ပွချည်လုပ်မိ၏။ ကြောင်ကတိုးနံ့။ ကြောင်ကတိုးအား သူ၏မွေးပျံ့သောရနံ့က ပြန်၍သတ်သည်ဟု ရီးကျီးဒန် ကြားဖူး၏ ကတိုး လိုက်သော မုဆိုးသည် ထိုအနံ့ ကိုခံပြီး လိုက်လေ့ရှိ သဖြင့် ကြောင်ကတိုးမှာ ပြေး၍မလွတ်။ ယခုလာသော ရနံ့သည် မည်သည့်ဘက်မှ လာသနည်း။ ဓါတ်ပေါင်းစု ဘုရားဘက်ကလော၊ ချောင်းလယ်ရှိ ကိုင်းတောကလော။

ကတိုးနံ့သည် ချောင်းကမ်းပါးထိပ်အထိ ပျံ့သင်းနေ၏ ကြောင်ကတိုးနံ့ထက် ငချိပ်ပေါင်းနံ့ကော မဖြစ် နိုင်ဘူးလား။ လယ်သမားတို့ ပေါ်ဦးပေါ်ဖျားအဖြစ် ဘုန်းကြီးကျောင်းလှူရန်၊ အရပ်ဝေရန်၊ ကောက်စိုက် ကောက်ရိတ် ကောက်လှိုင်းတိုက်များအား ကျွေးမွေးရန် စိုက်သော ငချိပ်၊ 'ဟဲ့ ဟဲ့၊ ကောက်ညှင်း ပေမဲ့ ငချိပ် က လူနဲ့တည့်တယ်ဟဲ့' အမေတို့ အမေကြီးတို့ပြောသော ငချိပ်။

သည်ငချိပ်ကို တစ်ယောက်စိုက် နှစ်ယောက်စိုက် 'ချွန်း'ကွက်ကလေးများတွင် လယ်သမားများ စိုက်လေ့ ရှိကြသည်။ ကောက်ရိတ်ခရရန်၊ ကောက်လှိုင်းတိုက် စရိတ်ခုမိစေရန်၊ စောစောပေါ်သော ကောက်ညှင်းဖြူ ကိုလည်း လေးယောက်စိုက်ဖြစ်စေ၊ ငါးယောက်စိုက်ဖြစ်စေ စိုက်ခဲ့ကြ၏။ သည်ကောက်ညှင်းအဖြူက မုန့်သြဇာ သမား၊ အနုဆိပ်သမားနှင့် 'ကရေကရာ' သမားအကြိုက်။ ငချိပ်ပေါင်းနံ့ နှင့်တူသော ကြောင်ကတိုး နံ့သာ မရခဲ့လျှင် ရီးကျီးဒန့်အာရုံပြောင်းပြီးသား။ သူ့အာရုံက ရီးဆေးရိုးမနိုးမီ ရေအပြည့် ရှိရေး။ သည်အာရုံကို ကြောင်ကတိုးဝင်ရှုပ်သည်။ ငချိပ်ပေါင်း တမ်းတသံသရာလည်ပြန်ပြီ။

စိန်နှင်းပွင့်ကလေးတွေ တွဲရရွဲခိုနေသော ငချိပ်စပါးစေ့များသည် ရီးကျီးဒန့် မျက်စိထဲမှာ ညိုညိုတစ်လီ မှိုင်းမှိုင်းတစ်ဝ မြင်ယောင်လာပြန်သည်။ ဆန်ကြမ်းနှင့်ယှဉ်သော ငချိပ်စပါးပင်က ဆန်ကြမ်းစပါးလောက် မစည်ကား မဖွင့်ထွား။ သို့ဖြစ်ငြားတွင်လည်း လမ်းမပေါက်သေး။ လှည်းလမ်း ပေါက်ရန်ဝေးစွ၊ လယ်ထဲတွင် ရေမခန်း သေး။ ဆန်ကြမ်းကောက်ပင် ဖု့းတုန်းလုံးတုန်း ကောက်ညှင်းစပါးကို ရေစွက်စွက်ထဲတွင် ရိတ်ရသည်။ တစ်ထမ်းတစ်ရွက်စီ ထမ်းယူရွက်ယူပြီး ရိုင်ပတ်အတွင်း၌ ပုတ်သည်၊ ခါသည်။ ကောက်ညှင်း စပါး၏ ကောက်ပင်တွင် အစိုဓာတ်ရှိနေသဖြင့် နွားကြိုက်၏ သို့ကြောင့် မရိတ်ချင်သူမရှိ။ ရိတ်ပြီး အခင်းရှင် ၏ အိမ်သို့သယ်လာကာ ပုတ်ခြွေသည်။ အစေ့စင်သော အပင်ကို ယူသွားသည်။

ဟိုလူက တစ်ပြည်စာပုတ်ထားခဲ့၊ သည်လူက နှစ်ပြည်စာပုတ်ထားခဲ့သမျှ နေကလေးရှိခိုက် ကပျာကယာ ထုတ်လှန်းရသည်ကို ရီးကျီးဒန် ပင်ပန်းသည်မထင်။ သုံးနေခန့်ပြအပြီးတွင် ထောင်းထုပြီး ကောက်ညှင်း ပေါင်း ရတော့မည်မဟုတ်လား။ ရွှံ့ထဲရေထဲတွင် အပင်ပန်းခံရိတ်ကာ ပခုံးဖြင့် ခေါင်းဖြင့် သယ်ကြ ပါပေပြီဟူ၍ ကောက်ညှင်းစပါးကလည်း အလိုက်သိစွာ ကျေးဇူးပြု၏။ စတုတ္ထရေအိုးကို ရီးကျီးဒန် ခေါင်းပေါ် အရွက်တွင် ခေါင်းရင်းခန်းတံခါးပွင့်၏။ ရီးဆေးရိုးအိပ်ရာဘေးမှ တံခါးပွင့်ပွင့်ချင်း ရီးဆေးရိုး၏ မျက်လုံးများ က ရီးကျီးဒန်ထံ ရောက်သွား၏။

"အမယ်ကြီးအို ပြုံးစိစိနဲ့ ဘာတွေသဘောကျနေတာတုံး"
ဘေးလူပြောမှ ရီးကျီးဒန် သိရသည်။ 'သြော်ငါပြုံးနေပါကလား၊ ဘာဖြစ်လို့ ပြုံးနေပါလိမ့်'။ စင်စစ် ရီးကျီးဒန် မပြုံးမိ။ သို့သော် ငချိပ်စါးတွင် အာရုံငြိတွယ်ကာ ညွတ်နူးနေသောအခါ ရွှင်လန်းသည်။ နုပျိုသည်။ နံနက် အလှနှင့် ပေါင်းစပ်သည်တွင် ပြုံးနေသော ရီးကျီးဒန် ဖြစ်လာလေတော့၏။ ထို့ကြောင့် ရေအိုးကို လက်ဖြင့် ဖေးထားရင်းမော့ကြည့်၏။
"ကျုပ်ပြုံးနေသလားတော်"
"သယ်၊ သည်အမယ်ကြီးအိုဟာ စောစောစီးစီး ရူးများနေသလား၊ ကိုယ့်ကိုယ်ကိုယ် ပြုံးလို့မှ ပြုံးမှန်းမသိ" ကပြင်သို့ ရီးဆေးရိုး ဆင်းလာသဖြင့် ရေမှုတ်လှမ်းပေးပြီး နောက်ဆုတ်နေလိုက်၏။

"ပြုံးတာမဟုတ်ဘူးတော်ရဲ့ ပျော်တာဖြစ်မယ်။ ကျုပ်မျက်စိထဲမှာ ငချိပ်စပါးပင်တွေ မြင်နေရတယ်"
ရီးဆေးရိုးမှာ မျက်နှာသစ်ရင်းက ရပ်ထားပြီး တအံ့တသြကြည့်နေမိ၏။
"ရေခပ်တဲ့ လမ်းမှာလည်း ကြောင်ကတိုးနံ့ရနေပြန်တော့ ငချိပ်ပေါင်းစားချင်လိုက်တာ တော်"
ရီးဆေးရိုး သည် ပြီးစီးအောင် မျက်နှာသစ်အပြီး၌ ရေမှုတ်ပြန်ပေးရင်း ညည်းတွားလိုက်၏။

"ဖြစ်ရလေ အမယ်ကြီးရယ်၊ စပါးအတွက် လုပ်နေရချိန်မှာ ညည့်ကောက်ညှင်းကို ဘယ်သူက လှည့်ကြည့်နိုင် မှာလဲ"
"ဒါတော့ ဒါပေါ့တော်"ဟု ရီးကျီးဒန် ပြန်ဖြေရာက တစ်စုံတစ်ရာ ဆက်ပြောမည်အပြုတွင် ရီးဆေးရိုးအသံ ထွက်လာသဖြင့် ညည်းတွားရ၏။
"ညည့်ကောက်ညှင်းက ကရိကထလည်းများ၊ စပါးအထွက်လျော့မှာစိုးလို့ မစိုက်ကြရတာ ဘယ်လောက် ကြာပြီ လဲဟာ"
"ဟုတ်သားပဲ"ဆိုကာ ရီးကျီးဒန် ချောင်းပြင်တွင်းသို့ ပြန်လည်ဆင်းလာခဲ့လေသည်။

လက်ယက်တွင်းများသို့ လာသူပြန်သူဖြင့် ရေခပ်ဆိပ် အသက်ဝင်လာပြ။ ရေစီးချောင်း၏ ဟိုဘက်က အားလူး မြေများတွင် နှင်းမြူမပြတ်သေးငြား ထွန်သမားတွေ အလျှိုလျှို ရောက်နေကြ ပြီ။ "ရုန်းလိုက်စမ်းပါ ဖေ့သားရ" ဆိုသော ချော့မော့သံ။ "သည်စာဥကလေး သေချင်ပြီထင်တယ်" မာန်မဲသံ၊ "ဟောဗျာ ဘယ်ဆွဲသွားပြန်တာလဲ၊ တယ်ခက်သကိုး" မြည်တမ်းသံများ၊ လက်ယက်တွင်းများသည် အဖုံးဖွင့်ထားသည့် ရေအိုး နှယ် အခိုးချောင်းချောင်းထနေ၏။ ရေစီး ကြောင်းပေါ်တွင် အခိုးအငွေ့ကလေဘးများ တိမ်မြူစနှယ် ဝေ့နေ၏။ ရီးကျန်းဒန်သည် ရေစီး ကြောင်းထဲမှ ရေကို လက်ဖြင့် စမ်းကြည့်သည်။ တွန့်ခနဲ ဖြစ်သွားကာ လက်ယက်တွင်း သို့ မျက်နှာသစ်ရတယ်လို့နော်၊ ဘာတွေများ သည်လောက်အလုပ်များနေပါလိမ့်၊ ကလေး မြေးငယ် လည်း မရှိဘဲနဲ့" မယ်ညှာ ဖြစ်သည်။ ရေအိုးကိုဆွဲလျက် သွက်သွက်လှမ်းလာနေရာက လှမ်းပြော ၏။

"အိမ်မှာသစ်လည်း သည်မျက်နှာ၊ ချောင်းထဲမှ သစ်လည်း သည်မျက်နှာပါပဲအေရယ်၊ ရေတစ်မှုတ် သက်သာ နည်း သလား"
မျက်နှာကို ခေါင်းဖု (ခေါင်းခု)နှင့် သုတ်ရင်း ရေတွင်းဘက်သို့ ပြန်လျှောက်လာရာက ရီးကျီးဒန် ၀မ်းသာ မိသည်။ တစ်စုံတစ်ခုကို သတိရသောကြောင့် ဖြစ်သည်။
"ကောင်မ၊ ကောက်ညှင်းငချိပ်ဆန်ကလေးများရှိရင် တစ်လုံးလောက် ရောင်းပါလားအေ့၊ မရောင်း ချင်လည်း အလကားပေး"
မယ်ညှာသည် တအံ့တသြ ကြည့်၏။

"ခိုးခိုး ခါးခါးတော်၊ ငချိပ်လည်း မရှိဘူး၊ ငကောက်လည်း မရှိဘူး။ လယ်ပြင်မှာ ကောက်ညှင်းပေါင်း မချတာ ဘယ်လောက် ကြာပြီလဲ"
ကောက်ညှင်းပေါင်း ချသည်ဆိုခြင်းမှာ လူငှားများကို ကောက်ညှင်းပေါင်း ကျွေးသည်ကို ခေါ်ခြင်း ဖြစ်ပေ၏။
"အေး အေ၊ ငါ့မလဲ ကနေ့မှ ဘာဖြစ်တယ်မသိဘူး၊ လင်းကတည်းက ငချိပ်ပေါင်းနံ့ရပြီး ငချိပ်ပေါင်း ဓာတ်စာ ကျနေလို့"
"စပါးမထွက် မှာ စိုးလို့ တော့်ငချိပ်ကို လှန့်မကြည့်နိုင်တာ ကြာပါပကောလား"

ရီးကျန်းဒန် ပြန်မပြောတတ်ပါ။ သူကိုယ်တိုင်လည်း ကောက်ညှင်းဖြူရော ငချိပ်ပါ မစိုက်နိုင်ခဲ့သည် ကို အသိ။ သို့ပါလျက် လယ်သမားချင်းချင်းကို လိုက်မေးနေမိ၏။ သူကုန်းပေါ်ပြန်ရောက်ချိန်တွင် ရီးဆေးရိုး မန်ကျည်း ပင် အောက်၌ ရေနွေးအိုးတည်ထား၏။ လူမှာမူ နွားတင်ကုပ်အတွင်းရောက်နေ သည်။ နွားစာခေါင်း အတွင်း မှ အစာကျန်ရေကျန်များကို အုန်းမှုတ်ခွက်ဖြင့် ပတ်ထုတ်နေသံမှာ တဖျန်းဖျန်း။ ရီးကျီးဒန် အိမ်ပေါ်တက်ပြီး ထမင်းအိုး ကို ဖွင့်ကြည့်သည်။ ထမင်းမကျန်။ သို့ကြောင့် ထမင်းအိုးတည်ရန် ဆန်ဆေးပြီး မန်ကျည်းပင် အောက်သို့ ယူလာသည်။

"အမေကြီး ဘာမှာဦးမတုံး"
ဝိုင်းဝမှ မေးသံ။ နှပ်တရွှဲရွှဲဖြင့် စောင်ရန်းတန်းကို ခိုတက်နေသော ငတက်ပြားမ။
"ဟဲ့  စောင်ရန်းတန်းကို နင့်အဖေ ငထွန်းရရဲ့ ခေါင်းမှတ်လို့ တက်နေတာလားဟင်။ စောစောစီးစီး ခွေးမစား သေးဘူး ပြောရပြီ"
ပြောလည်းပြော လက်ကလည်း ပစ်စရာ ခတ်စရာ လှမ်းဆွဲစဉ် "သမီးနေဦးဟ" ရီးဆေးရိုး လှမ်း အော်၏။ "အမယ်အို ရေ ... ငွေတစ်ကျပ်ပေးပြီး ဗယာကြော်နှစ်ခု မှာလိုက်ဟမ်းဟာ" တစ်ဆက် တည်း ပြော၏။

ရီးကျန်းဒန် အိမ်ပေါ်တက်သည်။ ငရုတ်သီးအိုးအောက်မှ ကျပ်တန်တစ်ရွက်ယူကာ ငတက်ပြားမကို ခေါ်ပေး သည်။ ဗယာကြော်နော် ဟူ၍လည်း အထပ်ထပ်မှာသည်။ ရီးဆေးရိုးပြောသည့်အတိုင်း ဆောင်ရွက် လိုက်ငြား၊ ရီးကျီးဒန် မကျေနပ်ချေ။ ငွေတစ်ကျပ်ဖိုးကြီးများတောင်၊ တစ်ကျပ်ဖိုးကြီး တောင်ဟု ရင်ထဲက မြည်တွန် တောက်တီးနေ၏။
"မုန့်ပေါင်း"
သံရှည်ဆွဲလျက် အော်သံသည် အိမ်၏စနေထောင့်မှ ပေါ်လာသည်။ ရီးကျီးဒန် ချာခနဲ လှည့်ကြည့် မိသည်။ စိုက်တောင်းကြီးရွက်လာသော မိန်းမတစ်ယောက်။ စိုက်တောင်းထဲမှ ပုဆိုးစ တစ်စ ထွက်နေသည်။ မုန့်ပေါင်း တွေ ရုတ်တရက် မအေးစေရန် ပက်လာသော ပုဆိုး ဖြစ်သည်။

"အင်း မုန့်ပေါင်းဆိုရင် ငချိပ်တစ်ခြမ်း၊ ကောက်ညှင်းတစ်ခြမ်း ထည့်ထားတဲ့ မုန့်ပေါင်းလည်း ပါမှာပဲ။ ငချိပ်ပေါင်း ကမှ ၀ါးစရာသွားမရှိ ဘာမရှိနဲ့။ မုန့်ပေါင်းဆိုရင် မြုံ့ပြီး မျိုချရုံပဲ" တွေးရင်း လည်ပင်း ရှည် ကြည့်၏။ ၀ိုင်းကို လွန်သွားမှ "လာပါဦး" ရီးကျီးဒန် ခေါ် ဖြစ်တော့၏။ မုန့်ပေါင်းတောင်း မချမီကပင် မွှေးသင်း သော အနံ့ကို ရသည်။ ရီးကျီးဒန် တံတွေးမျိုချရသည်။ သို့သော် အဖြူပေါင်း တစ်ပေါင်း သုံးမတ်၊ ငချိပ်တစ်ခြမ်း အဖြူတစ်ခြမ်း ပေါင်းမူတစ်ကျပ်။ တီကို ဆားထသောနှယ် ရီးကျီးဒန် တွန့် သွား၏။
"တစ်ကျပ်ကြီး များတောင်၊ များလိုက်တာအေ"

"မများပါဘူး အရီးရယ်၊၊ ကောက်ညှင်းက ရှားပါး၊ ပဲလွန်းစေ့က ဈေးကြီးနဲ့"
"ပြားရှစ်ဆယ် ထားအေ"
"ကျုပ်ကိုသာ ခေါ်ထားလိုက်ပေတော့ အမေကြီးရေ"
အချိန်ရှိခိုက် ရှေ့ဆက်ရဦးမည်မို့ ပြောပြောဆိုဆို တောင်းကို ခေါင်းပေါ်ပင့်သည်ပင် "ပြားကိုးဆယ် အေ့" ထပ်ဆစ် သဖြင့် ရိုးဆေးရိုး လှမ်းအော်၏
"ကျီးဒန်၊ တစ်ကျပ် တစ်ပေါင်း ၀ယ်ထားလိုက်စမ်းဟေ့"
"ဘာလုပ် မလို့တုန်း"
"သယ် သည်အမယ်ကြီးအို လျှာရှည်ရန်ကော၊ ဈေးသည်ကို အားနာဦး"

ရီးကျီးဒန် မရှည်သာပါ။ ငွေတစ်ကျပ် တက်ယူကာ ၀ယ်လိုက်ရ၏။ သို့လျှင် ၀ယ်လိုက်ရခြား "ငွေတကျပ် ဆိုတာ နည်းတဲ့ငွေမှတ်သလား၊ အောင့်အောင့်အက်အက်တော်"
"ဘရံတောက်တီး" ပြုရင်းကလည်း ရေနွေအိုးကို လက်ဖက်ခြောက်ခတ်သည်။ ထမင်းအိုးတည် သည်။ ရီးဆွေးရိုး ရေနွေးအိုးဘေးသို့ ရောက်လာသည်အထိ ပါးစပ်မပိတ်သေး။
"ဘယ်မလဲ ဆီပန်းကန်၊ ဆားပါထည့်ခဲ။ ဒီအမယ်ကြီးအိုက ခက်သကိုး၊ မုန့်ပေါင်းဆိုတာ ဆီပါမှ ကောင်း မှာပေါ့"
ရီးကျီးဒန် ဆီယူလာသည်။ "သူဌေးသုံး သုံးမနေနဲ့၊ ကောက်ရိတ်စရိတ်မရှိဘဲနေမယ်" ၀င်ထိုင်ရင်း ပြောသည်။ ရီးဆေးရိုးကား မုန့်ပေါင်းကိုဖြေပြီး ဆီလောင်းသည်။ မုန့်ပေါင်းတစ်ပြင်လုံး ဆီဝတော့မှ ရီးကျီးဒန် မျက်နှာအောက် သို့ ကမ်းပေး၏။

"တော်စားချင်လို့ ၀ယ်ပြီးတော့ ဘယ့်နှယ်သူများကို"
"ငါးပေါင်းကြော် တစ်ခုကိုတောင် ငါးမူးဖြစ်နေပြီ ကျီးဒန်၊ ညည်းမစားရင် ညည်းငတ်မှာပေါ့။ အဲဒါ ကြောင့် အ၀ယ်လိုင်း လိုက်တာရော့"
မပေးခင် က ယူချင်ချင်မို့ ရီးကျီးဒန် လှမ်းယူသည်။ ငချိပ်ပိုင်းကို ဖဲ့ပြီး မြုံ့၏။ မျက်လုံးအစုံ မှေးစင်း သွားရာက သာဓု ခေါ်၏။
"မယ်မင်း မောင်မင်းများ စိုက်ပေလို့ စားရတယ်။ အင်း ဘယ်သူတွေကများ ခက်ခက်ခဲခဲ စိုက်ကြ ပါလိမ့်။

သာဓု တော် သာဓု သာဓု"
"စားမှာစားတာ မဟုတ်ဘူးအေ၊ ရေမရလို့ ပြောင်းကြဲ၊ နေကြာကြဲတဲ့ ညည့်သမီးလို ညည့်သားလို လူမျိုးတွေ မြောင်းဘေး လာစိုက်ကြတာပေါ့အေ။ တစ်ပြည်ရရ နှစ်ပြည်ရရ။ ဒါကြောင့် ငချိပ်တွေ၊ ကောက်ညှင်းတွေ မြင်နေရ သေးတာပေါ့" ရီးကျီးဒန်က သာဓုခေါ်၍ မဆုံးသေးပေ။ မျက်စိနှစ်လုံး ပွင့်ကတည်းက တပ်ခဲ့သော ချင်ခြင်း သည် ယခုမှ ပြေသည် မဟုတ်လား။ သာဓု ခေါ်ရပေမည်။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း

.
ပုံများကို google နှင့် ရွှေစင်ဦး စီမှ ယူပါ၏။
.

6 comments:

Anonymous said...

အမ..မှန်တာပြောရရင် ဆင်ဖြူကျွန်းအေညင်သိန်းစာတွေ သိပ်မဖတ်ဖြစ်ဘူး..နေက် အချိန်ရမှဖတ်မယ်..

စာကြွေးတွေပေါ့..ဖတ်စရာမရှိမှဖတ်မယ်


မြတ်နိုး

Anonymous said...

တော်သေးတယ်။ ဒီတစ်ခါ ရီးကျီးဒန် ငါးချိတ်ပေါင်း စားရလို့။
အရင်ပို့စ်တုန်းက ငါးဖိုးမပေးနိုင်လို့ ငိုနေတာ စိတ်မကောင်းလိုက်တာ။ သွားတောင် ဆပ်ပေးချင်တယ်

Anonymous said...

တော်သေးတယ်။ ဒီတစ်ခါ ရီးကျီးဒန် ငါးချိတ်ပေါင်း စားရလို့။
အရင်ပို့စ်တုန်းက ငါးဖိုးမပေးနိုင်လို့ ငိုနေတာ စိတ်မကောင်းလိုက်တာ။ သွားတောင် ဆပ်ပေးချင်တယ်

ကိုအောင် said...

အမ ရေးထားတဲ့စာတွေထဲမှာ မုန့်ပေါင်းအကြောင်း
ဖတ်ရတော့ ကျနော့်မိန်းမဆိုရင် မုန့်ပေါင်းနဲ့အကြော်
ကို လွမ်းလို့တဲ့ အမရေ။

ကိုဇော် said...

တိုက်ဆိုင်တယ်ဂျာ. .
အခု ဒီနေ့ပဲ ကောက်ညှင်းပေါင်းတို့ ၊ ဆီထမင်းတို့ စားချင်နေတာ. . .

:P said...

ရိုက်တင်ပေးတာကျေးဇူး အစ်မရေ... ။
ရည်းဆေးရိုးတို့ ရည်းကျည်းဒန်တို့နဲ့ ဝေးနေတာ ကြာရော့...။